အစ္စရေး အီရန် ပဋိပက္ခ - တရုတ်နဲ့ ရုရှား ဘယ်ဘက် ရပ်တည်မှာလဲ

အစ္စရေး၊ အက်ရှ်ခလွန် ကောင်းကင်မှာမြင်ရတဲ့ အလင်းတန်းအကြောင်းတွေဖြစ်ပါတယ်။ အောက်တိုဘာလ ၁ ရက် ၂၀၂၄ ခုနှစ်မှာ အီရန်ရဲ့ ဒုံးကျည်တွေကို ဟန့်တားဖို့ အစ္စရေးရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ စတင်အသက်ဝင်ချိန်မှာ အခု အလင်းတန်းတွေကို မြင်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလ ၁ ရက်မှာ အီရန်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အများစုကို အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကနေ ကြားဖြတ်ဟန့်တားခဲ့ပါတယ်
    • ရေးသားသူ, ဂရီဂေါ အာတာနာရှန်
    • ရာထူးတာဝန်, ဘီဘီစီရုရှားဘာသာစကားဌာန

အစ္စရေးဟာ အီရန်နိုင်ငံထဲက စစ်ရေးပစ်မှတ်တွေအပေါ် ''ပစ်မှတ်ကို ထိအောင် တိတိကျကျချိန်ရွယ်တဲ့တိုက်ခိုက်မှုတွေ'' လို့ သုံးနှုန်းထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့တယ်။ ဒါဟာ အောက်တိုဘာလ ၁ ရက်မှာ တဟီရန်ဘက်က ပြုလုပ်ခဲ့တဲ့ ဒုံးကျည်အစင်းရေ ၂၀၀ နီးပါး ပစ်လွှတ်ခဲ့မှုကို တုံ့ပြန်တာလို့ ဆိုပါတယ်။

အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ် (IRG) ကတော့ အဲဒီတိုက်ခိုက်မှုတွေဟာ အီရန်က ကျော ထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ ဂါဇာမှာ အခြေစိုက်တဲ့ ဟားမတ်စ်နဲ့ လက်ဘနွန်မှာ အခြေစိုက်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့က ခေါင်းဆောင်တွေ အသတ်ခံရတာကို လက်တုံ့ပြန်ဖို့ လုပ်ခဲ့တာလို့ ပြောခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဟားမတ်စ်အဖွဲ့က ဂါဇာကနေ အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်ကတည်းက အစ္စရေးနိုင်ငံမြောက်ပိုင်းနယ်စပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တာပါ။

တင်းမာလာတဲ့ ဒီပဋိပက္ခဟာ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းက ဆက်ဆံရေးတွေကိုလည်း ဖိအား ဖြစ်လာစေပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ အစ္စရေးကိုထောက်ခံကြောင်း ပြောထားပါတယ်။ ဒါဆို တရုတ်နဲ့ ရုရှားတို့ကရော ဘယ်လို တုံ့ပြန်လာနိုင်ခြေရှိပါသလဲ။

ရုရှား : ဆက်ဆံမှုကောင်းတဲ့မဟာမိတ်ဖြစ်ပေမဲ့ ယူကရိန်းအရေးကိုပဲ အာရုံစိုက်နေ

ရုရှားနဲ့ အီရန်နိုင်ငံတို့ဟာ ပုံမှန် မဟာမိတ်တော့ မဟုတ်ကြပါဘူး။ ဒါပေမဲ့ “မဟာဗျူဟာမြောက် ပူးပေါင်းဆာင်ရွက်မှု” သဘောတူညီချက်တစ်ခုကိုရရှိဖို့ နောက်ဆုံးအဆင့်ကို လုပ်ဆောင်နေကြချိန်မှာပဲ သူတို့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ခိုင်ကြည်လာကြပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က အီရန်သမ္မတ အသစ် မာဆုဒ် ပက်ဇကတ်ရှီယန်နဲ့ အောက်တိုဘာလ ၁၁ ရက်တုန်းက တွေ့ဆုံတဲ့အခါ ကမ္ဘာ့အခင်းအကျင်းမှာ နှစ်နိုင်ငံရပ်တည်ချက်တွေ နီးနီးကပ်ကပ်ဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အီရန်နိုင်ငံဟာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ အနီးကပ်ရှိနေပါတယ်။ အီရန်နိုင်ငံဟာ မော်စကိုကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ရေးဒရုန်း ရာချီကို ထောက်ပံ့ထားတယ်လို့ အမေရိကန်နဲ့ ဗြိတိန် နိုင်ငံတို့က ပြောပါတယ်။ အီရန်ကို တင်သွင်းလာတဲ့ အစားအသောက်တွေအတွက် အလဲအလှယ် အနေနဲ့ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို လွှဲပြောင်းခဲ့တယ်လို့ အီရန်အမတ်တစ်ဦးက ပြောထားပေမဲ့ အီရန်အစိုးရဘက်ကတော့ ဒုံးကျည်တွေ ပေးပို့တယ်ဆိုတဲ့အချက်ကို တရားဝင် ငြင်းချက်ထုတ်ပါတယ်။

