ရုရှားက ယူကရိန်းကို တကယ်ကျူးကျော်တော့မှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားတပ်တွေက ယူကရိန်းနယ်နမိတ်ထဲ ကျူးကျော်ဝင်ရောက်လာမှာကို ယူကရိန်းအာဏာပိုင်တွေနဲ့တကွ အနောက်နိုင်ငံခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။
ရုရှားဟာ လွန်ခဲ့တဲ့ ၇ နှစ်က ယူကရိန်းတောင်ပိုင်း ခရိုင်းမီးယားဒေသကို ရုရှားနယ်နမိတ်ထဲ ထည့်သွင်းခဲ့ပြီး ယူကရိန်းအရှေ့ပိုင်း ဒွန်းဘက်စ်ဒေသကို သိမ်းပိုက်ထားတဲ့ ခွဲထွက်ရေးသမားတွေကိုလည်း ထောက်ပံ့နေခဲ့တာ ဖြစ်ပါတယ်။
ရုရှားကိုယ်တိုင်ကတော့ သူတို့ အခုလို ကျူးကျော်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုနေပေမယ့် အမေရိကန်နဲ့တကွ အနောက်နိုင်ငံတွေက ဘာကြောင့် အခုလို စိုးရိမ်နေကြတာပါလဲ။
ဒေသတွင်း ပဋိပက္ခ အနေအထား
ယခင် ဆိုဗီယက်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတို့ နက်ရှိုင်းတဲ့ ဆက်စပ်မှု ရှိနေသေးတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ရုရှားရော ဥရောပသမဂ္ဂ အီးယူရဲ့ နယ်နမိတ်နဲ့ပါ ထိစပ်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ ရုရှားထောက်ခံတဲ့ ယူကရိန်းသမ္မတ ပြုတ်ကျပြီး နောက်ပိုင်း ဒေသတွင်း ပဋိပက္ခတွေ စတင်ခဲ့ပြီး လက်ရှိအချိန်မှာ ရုရှားဟာ ယူကရိန်းသူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသ စစ်မျက်နှာမှာ သူ့တပ်တွေ ပို့လွှတ်ခဲ့တယ်လို့ ယူကရိန်းက ပြောဆိုလာပါတယ်။
ဒါပေမဲ့ အနောက်နိုင်ငံတွေ စိုးရိမ်တာက နယ်စပ်အနီး ရုရှားပိုင်နက်ထဲမှာ ရောက်ရှိနေတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဖြစ်ပြီး အနောက်အထောက်လှမ်းရေးတွေ ပြောတာကတော့ ရုရှားတပ်သား အင်အား တသိန်းလောက်အထိ ရှိနေပါတယ်။
လက်ရှိ အနေအထားမှာ ရုရှားအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ အားလုံး ခေါင်းအေးအေး ထားကြဖို့ ပြောဆိုထားပြီး ရုရှားဒုတိယ ကာကွယ်ရေးဝန်ကြီး ဆာဂေး ရီးယက်ဘ်ကော့ဗ်က လည်း လက်ရှိ တင်းမာမှုတွေဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ နျူးကလီးယားပဋိပက္ခ ဖြစ်လုနီးပါး အခြေအနေထိ တင်းမာခဲ့တဲ့ ၁၉၆၂ ကျူးဘားဒုံးကျည်အရေးအခင်းလို ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
