ယူကရိန်းအရေး - ရုရှားကို ဘယ်လို အရေးယူပိတ်ဆို့မှုတွေ လုပ်ထားလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်းက ခွဲထွက်တဲ့ ဒေသနှစ်ခုကို ရုရှားက အသိအမှတ်ပြုလိုက်ပြီးတဲ့နောက် အမေရိကန်၊ ယူကေနဲ့ တခြား မဟာမိတ်တွေက ရုရှားကို အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြပါတယ်။
ဒါပေမဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အရွှေ့ဟာ အနောက်နိုင်ငံကြီးတွေ ပြင်ထားကြတဲ့ အရေးယူပိတ်ဆို့မှုမျိုးတွေ လုပ်ရလောက်တဲ့အထိတော့ ဖြစ်မလာသေးပါဘူး။
အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲတစ်ခု ကျင်းပဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်ပြီလို့ အမေရိကန် အစိုးရက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ဗ်ရော့ဗ် နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာကို ပယ်ဖျက်လိုက်ပါတယ်။
ဒီလို တွေ့ဆုံဆွေးနွေးမှုမျိုးတွေကို ယူကရိန်းပြဿနာအရေး တင်းမာမှုတွေ လျော့ကျသွားတဲ့အချိန်အထိ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရက ပြောပါတယ်။
အရေးယူပိတ်ဆို့မှုဆိုတာဘာလဲ
အရေးယူပိတ်ဆို့မှုဆိုတာ နိုင်ငံတစ်နိုင်ငံက တစ်ခြားနိုင်ငံတစ်ခုကို အပြစ်ပေး ဒဏ်ခတ်တဲ့ သဘောနဲ့ ပြုလုပ်တာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာနဲ့ ရန်စ ရန်လိုတာတွေ မလုပ်တော့အောင် ပြုလုပ်လေ့ရှိပါတယ်။
အရေးယူပိတ်ဆို့မှုတွေဟာ အများအားဖြင့် အဲဒီနိုင်ငံရဲ့ စီးပွားရေးနဲ့ အဲဒီနိုင်ငံက ထိပ်တန်း နိုင်ငံရေးသမားတွေရဲ့ ပုဂ္ဂလိက ငွေကြေး စီးပွားရေးတွေကို ထိခိုက်စေတဲ့ ပုံစံနဲ့ ချမှတ်လေ့ ရှိပါတယ်။ အဲဒီမှာ ခရီးသွားလာခွင့် တားမြစ်တာတွေနဲ့ လက်နက် ကုန်သွယ်ခွင့် ပိတ်ပင်တာတွေ ပါနိုင်ပါတယ်။
ဒါတွေဟာ စစ်ဆင်တိုက်ခိုက်တာမျိုးအထိ မရောက်သေးခင် နိုင်ငံတွေအကြား ချမှတ်ကြတဲ့ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုတွေထဲမှာ ပါဝင်ပါတယ်။
ရုရှားကို ဘာအရေးယူမှုတွေ လုပ်ထားပြီလဲ
ဥရောပသမဂ္ဂ အီးယူက ရုရှားက လူပုဂ္ဂိုလ် ၂၇ ဦးနဲ့ ဘဏ်တွေ အပါအဝင် အဖွဲ့အစည်းတွေကို အရေးယူပိတ်ဆို့ထားလိုက်ပါပြီ။
ပြီးတော့ ဥရောပ ငွေကြေးစျေးကွက်တွေမှာ ဝင်ရောက်မလုပ်နိုင်အောင်နဲ့ အီးယူနဲ့ အခု ယူကရိန်းက ခွဲထွက်သွားတဲ့ ဒေသနှစ်ခုကြား ကုန်သွယ်ရေး မလုပ်နိုင်အောင် တားမြစ်တာတွေ လုပ်ထားပါတယ်။
ရုရှား ဒူးမား အောက်လွှတ်တော်က လွှတ်တော်အမတ် ၃၅၁ ယောက်လုံးကိုလည်း ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ထားပါတယ်။
သူပုန်တွေ ထိန်းချုပ်ထားတဲ့ လူဟန့်စ်နဲ့ ဒွန်ညက်စ် ဒေသနှစ်ခုကို ရုရှားက အသိအမှတ်ပြုလိုက်ပြီးနောက် အဲဒီမှာ အမေရိကန်တွေကို စီးပွားရေး မလုပ်ကိုင်ဖို့ အမေရိကန်က တားမြစ်လိုက်ပါတယ်။
