အရေးကြုံလာချိန် ဦးဆောင်မှုကောင်းသူ ယူကရိန်းသမ္မတရဲ့ နောက်ခံသမိုင်းကြောင်းက ဘာလဲ

ကိုယ့်ကိုယ်ကိုယ် ဖုန်းနဲ့ ဗီဒီယိုရိုက်ကာ ယူကရိန်းနိုင်ငံသားတွေကို မိန့် ခွန်းပြောတာတွေလည်း ပြုလုပ်ခဲ့ပြီး ရုရှားရဲ့ ကျူးကျော်မှုကို အာခံတဲ့ ယူကရိန်းပြည်သူတွေအတွက် အသံထွက်ပေးနိုင်နေ
ဓာတ်ပုံ ပုံစာ, ကိုယ့်ကိုယ်ကိုယ် ဖုန်းနဲ့ ဗီဒီယိုရိုက်ကာ ယူကရိန်းနိုင်ငံသားတွေကို မိန့် ခွန်းပြောတာတွေလည်း ပြုလုပ်ခဲ့ပြီး ရုရှားရဲ့ ကျူးကျော်မှုကို အာခံတဲ့ ယူကရိန်းပြည်သူတွေအတွက် အသံထွက်ပေးနိုင်နေ

ယူကရိန်းနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ် မပြည့်ခင်ကလေးတင်မှ ရွေးကောက်ခံရပြီး အာဏာရလာသူဖြစ်တဲ့ နိုင်ငံရေး အတွေ့အကြုံမရှိသူ သမ္မတ ဗလိုဒီမီယာ ဇလန်းစကီးဟာ အခုလို ရုရှားနဲ့ စစ်ဖြစ်လာချိန်မှာ နိုင်ငံကို ဦးဆောင်နိုင်ကြောင်း မထင်မှတ်ဘဲ ပြနိုင်သွားသူ တဦး ဖြစ်လာတာကို တွေ့ရပါတယ်။

သူဟာ ကိုယ့်ကိုယ်ကိုယ် ဖုန်းနဲ့ ဗီဒီယိုရိုက်ကာ ယူကရိန်းနိုင်ငံသားတွေကို မိန့်ခွန်းပြောတာတွေလည်း ပြုလုပ်ခဲ့ပြီး ရုရှားရဲ့ ကျူးကျော်မှုကို အာခံတဲ့ ယူကရိန်းပြည်သူတွေအတွက် အသံထွက်ပေးနိုင်နေတာကို တွေ့ရပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ယူကရိန်းပြည်တွင်းက ရုရှားဘာသာစကားပြောတဲ့ ဂျူးမိသားစုမှာ မွေးဖွားလာသူဖြစ်ပြီး သမ္မတရွေးကောက်ပွဲဝင်တဲ့ အချိန်က လူထုထောက်ခံမှု စစ်တမ်းမှာပါ အခြေအနေမကောင်းခဲ့ရာကနေ မထင်မှတ်ဘဲ သမ္မတ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

အခုလို အခြေအနေ ရှိခဲ့တဲ့ သမ္မတ ဇလန်းစကီးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက် ရုရှားက မကျူးကျော်ခင် နာရီပိုင်းအလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မိန့် ခွန်းစတင် ပြောကြားတဲ့အချိန်နောက်ပိုင်းကစပြီး သူ့ရဲ့ ပုံရိပ်နဲ့ အခန်းကဏ္ဍက ပေါ်လွင်ထင်ပေါ်လာခဲ့ပါတယ်။