အီရန်ရဲ့ လေတပ်အင်အားဟာ နှစ်ချို့နေပြီဖြစ်တဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့ခံရမှုတွေကြောင့် အားလျော့နေ ပါတယ်။ ဒီအချိန်မှာပဲ ရုရှားဟာ သူ့ရဲ့ အပေါ့စားတိုက်လေယာဥ်တစ်စီးထက်မနည်းကို အီရန်ကို ပို့ခဲ့ပုံရတယ်လို့ လုံခြုံရေးနဲ့ကာကွယ်ရေးသတင်းတွေကို ဖော်ပြတဲ့ Janes Defence က ရေးသားပါတယ်။

လက်နက်တွေလွှဲပြောင်းပေးမှုအတွက် မော်စကို ဘက်ဆီကနေ အီရန် ပြန်ရလိုတာကတော့ အီရန်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတဲ့အခါမှာ အီရန်အတွက် အရေးကြီးတဲ့ ဘယ်လို ကုလ ဆုံးဖြတ်ချက်တွေကို မဆို ပိတ်ဆို့ဖို့နဲ့ အီရန်ကို ဆန့်ကျင်တဲ့ဘယ်လို အင်အားသုံးမှုမျိုးကို မဆို ဆန့်ကျင်ဖို့ ဖြစ်နိုင်ခြေရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခဟာ အနောက်နိုင်ငံတွေရဲ့ အာရုံစိုက်မှုနဲ့ အရင်းအမြစ်ပံ့ပိုးမှုတွေဟာ ပြီးခဲ့တဲ့လတွေအတွင်း ရှေ့တန်းစစ်မျက်နှာပြင်မှာ ရုရှားတပ်တွေ ရှေ့တိုးခြေကုတ်ယူထားနိုင်တဲ့ ယူကရိန်းစစ်ပွဲ အရေးဆီကနေ အာရုံလွှဲသွားနိုင်တာကြောင့် ရုရှားအတွက်တော့ ဒီခြေအနေက အထောက် အကူဖြစ်စေပါတယ်။

ဒါပေမဲ့ ကရင်မလင်နန်းတော်ဟာ အီရန်နိုင်ငံထဲက ပို့ဆောင်ဆက်သွယ်ရေးအခြေခံ အဆောက်အအုံတွေကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်လာနိုင်ခြေရှိတဲ့ရိုက်ခတ်မှုကိုတော့ စိုးရိမ်မှာ သေချာပါတယ်။ ရုရှားဟာ နိုင်ငံတကာရဲ့ ကြီးမားတဲ့အရေးယူပိတ်ဆို့မှုတွေကြောင့် သူ့ရဲ့ ရေနံတွေကို ရောင်းချတဲ့လမ်းကြောင်းတွေ အကန့်အသတ်ရှိနေချိန်မှာ အီရန်နိုင်ငံကနေ တဆင့် အိန္ဒိယကိုသွားတဲ့လမ်းကြောင်းတစ်ခုကိုတော့ ဖွင့်ထားနိုင်ဆဲဖြစ်ပါတယ်။

တဟီရန်ဟာလည်း အရှေ့အလယ်ပိုင်းမှာဆိုရင် လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာ၊ ဂါဇာထဲက ဟားမတ်စ်တို့အပါအဝင် အစွယ်အပွားတပ်ဖွဲ့တွေကို ကျောထောက်နောက်ခံပေးထားပါတယ်။ ဟားမတ်စ်အဖွဲ့ အကြီးတန်းခေါင်းဆောင်တွေဟာ အခုနှစ်အစောပိုင်းမှာ မောစကိုကို သွားရောက်လည်ပတ်တာကြောင့် ရုရှားဟာ ဟားမတ်စ်နဲ့ အချိတ်အဆက် ပိုနီးကပ်ဖို့ အားထုတ်နေပုံပေါ်ပါတယ်။