အနောက်နိုင်ငံက ထောက်လှမ်းရေးဌာနတွေကတော့ လာမယ့် ၂၀၂၂ အစောပိုင်းမှာ ရုရှားတပ်တွေ ဝင်ရောက်လာနိုင်တာကို စိုးရိမ်နေကြပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီ ရက်ဇ်နီးကော့ဗ်ကလည်း လာမယ့် ဇန်နဝါရီလကုန်လောက်မှာ ရုရှားတပ်တွေ တိုက်ပွဲဝင်ဖို့ အသင့်အနေအထား ရောက်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့ မူလလိုလားချက်ကတော့ ယူကရိန်းက မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ နေတိုးအဖွဲ့ဝင်ဖြစ်မလာဖို့နဲ့ အဲဒီလိုဖြစ်လာခဲ့ရင် နေတိုးရဲ့ စစ်လက်နက်တွေ ယူကရိန်းနယ်မြေထဲ အခြေစိုက်မှာကို ဆန့်ကျင်တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါ့ကြောင့် လက်ရှိ ရုရှားတပ်တွေ ရွှေ့ပြောင်းချထားမှု အနေအထားဟာ နေတိုးဆီက အခုလို မလုပ်ပါဘူးဆိုတဲ့ အာမခံချက်ပေးလာအောင် ကြိုးစားတာဖြစ်တယ်ဆိုပြီး သုံးသပ်သူတွေလည်း ရှိနေပါတယ်။
တကယ်တမ်းဆိုရင် ပြီးခဲ့တဲ့ ဧပြီလမှာလည်း ရုရှားက အခုလို တပ်အရွှေ့အပြောင်းတွေ လုပ်ခဲ့ဖူးပြီး စစ်ရေးလေ့ကျင့်ဖို့အတွက်လို့ ရုရှားဘက်က အကြောင်းပြခဲ့ကာ နောက်ပိုင်းမှာ တပ်တွေ ပြန်ဆုတ်သွားခဲ့ပါတယ်။
အခုလို တင်းမာနေသေးတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၇ ရက်နေ့က ရုပ်သံဗီဒီယိုနဲ့ ဆွေးနွေးခဲ့ကြပေမယ့်လည်း တင်းမာမှု လျော့သွားတဲ့ အနေအထား မတွေ့ရသေးပဲ ဖြစ်နေပါတယ်။

ရုရှားဘက်က ဘယ်လိုတုံ့ ပြန်နေသလဲ
ယူကရိန်းအရှေ့ပိုင်းနဲ့ မဝေးလှတဲ့ ခရိုင်းမီးယားဒေသမှာ ရုရှားတပ်တွေ ရွေ့လျားမှု ရှိတယ်ဆိုတဲ့ ဂြိုဟ်တုဓါတ်ပုံတွေ ပေါ်ထွက်လာရာမှာ ဒီအတွက် ဘာမှ စိတ်ပူစရာမရှိဘဲ ပုံကြီးချဲ့ ကြတာပါ ဆိုပြီး ရုရှားက ကနဦး တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ ဒီဇင်ဘာလ အစောပိုင်းမှာတော့ ရုရှားဟာ မိမိပိုင်နက်အတွင်းမှာ တပ်တွေကို ရွေ့ပြောင်းခွင့်ရှိတယ် ဆိုပြီး ရုရှားသမ္မတ အကြံပေးတဦးက ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ဒါ့အပြင် ယူကရိန်းဟာ ရုရှားထောက်ပံ့ပေးထားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေ သိမ်းပိုက်ထားတဲ့ အရှေ့ပိုင်းဒေသကို ပြန်လည်သိမ်းပိုက်ဖို့အတွက် သူတို့ရဲ့ စစ်တပ်အင်အား စုစုပေါင်းရဲ့ တဝက်ဖြစ်တဲ့ တပ်အင်အား ၁၂၅၀ဝ၀ လောက်ကို ရွှေ့ပြောင်းနေတယ် ဆိုပြီးတော့လည်း ရုရှားဘက်က ပြန်လည် စွပ်စွဲခဲ့ပါတယ်။
ယူကရိန်းကတော့ ဒါဟာ ရုရှားက သူတို့ရဲ့ အကြံအစည်ကို ဖုံးကွယ်ဖို့အတွက် တန်ပြန် ဝါဒဖြန့်တာသာ ဖြစ်တယ်လို့ ပြန်လည် တုံ့ ပြန်ခဲ့ပါတယ်။
