ယူကရိန်းကို ရုရှား ကျူးကျော်မှု စတုတ္ထနေ့ သတင်းများ
အီးယူက ယူကရိန်းကို လက်နက်ထောက်ပံ့မယ်
ဥရောပသမဂ္ဂ အီးယူဟာ ယူကရိန်းကို လက်နက်ထောက်ပံ့မယ်လို့ အီးယူက ကြေညာပါတယ်။ ဒါဟာ အီးယူသမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အီးယူဘက်ကနေ ရုရှားနဲ့ ဘယ်လာရုစ်ကို နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ကြေညာလိုက်ပြီး ရုရှားလေယာဥ်တွေ ဥရောပလေပိုင်နက်မှာ ပျံသန်းခွင့်ကိုလည်း တားမြစ်လိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားစစ်သား ၄၃၀၀ သေဆုံးခဲ့တယ်လို့ ယူကရိန်းဆို
ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးက စစ်ပွဲအတွင်း အခုချိန်ထိ ရုရှားဘက်က အကျအဆုံးနဲ့ပတ်သက်လို့ ခန့်မှန်းစာရင်းကို ဒီနေ့အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒီ ၄၃၀၀ ဆိုတဲ့ ကိန်းဂဏန်းက ပထမ ၃ ရက်အတွင်း စာရင်း ဖြစ်ပြီး အပြောင်းအလဲရှိနိုင်သေးတယ်လို့ ဟန်နာ မယ်လ်ယာက ပြောပါတယ်။
ဘီဘီစီအနေနဲ့တော့ ဒီကိန်းဂဏန်းတွေကို အတည်မပြုနိုင်သေးပါဘူး။ ရုရှားဘက်ကလည်း အကျအဆုံးရှိတယ်ဆိုတာ ဝန်ခံပေမယ့် စာရင်းအတိအကျ မထုတ်ပြန်သေးပါဘူး။
ယူကရိန်းဘက်က ထုတ်ပြန်တဲ့ ရုရှားရဲ့ ထိခိုက် သေကြေ ပျက်စီးမှု စာရင်းထဲမှာဆိုရင်
- သေဆုံးသူ ၄၃၀၀
- လေယာဥ် ၂၇ စီး
- ရဟတ်ယာဥ် ၂၆
- သံချပ်ကာကား ၁၄၆
- အခြား စစ်သုံးသပ်ချပ်ကာယာဥ် ၇၀၆
- အမြောက် ၄၉
- Buk လေကြောင်းရန်ကာကွယ်စနစ် ၁ ခု
- Grad ရော့ကက်ပစ်စနစ် ၄ ခု
- ယာဥ် ၃၀
- သင်္ဘော ၆၀
- ဒရုန်း ၂
- ရေယာဥ် ၂ စီးတို့ ပါဝင်ပါတယ်။
ယူကရိန်းနဲ့ ရုရှား တွေ့ဆုံဆွေးနွေးဖို့ သဘောတူ
ယူကရိန်းနဲ့ ဘယ်လာရုစ်နိုင်ငံအကြား နယ်စပ်က နေရာတစ်ခုမှာ ရုရှားနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ယူကရိန်းဘက်က သဘောတူလိုက်ပြီလို့ ယူကရိန်းသမ္မတရုံးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
သမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးက ဘယ်လာရုစ် ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ သူ စကားပြောခဲ့စဉ်အတွင်း ယူကရိန်း ဘယ်လာရုစ် နယ်စပ် ပရီပီယက်မြစ်နားမှာ စည်းကမ်း ကန့်သတ်ချက် မပါဘဲ ရုရှားတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ယူကရိန်းဘက်က သဘောတူခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့ အဲဒီနေရာကို သွားနေစဉ်၊ ဆွေးနွေးပြောဆိုနေစဉ်နဲ့ ပြန်လာနေစဉ် အတွင်းမှာ ဘယ်လာရုစ် ပိုင်နက်နယ်မြေမှာ စခန်းချထားတဲ့ လေယာဉ်၊ ရဟတ်ယာဉ်နဲ့ မစ်ဆိုင်းလက်နက် အားလုံးကို မြေပြင်မှာ ရပ်နားထားဖို့ကို မစ္စတာ လူကာရှန်ကိုက တာဝန်ယူ အာမခံထားတယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။