မစ္စတာ ဇလန်းစကီးက အခုလို ဝမ်းနည်းဖွယ်ရာ မိန့် ခွန်းကို ပြောကြားရာမှာ ရုရှားဘာသာစကားနဲ့လည်း တချက်တချက် ထည့်သွင်းပြောဆိုပြီး ရုရှားသမ္မတ ပူတင်ကို စစ်ရေးရှောင်လွှဲဖို့ တိုက်တွန်းခဲ့ပေမယ့်လည်း အကြောင်းမထူးခဲ့ဘဲ အမှန်တကယ် စစ်ဖြစ်ပွားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲမှာ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံး အနေနဲ့ စစ်အေးတိုက်ပွဲလို အခြေအနေနဲ့ အမှန်တကယ် အပြည့်အဝ စစ်ဖြစ်တဲ့ အခြေအနေတို့ သာမက တစ်ပိုင်းတစ်စ ဖြစ်ပွားတဲ့ စစ်ပွဲ ပုံစံမျိုးပါ မဖြစ်ပွားသင့်ဘူး ဆိုတဲ့ အချက်ကိုလည်း ယူကရိန်းမြေပုံရှေ့မှာ ရပ်ပြီး ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

ရုရှားက ဘယ်လိုပဲ ဖြစ်ဖြစ် တိုက်ခိုက်လာမယ်ဆိုရင်တော့ ယူကရိန်းပြည်သူတွေက ကျောပေးမထားဘဲ ထိပ်တိုက် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး ခုခံ ကာကွယ်သွားမှာဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

ရုရှားက အမှန်တကယ် ထိုးစစ်စတင်ပြီး မကြာခင်မှာ သူပြောဆိုတဲ့ မိန့်ခွန်းမှာဆိုရင်တော့ စစ်ဝတ်စုံကိုပါ စတင် ဝတ်ဆင်ပြခဲ့ပြီး အနောက်နိုင်ငံတွေက ယူကရိန်းကို မကူညီဘူးဆိုရင် “စစ်က အဲဒီနိုင်ငံတွေကိုပါ တံခါးလာခေါက်လိမ့်မယ်” ဆိုပြီး သတိပေးပြောဆို ပြခဲ့ပြန်ပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်းကို ကျူးကျော်မှု မော်စကိုမှာ ဆန့်ကျင် ဆန္ဒပြ

နိုင်ငံရေးအရ အောင်မြင်နိုင်ဖို့ သံသယအရှိခံရသူ

၂၀၁၉ ဧပြီမှာ မစ္စတာ ဇလန်းစကီး သမ္မတ ဖြစ်လာချိန်က သူဟာ အစိုးရခေါင်းဆောင်အဖြစ် ထမ်းဆောင်နိုင်မယ်လို့ မယုံကြည်ဘူးလို့ ဆိုခဲ့သူ နိုဗိုရေ ဗရီမြာ အွန်လိုင်း သတင်းစာမျက်နှာရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ယူလီယာ မက်ဂရပ်ဖီက ဆိုရင်လည်း ရုရှားက စတင် ကျူးကျော်လာတဲ့အချိန် မစ္စတာဇလန်းစကီးရဲ့ လုပ်ကိုင်ပြောဆိုပုံတွေကို ကြည့်ပြီး ပြည်သူတွေက ထောက်ခံ လေးစားမှု အပြည့်အဝပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ကြပုံရတယ်လို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာ ဇလန်းစကီးဟာ နိုင်ငံရေးသမား မဖြစ်ခင်က ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေမှာ ပါဝင်တဲ့ နာမည်ကျော် သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

သူ့ရဲ့ အအောင်မြင်ဆုံး ရုပ်မြင်သံကြားဇာတ်လမ်းတွဲကတော့ “ပြည်သူ့ ဝန် ထမ်းပေးသူ” ဆိုတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပြီး အဲဒီအထဲမှာ သူက ကျောင်းဆရာဘဝကနေ သမ္မတအထိ ဖြစ်လာတဲ့ ဇာတ်ကောင်ဖြစ်တဲ့အတွက် မထင်မှတ်ဘဲ သမ္မတဖြစ်လာတဲ့ အခြေအနေကို ဇာတ်လမ်းထဲမှာ သူက ကြိုတင်လေ့ကျင့်ထားပြီးသားလို ဖြစ်နေခဲ့ပါတယ်။

