ယူကရိန်း ပဋိပက္ခ - အိန္ဒိယက ရုရှားကို ဘာလို့ မဝေဖန်တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဗီကပ် ပင်ဒီ
- ရာထူးတာဝန်, BBC News၊ ဒေလီ
ယူကရိန်းအရေးလည်း ဖြစ်လာရော အိန္ဒိယဟာ သူနဲ့ ရုရှားဆက်ဆံရေး၊ သူနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးတွေကို နှိုင်းယှဉ်ချိန်ဆပြီး အတော်ကြီး သတိထားလုပ်နေတာမျိုး တွေ့ရပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အိန္ဒိယက ပထမဆုံးထုတ်ပြန်ချက်ထဲမှာတော့ နိုင်ငံအမည်ကို တိုက်ရိုက်ညွှန်းဆိုထားခြင်းမရှိဘဲ နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်း နေသလို သံတမန်ရေးနဲ့ ဆွေးနွေးညှိနှိုင်းရေးတို့ကို အလေးမထားခဲ့တာကို စိတ်မကောင်းဖြစ်မိတယ်လို့တော့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ရုရှားကို တိုက်ရိုက်ဝေဖန်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။ လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို မဲမခွဲခင်က အိန္ဒိယကို ရုရှား၊ အမေရိကန်နဲ့ ယူကရိန်းတို့က "မှန်တာကိုလုပ်ပါ" ဆိုပြီး တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
ယူကရိန်းနဲ ရုရှားနှစ်ဖက်စလုံးကလည်း အိန္ဒိယကို သူ့ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြဖို့ ထုတ်ဖော်မေတ္တာရပ်ခံခဲ့ကြပါတယ်။ လုံခြုံရေးကောင်စီမှာ မဲခွဲကြတော့ အိန္ဒိယက မဲမပေးဘဲနေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ထုတ်ပြန်ချက်ကို အသေအချာဖတ်ကြည့်ရင်တော့ အိန္ဒိယဘက်ကလည်း ရုရှားကို နိုင်ငံတကာဥပဒေကို လေးစားဖို့ သွယ်ဝိုက်တောင်းဆိုခဲ့တာမျိုး တွေ့ရမှာပါ။
အဲဒီထုတ်ပြန်ချက်ထဲမှာ အိန္ဒိယက "ကုလသမဂ္ဂပဋိဉာဉ်၊ နိုင်ငံတကာဥပဒေ၊ နိုင်ငံတွေရဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အလေးထားဖို့ကိစ္စတွေရဲ့ အရေးကြီးပုံ" ကို ပြောခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတိုင်းဟာ အပြုသဘောရှေ့ဆက်သွားနိုင်ဖို့ "အခြေခံမူတွေကို လေးစားဖို့လိုကြောင်း" လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မဲခွဲတဲ့အခါ မဲမပေးဘဲ နေခဲ့တာကြောင့် အိန္ဒိယရဲ့ ရပ်တည်ချက်အပေါ် မေးခွန်းတွေ ရှိလာပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေက အိန္ဒိယလို့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးက ပိုပြီးရှင်းလင်းပြတ်သားတဲ့ ရပ်တည်မှုကို မြင်လိုကြတာ ဖြစ်ပါတယ်။
ဘယ်ဘက်ရွေးလို့မှ အဆင်မပြေ
အိန္ဒိယရဲ့ ဝါရင့်သံတမန်ဟောင်း ဂျအန် မီဆရာကတော့ အိန္ဒိယမှာ ရွေးစရာက "မကောင်းတာနဲ့ သူ့ထက်ပိုဆိုးတာပဲ" ရှိတယ်လို့ ပြောပါတယ်။