ရုရှားဟာ အစ္စရေးကိုလိုအပ်တာထက် အီရန်ကို ပိုလိုအပ်တာမျိုးရှိနေပေမဲ့လည်း နှစ်နိုင်ငံစလုံးနဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားလိုပုံပါ။ ယူကရိန်းမှာ ရုရှားရဲ့ စစ်ပွဲဖော်ဆောင်မှု၊ နောက် အီရန်နဲ့ မဟာမိတ်ဖြစ်နေမှုတွေကို အစ္စရေးက ဝေဖန်ပေမဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုပြီး ယူကရိန်းကို စစ်ရေး အကူအညီပေးဖို့ကိုတော့ အစ္စရေးဘက်က ငြင်းဆန်နေတုန်းဖြစ်ပါတယ်။

အီရန်နိုင်ငံနဲ့သာ ပိုပြီး ခိုင်ခိုင်ကြည်ကြည် ရပ်တည် ဆက်ဆံလိုက်မယ်ဆိုရင် အစ္စရေးကလည်း ဒါကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းကို လက်နက်တွေ စ ပို့တာမျိုးလုပ်လာနိုင်ခြေကိုလည်း ရုရှားဘက်က စဥ်းစားပုံပေါ်ပါတယ်။

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို ပြင်ဆင်နေချိန်မှာပဲ ရုရှား မစ္စတာ ပူတင်နဲ့ အီရန်သမ္မတ မစ္စတာ ပက်ဇကတ်ရှီယန် တို့ အောက်တိုဘာလ ၁၁ ရက်မှာတွေ့ဆုံခဲ့ကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Sputnick / Getty

ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို ပြင်ဆင်နေချိန်မှာပဲ ရုရှား မစ္စတာ ပူတင်နဲ့ အီရန်သမ္မတ မစ္စတာ ပက်ဇကတ်ရှီယန် တို့ အောက်တိုဘာလ ၁၁ ရက်မှာတွေ့ဆုံခဲ့ကြပါတယ်

ရုရှားနဲ့ အီရန်တို့ရဲ့ အကျိုးစီးပွားဟာ အဇာဘိုင်ဂျန်၊ အာမေးနီးယားနဲ့ ဂျော်ဂျီယာနိုင်ငံတို့ဆက်နေတဲ့ တောင်ကော့ကေးဆက်မှာ သွား ချိတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီနေရာဟာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကြားက ရုရှားအတွက် စွမ်းအင်နဲ့ ကုန်သွယ်မှုအပိုင်းမှာ အဓိကကျလာတဲ့အရပ်ဖြစ်နေတာကြောင့်ပါ။ ဒေသတွင်းမှာ အကြွယ်ဝဆုံးနဲ့ လူဦးရေအထူထပ်ဆုံး အဇာဘိုင်ဂျန်နိုင်ငံဟာ ရုရှားနဲ့ရော၊ အီရန်နိုင်ငံနဲ့ပါ နယ်စပ်ချင်း ထိပ်စပ်နေပြီး ဒီနှစ်နိုင်ငံကြားက နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီ နှစ်နိုင်ငံကြား ရေကြောင်းအပါအဝင် ရထားလမ်းနဲ့ ကားလမ်းတွေ ချိတ်ဆက်နိုင်ရေး မြှင့်တင်နိုင်မယ့် တောင်-မြောက်ပို့ဆောင်ရေးစင်္ကြန်စီမံကိန်းကိုလည်း အကောင်အထည်ဖော်ဖို့ သဘောတူထားပါတယ်။