အစောပိုင်းတုန်းကတော့ ဘယ်လာရုစ်နိုင်ငံကို ရုရှားအစိုးရက ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်အပြီး အဲဒီမှာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ လာရောက် ဆွေးနွေးဖို့ ရုရှားရဲ့ ဖိတ်ခေါ်ချက်ကို သမ္မတ ဇလန်းစကီးက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားသမ္မတ ပူတင်က နျူကလီးယားတပ်တွေကို တပ်လှန့်ထားတယ်လို့ ပြော
ရုရှားနိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ နျူကလီးယား တပ်ဖွဲ့တွေကို အသင့်အနေအထား ပြင်ထားဖို့ ရုရှားစစ်ဘက်ဆိုင်ရာ တပ်မှူးတွေကို ရုရှားသမ္မတ ပူတင်က အမိန့်ပေးလိုက်ပါတယ်။
ဥပဒေနဲ့ မညီတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုမျိုးတွေ အပါအဝင် ရုရှားအပေါ် ရန်လိုတဲ့ လုပ်ရပ်တွေကို အနောက်အုပ်စုနိုင်ငံတွေက လုပ်နေကြတယ်လို့ သမ္မတ ပူတင်က ကရင်မလင်နန်းတော်မှာ ပြုလုပ်တဲ့ ကာကွယ်ရေးစစ်ဘက်ဆိုင်ရာ အကြီးအကဲတွေရဲ့ အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။
ရုရှားအပေါ် ရန်လိုတဲ့ ထုတ်ဖော်ကြေညာချက်တွေကို နေတိုးအဖွဲ့ရဲ့ အဆင့်မြင့် အရာရှိကြီးတွေက ခွင့်ပြုခဲ့တဲ့အတွက် နျူကလီးယားတပ်ဖွဲ့တွေကို အမြင့်ဆုံးအဆင့် အသင့်အနေအထား ပြင်ထားမှာ ဖြစ်တယ်လို့ သမ္မတပူတင်က ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရီးန်ဖီးလ်ဒ် က မစ္စတာပူတင်ဟာ လက်မခံနိုင်လောက်တဲ့ အပြုအမူတွေနဲ့ ယူကရိန်းပြဿနာကို ပိုကြီးထွားလာအောင် လုပ်နေတယ်ဆိုတာ သူ့အမိန့်က ဖော်ပြနေတယ်လို့ ပြောသွားပါတယ်။
နေတိုးနဲ့ အနောက်အုပ်စုရဲ့ ယူကရိန်းအပေါ် ထောက်ပံ့နေမှုတွေကို ရပ်တန့်ဖို့ သမ္မတပူတင်က ခြိမ်းခြောက်သတိပေးတာ ဖြစ်တယ်လို့ ဘီဘီစီသတင်းထောက် ဂေါ်ဒန် ကော်ရီးယားက သုံးသပ်ပါတယ်။
ဒီလို ရုရှားဘက်က နျူကလီးယား တန့်လှန့်ထားတယ်လို့ ပြောတာက အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတပူတင်ဘက်က စိတ်ဆိုးဒေါသထွက်လိ့ တုံ့ပြန်တဲ့လက္ခဏာပဲ ဖြစ်တယ်လို့ ဘီဘီစီ လုံခြုံရေးဆိုင်ရာသတင်းထောက် ဖရန့် ဂါ့ဒ်နာကလည်း သုံးသပ်ပါတယ်။
နောက်ပြီး ကျူးကျော်မှု စတုတ္ထနေ့မြောက်ရောက်တဲ့အထိ ရုရှားဘက်က သူတို့မျှော်လင့်သလို ဖြစ်မလာသေးတာ၊ ယူကရိန်းက မြို့ကြီးတွေကို မသိမ်းနိုင်သေးတာကြောင့် ဒီလို ပြောတာလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုလို ရုရှားဘက်က ခြိမ်းခြောက်မှုတွေအပြင် နှစ်ဖက်ညှိနှိုင်းလို့လည်း မရသေးတာကြောင့် လာမယ့်ရက်တွေမှာ ကျူးကျော်မှုနဲ့ ခုခံတွန်းလှန်မှုကြား စစ်အရှိန်က ကျသွားစရာတော့ မရှိဘူးလို့ ဖရန့် ဂါ့ဒ်နာက သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီးယူထဲ ရုရှားလေယာဥ်တွေ မပျံသန်းရေး တားဖြစ်ဖို့ လုပ်ဆောင်နေ
ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လေကြောင်းပိုင်နက်မှာ ရုရှားလေယာဉ်တွေရဲ့ လေကြောင်းခရီးစဉ်တွေ ပျံသန်းခွင့် မပြုရေး ကျယ်ပြန့်တဲ့ တားမြစ်ချက်တစ်ခု ထုတ်ပြန်နိုင်ဖို့အတွက် အီးယူအဖွဲ့ဝင် နိုင်ငံတွေက ဆက်လက်လုပ်ဆောင်နေကြပါတယ်။