ရုရှားအနေနဲ့ နေတိုးအဖွဲ့ကိုလည်း ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့လည်း စွပ်စွဲထားရာမှာ အခုလို အခြေအနေတွေကြောင့် သူတို့ စစ်ရေးကျူးကျော်ရတာပါဆိုပြီး အကြောင်းပြလာနိုင်တယ်လို့လည်း သုံးသပ်စရာ ရှိနေပါတယ်။
ရုရှားဖက်ဒရေးရှင်းကောင်စီ နိုင်ငံတကာကော်မတီရဲ့ ဒုတိယအကြီးအကဲ ဗလာဒီမီယာ ဇာဘရော့ဗ်က ဆိုရင်လည်း ယူကရိန်းသူပုန်တွေ သိမ်းပိုက်ထားတဲ့ဒေသအတွင်းက ယူကရိန်းနိုင်ငံသား ငါးသိန်းလောက်ကို ရုရှား နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးထားပြီးပြီလို့ ဒီဇင်ဘာလ အစောပိုင်းထဲမှာပဲ ပြောကြားထားခဲ့ပါတယ်။
အခုလို သူပုန်ခေါင်းဆောင်တွေက ရုရှားကို အကူအညီတောင်းခံလာမယ်ဆိုရင် ကိုယ့်နိုင်ငံသားချင်း ပစ်ထားလို့ မရဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။
ရုရှားက တကယ်တမ်း ဘာလိုချင်တာလဲ
အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းနဲ့ ပတ်သက်တဲ့ ရုရှားသတ်မှတ်ထားတဲ့ စည်းမကျော်ရဘူးဆိုပြီး သမ္မတ ပူတင်က ပြောဆိုခဲ့ဖူးပါတယ်။
ရုရှားသတ်မှတ်ထားတဲ့ စည်းတွေ ဆိုတာကတော့ နေတိုးတပ်ဖွဲ့တွေအနေနဲ့ ရုရှားရှိရာ အရှေ့ဘက်ကို ဆက်လက် မတိုးချဲ့လာဖို့က စည်းတခု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါ့အပြင် ရုရှားနဲ့ အိမ်နီချင်းနိုင်ငံတွေမှာ ရုရှားကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေ နေတိုးက ဖြန့်ချထားမှာကိုလည်း ရုရှားက မလိုလားပါဘူး။
ယူကရိန်းသာ နေတိုးအဖွဲ့ဝင် ဖြစ်လာမယ်ဆိုရင် စစ်တပ်နဲ့တကွ အခြေစိုက် စခန်းချထားမှုအသစ်နဲ့ တိုက်ခိုက်ရေးလက်နက် ပြင်ဆင်တာတွေ လုပ်လိမ့်မယ်လို့လည်း သမ္မတပူတင်က ပြောဆိုထားခဲ့ပါတယ်။
ယူကရိန်းက တူရကီနိုင်ငံကနေ မောင်းသူမဲ့ လေယာဉ်တွေ ဝယ်ယူပြီး ယူကရိန်းအရှေ့ပိုင်းက ရုရှားထောက်ပံ့ပေးထားတဲ့ သူပုန်သိမ်း နယ်မြေတွေမှာ အသုံးပြုမှုနဲ့ ပင်လယ်နက်ဒေသမှာ အနောက်နိုင်ငံတွေက စစ်ရေးလေ့ကျင့်မှုတွေကိုလည်း ရုရှားက စိုးရိမ်နေပါတယ်။
ယူကရိန်း ပဋိပက္ခပြေငြိမ်းရေးအတွက် စီစဉ်ခဲ့တဲ့ ၂၀၁၅ မင့်ဇ် ငြိမ်းချမ်းရေးစာချုပ် မအောင်မြင်သေးတာကိုလည်း ရုရှားက အားမလို အားမရ ဖြစ်နေပါတယ်။
ယူကရိန်း သူပုန်တွေထိန်းချုပ်တဲ့ ခွဲထွက်ရေး နယ်မြေတွေမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ကြားနေ စောင့်ကြည့်ပေးဖို့ အစီအစဉ်တွေလည်း ဖြစ်မလာသေးတဲ့ အနေအထားမှာ ရုရှားဟာ ဒီဒေသတွင်း ပြဿနာကိုယ်တိုင်ရဲ့ အစိတ်ပိုင်းတခုသာ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အနောက်နိုင်ငံတွေနဲ့ နေတိုးက ယူကရိန်းအရေးမှာ ဘယ်လောက်ထိ ပတ်သက်မှာလဲ