အဲဒီ ဇာတ်လမ်းတွဲထဲမှာ သူက ကျောင်းဆရာဘဝနဲ့ နိုင်ငံရေးလောက ခြစားမှုတွေကို ဝေဖန်ပြောဆိုနေပုံကို ကျောင်းသားတဦးက အင်တာနက်ပေါ်မှာ ဖြန့်လိုက်ရာကနေ ရုတ်တရက် နာမည်ကျော်ပြီး သမ္မတဖြစ်လာသူအဖြစ် သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

သူ့ လက်တွေ့ နိုင်ငံရေးသမားဘဝမှာ ဆိုရင်လည်း နိုင်ငံရေးပါတီနာမည်ကိုက သူပါဝင် သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲ နာမည်ဖြစ်တဲ့ “ပြည်သူ့ဝန် ထမ်းပေးသူ” လို့ပဲ နာမည်ပေးထားပြီး ၂၀၁၉ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် အရွေးခံမှုကို တချို့က အပျော်တမ်း ဟာသလုပ်တယ်လို့တောင် ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ သူ တကယ်တမ်း ရွေးကောက်ပွဲဝင်ရာမှာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ပြီး ငြိမ်းချမ်းရေး ဆောင်ယူပေးမယ်ဆိုတဲ့ ကတိပေးမှုနဲ့အတူ ထောက်ခံမဲ ၇၃ ရာခိုင်နှုန်း အထိတောင် ရရှိပြီး သမ္မတ ဖြစ်လာခဲ့ပါတယ်။

Photo 2. မစ္စတာ ဇလန်းစကီးဟာ နိုင်ငံရေးသမား မဖြစ်ခင်က ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေမှာ ပါဝင်တဲ့ နာမည်ကျော် သရုပ်ဆောင်တဦး ဖြစ်ပါတယ်
ဓာတ်ပုံ ပုံစာ, Photo 2. မစ္စတာ ဇလန်းစကီးဟာ နိုင်ငံရေးသမား မဖြစ်ခင်က ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေမှာ ပါဝင်တဲ့ နာမည်ကျော် သရုပ်ဆောင်တဦး ဖြစ်ပါတယ်

မစ္စတာ ဇလန်းစကီး သမ္မတမဖြစ်ခင် ဖြတ်သန်းခဲ့ရတဲ့ သက္ကရာဇ် နေ့စွဲများ

မစ္စတာ ဇလန်းစကီးဟာ ယူကရိန်း အရှေ့ပိုင်း ခရစ်ဗ် ယီရီ မြို့မှာ ၁၉၇၈ ခုနှစ်က မွေးဖွားခဲ့သူ ဖြစ်ပြီး ကိယက်ဗ် နိုင်ငံတော် စီးပွားရေး တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ ရုပ်မြင်သံကြား အစီအစဉ် ထုတ်လုပ်ရေး ကုမ္ပဏီတခုကို ပူးတွဲ ထူထောင်ခဲ့ပြီး အငြင်းပွားဖွယ်ရာတွေနဲ့ ကျော်ကြားသူ ဘီလီယံနာ သူ‌ဌေး အီဟော ကိုလိုမွိုင်းစကီး ပိုင်ဆိုင်တဲ့ ရုပ်သံလိုင်းတခုအတွက် ရုပ်မြင်သံကြား အစီအစဉ်တွေ ဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၁၅ ပတ်ဝန်းကျင်လောက်အထိ ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်နယ်ပယ်မှာ သူ့ ရဲ့ အသက်မွေးဝမ်းကျောင်းကို အဓိကထားခဲ့ပေမယ့် နောက်ပိုင်း သူ့ရဲ့ သမ္မတလောင်းအဖြစ် အရွေးခံဖို့အထိ ဆုံးဖြတ်ချက်ကိုတော့ ကိုလိုမွိုင်းစကီး ကိုယ်တိုင်က ထောက်ပံ့ပေးခဲ့တာကို တွေ့ရပါတယ်။