အဲဒီမှာ အမေရိကန် ကုမ္ပဏီ တချို့ လက်ရှိ လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ ရှရှားက ယူကရိန်းကို ဒီထက်ပို ကျူးကျော်လာရင် ပိုကျယ်ပြန့်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်မယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။
ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ရုရှား ဘဏ် ငါးခုနဲ့ ရုရှားက စီးပွားရေးလုပ်ငန်းရှင်ကြီး သုံးဦးကို အရေးယူ ပိတ်ဆို့လိုက်တယ်လို့ ကြေညာပါတယ်။
ဒါတွေက ပထမဆုံးအသုတ်ဖြစ်ပြီး နောက်ထပ် အရေးယူမှုတွေ ချမှတ်ဖို့ အသင့်ရှိတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ အစိုးရအနေနဲ့ ရုရှားက နောက်ထပ် ဘဏ်တွေနဲ့ သူဌေးကြီးတွေကို ပိုပြီး ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်သင့်တယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
ဂျာမန်ဝန်ကြီးချုပ် အိုလက်ဗ်ရှော့ဇ်ကတော့ ရုရှားနဲ့ ဂျာမနီကြားက နော့ဒ် စထရင်း ၂ ဓာတ်ငွေ့ပိုက်လိုင်း လုပ်ကိုင်ခွင့်ကို ရပ်နားထားခိုင်းလိုက်ပါပြီ။ ယူရို ၁၀ ဘီလျံသုံးပြီး ဆောက်ထားတဲ့ ဒီပိုက်လိုင်းက အဆင်သင့်ဖြစ်နေပြီး ဓာတ်ငွေ့တွေစသယ်ဖို့ ပြင်ဆင်နေတဲ့ အဆင့်ရောက်နေပါပြီ။
တခြားဘယ်လို ပိတ်ဆို့မှုတွေ ရရှားရင်ဆိုင်ရဦးမလဲ
ရုရှားက ယူကရိန်းကို ကျူးကျော်မယ်ဆိုရင် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်မယ်လို့ အနောက်နိုင်ငံတွေက ခြိမ်းခြောက်ထားကြပါတယ်။
ရုရှားငွေတွေမစီးဆင်းနိုင်အောင် ဖယ်ထုတ်မယ်
အရေးယူမှုတစ်ခုကတော့ ကမ္ဘာတစ်ဝန်းက ထောင်ပေါင်းများစွာသော စီးပွားရေးလုပ်ငန်းတွေ သုံးစွဲနေကြတဲ့ ကမ္ဘာ့ငွေကြေး လွှဲပြောင်းဝန်ဆောင်မှု - ဆွစ်ဖ် Swift ထဲက နေ ရုရှားကို ဖယ်ထုတ်လိုက်ဖို့ ဖြစ်ပါတယ်။
အဲဒါက ရုရှား ဘဏ်တွေ နိုင်ငံရပ်ခြားမှာ စီးပွားလုပ်ကိုင်ဖို့ အင်မတန်ခက် သွားစေမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီအရေးယူမှုက ရုရှားဘဏ်တွေနဲ့ နီးနီးကပ်ကပ် လုပ်ကိုင်နေကြတဲ့ အမေရိကန်နဲ့ ဂျာမနီတို့လို နိုင်ငံတွေ အတွက်လည်း ဆုံးရှုံးမှုတွေ ရှိလာနိုင်စေပါတယ်။
ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ချက်ချင်းထုတ်ပစ်လိုက်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ အမေရိကန် အစိုးရက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TASS via Getty Images
အမေရိကန်ဒေါ်လာ ရုရှားကို သုံးခွင့်မပြုတာ
ငွေကြေးလွှဲပြောင်းမှုတွေမှာ ရုရှားကို အမေရိကန် ဒေါ်လာ မသုံးအောင် အမေရိကန်က တားမြစ်တာမျိုး လုပ်နိုင်ပါတယ်။ ရုရှားလုပ်ငန်းတွေကို အမေရိကန်ဒေါ်လာနဲ့ လုပ်ကိုင်ခွင့်ပြုတဲ့ အနောက်နိုင်ငံတွေက ကုမ္ပဏီတွေကိုလည်း ပြစ်ဒဏ်ချမှတ်အရေးယူတာတွေ လုပ်နိုင်ပါတယ်။
