အယောင်ပြ တိုက်ခိုက်မှုတွေကို နိုင်ငံတော်အဆင့်မှာ ဘယ်လို အသုံးချကြတာလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ပဋိပက္ခ ဆက်လက်ပြင်းထန်နေရာမှာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ဝင်ရောက်ကျူးကျော်ရာမှာ အကြောင်းပြဖို့အတွက် အယောင်ပြ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ယူကေနဲ့ အမေရိကန်အစိုးရတို့က သံသယရှိနေကြပါတယ်။
ယူကရိန်းပြည်တွင်းက ရုရှားနောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေကတော့ ယူကရိန်းစစ်တပ်က အလွန် သံသယဖြစ်စရာ တိုက်ခိုက်မှုတွေ ရှိတယ်လို့ စွပ်စွဲထားပြီးသား ဖြစ်ပြီး သူတို့သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေအတွင်းက အရပ်သားတွေကို ထွက်ခွာသွားကြဖို့ တိုက်တွန်းနေပါတယ်။
အယောင်ပြ တိုက်ခိုက်မှုဆိုတာ ဘာလဲ
အယောင်ပြ တိုက်ခိုက်မှု false flag ဆိုတာဟာ မိမိနဲ့ ယှဉ်ပြိုင်ဘက်ကို အပြစ်တင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ နိုင်ငံရေး သို့မဟုတ် စစ်ရေး လှုပ်ရှားမှုကို ဆိုလိုတာ ဖြစ်ပါတယ်။
အခုလို အယောင်ပြ တိုက်ခိုက်မှုတွေကို လုပ်ပြတဲ့ နိုင်ငံတွေက သူတို့ ပြည်တွင်းမှာ အမှန်တကယ် ဒါမှမဟုတ် အတုအယောင် တိုက်ခိုက်မှုတခုကို ကိုယ်တိုင် ပြုလုပ်ပြီး ဒါကို အကြောင်းပြလို့ တစ်ဘက်ကို စစ် စတိုက်တာမျိုး လုပ်လေ့ရှိကြပါတယ်။
အခုလို အယောင်ပြ (အလံထောင်) တိုက်ခိုက်မှု False Flag Attack ဆိုတဲ့ အသုံးအနှုန်းဟာ ၁၆ ရာစုနှစ် ကာလမှာ စတင် တွင်ကျယ်လာတာ ဖြစ်ပါတယ်။ အဲဒီကာလမှာ ပင်လယ်ဓားပြတွေက ဖြတ်သွားတဲ့ ကုန်သည် သင်္ဘောတွေကိုသူတို့နဲ့ အဆင်ပြေတဲ့ နိုင်ငံတွေရဲ့ အလံထောင်ပြီး အနားကပ်နိုင်အောင် ကြိုးစားလေ့ ရှိကြရာကနေ အခုလို တွင်ကျယ်လာတာလည်း ဖြစ်ပါတယ်။
အခုလို ဂုဏ်သိက္ခာကျစရာ အယောင်ပြ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိနေတာကိုလည်း ကမ္ဘာမှာ တွေ့ရပါတယ်။
၁၉၃၉ တွင် ဂျာမနီက ပိုလန်ကို ကျူးကျော်မှု

ဓာတ်ပုံ ရင်းမြစ်, NURPHOTO VIA GETTY IMAGES
၁၉၃၉ ခုနှစ်က ဂျာမနီက ပိုလန်နိုင်ငံကို မကျူးကျော်ခင် တစ်ညအလိုမှာ ဂျာမနီဘက်က သူတို့နယ်အတွင်း အယောင်ပြ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီညမှာ ဂျာမနီရဲ့ SS လို့ ခေါ်တဲ့ အထူးတပ်ဖွဲ့ဝင် ၇ ဦးဟာ ပိုလန်စစ်သား အယောင်ဆောင်ကာ ပိုလန်နဲ့ ဂျာမနီနယ်စပ်အနီး ဂျာမနီနယ်မြေအတွင်းက ဂလိုက်ဗစ်ဇ် ရေဒီယိုတာဝါကို ဝင်စီးပြီး ဒီတာဝါက ပိုလန်လက်အတွင်း ကျရောက်သွားပြီ ဖြစ်ကြောင်း