ယူကရိန်းနဲ့ ရုရှား အကျပ်အတည်း ဘယ်လို တင်းမာလာခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်း-ရုရှားနယ်စပ်က အခြေအနေတွေ သီတင်းပတ်တွေအတော်ကြာကတည်းက နှစ်ဖက် တင်းမာမှုတွေရှိနေခဲ့ရာက ပဋိပက္ခ အခြေအနေဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ပိုပြီးနက်ရှိုင်းလာပါတယ်။
ရုရှားသမ္မတဗလာဒီမီယာပူတင်က ယူကရိန်းကို တိုက်ခိုက်ဖို့ အစီအစဥ်မရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပေမယ့် အမေရိကန်ကတော့ ပူတင်ဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီး ခြေလှမ်းစနေပြီလို့ ဆိုပါတယ်။
အခြေအနေက ဘယ်လိုအရှိန်မြင့်လာတာလဲဆိုတာ ကြည့်ပါမယ်။
ရုရှားတပ်ချထားမှု ဘယ်လိုဖြစ်ခဲ့လဲ
ပဋိပက္ခရဲ့အစက ယူကရိန်းနယ်စပ်နားကို ရုရှားတပ်ဖွဲ့တွေ အကြီးအကျယ်တပ်ဖြန့်လာတဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စခဲ့တာပါ။
ဒါပေမဲ့ဖေဖော်ဝါရီ ၁၅ရက်မှာတော့ ယူကရိန်းနယ်စပ်နားမှာ တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့ဝင် တစ်သိန်းကျော်ထဲက တစ်ချို့တစ်ဝက်ကို ပြန်ရုပ်သိမ်းမယ်လို့ ရုရှားသမ္မတပူတင်က ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရထားလမ်းနဲ့ ကုန်းလမ်းတွေကနေ သူတို့သက်ဆိုင်ရာအခြေစိုက် စခန်းတွေဆီ သူတို့တပ်တွေ ဒီနေ့စရွှေ့နေပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ပြောခဲ့ပါတယ်။
ဒါပေမယ့် ယူကရိန်းနဲ့ သူ့မဟာမိတ်တွေကတော့ ယူကရိန်း နယ်စပ်မှာ တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့ဝင်အရေအတွက် လျော့သွားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
တပ်တွေဆုတ်နေပြီလို့ ရုရှားက ကြေငြာပြီး နောက်တစ်နေ့မှာပဲ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတိုလ်တန်ဘာ့ဂ်က "သူတို့က သူတို့ တပ်ဖွဲ့တွေကို အမြဲတမ်းလိုလို အလှည့်ကျ ရွှေ့ပြောင်းနေတာပါ"လို့ထောက်ပြပါတယ်။
"ဒါဟာ အတက်အဆင်း၊ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လုပ်နေတဲ့ပုံစံမျိုးပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်နဲ့ လတွေအတွင်းမှာ ယူကရိန်းနယ်စပ်နားက ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေက ပုံမှန်လိုလို တိုးလာနေပါတယ်။"
"အမှန်တိုင်းပြောရရင် မြင်ရတဲ့ လက်တွေ့အခြေအနေပေါ်မှာပဲမူတည်ပြီး ကျွန်တော်တို့ဘက်က တုံ့ပြန်ရဖို့ရှိပါတယ်။ အခုအချိန်ထိတော့ တပ်တွေ ဆုတ်ခွာတာမျိုး မတွေ့ရသေးပါဘူး"လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်းစကီးက ဘီဘီစီကို ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးပြီးသွားတဲ့အချိန် ရုရှားတပ်တွေ သူတို့နိုင်ငံက အခြေစိုက် စခန်းတွေ ပြန်ဖို့ရှိပေမဲ့ ရုရှားတပ်ဖွဲ့ဝင် ၃၀,၀၀၀ လောက် ဘယ်လာရုစ်နိုင်ငံထဲမှာ ဆက်ရှိနေမယ်လို့ ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောထားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံထဲက ဒွန်ညက်စ် နဲ့ လူဟန့်စ်ခ် ဒေသတွေမှာရှိတဲ့ ခွဲထွက်ရေးတပ်ဖွဲ့တွေ အပါအဝင် ရုရှားရဲ့စစ်အင်အားဟာ အခုဆို တစ်သိန်းငါးသောင်းကျော်တောင် ရှိနေပြီလို့ အမေရိကန်က ခန့်မှန်းထားပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာ အခြေအနေ ဘယ်လောက်ဆိုးနေပြီလဲ