တရားဝင် ဆုံးဖြတ်ချက်တစ်ခုကို ဒီကနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာဖို့ ရှိတယ်လို့ အီးယူ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
ရုရှားလေယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်တဲ့အထဲမှာ ဆွီဒင်နဲ့ ဖင်လန် နိုင်ငံတို့ အခုနောက်ဆုံး ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။
စနေနေ့တုန်းက ဂျာမနီ၊ ပိုလန်နဲ့ ဘောလ်တစ်ဒေသနိုင်ငံတွေက ဒီပိတ်ပင်ချက်ကို သူတို့ အကောင်အထည်ဖော်မယ်လို့ ပြောခဲ့ကြပါတယ်။
ကြာသပတေးနေ့က ဗြိတိန်အစိုးရက ရုရှား အဲရိုဖလုတ် လေကြောင်းပိုင် လေယာဉ်တွေကို ဗြိတိန်နိုင်ငံထဲ ဆင်းသက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ရုရှားကလည်း ဗြိတိသျှလေကြောင်းလိုင်းတွေကို ပိတ်ပင်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံက ထွက်ပြေးရသူ ၄ သိန်းနီးပါး ရှိပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်အရ ယူကရိန်းနိုင်ငံက ထွက်ပြေးရတဲ့ ဒုက္ခသည် ၃၈၆၀ဝ၀ ရှိသွားပြီ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပဲ ပိုလန်ကို ဝင်လာသူ တသိန်းခွဲကျော် ရှိနေတယ်လို့ ဆိုပါတယ်။
ရိုမေးနီးယားနိုင်ငံကို ထွက်ပြေးကြတဲ့ ယူကရိန်းနိုင်ငံသားတွေလည်း ရှိပြီး ရုရှားက စတင် ထိုးစစ်ဆင်တဲ့ အချိန်ကစလို့ သုံးရက်အတွင်း ရိုမေးနီးယားကို ရောက်လာသူ ၄၃၀ဝ၀ ရှိတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းအနောက်ဘက် အိမ်နီးချင်းဖြစ်တဲ့ မော်လ်ဒိုဗာဘက်ကို ထွက်ပြေးရသူတွေလည်း အများအပြား ရှိတယ်လို့ မော်လ်ဒိုဗာဘက်က လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်းမှာ ကုလသမဂ္ဂအဖွဲ့ အစည်းတွေ လုပ်ငန်းဆိုင်းငံ့
ယူကရိန်းနိုင်ငံအတွင်းမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေသာမက ဒီအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။
အခုလို လုပ်ငန်းတွေ ဆိုင်းငံ့လိုက်ပေမယ့် ယူကရိန်းပြည်တွင်းမှာ ဒီအဖွဲ့တွေ ဆက်လက် ဖြန့်ကျက် တည်ရှိနေဦးမယ်လို့ ဆိုပါတယ်။
ဒီလို ဆိုင်းငံ့လိုက်ပေမယ့်လည်း လုပ်ငန်းပြန်လည်ပတ်နိုင်တဲ့ အခြေအနေ ပြန်ရရင်တော့ လုပ်ငန်းတွေ ပြန်စမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းက ရုရှားကို ခုခံတွန်းလှန်ဖို့ နိုင်ငံခြားတပ်ဖွဲ့ ဖွဲ့မယ်
ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ သီးခြား ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရုရှားတပ်ဖွဲ့တွေကို တွန်းလှန် တိုက်ပွဲဝင်နေတဲ့ ယူကရိန်းစစ်တပ်နဲ့အတူ နိုင်ငံတကာ တပ်ဖွဲ့တစ်ဖွဲ့ကို ယူကရိန်းအစိုးရက ဖွဲ့စည်းမယ်လို့ ဖော်ပြထားပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ပိုင်နက်နယ်မြေကာကွယ်ရေး နိုင်ငံခြားတပ်ဖွဲ့လို့ အမည်ပေးထားပြီး ကိုယ့်သဘော ဆန္ဒအလျောက် ပါဝင်ပူးပေါင်းကြတဲ့ နိုင်ငံခြားသားတွေ ပါဝင်မှာ ဖြစ်ပါတယ်။