ဒီလိုလုပ်ရင် ရုရှားရဲ့ ရေနဲ့ ဓာတ်ငွေ့ အရောင်းအဝယ်အများစုက ဒေါ်လာနဲ့ လုပ်ကိုင်နေတာဖြစ်လို့ ရုရှား စီးပွားရေး အကြီးအကျယ် အထိနာနိုင်ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ တခြား စီးပွားရေးကဏ္ဍတွေကို အားနည်းသွားစေပါလိမ့်မယ်။
ဒါပေမဲ့ အဲဒါက ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့တင်ပို့မှု ထိုးကျသွားမှာ ဖြစ်လို့ ရုရှားဓာတ်ငွေ့ကို အဓိက အားထားသုံးနေရတဲ့ ဥရောပနိုင်ငံတွေကိုလည်း ပြန်ထိစေမှာ ဖြစ်ပါတယ်။
ဘဏ်တွေ ပိတ်ပစ်မယ်
ရုရှားဘဏ်တွေ နိုင်ငံတကာ ငွေကြေး အလွှဲအပြောင်းတွေ မလုပ်နိုင်လောက်သလောက် ဖြစ်သွားအောင် ရုရှားဘဏ်တွေကို အမေရိကန်က နာမည်ပျက်စာရင်းသွင်း ပစ်တာမျိုး လုပ်နိုင်ပါတယ်။
ရုရှားဘက်က ပြန်လုပ်နိုင်တာကတော့ ဘဏ်တွေကို ငွေရေးကြေးရေးအကူအညီတွေပေးပြီး ငွေကြေးဖောင်းပွတာနဲ့ ဝင်ငွေတွေကျသွားတာတွေ မဖြစ်အောင် လုပ်ပေး နိုင်ပါတယ်။
ဒါပေမဲ့ ဒါကလည်း အဲဒီဘဏ်တွေမှာ ငွေတွေရှိထားတဲ့ အနောက်တိုင်းက ရင်းနှီးမြှုပ်နှံသူတွေကိုပါ ထိခိုက်စေမှာ ဖြစ်ပတါယ်။
ဒါ့အပြင် ဒီလိုမျိုး စီးပွားရေး အရေးပေါ် အကျပ်အတည်းတွေကြုံလာရင် ကာကွယ်ဖို့ ရုရှားက သူ့ရဲ့ ဗဟိုဘဏ်မှာ အမေရိကန် ဒေါ်လာ ဘီလျံ ၆၃၀ ထက်မက အရန်ငွေကြေး အဖြစ် ထားထားပါတယ်။
နည်းပညာလုပ်ငန်းတွေကို ပိတ်ဆို့မယ်
အဓိက နည်းပညာ ထုတ်ကုန်တွေ ရုရှားကို မတင်ပို့နိုင်အောင် အနောက်နိုင်ငံတွေက ပိတ်ဆို့တာတွေ လုပ်နိုင်ပါတယ်။
ဥပမာအားဖြင့် ကားကနေ စမတ်ဖုန်းတွေအထိ နေရာတကာမှာ သုံးနေရတဲ့ မိုက်ခရိုချစ်ပ်စ်တွေလို ကုန်ပစ္စည်းတွေကို ကုမ္ပဏီတွေက ရုရှားကို မရောင်းအောင် တားမြစ်တာတွေ လုပ်နိုင်ပါတယ်။
အဲဒါက ရုရှားရဲ့ စစ်တပ်နဲ့ လေကြောင်း လုပ်ငန်းတွေသာမက စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါပေမဲ့ ဒါကလည်းပဲ နည်းပညာ ပစ္စည်းတွေ တင်ပို့နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ နစ်နာစေမှာ ဖြစ်ပါတယ်။
စွမ်းအင်လုပ်ငန်းတွေကို တားမြစ်မယ်
ရုရှား စီးပွားရေးက နိုင်ငံခြားကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်ရောင်းတာကို အကြီးအကျယ် မှီခိုနေရတာပါ။ ဒါကြောင့် အနောက်နိုင်ငံတွေက ရုရှား စွမ်းအင် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Gazprom တို့၊ Rosneft တို့လို ကုမ္ပဏီကြီးတွေဆီကနေ ရေနံနဲ့ ဓာတ်ငွေ့တွေ မဝယ်တော့ဘူးလို့ ငြင်းတာတွေ လုပ်လို့ရပါတယ်။
ဒါကလည်း ဥရောပ နိုင်ငံတွေမှာ ဓာတ်ငွေ့ စျေးတွေ တက်လာတာနဲ့ လောင်စာဆီ မလုံလောက်တာတွေ ဖြစ်လာနိုင်စေဦးမှာပါ။ နမူနာအနေနဲ့ ဂျာမနီဆိုရင် ဓာတ်ငွေ့လိုအပ်ချက် သုံးပုံတစ်ပုံကို ရုရှားကို မှီခိုနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လန်ဒန်က စီးပွားရေးအဖွဲ့အစည်းတွေမှာ ရုရှားကို တားမြစ်မယ်