"နှစ်ဖက်စလုံးကို တစ်ချိန်ထဲမှာ ယိမ်းလို့မရနိုင်ဘူး။ ကုလသမဂ္ဂမှာ အိန္ဒိယက နိုင်ငံနာမည်တပ်ပြီး မပြောခဲ့ဘူး၊ ဒါက သူဟာ ရုရှားနဲ့ ဆန့်ကျင်ဘက် မလုပ်ချင်ဘူးဆိုတာ ပြတယ်။ ဘယ်ဘက်မှာ ရပ်မလဲဆိုတာ ရွေးတဲ့အခါ အတော်ကြီး သတိထားရမယ်။ အခု အိန္ဒိက အဲဒီအတိုင်း လုပ်ခဲ့တာပါ။"
အိန္ဒိယက ယူကရိန်းကိစ္စမှာ သံတမန်ရေးအရ ထိန်းညှိဆောင်ရွက်နေရတဲ့ အကြောင်းတွေ အတော်များများ ရှိပါတယ်။
အဲဒီထဲက အရေးအကြီးဆုံးတစ်ခုကတော့ ရုရှားနဲ့ သူနဲ့ကြား ကာလတာရှည်ရှိခဲ့တဲ့ သံတမန်ရေးနဲ့ ကာကွယ်ရေးဆက်သွယ်မှုတွေပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
ရုရှားဟာ အိန္ဒိယကို စစ်လက်နက်ပစ္စည်း အများဆုံးရောင်းချနေတဲ့ နိုင်ငံပါ။ တစ်ချိန်ကဆို အိန္ဒိယဝယ်ယူတင်သွင်းတဲ့ လက်နက်စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းက ရုရှားဆီကပါ။ အခုနောက်ပိုင်းမှာ အိန္ဒိယက တခြားနိုင်ငံတွေကလည်း မျှပြီးဝယ်လာ၊ ပြည်တွင်း လက်နက်ထုတ်လုပ်မှုကိုလည်း တိုးမြှင့်လာတာတောင် ရုရှားဆီက ဝယ်နေတဲ့လက်နက်ပမာဏက စုစုပေါင်း လိုအပ်ချက်ရဲ့ ၄၉ ရာခိုင်နှုန်းရှိနေပါသေးတယ်။တခါ ရုရှားဆီက ရနေတဲ့ S-400 မြေပြင်က ဝေဟင်ပစ် ဒုံးပျံစနစ်ဟာ အိန္ဒိယအတွက် တရုတ်နဲ့ ပါကစ္စတန်တို့နဲ့ စစ်ရေးရင်ဆိုင်ရရင် အကာအကွယ်ပေးနိုင်တာမို့ အရေးပါတဲ့ စစ်လက်နက်ပစ္စည်းဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ရုရှားရဲ့ လက်နက်ရောင်းချမှုကို ပိတ်ဆို့အရေးယူဖို့ အမေရိကန်တွေ လုပ်နေတယ်ဆိုတာ သိလျက်နဲ့ အိန္ဒိယက ဒီလက်နက်တွေကို ရုရှားဆီက မှာယူခဲ့တာ ဖြစ်ပါတယ်။
လက်နက်ရနေရေးက အရေးပါပါတယ်
တဖက်မှာလည်း ရုရှားနဲ့ အိန္ဒိယရဲ့ သံတမန်ရေးဆက်ဆံမှုက နှစ်ကာလတာရှည်လှပြီဖြစ်သလို နှစ်နိုင်ငံ သံတမန်ရေးပူးပေါင်းဆောင်ရွက်မှုတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဥပမာ အိန္ဒိယနဲ့ ပါကစ္စတန် အငြင်းပွားနေတဲ့ ကက်ရှမီးယားအရေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ရုရှားက ဗီတိုနဲ့ ပယ်ချပေးခဲ့လို့ ဒီ အရေးကို နိုင်ငံတကာအရေးဖြစ်မလာစေဘဲ အိန္ဒိယလိုလားသလို နှစ်နိုင်ငံ ဖြေရှင်းရမယ့်အရေးအဖြစ်ပဲ ဆက်ထားနိုင်ခဲ့ပါတယ်။
ဒီလို နောက်ခံအခြေအနေတွေကြောင့် အခု ယူကရိန်းအရေးမှာလည်း အိန္ဒိယက သူအမြဲသုံးခဲ့တဲ့ ဗျူဟာတစ်ခုဖြစ်တဲ့ တစ်ဘက်ဘက်ကိုယိမ်းမသွားဘဲ ပြဿနာတွေကို ဆွေနွေးညှိနှိုင်းတဲ့ နည်းကိုပဲ သုံးကြဖို့ တိုက်တွန်းနေတဲ့ ပုံတွေ့ရပါတယ်။
နိုင်ငံတကာရေးရာ လေ့လာသုံးသပ်ရေးပညာရှင်များအဖွဲ့တစ်ခုဖြစ်တဲ့ Wilson Center က မိုက်ကယ် ကူးဂဲလ်မင်းကတော့ အိန္ဒိယရဲ့ အခုရပ်တည်ချက်ဟာ အရင်သူ ကျင့်သုံးခဲ့တဲ့ မူဝါဒတွေအတိုင်းပဲ ဖြစ်လို့ အံ့အားသင့်စရာ မရိပါဘူးလို့ ပြောပါတယ်။
