ယူကရိန်း ရပ်တည်လာဖွယ်ရှိတဲ့ ကြားနေနိုင်ငံဆိုတာ ဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားနဲ့စစ်ပွဲ အဆုံးသတ်နိုင်ရေး ညှိနှိုင်းမှုတွေရဲ့ အစိတ်အပိုင်းအနေနဲ့ ယူကရိန်းဟာ ကြားနေနိုင်ငံ အဖြစ် ရပ်တည်လာဖို့ သဘောတူကောင်း တူမယ် ဆိုပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ပြောလာပါတယ်။ ဒီတော့ ကြားနေတယ် ဆိုတာ အတိတကျ ဘာကို ဆိုလိုလဲ ... ကြားနေနိုင်ငံဆိုတာ ဘာလဲ ... ကြည့်ကြရအောင်ပါ။
အဓိပ္ပာယ် ဖွင့်ပုံတွေ ကွဲပြား
ကြားနေနိုင်ငံ ဆိုတာ အခြေခံကတော့ နိုင်ငံ နှစ်ခုအကြား ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ နိုင်ငံတွေကြား ဖြစ်နေတဲ့ စစ်ပွဲမှာ ဘယ်ဘက်ကမှ ရပ်တည် ထောက်ခံတာမျိုး မလုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။
ကြားနေနိုင်ငံဟာ စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို ကူညီတာမျိုး ဖြစ်စေ၊ ဆုံးရှုံးနစ်နာစေတာမျိုး ဖြစ်စေ မပြုလုပ်ဘဲ ကိုယ့်ရဲ့ နယ်မြေ ပိုင်နက်တွေကိုလည်း စစ်ရေးအရ အသုံးချခွင့် မပေးပါဘူး။
အဲဒီ ကြားနေရပ်တည်မှု အခြေခံ သဘောထားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲမှာကို ထည့်သွင်း ရေးဆွဲထားတဲ့ နိုင်ငံတချို့ ရှိပါတယ်။ ဥရောပနဲ့ ဗဟိုအာရှ ဒေသတွေက နိုင်ငံတချို့ရဲ့ အခြေခံဥပဒေထဲ တွေ့ရပါတယ်။
သူတို့ဟာ ဘက်မလိုက် နိုင်ငံတွေ အဖြစ် ကြေညာထားတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အဲဒီ အဓိပ္ပာယ်ကလည်း လက်နက်ကိုင် ပဋိပက္ခတွေထဲ ဘက်ဘက်ကိုမှ အလိုအလျောက် ရပ်တည် ထောက်ခံတာမျိုး မလုပ်ဘူးလို့ ဆိုလိုပါတယ်။
"ကြားနေရပ်တည်မှု အခြေခံသဘောတရား အစပျိုးခဲ့တဲ့ သမိုင်းကြောင်းက တာရှည်ခဲ့ပြီ ဖြစ်ပါတယ်။ ဘယ်လို ပုံစံ ကြားနေတာလဲ ဆိုတာကတော့ တစ်နိုင်ငံချင်းစီရဲ့ သဘောထား အပေါ်မှာပဲ မူတည်တယ်လို့ ပြောရမှာပါ။ ဒီတော့ ကွဲပြားမှုတွေ အတော်လေး ရှိပြီး၊ အတော်လေးလည်း ဆွေးနွေး ညှိနှိုင်းဖို့ လိုပါတယ်" လို့ ယူကေနိုင်ငံ ဘရက်ဖို့ဒ် တက္ကသိုလ်က နိုင်ငံတကာ လုံခြုံရေးနဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာ ပါမောက္ခ အိုဝင်ဂရင်းက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆွစ်နိုင်ငံရဲ့ ကြားနေမှု