ကိုလိုမွိုင်းစကီးဟာ အမေရိကန်နိုင်ငံမှာ လိမ်လည်မှု၊ ငွေကြေးခဝါချမှုတို့နဲ့ စုံစမ်းစစ်ဆေးခံရသူ တဦးဖြစ်တဲ့အတွက် အဲဒီလို လူမျိုးက ကျောထောက်နောက်ခံပေးထားသူ သမ္မတလောင်းဟာ အဲဒီသူဌေးရဲ့ ရုပ်သေးရုပ်သာသာ အခြေအနေသာ ရှိမယ်လို့ လည်း အများက စိုးရိမ်ခဲ့ကြပါတယ်။

ဒါပေမဲ့ မစ္စတာ ဇလန်းစကီးဟာ သူ့ကို ဝေဖန်သူတွေ ထင်ထားတာထက် ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်စွမ်းရှိတာကို တွေ့ ကြရပြီး သူ့ကို နောက်ခံပေးထားသူ ကိုလိုမွိုင်းစကီး ပိုင်ဆိုင်ထားရာကနေ ပြည်သူပိုင် ပြန်သိမ်းထားတဲ့ ဘဏ်ကို ပုဂ္ဂလိက ပုံစံ ပြန်ပြောင်းမှုကို ခွင့်မပြုခဲ့ပါဘူး။

Photo 3. မစ္စတာ ဇလန်းစကီး မတိုင်ခင် ယခင်သမ္မတလည်းဖြစ် သူ့ ပြိုင်ဘက်လည်း ဖြစ်သူ မစ္စတာ ပက်ထရို ပိုရိုရှန်ကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ပြစ်မှတ်ထားတယ်လို့ အနောက်နိုင်ငံ အစိုးရအရာရှိတွေဘက်ကပါ ယူဆခဲ့
ဓာတ်ပုံ ပုံစာ, မစ္စတာ ဇလန်းစကီး မတိုင်ခင် ယခင်သမ္မတလည်းဖြစ် သူ့ ပြိုင်ဘက်လည်း ဖြစ်သူ မစ္စတာ ပက်ထရို ပိုရိုရှန်ကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ပြစ်မှတ်ထားတယ်လို့ အနောက်နိုင်ငံ အစိုးရအရာရှိတွေဘက်ကပါ ယူဆခဲ့

သမ္မတဖြစ်အပြီး ဝေဖန်ခံရမှုနဲ့ မအောင်မြင်မှုများ

အကျင့်ပျက် ခြစားမှု နက်နက်ရှိုင်းရှိုင်း ရှိနေပြီးသားဖြစ်တဲ့ ယူကရိန်းနိုင်ငံမှာ မစ္စတာ ဇလန်းစကီး လက်ထက်အတွင်း ချမှတ်ခဲ့တဲ့ ထိပ်သီးစီးပွားရေးသမားများ လိုက်နာရမယ့် စည်းကမ်း ဥပဒေသစ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတာတွေ ရှိခဲ့ပါတယ်။

အဲဒီ ဥပဒေသစ်တွေ အနေနဲ့ ထိပ်သီး စီးပွားရေးသမား အားလုံးကို မဟုတ်ဘဲ တချို့ကိုသာ ပစ်မှတ်ထားတာလို့ ဝေဖန်ခံရတာဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု ဆိုင်ရာ တရားစွဲဆိုမှုတွေကလည်း မစ္စတာ ဇလန်းစကီး မတိုင်ခင် ယခင်သမ္မတလည်းဖြစ် သူ့ ပြိုင်ဘက်လည်း ဖြစ်သူ မစ္စတာ ပက်ထရို ပိုရိုရှန်ကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတယ်လို့ အနောက်နိုင်ငံ အစိုးရအရာရှိတွေဘက်ကပါ ယူဆခဲ့ကြဖူးပါတယ်။