ဒါက လန်ဒန်ဂရက်လို့ တင်စားခေါ်ကြတဲ့ ယူကေ လန်ဒန်က ဘဏ်တွေနဲ့ အိမ်ခြံမြေတွေမှာ လာရင်းနှီးမြှုပ်နှံထားကြတဲ့ ရှရှားရင်းနှီးမြှုပ်နှံမှုတွေကို ဆိုလိုတာပါ။
လူတွေကို သူတို့ ပိုက်ဆံတွေ ဘယ်က လာသလဲဆိုတာ ထုတ်ဖော်ဖို့လိုတဲ့ "ရလမ်းမဖော်ပြနိုင်တဲ့ ပိုင်ဆိုင်မှုဆိုင်ရာ အမိန့်ညွှန်ကြားချက်တွေ" နဲ့ ဒီပြဿနာကို ဖြေရှင်းနေတယ်လို့ ယူကေ အစိုးရက ပြောပါတယ်။
ဒါပေမဲ့ တကယ်တမ်းမှာ ဒီစည်းမျဥ်းတွေထဲက နည်းနည်းပါးပါးကိုပဲ အသုံးချထားပါတယ်။
အနောက်နိုင်ငံတွေရဲ့ အခက်အခဲတွေ
ရုရှားက ယူကရိန်းကို စစ်ပွဲအသွင်နဲ့ ကျူးကျော်လာပြီဆိုရင် ပြင်းထန်တဲ့ ချိတ်ဆက် အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ အနောက်နိုင်ငံကြီးတွေမှာ အစီအစဥ်တွေ ရှိပါတယ်။
ဒါပေမဲ့ နည်းနည်းလောက်စီပဲ လုပ်မယ်ကြမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။
ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာရင် ဘယ်လို တုံ့ပြန်ကြမလဲဆိုတာမှာ အနောက်နိုင်ငံတွေဟာ သိပ်စည်းစည်းလုံးလုံးမရှိကြဘူးလို့ အမေရိကန် နဲ့ ဥရောပ သံတမန်တွေက ပြောပါတယ်။
ရုရှားနဲ့ ပိုပြီး နီးနီးစပ်စပ်ရှိကြတဲ့ ဥပမာ အားဖြင့် ဟန်ဂေရီ၊ အီတလီနဲ့ သြစတြီးယားတို့လို နိုင်ငံတွေက ရုရှားကို ကြီးကြီးမားမား အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ ဆန္ဒရှိကြမှာ မဟုတ်ပါဘူး။
အရေးယူမှုတွေ ပိုလုပ်လာကြဖို့ ရှိနေ
ဂျပန်နဲ့ သြစတြေးလျ အပါအဝင် နောက်ထပ် နိုင်ငံအတော်များများက ရုရှားအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနို လမဲရ် ကတော့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ပြင်သစ်နိုင်ငံအနေနဲ့ စီးပွားရေးအရ ထိခိုက်ခံရဖွယ် မရှိဘူးလို့ ပြင်သစ်ရုပ်မြင်သံကြားမှာ ပြောသွားပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် စကော့တ် မော်ရစ်ဆင်က ရုရှားအစိုးရဟာ လူဆိုး အနိုင်ကျင့်သူလို ပြုမူကျင့်ကြံနေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံ စိန့်ပီတာစ်ဘာ့ဂ်မြို့မှာ ကျင်းပဖို့ ရှိတဲ့ ဥရောပ ချန်ပီယံစ်လိဂ် ဘောလုံး ဖိုင်နယ်ပွဲကို အခုအခါ ကျင်းပဖို့ မသင့်တော့ဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ် က ဘီဘီစီကို ပြောပါတယ်။
ကနေဒါကလည်း တပ်ဖွဲ့ဝင် ၄၆၀ ကို နေတိုးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လက်နက်ကြီးတွေပါတဲ့ ရေတပ်အုပ်စုနဲ့ စေလွှတ်ထားပြီး လိုအပ်လာရင် တပ်ဖွဲ့ဝင် ၃၆၀၀ အထိ ချထားဖို့ အသင့်ရှိတယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။