ကြားနေနိုင်ငံတွေထဲ ဆွစ်ဇာလန်ဟာ သက်တမ်းအရင့်ဆုံး နိုင်ငံဖြစ်ပါတယ်။ ကြားနေ ဆိုတဲ့ ဝေါဟာရကို ကြားလိုက်တာနဲ့ ဆွစ်ဇာလန်ကို ပြေးမြင် မိစေမိအောင် အထင်ကရ ရှိလှပါတယ်။
ကြားနေရပ်တည်မှု မူဝါဒကို ၁၈၁၅ ခုနှစ်ကတည်းက နိုင်ငံခြားရေး အခြေခံမူ အဖြစ် ဆွစ်နိုင်ငံ တင်းတင်းကြပ်ကြပ် ခိုင်ခိုင်မာမာ စတင် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် အတွင်းမှာလည်း ဆွစ်ဟာ ကြားနေနိုင်ငံ အဖြစ် ဆက်လက် ရပ်တည် ခဲ့တာကြောင့် နာဇီ စစ်ရာဇဝတ်ကောင်တွေ ပျော်ပျော်ကြီး ခိုနားနေနိုင်တဲ့ နေရာ အဖြစ် ဆွစ်ဟာ နောက်ပိုင်းမှာ ဝေဖန်စွပ်စွဲ ခံခဲ့ရပါတယ်။
ဆွစ်ဟာ ဥရောပ သမဂ္ဂ အီးယူအဖွဲ့ထဲကိုလည်း ဘယ်တုန်းကမှ မဝင်ရောက်ခဲ့ပါဘူး။ ကုန်သွယ်ရေးနဲ့ လူဝင်ထွက်မှု ဆိုင်ရာ သဘောတူမှုတွေကိုတော့ အီးယူနဲ့ကြား လက်မှတ် ရေးထိုး ထားပါတယ်။
ဆွစ်ဟာ အနောက်အုပ်စု နိုင်ငံတွေရဲ့ စစ်ရေး ဆိုင်ရာ မဟာမိတ် အဖွဲ့ဖြစ်တဲ့ နေတိုး NATO ထဲမှာလည်း ဘယ်တုန်းကမှ မပါဝင်ခဲ့ပါဘူး။ ကုလသမ္ဂ UN အဖွဲ့ကိုတောင် ၂၀၀၂ ခုနှစ်မှ ဝင်ရောက် ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘရက်ဖို့ဒ် တက္ကသိုလ်က ပရော်ဖက်ဆာ ဂရင်းရဲ့ သုံးသပ်မှုကတော့ အဲဒီလို ဆွစ်ပုံစံ ကြားနေမှု ဆိုတာ ဒီနေ့ခေတ် ဂလိုဘယ်လိုက်ဇ် ကမ္ဘာကြီးထဲ အတိအကျ နေထိုင် ကျင့်ကြံဖို့ ပိုပို ခက်ခဲ လာတယ်လို့ ဆိုပါတယ်။
အီးယူရဲ့ နိုင်ငံခြားရေး ဘုံမူဝါဒ သဘောထားတွေထဲမှာလည်း ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ သဘောထားတွေ တပါတည်း ပါဝင်နေတာကြောင့် သူတို့နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ထူထောင်ထားတဲ့ ဆွစ်အပေါ် အနောက်အုပ်စုရဲ့ မဟာမိတ် နိုင်ငံတစ်ခုပဲလို့ ရုရှားက သဘောထားတယ်။
တကယ်လည်းပဲ ကြားနေရပ်တည်မှု တင်းတင်းကြပ်ကြပ် ကျင့်သုံးဖို့ ဆိုတာ ဆွစ်အတွက် ခက်လှပြီး တဖြည်းဖြည်းနဲ့ ကြားနေ မူဝါဒကနေ ဆွစ်ဟာ သွေဖည်လာနေတယ်လို့ ပါမောက္ခ ဂရင်းက ဆိုပါတယ်။
အခုနောက်ဆုံး ယူကရိန်းထဲ ရုရှား ကျူးကျော်တဲ့ အခါ ဆွစ်အစိုးရဟာ အီးယူနဲ့ အတူ လက်တွဲပြီး ရုရှားကုမ္ပဏီတွေ အပေါ် ပိတ်ဆို့ ကန့်သတ် အရေးယူမှုတွေ ချမှတ်ပါတယ်။
ပထဝီနိုင်ငံရေးအရ ကြားနေ ဖြစ်ရခြင်း
ဥရောပမှာ ကြားနေ နိုင်ငံခြားရေးမူ ကျင့်သုံးတာ ဆွစ်တနိုင်ငံတည်း မဟုတ်ပါဘူး။ ပထဝီနိုင်ငံရေး တင်းမာမှုတွေ လျှော့ချနိုင်ရေး ရည်မှန်းချက်နဲ့ ကြားနေရေးမူ ကျင့်သုံးကြတဲ့ တခြား ဥရောပ နိုင်ငံ တချို့လည်း ရှိပါတယ်။