ယူကရိန်းအရှေ့ပိုင်းက နယ်တွေမှာ ရုရှားနောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ရေရှည် ပြည်တွင်း စစ်ရေးပဋိပက္ခဖြစ်နေတဲ့ အချိန်မှာဆိုရင်လည်း မစ္စတာ ဇလန်းစကီးက ရုရှားနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ကြိုးစားခဲ့ရာမှာ အောင်မြင်မှု သိပ်မရခဲ့တာကို တွေ့ရပါတယ်။

အဲဒီ ပြည်တွင်းရေး စစ်ရေး ပဋိပက္ခကြောင့် လူပေါင်း ၁၄၀ဝ၀ လောက်အထိတောင် အသက်သေဆုံးထားခဲ့ပြီး ဖြစ်တာကို တွေ့ရပါတယ်။

အဲဒီ ပြည်တွင်း ခွဲထွက်ရေးဆိုင်ရာ စစ်ရေး ပဋိပက္ခအတွက် မင့်စ်က် သဘောတူညီချက်များဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လုပ်ဆောင်မှုတွေမှာ နှစ်ဖက် အကျဉ်းသား လဲလှယ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု စတင်ရေး လုပ်ငန်းစဉ်တွေ စလုပ်ခဲ့ပေမယ့် အသေအချာ အောင်မြင်မှု မရခဲ့တဲ့အတွက် လူထုဆန္ဒကောက်ခံမှု စစ်တမ်းတွေအရ သူ့အပေါ် ယူကရိန်းပြည်သူတွေ ထောက်ခံမှုက ၂၀၂၀ တောက်လျှောက်မှာ အကျဘက်ကိုပဲ ရောက်နေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မစ္စတာ ဇလန်းစကီးက သူ့ရဲ့ ပြတ်သားမှုကို ပြတဲ့အနေနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာဖို့ နဲ့ နေတိုး စစ်စာချုပ် အဖွဲ့ဝင် နိုင်ငံ ဖြစ်လာဖို့ အရေးတို့အတွက် ရှေ့တိုး ဆောင်ရွက်ခဲ့တဲ့အတွက် ဒါကို မလိုလားတဲ့ ရုရှား သမ္မတ ပူတင်ဘက်က စိတ်ဆိုး ဒေါသထွက်စရာတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ပြည်တွင်း စစ်ရေး ပဋိပက္ခ အပိုင်းမှာကတော့ သူ့ရဲ့ ကိုင်တွယ် ပြောဆိုပုံတွေကို ယူကရိန်းနိုင်ငံသား အတော်များများက အားမရကြတာ တွေ့ရတယ်လို့ ယူဆသူတွေလည်း ရှိနေပါတယ်။

သူ့လက်ထက် အပစ်ရပ် သဘောတူမှု ချိုးဖောက်ပြီး တိုက်ပွဲတွေ ဖြစ်လာခဲ့ချိန်မှာတောင် သူ့ရဲ့ မိန့် ခွန်းတွေမှာ စစ်ရေးနဲ့ ပတ်သက်တာတွေ ရှောင်ကွင်းပြောဆိုခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

လတ်တလောမှာ ဆိုရင်လည်း အမေရိကန်နဲ့ တကွ အနောက်နိုင်ငံတွေက ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်နိုင်ခြေ နေ့စဉ် သတိပေးမှုတွေကို သူက ယူကရိန်းအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ့် အခြေအနေဖြစ်တယ်လို့ ပြောဆိုပြီး ဒါဟာ အမေရိကန်ရဲ့ နိုင်ငံတကာမှာ ပြောဆိုဆက်ဆံမှုဆိုင်ရာ ချမှတ်ထားတဲ့ မဟာဗျူဟာကြောင့် ဖြစ်တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်းကို ကျူးကျော်မှု မော်စကိုမှာ ဆန့်ကျင် ဆန္ဒပြ