သတင်းတိုတစ်ခု လွှင့်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ဝင်စီးခဲ့တဲ့ စစ်သားတွေဟာ ပိုလန်စစ်သား ဝတ်စုံဝတ်ထားတဲ့ အရပ်သား အလောင်းတစ်လောင်းကိုလည်း ချန်ထားရစ်ခဲ့ပြီး ဝင်စီးမှုအတွင်း သေဆုံးသူ အသွင်ဖြစ်အောင်လည်း ပြုလုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဖြစ်ပျက်ပြီး နောက်တနေ့မှာတော့ အဲဒီအချိန်က ဂျာမနီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာက အဲဒီ ဂလိုက်ဗစ်ဇ် တိုက်ခိုက်မှုအပါအဝင် အလားတူ အချိန်ကိုက်ထားတဲ့ ဖြစ်ရပ်တွေကို အကြောင်းပြပြီး ပိုလန်ကို ကျူးကျော်သင့်တယ်ဆိုတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။
၁၉၃၉ ရုရှား-ဖင်လန် စစ်ပွဲ စတင် ဖြစ်ပွားမှု
အထက်ပါ ဂလိုက်ဗစ်ဇ် တိုက်ခိုက်မှု နဲ့ တနှစ်တည်းမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စကတော့ ဖင်လန်နဲ့ နယ်စပ် ရုရှားမြေအတွင်းက မိုင်းနီလာ ဆိုတဲ့ ရွာတစ်ရွာ လက်နက်ကြီးနဲ့ အပစ်ခံရမှု ဖြစ်ပါတယ်။
အဲဒီ အချိန်က ဆိုဗီယက်ပြည်ထောင်စုဟာ ဒီလို အပစ်ခံရမှုကို အကြောင်းပြပြီး ဖင်လန်နိုင်ငံနဲ့ လက်မှတ်ထိုးထားတဲ့ မကျူးကျော်ရ စာချုပ်ကို ချိုးဖောက်ကာ ဆောင်းစစ်ပွဲလို့ ခေါ်ကြတဲ့ ဖင်လန်ပြည်တွင်း ဝင်ရောက် ကျူးကျော်မှုကို ပြုလုပ်ခဲ့ပါတယ်။
အခုလို ရွာကို လက်နက်ကြီးနဲ့ ပစ်တာဟာ ဖင်လန်တပ်ဖွဲ့ဝင်တွေက လုပ်တာ မဟုတ်ပဲ ဆိုဗီယက်ပြည်ထောင်စု ပြည်ထဲရေး လုံခြုံရေးဌာနက ပြုလုပ်တာလို့ လက်ရှိအချိန်မှာ သမိုင်းပညာရှင်အများက ကောက်ချက်ချလိုက်ပြီ ဖြစ်ပါတယ်။
ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲအပြီး ထူထောင်လိုက်တဲ့ ရုရှားပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတဖြစ်သူ ဘောရစ် ယဲ့လ်ဆင်ကတော့ အဲဒီ ဖင်လန်ကို ကျူးကျော်စစ် ဆောင်းစစ်ပွဲဟာ ဆိုဗီယက် ဘက်က စတဲ့ စစ်ပွဲ ဆိုပြီး ၁၉၉၄ မှာ ဝန်ခံခဲ့ပါတယ်။
၁၉၆၄ တုံကင် ပင်လယ်ကွေ့ အဖြစ်အပျက်

ဓာတ်ပုံ ရင်းမြစ်, Universal Images Group via Getty Images
၁၉၆၄ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှာ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစင်းနဲ့ မြောက်ဗီယက်နမ် တော်ပီဒိုပစ် စစ်သင်္ဘောငယ်တွေဟာ ဗီယက်နမ်ကမ်းခြေအလွန် တုံကင် ပင်လယ်ကွေ့ တနေရာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပါတယ်။