ဩစတြီးယား နိုင်ငံဆိုရင် ဒုတိယ ကမ္ဘာစစ် အပြီး ဆိုဗီယက် ပြည်ထောင်စု ၊ အမေရိကန်၊ ယူကေနဲ့ ပြင်သစ်တို့ရဲ့ အောက် ရှိနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သြစတြီးယားရဲ့ နိုင်ငံခြားရေးမူဟာ ကြားနေ ဖြစ်ရမယ် ဆိုပြီး ဆိုဗီယက်ဘက်က ကနဦး တင်ကြို သတ်မှတ် ပါတယ်။ အကြောင်းကတော့ အနောက်အုပ်စုနဲ့ ဆိုဗီယက်ကြား ပွတ်တိုက်မှုတွေ ကနေ ရှောင်နိုင်အောင် သြစတြီးယားဟာ ဘာဖာ ကြားခံနယ်သဖွယ် ဖြစ်လာဖို့ရာ ဆိုဗီယက်ဘက်က ရည်ရွယ်တာ ဖြစ်ပါတယ်။
သြစတြီးယားလည်း ကြားနေ ရပ်တည်မှု မူဝါဒကို လိုလား နှစ်သက်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒုတိယကမ္ဘာစစ် မဖြစ်ခင် ဂျာမနီနဲ့ ပေါင်းစည်းနေရတဲ့ အဖြစ်၊ စစ်အပြီး ဆိုဗီယက်နဲ့ အနောက်အုပ်စုတွေရဲ့ ခွဲဝေ သိမ်းပိုက် ခံထားရတဲ့ အဖြစ်ကနေ ကိုယ်ပိုင်သီးသန့် လွတ်လပ်ရေး ရယူတဲ့ သမိုင်းဝင် သဘောတူမှု အစိတ်အပိုင်း အဖြစ် ၁၉၅၅ အခြေခံ ဥပဒေထဲမှာကို ကြားနေရေးမူ ထည့်သွင်းပါတယ်။
ဒုတိယ ကမ္ဘာစစ်ရဲ့ တိုက်ရိုက် အကျိုးဆက် ဖြစ်တဲ့ သြစတြီးယားရဲ့ ကြားနေ ရပ်တည်မှုဟာ သမိုင်းကြောင်း ရှည်တဲ့ ဆွစ်ရဲ့ ကြားနေရေးနဲ ထပ်တူတော့ မတူညီပါဘူး။ အီးယူ အဖွဲ့ဝင် ဖြစ်လာပါတယ်။ ဒါပေမယ့် နေတိုးထဲတော့ မဝင်သလို နိုင်ငံခြား စစ်အခြေစိုက် စခန်းတွေကိုလည်း ပိုင်နက်နယ်မြေထဲ တည်ရှိခွင့် မပြုပါဘူး။
ယူကရိန်းထဲ ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှု မှာတော့ အီးယူ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် ရုရှား အပေါ်ပိတ်ဆို့မှုတွေ ချမှတ်ပါတယ်။
"စစ်ရေးအရ ရှူထောင့်ကနေ ဆိုရင် သြစတြီးယားဟာ ကြားနေနိုင်ငံ ဖြစ်ပေမယ့်၊ အကြမ်းဖက်မှုတွေ ကျူးလွန် နေတဲ့ ဖြစ်ရပ်မှာတော့ ကြားနေမှာ မဟုတ်ဘူး" ဆိုပြီး သြစတြီးယား နိုင်ငံခြားရေး ဝန်ကြီး အလက်ဇန်ဒါ ရှလဲန်ဘာ့ဂ်က ပြောပါတယ်။
သြစတြီးယားလိုပဲ အီးယူ အဖွဲ့ဝင် ဖြစ်ပေမယ့် နေတိုးထဲ မပါတဲ့ နောက်ထပ် ၅ နိုင်ငံလည်း ရှိနေပါတယ်။ ဖင်လန်၊ ဆွီဒင်၊ အိုင်ယာလန်၊ မော်လ်တာနဲ့ ဆိုက်ပရပ်စ် တို့ပဲ ဖြစ်ပါတယ်။
အဖွဲ့ဝင်တွေ မဟုတ်ပေမဲ့လည်း မော်လ်တာ ကလွဲလို့ ကျန်နိုင်ငံတွေကတော့ နေတိုးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ လက်တွဲ ပူးပေါင်း လုပ်ဆောင်နေတဲ့ အစီအစဥ်ထဲ ပါဝင် နေကြပါတယ်။