မစ္စတာ ဇလန်းစကီးက လတ်တလော ကာလရောက်မှ ဘယ်လို လူကြိုက်များလာကြသလဲ

ရုရှားက ယူကရိန်းကို ကျူးကျော်မှု မလုပ်ခင် ရက်ပိုင်း အလိုဖြစ်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ ဂျာမနီ နိုင်ငံ မြူးနစ်မြို့မှာ ကျင်းပတဲ့ လုံခြုံရေး ညီလာခံတခုမှာ မစ္စတာ ဇလန်းစကီးက မိန့်ခွန်းပြောကြားခဲ့ပြီး ဒီမိန့်ခွန်းကြောင့် သူ့ကို စတင် သဘောကျလာသူတွေ ရှိနေတာကို တွေ့ ရပါတယ်။

အနောက်နိုင်ငံက ခေါင်းဆောင်တွေကို ဦးတည်ပြောကြားတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ သူ ဒုံးကျည်ကျထားတဲ့ ကျောင်းတကျောင်းကို သွားရောက်ခဲ့တဲ့အကြောင်းပါဝင်ပြီး အဲဒီကျောင်းက ကလေးတွေအနေနဲ့ ကမ္ဘာကြီးက ၂၀ ရာစုအတွင်းက ဖြစ်ထားတဲ့ စစ်ရေးဆိုင်ရာ အမှားတွေကို မေ့ကုန်ပြီလားဆိုတာ မေးစရာ ရှိလိမ့်မယ်လို့ မစ္စတာ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

အဲဒီ မြူးနစ်လုံခြုံရေး ညီလာခံမှာပဲ ရုရှားသမ္မတ ပူတင်က အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့အခြေအနေကို ငြင်းဆန်ကြောင်း ပြောခဲ့တာကို မစ္စတာ ဇလန်းစကီးက ထောက်ပြခဲ့ပြီး ရုရှားနိုင်ငံ အင်အားကြီးထွားလာတဲ့ အခြေအနေကို အနောက်နိုင်ငံတွေက လိုက်လိုက်လျောလျော ခွင့်မပြုသင့်ဘူးလို့လည်း ဝေဖန် ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင်ဘဝက လာတဲ့ မစ္စတာ ဇလန်းစကီးရဲ့ နောက်ပိုင်း မိန့် ခွန်းပြောဆိုမှု အောင်မြင်တာကို ကြည့်တဲ့အခါမှာ သရုပ်ဆောင်ပြနေသလား၊ တကယ်လား အသေအချာ မသိနိုင်ပေမယ့် လူတွေက သဘောကျလာကြတာ တွေ့ရတဲ့အတွက် အနည်းဆုံး သူ့ကို မိန့်ခွန်း ရေးပေးသူတွေက အားကိုးရတယ်ဆိုတာကို ပြနေတယ်လို့လည်း ဆိုကြပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်းအရေး ပိုရှုပ်ထွေးလာ

မစ္စတာ ဇလန်းစကီးရဲ့ လုံခြုံရေး အခြေအနေ ဘယ်လိုရှိနေသလဲ

မစ္စတာ ဇလန်းစကီးဟာ သူ့ကိုယ်သူ ဗီဒီယိုရိုက်၊ မိန့် ခွန်းပြောပြီး အင်တာနက်ပေါ် တင်နေရာမှာ သူရိုက်ထားတာတွေက သမ္မတရုံး အပြင်ဘက်မှာ ရှိနေတာကို ရုပ်သံမှာတွေ့ ရှိချက်အရ သိနိုင်ပါတယ်။

သူဟာ ရုရှားတပ်ဖွဲ့ တွေက ပထမဆုံး သတ်ဖြတ်မယ့် လူဦးရေ စာရင်းထဲမှာ ပါဝင်သူဖြစ်ပြီး သူ့ မိသားစုဝင်တွေကိုလည်း ဒုတိယဦးစားပေး သတ်မယ်လို့ စာရင်းသွင်းထားတယ်ဆိုပြီး အနောက်နိုင်ငံ ထောက်လှမ်းရေးတွေက ယူဆနေကြပေမယ့်လည်း သူနဲ့တကွ သူ့မိသားစုကတော့ ယူကရိန်းမှာပဲ ဆက်ရှိနေပါသေးတယ်။