ဒီတိုက်ပွဲမှာ နှစ်ဖက်လုံး ထိခိုက်မှုတွေ ရှိခဲ့ပြီး မြောက်ဗီယက်နမ်ဘက်က သေဆုံးသူ လေးဦးနဲ့ တခြား ဒဏ်ရာရသူ ၆ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ပွဲဖြစ်အပြီး နှစ်ရက်အကြာမှာ နောက်ထပ် အလားတူ တိုက်ပွဲတခု ထပ်မံ ဖြစ်ပွားခဲ့တယ် ဆိုပြီး အမေရိကန် နိုင်ငံတော် လုံခြုံရေး အေဂျင်စီ NSA က ကြေညာချက်တခု ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိခေတ်မှာ အမေရိကန်ဘက်က ပြောတဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှုက တကယ် မဖြစ်ခဲ့ဘူး ဆိုတဲ့ ယူဆစရာတွေ ရှိလာခဲ့ပါတယ်။
အခုလို ဒုတိယအကြိမ် တိုက်ခိုက်ခံရတယ် ဆိုတဲ့ အမေရိကန် ရေတပ် ဖျက်သင်္ဘောရဲ့ မာလိန်မှူးက သူတို့ရဲ့ သင်္ဘောဟာ ရန်သူ မြောက်ဗီယက်နမ် တော်ပီဒို စစ်သင်္ဘောငယ် တွေရဲ့ ဝိုင်းဝန်း ပစ်ခတ်ခြင်း ခံရတယ် ဆိုပြီး ကနဦး ပြောဆိုခဲ့ပေမဲ့ နောက်တကြိမ်မှာတော့ အဲဒီ မာလိန်မှူးကပဲ ရာသီဥတု ဆိုးဝါးတဲ့အတွက် ဝေးဝေးလံလံ မမြင်ရလို့ ဘယ်ကို ရောက်သွားခဲ့တယ် ဆိုတာ မသေချာဘူးဆိုပြီး ပြောင်းလဲ ပြောဆိုခဲ့လို့ပဲ ဖြစ်ပါတယ်။
၂၀ဝ၅ ခုနှစ်အရောက်မှာ အမေရိကန်တွေဘက်က နိုင်ငံတော်လျှို့ဝှက်ချက် အဆင့်အတန်း လျှော့ချပြီး ထုတ်ပြန်လိုက်တဲ့ စာရွက်စာတမ်းတွေအရ ဆိုရင် အမှန်တကယ်က ဒုတိယအကြိမ်မှာ မြောက်ဗီယက်နမ် လေတပ်က အမေရိကန်စစ်သင်္ဘောကို တိုက်ခိုက်တာ မဟုတ်ပဲ အဲဒီမတိုင်မီ နှစ်ရက်က ပျက်စီး သွားတဲ့ စစ်သင်္ဘောငယ်နှစ်စင်းကို ပြန်လည် ဆယ်တင်ဖို့ ကြိုးစားခဲ့တာ ဖြစ်နေပါတယ်။
ဒါပေမဲ့ အခုလို ဖြစ်ကာစ ကာလမှာတော့ အဲဒီအချိန်က အမေရိကန်သမ္မတ လင်ဒန် ဘိန်း ဂျွန်ဆင်က တိုက်ပွဲနှစ်ကြိမ်စလုံး ဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်မှုကို ယုံစားပြီး အမေရိကန်တွေကို မြောက်ဗီယက်နမ်တွေက အကြောင်းမဲ့ နှစ်ကြိမ် တိုက်ခိုက်မှုအဖြစ် အမေရိကန် ကွန်ဂရက် လွွှတ်တော်ကို တင်ပြခဲ့ပါတယ်။
အခုလို တင်ပြမှုကြောင့် ကွန်ဂရက်ဘက်ကလည်း တုံကင် ပင်လယ်ကွေ့ ဖြေရှင်းချက် အက်ဥပဒေကို အတည်ပြုပေးခဲ့ပြီး သမ္မတ ဂျွန်ဆင်ကလည်း ဒါကို သုံးကာ မြောက်ဗီယက်နမ်ကို ဗုံးကြဲတိုက်ခိုက်မှုကို စတင်ပြုလုပ်ခြင်းအားဖြင့် ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန် ပါဝင်ပတ်သက်မှုကို ပိုပြီး ကြီးကြီးမားမား ထဲထဲဝင်ဝင် ဖြစ်သွားစေခဲ့ပါတယ်။
