ယူကရိန်းနဲ့ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုရှားက ဘယ်လိုတုံ့ပြန်မလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းနဲ့ပတ်သက်လို့ အနောက်ရဲ့ အရေးယူ ပိတ်ဆို့တာတွေက ရုရှားအပေါ် ထိခိုက်ခဲ့တဲ့အတွက် သမ္မတ ပူတင်က ရုရှားစီးပွားရေးကို ကာကွယ်ဖို့ အပြောင်းအလဲတွေလုပ်ခဲ့ပါတယ်။
အခု ယူကရိန်းက ခွဲထွက်ဒေသတွေကို ရုရှားက အသိအမှတ်ပြုလိုက်ပြီးတဲ့နောက် နောက်ထပ်တိုးလာတဲ့ အရေးယူပိတ်ဆို့မှုတွေအတွက် သူ ဘာတွေ ပြင်ဆင်ထားပါလဲ။
ရုရှားက ဒီလိုအခြေအနေမှာဆိုရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာကို နှစ်ပေါင်းများစွာ ပြင်ဆင် ထားတာပါ။
၂၀၁၄ ခုနှစ် ရုရှားတပ်တွေ ခရိုင်းမီးယားကို ဝင်ပြီး ယူကရိန်းနိုင်ငံ အစိတ်အပိုင်းကို စကျူးကျော်တဲ့အခါ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု ပထမအကျော့ကို ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေ ရုရှားက သင်ခန်းစာကြီးကြီးကို သင်ယူခဲ့ပါတယ်။
အဲဒီကတည်းက ကာကွယ်ရေးကို သူတည်ဆောက်ခဲ့တယ်၊ ဒေါ်လာအပေါ် မှီခိုနေရတဲ့ အခြေအနေကနေ ကင်းဝေးအောင်လုပ်ခဲ့တယ်၊ ရုရှားစီးပွားရေးကို ပိတ်ဆို့အရေးယူတာ ခံနိုင်အောင် ကြိုးစားခဲ့ပါတယ်။
ပိတ်ဆို့မှုဒဏ်ကို အနောက်က မှန်းဆတာထက် ပိုခံနိုင်အောင် သူလုပ်ထားတယ်လို့ သမ္မတ ပူတင်က လောင်းကြေးထပ်နိုင်ပါတယ်။
နိုင်ငံတကာ အရန်ငွေကြေး
ဒီနှစ်ဇန်နဝါရီမှာ ရုရှားအစိုးရရဲ့ နိုင်ငံတကာ အရန်ငွေကြေး (နိုင်ငံခြားငွေနဲ့ရွှေ)က စံချိန်တင်တဲ့ အဆင့်ထိ စုဆောင်းထားနိုင်ပြီး တန်ဖိုးက အမေရိကန်ဒေါ်လာ ၆၃၀ ဘီလျံကျော် ပါတယ်။
ကမ္ဘာမှာ နိုင်ငံတကာအရန်ငွေကြေး ပမာဏနဲ့ပတ်သက်ပြီး ဒါဟာ စတုတ္ထအမြင့်ဆုံးပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအရန်ငွေကြေးနဲ့ ရုရှားသုံးငွေကြေး ရူဘဲလ်ကို တန်ဖိုးမကျသွားအောင် အချိန်ကာလ အတော် အကြာကြာ ထိန်းနိုင်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ရုရှားရဲ့ နိုင်ငံခြားငွေကြေး စုစုပေါင်းရဲ့ ၄၀ % က ဒေါ်လာဖြစ်ပေမဲ့ အခု ၁၆% သာ ဒေါ်လာပါ။ နိုင်ငံခြားငွေကြေး ၁၃% က အခုဆိုရင် တရုတ်ငွေကြေး ရန်မင်ဘီ ဖြစ်နေပါပြီ။
ဒါတွေအားလုံးဟာ အမေရိကန်က ဦးဆောင်လုပ်မယ့် ပိတ်ဆို့အရေးယူတာတွေကို ရုရှားအနေနဲ့ တတ်နိုင်သမျှ ကာကွယ်နိုင်အောင် လုပ်ဆောင်ထားတာပါ။
ရုရှား ခံတပ်
ရုရှား စီးပွားရေး စနစ်တည်ဆောက်မှုအတွင်းမှာ နောက်ထပ် ပြောင်းလဲထားတာတွေလည်း ရှိပါတယ်။
ရုရှားအနေနဲ့ စီးပွားရေးမှာ နိုင်ငံခြားချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတို့အပေါ်မှီခိုမှုတွေကို လျှော့ချ တယ်။ အနောက်စျေးကွက်မဟုတ်တဲ့ တခြားဘက်က ကုန်သွယ်ရေးစျေးကွက်တွေကို ရှာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဒီဗျူဟာမှာ ကြီးမားတဲ့ အစိတ်အပိုင်းအနေနဲ့ ဖြစ်လာတာကတော့ တရုတ်နိုင်ငံပါ။
အနောက်နိုင်ငံ ဗဟိုဘဏ်တွေက ကြီးကြပ်ထားတဲ့ Swift လို့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး ဝန်ဆောင်မှုကနေ ဖယ်ထုတ်ခံရမယ်ဆိုရင် နိုင်ငံတကာ ငွေပေးငွေယူတာတွေ လုပ်နိုင်တဲ့ ကိုယ်ပိုင်စနစ်ကိုတောင် ရုရှားအစိုးရက အစပျိုး စမ်းသပ်သုံးစွဲနေပါပြီ။