ဘာဖာ ကြားခံနယ်မြေများနဲ့ စစ်ရေးတည်ဆောက်မှု
ကြားခံ ရပ်တည်တဲ့ နိုင်ငံတွေ အနေတဲ့ ပုံစံတွေ ထပ်တူမကျပေမဲ့ ပဋိပက္ခတွေ၊ တင်းမာမှုတွေကို လျှော့ချနိုင်ရေး၊ အချင်းများကြတဲ့ နိုင်ငံတွေ အကြား စစ်ကင်းမဲ့ရာ ကြားခံနယ်မြေတွေ အဖြစ် ရပ်တည်နိုင်ရေး ဆိုတဲ့ ပထဝီနိုင်ငံရေး ရည်မှန်းချက်ကိုတော့ ဖြည့်ဆည်းပေးနိုင်စွမ်း ရှိကြတယ်လို့ တိုကျိုမြို့ အခြေစိုက် ဝါဆဲဒ အဆင့်မြင့် လေ့လာရေး အင်စတီကျုက ဆွစ်လူမျိုး သုတေသီ ပါစကယ် လိုတက်ဇ်က ဆိုပါတယ်။
ကြားနေ နိုင်ငံတွေ ဘယ်သူတွေလဲ ဆိုတာ ထပ်ကြည့်မယ် ဆိုရင် ဆိုဗီယက်ဟောင်း နိုင်ငံတွေ ဖြစ်တဲ့ မော်လ်ဒိုဗာနဲ့ တာ့မစ်နစ္စတန် တို့မှာ ဆိုရင် အခြေခံ ဥပဒေထဲမှာ ထာဝရ ကြားနေရေးမူ ဆိုပြီး ထည့်သွင်းထားပါတယ်။
ဆိုဗီယက်နဲ့ တရုတ်ကြား စစ်အေးခေတ် သံတမန်ရေး အချင်းများကြတိုင်း ကြားညပ်ခဲ့ရတဲ့ မွန်ဂိုးလီယား ဆိုရင်လည်း ၂၀၁၅ ကုလ အထွေထွေ ညီလာခံမှာ ကြားနေရေးမူ စွဲကိုင်ကြောင်း ကြေညာခဲ့ပါတယ်။
ကြားနေနိုင်ငံတွေဟာ ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေမှာ အထူးအာရုံ မစိုက်တဲ့ နိုင်ငံတွေ အဖြစ် နားလည်မှု လွဲမှား နေကြတာမျိုးတွေ ရှိတယ်လို့ ပရော်ဖက်ဆာ ဂရင်းက ဆိုပါတယ်။
"တကယ်တော့ ကြားနေနိုင်ငံ အများစုဟာ စစ်ရေးမှာ ရင်းနှီးမြှုပ်နှံတာတွေ ပိုပြီးတောင်မှ လုပ်ကြရပါတယ်။ စစ်ရေး မိတ်ဖက်ရယ်လို့ မရှိတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာ ဖြစ်လို့ပါ" ဆိုပြီး ပရော်ဖက်ဆာ ဂရင်းက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥပမာ- ဆွစ်ဇာလန်ကိုကြည့်ရင် ဆွစ်စစ်တပ်ဟာ ဥရောပမှာ အတောင့်တင်းဆုံးထဲ ပါဝင်တယ်လို့ သတ်မှတ်ကြပါတယ်။ ကျန်းမာသူ အမျိုးသားတိုင်း စစ်မှုထမ်း ကြရပြီး၊ အိမ်တိုင်းမှာ ဆောင်ထားဖို့ သေနတ်တွေလည်း သူတို့ကို ထုတ်ပေးပါတယ်။
"အခု ခေတ်သစ်ကမ္ဘာကြီးမှာ ကြားနေနိုင်ငံ ဆိုတာ စစ်ပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ငြင်းပယ် နေတဲ့ နိုင်ငံတွေ မဟုတ်ပဲ၊ စစ်ဖြစ်လာရင် တစ်ဖက်ဖက်ကနေ အားတက်သရော ပါဝင်လိုတဲ့ ဆန္ဒ မရှိဘူးလို့ ပြောနေကြတာသာ ဖြစ်တယ်" လို့ ပရော်ဖက်ဆာ ဂရင်းက ဖွင့်ဆိုပါတယ်။
ဒါ့ကြောင့် ကြားနေတယ် ဆိုတာနဲ့ လက်နက် ဖြုတ်သိမ်းတယ်၊ စစ်အင်အား လျှော့ချတယ် ဆိုတာ အင်မတန် ကွဲပြားတဲ့ အရာ နှစ်ခု ဖြစ်ပါတယ်။