၂၀၁၄ ခုနှစ်တုန်းက ရုရှားဟာ ခရိုင်းမီးယားဒေသထဲက ယူကရိန်းပိုင်နက်ကို သိမ်းပိုက်ခဲ့ပြီး အရှေ့ပိုင်း ဒွန်ဘာ့စ် နဲ့ လူဟန့်စ်ခ်ဒေသမှာ တိုက်ခိုက်နေတဲ့ ခွဲထွက်ရေးသမားတွေကို ကျောထောက်နောက်ခံပေးထားပါတယ်။
ယူကရိန်းအရှေ့ဘက်မှာဖြစ်ခဲ့ ပဋိပက္ခတွေ ကြောင့် လူပေါင်းတစ်သောင်းလေးထောင်ကျော် အသက်ပေးခဲ့ရပါတယ်။ သူပုန်အဖွဲ့တွေကလည်း ဒွန်ညက်စ် နဲ့ လူဟန့်စ်ခ် ဒေသတွေမှာ ကြေညာချက်တွေထုတ်ပြီး လွတ်လပ်တဲ့ ပြည်သူ့သမ္မတနိုင်ငံပုံစံမျိုးတွေ ဖန်တီးခဲ့ကြပါတယ်။
အမြောက်တွေ လက်နက်ကြီးတွေ အပြင်းအထန်ပစ်ခတ်မှုဟာ နှစ်ပေါင်းများစွာအတွင်းမှာ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ ဘီဘီစီ ယူကရိန်းဌာနက သောကြာနေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။
ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) က နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကလည်း အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှု ရာနဲ့ချီရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ရက် နောက်ဆုံး အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။

ရုရှားက ကျောထောက်နောက်ခံပြုထားတဲ့ ခွဲထွက်ရေး နယ်မြေနှစ်ခုက ခေါင်းဆောင်တွေကလည်း ယူကရိန်းဘက်က အမြောက်တွေနဲ့ အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ဖို့စီစဥ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ကြေညာချက် ထုတ်ထားပါတယ်။
လူတွေကိုဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ကြေညာခဲ့တဲ့ သောကြာနေ့မှာ ရိုက်ကူးခဲ့တယ်လို့ ယူဆရတဲ့ ဗီဒီယိုတစ်ခုကို Donetsk People's Republic (DNR) ရဲ့ အကြီးအကဲ ဒန်းနစ် ပူရှီလင်က ထုတ်ပြန်ခဲ့ပါတယ်။
ဘီဘီစီက အချက်အလက်ကျွမ်းကျင်သူတွေရဲ့ခွဲခြမ်းစိတ်ဖြာမှုအရ အဲဒီဗီဒီယိုကို အခုလို စစ်ဖြစ်တော့မယ့်အလားအလာရှိတဲ့ အခြေအနေ မတိုင်ခင်တည်းက ရိုက်ထားတယ် ဆိုတာ တွေ့ရပါတယ်။
ဘီဘီစီသံတမန်ရေးရာ သတင်းထောက် ပေါလ်အဒမ်ကလည်း ယူကရိန်းဘက်က တိုက်ခိုက်ဖို့ စီစဉ်နေတာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆဟာ "အခြေအမြစ်မရှိ"ဘူးလို့ ပြောခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက သူပုန်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ကျူးကျော်သိမ်းပိုက်တော့မယ်လို့ ရုရှားတီဗီကနေ ပြောနေတဲ့အကြောင်း ဘီဘီစီ အရှေ့ဥရောပသတင်းထောက် ဆာရာရိန်းစ်ဖို့က တွစ်တာမှာ တင်ထားပါတယ်။
အဲ့ဒီစွပ်စွဲချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက "ရုရှား၊ ခင်ဗျားတို့ မဟုတ်တာတွေ လျှောက်ဖြန့်နေတာကို အခု ရပ်လိုက်ပါ" လို့ တွစ်တာမှာ ရေးထားပါတယ်။
သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ယူကရိန်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာတွေ၊ ရုရှားပိုင်နက်ထဲကိုဖြတ်ကျော် ဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းတွေကလည်း မဟုတ်မမှန်ဘူးလို့ သူက ငြင်း ဆိုထားပါတယ်။
ရုရှားက စစ်ရေးအရ အရေးယူဆောင်ရွက်မှုလုပ်ချင်တဲ့အတွက် ပဋိပက္ခ တစ်ခုဖြစ်နေတယ်လို့ အကြောင်းပြချက်တွေပေးပြီး စစ်ဖြစ်ဖို့ကြိုးစားနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက အမေရိကန်က သတိပေးထားသလို ရုရှားကပြောနေတဲ့ အချက်တွေက မှန်တယ်လို့ ပြောနိုင်တဲ့ ဘာသက် သေ အထောက်အထားမှမပြနိုင်ဘူးလို့လည်း ဆိုပါတယ်။
သံတမန်နည်းအရ ဖြေရှင်းနိုင်ဦးမလား
ပြီးခဲ့တဲ့ ရက်သီတင်းပတ်အနည်းငယ်အတွင်းမှာ ရုရှားနဲ့ အခြားနိုင်ငံတွေကြား ဆွေးနွေးပွဲတွေ အများကြီးလုပ်ခဲ့ပေမဲ့ အခုချိန်ထိတော့ ပဋိပက္ခ အဆုံးသတ်ရေး ညှိနှိုင်းမှုတွေ ဖြစ်လာဖို့ နီးစပ်တာ မတွေ့ရသေးပါဘူး။
ဖေဖော်ဝါရီလအစပိုင်းမှာ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် နဲ့ တွေ့ဆုံပြီးနောက် ရုရှားရဲ့ တောင်းဆိုချက်တွေကို သမ္မတပူတင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
"နေတိုးအဖွဲ့အင်အားတိုးချဲ့မှုကို ဟန့်တားတဲ့အနေနဲ့ ရုရှားနယ်စပ်အနီး လက်နက်ဖြန့်ကြက်မှုအစီအစဉ်ကို ဖျက်သိမ်းဖို့ ၊ ပြီးတော့ ၁၉၉၇ ခုနှစ်တုန်းက နေတိုးနဲ့ရုရှားအဖွဲ့ကြား သဘောတူလက်မှတ်ထိုးခဲ့တဲ့ နေတိုးအဖွဲ့တပ်စွဲထားတဲ့ နေရာတွေကနေ မူလနေရာကို ပြန်ဆုတ်ပေးဖို့" ဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေမှာဖြန့်ကြက်ထားတဲ့ သူတို့ရဲ့ စစ်ရေးဖြန့်ကြက်မှုကို ကန့်သတ် ချက်ထားမှာမဟုတ်ကြောင်းနဲ့ အနာဂတ်မှာ ဘယ်နိုင်ငံတွေက သူတို့ မဟာမိတ်အဖွဲ့မှာ ပါဝင်နိုင်မယ်ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး သဘောတူဖို့ နေတိုးအဖွဲ့က ငြင်းထားပါတယ်။

အနာဂတ်မှာ နေတိုးအဖွဲ့နဲ့ ပူးပေါင်းရေးမှာ ရုရှားနိုင်ငံက အဆုံးအဖြတ် ပေးနိုင်တဲ့အနေအထားဖြစ်လာမှာကိုလည်း မလိုလားဘူးလို့ နေတိုးအဖွဲ့ ပြင်ပနိုင်ငံတွေက ပြောထားပါတယ်။
နေတိုး မဟာမိတ်အဖွဲ့မှာပူးပေါင်း ပါဝင်နိုင်မယ့် အချိန်အတိအကျကို သိဖို့လိုတယ်လို့ စနေနေ့တုန်းက ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာကျင်းပခဲ့တဲ့ လုံခြုံရေးညီလာခံမှာ ယူကရိန်းသမ္မတ ဇယ်လင်းစကီးက တောင်းဆိုထားပါတယ်။
ယူကရိန်းလို ရုရှားနယ်စပ်နဲ့ထိစပ်နေတဲ့ ဖင်လန်နိုင်ငံကလည်း အနာဂတ်မှာ နေတိုးအဖွဲ့မှာ ပါဝင်ချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရသင့်တယ်လို့ သူတို့ သဘောထားကို ပြောခဲ့ပါတယ်။
နှစ်ဖက်ညှိနှိုင်းမှုတွေက ပြေလည်ပုံမရသေးပေးမဲ့ ဆွေးနွေးပွဲတွေကတော့ ဆက်လုပ်နေဆဲဖြစ်ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့တို့ တွေ့ဆုံစကားပြောဖို့ အစီအစဥ်ရှိပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း နောက်ပိုင်းမှာ သမ္မတပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ မူအားဖြင့် သဘောတူထားပြီးပါပြီ။
ဒါပေမယ့် ရုရှားဘက်ကတော့ သူတို့အနေနဲ့ တွေ့ဆုံဖို့ သေသေချာချာ အစီအစဥ်တွေ ချထားတာမရှိသေးဘူးလို့ တုံ့ပြန်ထားပါတယ်။