အခုယူကရိန်းမှာ ဖြစ်နေတာတွေအပေါ် အိန္ဒိယက "စိတ်မသက်မသာခံစားရပုံပေါ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့ ရပ်တည်ချက်ကိုတော့ ပြောင်းမှာ မဟုတ်ပါဘူးလို့" သူက ဆိုပါတယ်။
"အခုလောလောဆယ်မှာ မပြောင်းနိုင်ရတဲ့ အကြောင်းတစ်ခုကတော့ သူ့ရဲ့ ကာကွယ်ရေးနဲ့ ပထဝီနိုင်ငံရေးအရ လိုအပ်ချက်တွေကြောင့်ပါပဲ။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ ပြောကြတုန်းက အိန္ဒိယက ပြင်းထန်တဲ့ စကားလုံးတချို့ကို သုံးခဲ့တာကို ကြည့်ရင် ယူကရိန်းမှာ ဖြစ်နေတဲ့အခြေအနေအပေါ် သူတို့လည်း မနှစ်မြို့တာကို သိနိုင်ပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, Hindustan Times
ယူကရိန်းမှာလည်း အိန္ဒိယနိုင်ငံသား နှစ်သောင်းလောက်ရှိနေပြီး အများစုက ကျောင်းသားတွေပါ။ သူတို့ကို ပြန်ကယ်ထုတ်ဖို့အရေးကလည်း အိန္ဒိယအတွက် ခေါင်းခဲ ရပါတယ်။
မော်စကိုမှာရော လစ်ဗျားမှာပါ တာဝန်ထမ်းခဲ့ဖူးသူ အိန္ဒိယသံတမန်ဟောင်း အနီးလ် ထရီဂူနီယက်ဟာ ၂၀၁၁ လစ်ဗျားမှာ တိုက်ပွဲတွေဖြစ်လာတော့ အိန္ဒိယနိုင်ငံသားတွေကို ကယ်ထုတ်ပေးခဲ့ရတဲ့ အတွေ့အကြုံရှိသူပါ။ သူကတော့ အဲဒီလို ကယ်ထုတ်ပေးဖို့ဆိုရင် ပတ်သက်သူ အားလုံးဘက်က လုံခြုံရေးအာမခံချက်တွေ ရဖို့လိုအပ်တယ်လို့ ပြောပြပါတယ်။
"ကိုယ့်နိုင်ငံသားတွေ အန္တရာယ်မဖြစ်အောင်လို့ အိန္ဒိယအနေနဲ့ တစ်ဘက်ဘက်ကို ရပ်လို့မရပါဘူး။ ဒါကြောင့် သူ့အနေနဲ့ အားလုံးနဲ့ ဆက်ဆံရေးလမ်းကြောင်း ဖွင့်ထားဖို့လည်း လိုပါတယ်။"
အဲဒီအပိုင်းမှာတော့ အိန္ဒိယဟာ အမေရိကန်နဲ့ရော ရုရှားနဲ့ပါ ဆက်ဆံရေးကောင်းမွန်ရှိနေတဲ့ အနည်းငယ်သော နိုင်ငံတွေထဲမှာ ပါနေပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ စကားပြောခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်းနီးယန်း ဂျိုင်ရှန်ကာကလည်း အမေရိကန်အရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
မစ္စတာမိုဒီက ယူကရိန်းသမ္မတ ဗလိုဒီမီယာဇယ်လင်းစကီးနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ သံတမန်ဟောင်း မစ္စတာ ထရီဂူနီယက်ကတော့ အိန္ဒိယဟာ နှစ်ဖက်စလုံးနဲ့ သံတမန်ရေးလမ်းကြောင်း ဖွင့်ထားနိုင်ခဲ့တာ အကျိုးရှိတယ်လို့ ထောက်ပြပါတယ်။
"အိန္ဒိယက ရုရှားကို တိုက်ရိုက်မဝေဖန်ခဲ့ဘူး၊ ဒါပေမဲ့ အိန္ဒိယအနေနဲ့ ယူကရိန်းပြည်သူတွေ ခံစားနေရတာကို မျက်စိမှိတ်လျစ်လျူရှုထားတာမျိုးလည်း မဟုတ်ဘူး။ သူ့ချဉ်းကပ်ပုံက နှစ်ဖက်မျှကြည့်ပါတယ်။ လုံခြုံရေးကောင်စီမှာ ပြောတုန်းက နယ်မြေအချုပ်အခြာအာဏာပိုင်မှုကို အလေးအနက်ပြောခဲ့တယ်။ အဲဒါ ယူကရိန်းတွေရဲ့ လက်ရှိအနေအထားကို မီးမောင်းထိုးပြခဲ့တာပါ။"

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမဲ့ အမေရိကန်နဲ့ သူ့မဟာမိတ် ဥရောပနိုင်ငံတွေက ရုရှားအပေါ် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လုပ်လာရင် အိန္ဒိယအနေနဲ့ ရုရှားနဲ့ ဆက်ပြီး စီးပွားရေးဆက်ဆံမှုတွေ လုပ်ဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။