ဗဟို အမေရိက နိုင်ငံ တစ်ခု ဖြစ်တဲ့ ကော့စတာရီကာ ဆိုရင် ၁၉၄၉ မှာ စစ်တပ်တစ်ခုလုံး ဖျက်သိမ်း လိုက်ပေမယ့် သူတို့ တိုင်းပြည်ထဲ ဆက်လက် ထားရှိတဲ့ ရဲတပ်ဖွဲ့ဟာ အိမ်နီးချင်း နိုင်ငံတွေရဲ့ စစ်တပ်တွေနဲ့ ထပ်တူ တောင့်တင်း ခိုင်မာပါတယ်။
"ပြည်ပ ကျူးကျော်မှု ခံရရင် အစွန်းဆုံး ခုခံနိုင်စွမ်း ကော့စတာရီကာမှာ ဆက်ရှိနေတယ်" လို့ ပါမောက္ခဂရင်းက ဆိုပါတယ်။
တခါ၊ ဂျပန် ဆိုရင်လည်း အခြေခံ ဥပဒေထဲမှာ စစ်ပွဲတွေထဲ မပါဝင်ရ ဆိုပြီး ကန့်သတ် ထားပေမယ့် စစ်တပ်ကို တောင့်တင်း ခိုင်မာအောင် ဆက်လက် ထားရှိပြီး အမေရိကန်နဲ့ ကြားမှာလည်း လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ် ပါတယ်။
ဥပဒေ ပြုမထားတဲ့ နိုင်ငံရေး ကြားနေမှု
နိုင်ငံတကာ ဆက်ဆံရေးမှာ အကျိုးရှိအောင် နိုင်ငံရေးဆိုင်ရာ ကြားနေပြတဲ့ နိုင်ငံတချို့လည်း ရှိနေပြီး သူတို့ကတော့ ကြားနေမှုကို ကျင့်သုံးမယ့် အကြောင်း ဥပဒေ ပြုထားတာတော့ မရှိပါဘူး။
အခြေအနေ အချိန်အခါကို လိုက်ပြီး မတူညီတဲ့ အရာတွေကို တပြိုက်တည်း ဟန်ချက်မျှအောင် ကြိုးစား ကိုယ်တွယ် ကြရတဲ့ balancing act ပြုမူမှု ဆိုပြီး ပညာရှင်တွေ သတ်မှတ် ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥပမာ စင်္ကာပူနဲ့ ထိုင်ဝမ်တို့ ဖြစ်ပြီး အမေရိကန်၊ တရုတ်ကြား ဟန်ချက်မျှအောင် ကြိုးစားရပါတယ်။ ထိုင်ဝမ်ဆိုရင် ဂျပန်ရဲ့ အရိပ်အခြေကိုပါ ကြည့်ကြရပြီး လက်ရှိ တရုတ်ရဲ့ ရန်လိုမှုကြောင့် ဟန်ချက်မျှ ဆက်ဆံရေး အလုပ်ဖြစ်အောင် ကြိုးစားရတာ မလွယ်လှဘူးလို့ ဆိုပါတယ်။
အင်အားကြီး နိုင်ငံတွေ၊ အုပ်စုတွေ ဘာတစ်ခုနဲ့မှ မပတ်သက်ဘူး၊ ဘက်မလိုက် နိုင်ငံတွေ ဖြစ်တယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ နိုင်ငံပေါင်း ၁၂၀ ဝန်းကျင်လည်း ရှိနေပါတယ်။ ဥပဒေ သတ်မှတ် ပြဋ္ဌာန်းတာထက် စာရင် နိုင်ငံရေး သဘောတရား အယူအဆ တစ်ရပ် ဖြစ်ပါတယ်။
၁၉၆၁ ခုနှစ်မှာ ပေါ်ထွန်းလာတဲ့ ဘက်မလိုက် လှုပ်ရှားမှုထဲမှာ စစ်အေးခေတ် ယူဂိုဆလားဗီးယားဟာ အင်မတန် တက်ကြွစွာနဲ့ ပါဝင်ခဲ့ပါတယ်။ ယူဂိုဆလားဗီးယား ပြိုကွဲသွားအပြီး ပေါ်ထွန်းလာတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ဆားဘီးယား ဆိုရင် စစ်ရေး ဆိုင်ရာ ကြားနေရေးမူကို ၂၀၀၇ မှာ ကြေညာပြီး အီးယူ အဖွဲ့ဝင် ဖြစ်လာဖို့ လက်ရှိ ညှိနှိုင်းနေပါတယ်။
ကြားနေ ယူကရိန်း ဆိုတာ ဘယ်လို ပုံစံမျိုး ဖြစ်နိုင်လဲ ...