သူ့အသုံးစရိတ် ဘတ်ဂျက်ကိုလည်း ဖြတ်ချထားပြီး စီးပွားရေးတိုးတက်မှုအစား စီးပွားရေး တည်ငြိမ်မှုကိုပဲ ဦးစားပေးထားပါတယ်။
အကျိုးဆက်အနေနဲ့ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း ရုရှားစီးပွားရေးက နှစ်စဉ် ပုံမှန်အားဖြင့် ၁% ပဲ တိုးတက်စေတာပါ။ ပြုပြင်ပြောင်းလဲနေတဲ့လုပ်ငန်းစဉ်အတွင်းမှာ အပြင်ကယူမယ့်အစား ကိုယ့် အရင်းအမြစ်တွေကို ပိုပြီး အားကိုးရေးကို ပိုလုပ်လာပါတယ်။
ဗျူဟာမြောက် အကျိုးစီးပွားများ
အရေးယူပိတ်ဆို့တာတွေကို အခုလို တုံ့ပြန်မှာက မော်စကိုအတွက် အန္တရာယ်များတဲ့ ကစားပွဲ တခုပါ။ ရုရှားရဲ့ အဓိကဘဏ်တွေ၊ အထူးသဖြင့် နိုင်ငံပိုင် ဘဏ်တွေ ပိတ်ဆို့အရေးယူတာ ခံရရင် အဲဒါတွေက ထိခိုက်မှု ပြင်းပါတယ်။
ဒါပေမဲ့ အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂတို့အနေနဲ့ မတူညီတဲ့ ဗျူဟာမြောက် အကျိုး စီးပွားတွေကို စဉ်းစားကြလိမ့်မယ်လို့ သမ္မတ ပူတင်က တွက်ချက်ပါတယ်။
ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းကို အရေးယူပိတ်ဆို့တယ်ဆိုပါစို့၊ တနိုင်ငံနဲ့ တနိုင်ငံ အနေအထားက မတူပါဘူး၊ တချို့ကလွယ်ပေမယ့် တချို့အတွက် မလွယ်ပါဘူး။ ဥပမာ၊ ဥရောပသမဂ္ဂကိုကြည့်ရင် သူ့အတွက် သဘာဝဓာတ်ငွေ့ ၄၀ % က ရုရှားက လာတာပါ။ ဗြိတိန်က ၃ % ပဲ ရှိပါတယ်။
ဂျာမနီက နော့ဒ် ၂ ဓာတ်ငွေ့ပိုက်လိုင်းကို ရပ်ထားလိုက်ပြီလို့ ဆုံးဖြတ်တဲ့အတွက် ရုရှားကို ထိခိုက်ပါတယ်၊ ဒါပေမယ့် အနောက်ဥရောပနိုင်ငံတွေမှာ စွမ်းအင်စျေးတွေတက်မယ့် တိုက်ရိုက် သက်ရောက်မှုလည်း ရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ပါဝါကြီးတဲ့ သူဌေးကြီးတွေကို ပစ်မှတ်ထားတာ
စီးပွားရေးတခုလုံးကို လွှမ်းခြုံပြီး ပစ်မှတ်ထားအရေးယူတာထက် နိုင်ငံရေးမှာသြဇာလွှမ်းနိုင်တဲ့ သူဌေးကြီးတွေကို ပစ်မှတ်ထားတာက ပိုထိရောက်နိုင်မလား။
သမ္မတပူတင်အနေနဲ့က သူ့ငွေတွေ၊ သူ့ပိုင်ဆိုင်မှုတွေကို သူ့နာမည်နဲ့ နိုင်ငံခြားမှာ မထားဘူး ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ရုရှားက အင်မတန်လည်းချမ်းသာ၊ သူ့ကိုလည်း ထောက်ခံတဲ့ သူဌေးကြီးတွေက သူ့အတွက်ထားပေးပါတယ်။
"ပါဝါကြီးတဲ့ သူဌေးကြီးတွေကို ၂၀၁၄ ခုနှစ်က စပြီး တချို့ ပစ်မှတ်ထားအရေးယူတာတွေ ရှိပါတယ်။ ဒါပေမယ့် သိပ်ခရီးမရောက်ပါဘူး။ ပစ်မှတ်ထားအရေးယူတာတွေ ပိုများမှ အပြောင်းအလဲက ဖြစ်နိုင်မှာပါ" လို့ London School of Economics က ပါမောက္ခ တွမ်မိုလာ လန်ကီနာက ပြောပါတယ်။
ရုရှားကနေ တခြားကုမ္ပဏီနာမည်ခံပြီး လုပ်တာ၊ အိမ်ခြံမြေစျေးကွက်မှာ မြှုပ်နှံတာ၊ နိုင်ငံရေး အဝန်းအဝိုင်းအထိ လွှမ်းမိုးအောင်လုပ်တာတွေကို ကြည့်ရင် လန်ဒန်က အဓိက ဥပမာတခုပါ။
ယူကေအစိုးရ က လူပုဂ္ဂိုလ်တွေ တချို့ကို သီးသန့်ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှု အသစ်တွေ လုပ်ပါတယ်။ ဒါပေမယ့် လန်ဒန် အိမ်ခြံမြေစျေးကွက်တစ်ခုတည်းမှာတင် ရုရှားက မြှုပ်နှံထားတဲ့ ပေါင်စတာလင် ၁.၅ ဘီလျံလောက် ရှိပြီး ဒါတွေအများစုက အခွန်လည်းရှောင်နိုင်၊ လူသိလည်းမခံတဲ့ နေရာမျိုးတွေကနေ မြှုပ်နှံကြတာလို့ Transparency International အဖွဲ့ပြောပါတယ်။