အဲဒီအဖွဲ့ထဲ ပူးပေါင်းပါဝင်တာဟာ ယူကရိန်းနိုင်ငံရဲ့ အကျိုးအတွက် ထောက်ခံဆောင်ရွက်နေတယ် ဆိုတာကို ထင်ဟပ်ပြမှာ ဖြစ်တယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ် က ရုရှားရဲ့ ကျူးကျော်တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ ယူကရိန်းနိုင်ငံဆီ သွားကြမယ့် ဗြိတိသျှ နိုင်ငံသားတိုင်းကို သူ့အနေနဲ့ ထောက်ခံအားပေးမှာ ဖြစ်တယ်လို့ ဘီဘီစီနဲ့ မေးမြန်းခန်းတစ်ခုမှာ ပြောသွားခဲ့ပါတယ်။
ယူကရိန်းပြည်သူတွေဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြပြီး သူတို့ရဲ့ တိုက်ပွဲက ယူကရိန်းအတွက်သာမက ဥရောပတစ်ခုလုံးအတွက်ပါ အရေးကြီးတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ရုရှားဘဏ်တွေကို နိုင်ငံတကာငွေပေးချေရေးစနစ် SWIFT ကနေ ဖြတ်တောက်
ကမ္ဘာတစ်ဝန်း ဘဏ်အချင်းချင်း ဆက်သွယ် ငွေပေးချေတဲ့စနစ် SWIFT ကွန်ရက်ထဲကနေ ရုရှားဘဏ်တချို့ကို ဖြတ်တောက်ပစ်ဖို့ အနောက်အုပ်စု နိုင်ငံအစိုးရတွေထံက ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ SWIFT အဖွဲ့က ပြောပါတယ်။
ဒီဖြတ်တောက်မှုကြောင့် ထိခိုက်လာနိုင်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ အသေးစိတ် အချက်အလက်တွေကို သူတို့ သုံးသပ်နေတယ်လို့ SWIFT က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဘယ်လ်ဂျီယမ်အခြေစိုက် SWIFT ဟာ နိုင်ငံတကာငွေပေးချေရေးစနစ်တွေထဲမှာ အဓိကကျတဲ့ကွန်ရက် စနစ်တစ်ခုဖြစ်ပါတယ်။
အခုလို လုပ်ရတဲ့ ရည်ရွယ်ချက်က သမ္မတပူတင်ကို သူ့ရဲ့ စစ်ယန္တရားကြီးအတွက် ငွေကြေးထောက်ပံ့နိုင်စွမ်း ဖြတ်တောက်ပစ်ဖို့ ဖြစ်တယ်လို့ ဥရောပသမဂ္ဂ ကော်မရှင်အကြီးအကဲ အာဆူလာ ဗွန် ဒယ် လီယန် က ပြောပါတယ်။
တခြားလုပ်ဖို့ရှိတဲ့ အရေးယူ ဆောင်ရွက်ချက်တွေအနေနဲ့ ရုရှားဗဟိုဘဏ်ကို သူ့ရဲ့ နိုင်ငံတကာ အရန်သုံးငွေ ဖြန့်ကျက်ချထားမှုတွေကို တားဆီးသွားမှာ ဖြစ်ပါတယ်။
အတ္တလန်တိတ် ဖြတ်ကျော်ဆောင်ရွက်တဲ့ အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ကလည်း ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ ရုရှားလူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေက ဘယ်သူဘယ်ဝါတွေလဲ ဆိုတာကို ထုတ်ဖော်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ယူခွင့် မရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ယူကရိန်းရဲ့ တတိယအကြီးဆုံးမြို့ကို ရုရှားတိုက်ခိုက်ပေမယ့် မြို့ခံတွေ တားဆီး
ယူကရိန်းနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ အိုဒက်ဆာ ပင်လယ်နက် အပန်းဖြေကမ်းခြေမြို့မှာ မနေ့ညတုန်းက ရုရှားတပ်ဖွဲ့တွေ ဝင်လာဖို့ ကြိုးစားခဲ့ပေမဲ့ ယူကရိန်းတပ်တွေက တားဆီးတိုက်ခိုက်နိုင်ခဲ့တယ်လို့ မြို့နေလူထုက ပြောပါတယ်။