နေတိုးတပ်ဖွဲ့ဟာ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့အတွက် နေတိုးရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ကာကွယ်ရေးအခြေခံသာ ဖြစ်မယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစတိုတန်ဘာ့ဂ်က ပြောဆိုထားပါတယ်။
လက်ရှိအနေအထားမှာ နေတိုးအဖွဲ့ဝင် တနိုင်ငံဖြစ်တဲ့ ယူကေက ယူကရိန်းကို ရေတပ်စခန်း နှစ်ခု ကူညီ တည်ဆောက်ပေးနေပါတယ်။
အဲဒီအထဲက တခုကတော့ ပင်လယ်နက်ဒေသက အိုချာ ကိဗ်မှာ ဖြစ်ပြီး အဇော့ဗ်ပင်လယ်က ဘာဒီယန့်စ်က် ဒေသမှာ ဖြစ်ပါတယ်။
လတ်တလောမှာ အမေရိကန်ကလည်း တင့်ကားပစ် ဂျက်ဗလင် ဒုံးကျည်တွေကို ပေးပို့ထားပြီး ယူကရိန်းရေတပ်ကိုလည်း ကမ်းခြေကင်းလှည့် သင်္ဘောနှစ်စင်း ပေးအပ်ထားပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းရဲ့ အချုပ်အချာအာဏာကို ထိန်းသိမ်းကာကွယ်တဲ့နေရာမှာ အကူအညီပေးသွားမှာ ဖြစ်ပေမယ့် အမေရိကန်တပ်တွေ ချထားဖို့ အထိတော့ သူ့တနိုင်ငံတည်းက ဆုံးဖြတ်မယ့် အစီအစဉ်မရှိသေးဘူးလို့ အမေရိကန်သမ္မတ ဘိုင်ဒန်က ပြောဆိုထားပါတယ်။
လောလောဆယ်မှာ အနောက်နိုင်ငံတွေဘက်က ရုရှားကို စီးပွားရေးနဲ့တကွ အခြား ဒဏ်ခတ်မှုတွေကို အသုံးပြုဖို့နဲ့ ယူကရိန်းစစ်တပ်ကို ထောက်ပံ့ဖို့ အဓိက ထားနေတာကို တွေ့ရပါတယ်။
စီးပွားရေး ဒဏ်ခတ်မှုအပိုင်းမှာဆိုရင် နိုင်ငံတကာ အမြန်ငွေလွှဲစနစ် International Swift Payment System ထဲကနေ ရုရှားဘဏ်စနစ်ကို ထုတ်ပစ်တာမျိုးအထိ လုပ်ဆောင်လာနိုင်တဲ့အပြင် အခြားဒဏ်ခတ်မှု အနေနဲ့ ရုရှားငွေ လဲလှယ်မှု ကန့်သတ်တာနဲ့ ရုရှားအစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ RDIF ကို ပစ်မှတ်ထား လုပ်ဆောင်မှုတွေ ပါဝင်နိုင်ပါတယ်။
ဒါ့အပြင် ဂျာမနီနိုင်ငံမှာ ဖွင့်လှစ်ဖို့ စောင့်ဆိုင်းနေရတဲ့ ရုရှားရဲ့ Nord Stream 2 ဓါတ်ငွေ့ ပိုက်လိုင်းဟာလည်း ယူကရိန်းကိစ္စနဲ့ ဆက်စပ်တဲ့ ဖြစ်နိုင်စရာ အကျိုးသက်ရောက်မှုတွေ ကြုံရနိုင်ကြောင်း အသစ်တက်လာတဲ့ ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှို့လ်ဇ်က ပြောကြားထားပါတယ်။
တကယ်လို့ ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားဘက်က ဒီထက်ထပ်တိုး လုပ်ဆောင်လာရင်တော့ ''ကြီးမားတဲ့အကျိုးဆက်တွေနဲ့ ကြီးမားတဲ့ အရင်းအနှီးတခု'' ပေးဆပ်ရလိမ့်မယ်လို့ ဂျီဆဲဗင်း အင်အားကြီး ၇ နိုင်ငံအုပ်စုကလည်း ရုရှားကို သတိပေးထားပါတယ်။