၂၀၁၄ ကရိုင်းမီးယား “အစိမ်းဝတ် အမျိုးသားလေးများ” ပြဿနာ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားနိုင်ငံက ယူကရိန်းရဲ့ ကရိုင်းမီးယားနယ်ကို တိုးချဲ့သိမ်းယူလိုက်ကာစ ကာလဖြစ်တဲ့ ၂၀၁၄ မတ်လ တဝိုက်မှာ ကရိုင်းမီးယားနယ်အတွင်း လမ်းမတွေပေါ်မှာ အမှတ်အသား မပါတဲ့ အစိမ်းဝတ် စစ်သားတွေ ပေါ်လာတာကလည်း သမိုင်းဝင် အယောင်ပြ တိုက်ခိုက်မှုပုံစံထဲမှာ အထင်ကရ ဥပမာတခုအဖြစ် အကျုံးဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီ စစ်သားတွေရဲ့ ဝတ်စုံမှာ ရုရှားတပ်ဖွဲ့ အမှတ်တံဆိပ်မပါတာကလွဲလို့ ရုရှားစစ်တပ်ဝတ်စုံ အတိုင်း ဝတ်ဆင်ပြီး လက်နက်ကအစ ရုရှားစစ်တပ်သုံး လက်နက်တွေ ကိုင်ဆောင်ထားကြရာမှာ ဒီတပ်ဖွဲ့တွေက ကိုယ့်အားကိုယ်ကိုး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေသာ ဖြစ်တယ်လို့ ရုရှားက ပြောဆိုခဲ့ပါတယ်။
အဲဒီ တပ်ဖွဲ့ဝင်တွေဟာ ကရိုင်းမီးယားဒေသကို ယူကရိန်းဆီကနေ ရုရှားထံကို ပြန်လွှဲပေးဖို့ ဆန္ဒရှိကြသူတွေလည်း ဖြစ်ပြီး ဝတ်စုံတွေနဲ့ လက်နက်တွေကိုလည်း ဆိုင်တွေက ဝယ်ထားကြတာသာ ဖြစ်တယ်လို့ လည်း ရုရှားအစိုးရဘက်က မလျှော့တမ်း ပြောဆိုခဲ့ပါသေးတယ်။
အခုလို ရင်းမြစ် အတည်မပြုနိုင်တဲ့ ကရိုင်းမီးယားလမ်းတွေပေါ်ကို ရောက်လာတဲ့ စစ်သားတွေကို ရုရှားစာနယ်ဇင်းသမားတွေက “လူကြီးလူကောင်း အမျိုးသားများ” လို့ ခေါ်ဝေါ်ကြပြီး ကရိုင်းမီးယား ဒေသခံတွေကတော့ “အစိမ်းဝတ် အမျိုးသားလေးများ” လို့ ခေါ်ဝေါ်ကြပါတယ်။
၂၀၂၀ ကက်ရှ်မီးယားနယ်စပ် အယောင်ပြ တိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, NurPhoto via Getty Images
၂၀၂၀ ခုနှစ်တုန်းက ကက်ရှ်မီးယားနယ်စပ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စမှာတော့ အိန္ဒိယရော ပါကစ္စတန်ဘက်ကပါ တဖက်က အယောင်ပြ တိုက်ခိုက်မှုလုပ်ပြီး စစ်တိုက်ဖို့ အကြောင်းရှာတယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ ပါကစ္စတန်ဘက်ခြမ်းမှာရှိတဲ့ ကုလသမဂ္ဂ လေ့လာစောင့်ကြည့်သူတွေ ပါလာတဲ့ ကားကို အိန္ဒိယတပ်သားတွေက လှမ်းပစ်ပြီး ပါကစ္စတန်စစ်သားတွေက ပစ်သည့်သဖွယ် ဖြစ်အောင် ကြိုးစားတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။
ဒီလို လုပ်ခြင်းအားဖြင့် အိန္ဒိယအစိုးရဟာ ပါကစ္စတန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား မသင့်မမြတ် ဖြစ်လာအောင် မီးမွှေးတာ ဖြစ်တယ်ဆိုတဲ့ အချက်လည်း အဲဒီ စွပ်စွဲချက်ထဲမှာ ပါဝင်ပြီး ပါကစ္စတန် ဝန်ကြီးချုပ် အီမရန် ခန်းကလည်း ဒါဟာ မဆင်မခြင် လုပ်တဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အိန္ဒိယကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ပါကစ္စတန်ဘက်ကသာလျှင် ကိုယ့်ဘက်အခြမ်း နယ်စပ်ကို လုံခြုံအောင် မလုပ်နိုင်တာ ဖြစ်တယ်လို့ ပြန်လည် အပြစ်တင်ခဲ့ပါတယ်။