မြို့လယ်ခေါင်မှာ ငြိမ်သက်နေပေမဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေပေါ်ကို အမြောက်ဆံတွေ ကျရောက်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
လတ်တလော ဖြစ်ခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ဗုံးခိုတဲ့နေရာတွေဆီ လူတွေကို ကယ်ထုတ်ထားပါတယ်။
စနေနေ့တုန်းက အိုဒက်ဆာ ကမ်းခြေတွေနားမှာ ရုရှား တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရတယ်လို့ ဆိုရှယ်မီဒီယာ ပို့စ်တွေမှာ ရေးနေကြပြီး ဒီသတင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ယူကရိန်းနိုင်ငံ တောင်ပိုင်း နိုဗာ ကာခေါ့ဗ်ကာမြို့မှာ ရှိတဲ့ ဒနီးပါးမြစ်ပေါ်က ရေအားလျှပ်စစ်စက်ရုံတစ်ခုနားမှာ ရုရှားတပ်တွေ စုဝေးရောက်ရှိနေတာကို ဆက်တလိုက် ဂြိုဟ်တုပုံတွေမှာ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျူဒိုအဖွဲ့က သမ္မတပူတင်ကို ဂုဏ်ထူးဆောင်ဥက္ကဋ္ဌရာထူးကနေ ဆိုင်းငံ့
ကမ္ဘာ့ဂျူဒိုအဖွဲ့ကြီးကလည်း သမ္မတ ပူတင်ကို ချီးမြှင့်ထားတဲ့ အဖွဲ့ဂုဏ်ထူးဆောင် ဥက္ကဋ္ဌရာထူးကို ဆိုင်းငံ့လိုက်ပါတယ်။
ဟန်ဂေရီနိုင်ငံ အခြေစိုက် နိုင်ငံတကာ ဂျူဒိုဖက်ဒရေးရှင်းအဖွဲ့ကြီးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ယူကရိန်းနိုင်ငံမှာ လက်ရှိပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ မစ္စတာပူတင်ကို သူတို့အဖွဲ့ရဲ့ သံတမန်အဖြစ် ကိုယ်စားပြုခန့်ထားတာကို ဆိုင်းငံ့ထားမယ်လို့ ဖော်ပြထားပါတယ်။
ဂျူဒို ခါးပတ်နက် ရထားတဲ့ မစ္စတာ ပူတင်ဟာ အိုလံပစ် ဂျူဒိုအားကစားကို အားပေးမြှင့်တင် ဆောင်ရွက်မှုတွေ လုပ်နေတာ ကာလအချိန် အတော်ကြာကတည်းက ဖြစ်ပါတယ်။
ရုရှားမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လုပ်ဖို့ ဆော်သြ
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့အပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ စလုပ်ကြဖို့ ရုရှားနိုင်ငံတွင်းက ပြည်သူတွေကို စစ်ဆန့်ကျင်ရေး ရုရှား လှုပ်ရှားတက်ကြွသူတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ရုရှား အတိုက်အခံခေါင်းဆောင် ဘောရစ်စ် နမ့်တ်ဆော့ဗ် လုပ်ကြံခံရတဲ့ နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ဒီကနေ့မှာ အခုလို တိုက်တွန်းတောင်းဆိုလိုက်တာပါ။
ဘောရစ်စ် နမ့်တ်ဆော့ဗ် ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ပဋိပက္ခစစ်ပွဲတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ကရဲမ်မလင်နန်းတော်နားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားက စတင် ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ကြာသပတေးနေ့က စလို့ ရုရှားနိုင်ငံတွင်းမှာ စစ်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြသူ ၃ ထောင်ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။