ဒါပေမဲ့လည်း အဇာဘိုင်ဂျန်ဟာ စစ်ရေးအရ အစ္စရေးနဲ့ဆက်ဆံရေးနီးကပ်ပါတယ်။ အစ္စရေးဟာ အဇာဘိုင်ဂျန်စစ်တပ်အတွက် ဒရုန်းတွေနဲ့ တခြားနည်းပညာမြင့်လက်နက်တွေကို ထောက်ပံ့ပေးနေတာ ကာလ ရှည်ကြာနေပြီဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတုန်းကတော့ အဇာဘိုင်ဂျန်ဟာ အငြင်းပွားနေတဲ့ နာဂါနို -ခါရာဘတ် ကုန်းပိတ်ဒေသ ကွက်ကွက်ကို အာမေးနီးယားအုပ်ချုပ်မှုလက်ထဲကနေ ပြန်ယူခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေး မစတင်ခင်မှာပဲ အစ္စရေးကနေ လက်နက်လွှဲပြောင်းမှုတွေ မြင့်တက်ခဲ့တယ်ဆိုတာကို လေကြောင်းခရီးစဥ်ခြေရာကောက်ထားတဲ့အချက်အလက်တွေကိုကြည့်ပြီး အေပီ သတင်းက သတင်းဖော်ပြခဲ့ပါတယ်။

အီရန်ကလည်း အီရန်နိုင်ငံကို ထောက်လှမ်းစောင့်ကြည့်ဖို့ အဇာဘိုင်ဂျန်ဟာ စစ်ဘက်ရေးရာအဆောက်အအုံတွေကို အစ္စရေးကို အသုံးပြုခွင့်ပေးနေတယ်လို့ အရင်တုန်းက စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဇာဘိုင်ဂျန်ဘက်ကတော့ ငြင်းဆိုပါတယ်။

ရုရှားအတွက်ကတော့ ဒီဆက်ဆံရေးကိုကြည့်ပြီး အစ္စရေးက အီရန်ကို နောက်ထပ် တိုက်ခိုက်မှုလုပ်လာတဲ့အခါ ဖြစ်လာနိုင်တဲ့ဖိအားကို အဇာဘိုင်ဂျန်နဲ့ ရုရှားကြားက ဆက်ဆံရေးကို ချိန်ထိုး လှုပ်ရှားရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှားအတွက်တော့ ဒီပဋိပက္ခမှာ ကမ္ဘာ့တခြားနေရာတွေလိုမှာပဲ တရုတ်ရဲ့ဦးဆောင်မှုနောက်ကို ကပ်လိုက်နိုင်ခြေရှိပါတယ်။

မော်စကိုဟာ နည်းပညာတင်မက နိုင်ငံရေးနဲ့ ဗျူဟာပိုင်းမှာပါ တရုတ်အပေါ်မှာ အတော်လေးမီခိုနေရပါတယ်။ အထူးသဖြင့် လက်နက်တပ်ဆင်မှုအပိုင်းမှာ သုံးတဲ့အစိတ်အပိုင်းတွေနဲ့ လျှပ်စစ်ပစ္စည်းတွေ တင်သွင်းမှု အပိုင်းမှာဖြစ်ပါတယ်။ တရုတ်က သူ့စိုးရိမ်ချက်ကို ပြောလာပြီဆိုရင်တော့ ရုရှားဘက်က နားထောင်ဖို့ရှိနေတာကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားရမှာဖြစ်ပါတယ်။

တရုတ် - ပဋိပက္ခထဲကို ဝင်မပါဘဲ အီရန်ကို ကျောက်ထောက်နောက်ခံပြုမယ်

တရုတ်နဲ့ အီရန်နိုင်ငံတို့ဟာ သံခင်းတမန်ခင်းကစလို့ စီးပွားရေး ဆက်ဆံရေးအဆုံး နီးစပ်မှုရှိကြတာ ကာလရှည်ကြာနေပြီဖြစ်ပါတယ်။ အခုတော့ အစ္စရေးက အီရန်ကို တိုက်ခိုက်မှုဖြစ်လာချိန်မှာ တရုတ်ရပ်တည်ချက်ဟာ ချက်ချင်းပြောင်းလဲနိုင်ခြေတော့ မရှိပါဘူး။ ဘေကျင်းဟာ အီရန်ကို နှုတ်အားဖြင့် ထောက်ခံမှုကို ဆက်ပြီးပြနိုင်ခြေရှိပြီး ပိုကျယ်ပြန့်လာတဲ့ပဋိပက္ခထဲကို ဆွဲထည့်ခံရတာမျိုးကို ရှောင်ရှားဖို့ လုံခြုံတဲ့ခပ်လှမ်းလှမ်းအကွာကနေ နေနေဦးမှာဖြစ်ပါတယ်။