အခုလောလောဆယ်အထိတော့ အိန္ဒိယရဲ့ ရပ်တည်ချက်၊ အိန္ဒိယရဲ့ အနေအထားကို အမေရိကန်က နားလည်ပေးထားပုံရပါတယ်။ ဒါပေမဲ့ အဲဒီအတိုင်းပဲ ဆက်ပေးသွားမယ် ဆိုတဲ့ အာမခံချက်ကတော့ မရှိပါဘူး။
မကြာသေးခင်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သမ္မတဘိုင်ဒန်ကို အိန္ဒိယရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး သတင်းထောက်တစ်ယောက်က မေးခဲ့ပါတယ်။ သမ္မတက တိုက်ရိုက်ဖြေမသွားပါဘူး။ "ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ ဆက်ပြီးဆွေးနွေးသွားမှာပါ။ အဲဒီအပိုင်းကိုတော့ အပြည့်အဝရှင်းလို့ မပြီးသေးပါဘူး" လို့ပဲ ပြောသွားပါတယ်။
အိန္ဒိယက ရုရှားဆီက မှာယူထားတဲ့ S-400 ဒုံးကျည်စနစ်တွေကို ပိတ်ဆို့အရေးယူတဲ့အထဲ ထည့်မလားဆိုတဲ့ ကိစ္စကလည်း ရှိနေပါသေးတယ်။ ၂၀၁၇ မှာ ပြဋ္ဌာန်းခဲ့တဲ့ အမေရိကန်ရဲ့ ပြိုင်ဖက်များကို ပိတ်ဆို့အရေးယူရေး ဥပဒေက ရုရှား၊ အီရန် နဲ့ မြောက်ကိုရီးယားတို့ကို စီးပွားရေး၊ နိုင်ငံရေး ပိတ်ဆို့အရေးယူဖို့ ပစ်မှတ်ထားပါတယ်။ အဲဒီနိုင်ငံတွေနဲ့ ကာကွယ်ရေးသဘောတူညီချက်မလုပ်ဖို့ တခြားနိုင်ငံတွေကို တားမြစ်ရမယ်ဆိုတဲ့ အချက်လည်း ပါပါတယ်။
ရုရှားက ယူကရိန်းကို ဝင်မတိုက်ခင်ကတောင် အဲဒီ ပြဋ္ဌာန်းချက်ကို အမေရိကန်က ချွင်းချက်ပေးမယ်လို့ ကတိပြုထားတာမရှိပါဘူး၊ ဒါကြောင့် အဲဒီ ကိစ္စဟာ အမေရိကန်နဲ့ အိန္ဒိယ စကားပြောစရာ ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
တစ်ဖက်မှာတော့ အိန္ဒိယဘက်က မူပြောင်းလာတယ်လို့ ထင်ရင် ရုရှားကလည်း သူတတ်နိုင်တဲ့ ဖိအားတွေပေးလာနိုင်ပါတယ်။ အဲဒီထဲမှာ ဖြစ်နိုင်တာတစ်ခုက အိန္ဒိယရဲ့ မဟာရန်သူတော်ကြီးဖြစ်တဲ့ ပါကစ္စတန်နဲ့ ဆက်ဆံရေးတွေပိုတိုးပြီးလုပ်တာမျိုး ပါလာနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း အိန္ဒိယက အမေရိကန်နဲ့ တိုးမြှင့်ဆက်ဆံလာတာကို ရုရှားကလည်း နားလည်လက်ခံ ပေးထားခဲ့ပါတယ်၊ ဒါပေမဲ့ အခု ယူကရိန်းအရေးကတော့ ရုရှားဘက်က လက်မခံနိုင်တဲ့ မျဉ်းနီချထား ပါတယ်။ ဒီကိစ္စမှာ အိန္ဒိယမူပြောင်းရင် ရုရှားက လက်ခံနိုင်ဖွယ်မရှိပါဘူး။
Wilson Center က မစ္စတာကူးဂဲလ်မင်းကတော့ ယူကရိန်းစစ်ပွဲက တာရှည်လာပြီး ကမ္ဘာကြီးက နှစ်ခြမ်းဖြစ်သွားမယ်ဆိုရင် အိန္ဒိယအပေါ် အစောကပြောခဲ့တဲ့ ဖိအားတွေပိုတိုးလာ၊ အိန္ဒိယဘက်က ရွေးချယ်စရာတွေ လုပ်လာရပါလိမ့်မယ်လို့ ဆိုပါတယ်။
"အဲဒီအခြေအနေအထိ မရောက်ဖို့ မျှော်လင့်ကြပါစို့၊ ဒါပေမဲ့ ဖြစ်လာရင်တော့ အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒ ဘယ်လမ်းကြောင်းသွားမလဲဆိုတာ အကြီးအကျယ်စဉ်းစားစရာ ဖြစ်လာပါလိမ့်မယ်။"