အီရန်က အစ္စရေးကို အောက်တိုဘာလ ၁ ရက်တုန်းက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သတ်ပြီး မှတ်ချက် စကားတောင်းတဲ့အခါမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရက အီရန်ကို နာမည် ထုတ်မပြောသွားပါဘူး။ ဒါပေမဲ့ ဘေကျင်းဟာ လက်ဘနွန်နိုင်ငံထဲ အစ္စရေးကျူးကျော်မှုကို ရည်ညွှန်းပြီးတော့ “လက်ဘနွန်နိုင်ငံရဲ့အချုပ်အခြာကို ချိုးဖောက်မှုကို”တော့ ဆန့်ကျင်တယ်လို့ ပြောပါတယ်။

နိုင်ငံပိုင်မီဒီယာအပါအဝင် ဘေကျင်းဘက်က တရားဝင်သတင်းစကားကလည်း ရှင်းလင်းတဲ့အခြေ အနေပါ။ ဟားမတ်စ် အဖွဲ့ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဖြစ်ပြီးကတည်းက တရုတ်ဟာ ဒီဖြစ်ရပ်ကို ရှုတ်ချပြောဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ဘေကျင်းအစိုးရကတော့ တင်းမာမှုတွေကို လျှော့ချဖို့နဲ့ အပစ်ရပ်ဖို့ ထပ်ချည်းတလဲလဲ တိုက်တွန်းတောင်းဆိုသလို ပါလက်စတိုင်းနဲ့ လက်ဘနွန် တို့ကို သံခင်းတမန်ခင်းနည်းနဲ့ရော လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ပါ ထောက်ခံနေပါတယ်။

ဒါပေမဲ့ လက်ရှိ အစ္စရေးနဲ့ အီရန်ကြားက အခုတစ်ကြိမ် ထိပ်တိုက်တွေ့မှုကို တရုတ်ဘက်က ပိုပြီး တည့်တည့် ပြောလာတဲ့အခြေအနေမျိုးရှိလာနိုင်လားဆိုတဲ့မေးခွန်း ထွက်လာပါတယ်။

တရုတ်ဟာ အစ္စရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမားပြုလုပ်ထားပါတယ်။ အထူးသဖြင့် အခြေခံ အဆောက်အအုံနဲ့ နည်းပညာကဏ္ဍတွေမှာဖြစ်ပါတယ်။ ပြီးတော့ ပဋိပက္ခတစ်လျှောက်လုံးမှာလည်း ဒီကဏ္ဍတွေမှာ ဆက်ပြီးလုပ်ကိုင်နေပါတယ်။ တရုတ်ဟာ တဟီရန်နဲ့ အပြည့်အဝ ကပ်လိုက်တာထက် အစ္စရေးနဲ့ စီးပွားမိတ်ဖက်အဖြစ် ခပ်ကင်းကင်းဖြစ်သွားမယ့်စွန့်စားရမှုကို ရှောင်ရှားချင်မှာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အီရန်ဘာသာရေးခေါင်းဆောင် အရာတိုလာ အလီ ခါမေနီကို တဟီရန်မြို့မှာ ၂၀၁၆ ခုနှစ်တုန်းက တွေ့ဆုံခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အီရန်ဘာသာရေးခေါင်းဆောင် အရာတိုလာ အလီ ခါမေနီကို တဟီရန်မြို့မှာ ၂၀၁၆ ခုနှစ်တုန်းက တွေ့ဆုံခဲ့ပါတယ်

အခု တကျော့ လက်တုံ့ပြန်မှုမှာ အစ္စရေးဟာ အီရန်ရဲ့ ရေနံထုတ်အခြေခံအဆောက်အအုံတွေဆီ မတိုက်ခိုက်ခဲ့ပေမဲ့ အနာဂတ်မှာ အဲဒီနေရာတွေကို တိုက်နိုင်ခြေမရှိဘူးရယ်လို့ ယတိပြတ်ပြောလို့တော့ မရနိုင်ပါဘူး။ တရုတ်ဟာ တင်ပို့လာတဲ့ ရေနံစိမ်းကို အတော်လေး မီခိုရပြီး အီရန်ရဲ့ ရေနံစိမ်း တင်ပို့မှု ၉၀ ရာခိုင်နှုန်းဟာ တရုတ်ကိုသွားတာလို့ ဘဏ္ဍာရေးအချက်အလက်ကုမ္ပဏီ S&P Global က ပြောပါတယ်။ အစ္စရေးရဲ့လက်တုံ့ပြန် တိုက်ခိုက်မှုတွေဟာ ရေနံအခြေခံအဆောက်အအုံတွေကို ပျက်စီးသွားစေမယ်ဆိုရင် အခုလိုတင်ပို့မှုတွေကိုလည်း သက်ရောက်နိုင်တာကြောင့် ဒီအခါမှာ ဘေကျင်းဟာ အစ္စရေးရဲ့လုပ်ရပ်တွေကို စကားလုံးနဲ့ရှုတ်ချပြောဆိုတာမျိုး ပိုလုပ်လာနိုင်ခြေရှိပါတယ်။

အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေရှိနေပေမဲ့ အီရန်ဆီကနေ တရုတ်က ရေနံတွေ ဆက်ဝယ်ယူနေတဲ့ တစ်ခုတည်းသော ဖောက်သည်နိုင်ငံဖြစ်နေဆဲပါ။ ဒါ့အပြင် တရုတ်ဟာ အီရန်နဲ့ ဆော်ဒီအာရေးဗျတို့ ၂၀၂၃ ခုနှစ်မှာ သံတမန်ဆက်ဆံရေး ပြန်စနိုင်အောင် ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

တဟီရန်နဲ့ ပတ်သတ်ပြီး ညီညီညွတ်ညွတ်လွှမ်းမိုးကြဖို့ တရုတ်ကို ဝါရှင်တန်ဘက်က တောင်းဆိုခဲ့တယ်လို့ဆိုပြီး မီဒီယာတွေက အမေရိကန်အရာရှိတွေကို ကိုးကားလို့ သတင်းဖော်ပြခဲ့ဖူးပါတယ်။ ဥပမာအနေနဲ့ ပင်လယ်နီထဲမှာ သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ယီမင်က အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီ သူပုန်တွေကို ကိုင်တွယ်ရေးကိစ္စမျိုးမှာပါ။

ဝါရှင်တန်ဘက်က နောက်ထပ် မေတ္တာရပ်ခံတာတွေ ရှိနေနိုင်သေးပေမဲ့ တဟီရန်ဟာ ဘေကျင်းပြောတာကို နားထောင်မှာမဟုတ်သလို တရုတ်ဘက်ကလည်း အထူးသဖြင့် အမေရိကန်က လာတဲ့ ဒီလိုမေတ္တာရပ်ခံချက်မျိုးကို အလေးဂရုပြုမယ့်ပုံမပေါ်ပါဘူး။

တခြားမရှိဘူးဆိုရင်တော့ တရုတ်ဟာ အမေရိကန်ကို ဝေဖန်ဖို့ နောက်ထပ်အခွင့်အလမ်းအဖြစ် ဒီအခြေအနေကို လက်ဆုပ်လက်ကိုင်လုပ်မှာဖြစ်သလို ကမ္ဘာ့တောင်ဘက်ခြမ်းက နိုင်ငံတွေကြားမှာ ပဲ့ထင်ထပ်တဲ့ ပါလက်စတိုင်းလှုပ်ရှားမှုကို နှုတ်အားဖြင့်ထောက်ခံကာ ကမ္ဘာ့အဆင့်မှာ သူ့ရဲ့ လွှမ်းမိုးမှုကို မြှင့်ဖို့လည်း လုပ်နိုင်ခြေရှိပါတယ်။

တရုတ်အတွက်တော့ လက်ရှိမှာ သူ့ရဲ့ နေမြဲနေဆဲ ပွဲကြည့်ပရိသတ်အနေအထားအတိုင်း ဆက်နေမယ်ဆိုရင်လည်း နည်းနည်းစွန့်စားရတာမျိုးပဲဖြစ်လာနိုင်ပါတယ်။ တရုတ်အတွက် ဘာပဲဖြစ်ဖြစ် လိုအပ်ရင် နောက်ထပ် ရေနံ တင်ပို့အားကောင်းတဲ့ဆော်ဒီ အာရေးဗျ ဒါမှမဟုတ် ရုရှားဘက်ကို လှည့်လိုက်ရုံပါပဲ။

လာမယ့်ရက်တွေအတွင်း တရုတ်ဆီက ဘယ်လိုစကားတွေပဲ ထွက်လာလာ၊ ပဋိပက္ခထဲကို အတော်လေး ချင်းနင်းဝင်ရောက်မှာမျိုးတော့ မဖြစ်နိုင်ပါဘူး။