လက်ရှိ ယူကရိန်းနဲ့ ရုရှား သံတမန်တွေ ဆွေးနွေးညှိနှိုင်း နေတာတွေ အပေါ် အများကြီး မူတည်ပါတယ်။ သုတေသီ ပါစကယ် လိုတပ်ဇ် သုံးသပ်တာကတော့ ယူကရိန်း အနေနဲ့ ကြားနေရေးမူ မဖြစ်မနေကျင့်သုံးဖို့ လိုကြောင်း ရုရှား ဘက်က တောင်းဆိုထားပြီး၊ ရုရှားက ဘယ်နည်းနဲ့မှ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ယူကရိန်း အနေနဲ့ ကြားနေရေးမူကို အခြေခံ ဥပဒေထဲ ထည့်သွင်းရမှာ ဖြစ်ပြီး ရုရှားနဲ့ကြားမှာလည်း သဘောတူမှု စာချုပ် သီးသန့်ထပ်ပြီး ချုပ်ရမယ်လို့ ရုရှားက ပြောနေတာ ဖြစ်ပါတယ်။
ကြားနေရေး ဆိုတဲ့ အပေါ် အရင်းစစ်လိုက်ရင် ယူကရိန်း အနေနဲ့ နေတိုး စစ်ရေးမဟာမိတ် အဖွဲ့ထဲ မဝင်ပါဘူး ဆိုတဲ့ ကတိပြုလာရေး ဖြစ်ပါတယ်။ နေတိုးတပ်ရော ရုရှားတပ်ပါ ယူကရိန်း ပိုင်နက် နယ်မြေတွေထဲ အခြေချခွင့် မပြုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။
ကြားနေရေးဆိုတာ အင်မတန် ကျယ်ပြန့်တဲ့ ဝေါဟာရ ဖြစ်တဲ့ အတွက် အတိတကျ ဖွင့်ဆိုတာမျိုးတွေ မလုပ်ဘဲ ခြုံငုံပြီး သဘောတူ လက်ခံမယ် ဆိုရင် ယူကရိန်း အတွက် အတော်လေး မပါးနပ်ရာ ရောက်လိမ့်မယ်လို့ ပါမောက္ခ ဂရင်းက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
"ယူကရိန်းနိုင်ငံ လုပ်ဆောင်ရမယ် ဆိုတဲ့ ကြားနေရေးဟာ ယူကရိန်း နိုင်ငံသားမှန်ရင် လက်သင့်ခံဖို့ရာ ခက်တဲ့ ဘယ်လိုမှ မလှုပ်သာ မရှားသာ ဖြစ်တဲ့ အထိအောင် အစွမ်းကုန် ထိန်းချုပ်ထားရေး အခြေအနေမျိုးကို ရုရှားက လိုလားတာ ဖြစ်တယ်လို့လည်း ပါမောက္ခ ဂရင်းက ထောက်ပြပါတယ်။
ဒီတော့ စစ်ရေး အရ ကြားနေပြီ ဆိုတာလောက်နဲ့ ရုရှားဘက်က ကျေနပ် လက်ခံမှာလား၊ အနာဂတ်မှာ ယူကရိန်း အနေနဲ့ အီးယူ အဖွဲ့ဝင် ဖြစ်လာခွင့်ရော ရှိမှာလား ဆိုတာ အကျေအလည် ဆွေးနွေးရမယ့် အကြောင်းအရာ ဖြစ်လာပါတယ်။
ဒီတော့ အထက်မှာ ပြောထားတဲ့ သြစတြီးယား ပုံစံ အီးယူထဲတော့ပါ၊ နေတိုးထဲ မဝင်နဲ့ ဆိုတာမျိုး ယူကရိန်းလည်း လိုက်လံ ကျင့်သုံးနိုင်ဖို့ ဆွေးနွေးသင့်တယ်လို့ ပညာရှင်တွေက တိုက်တွန်းကြပါတယ်။
ဒါပေမယ့်လည်း အီးယူ အဖွဲ့ဝင် ဖြစ်ပြီဆိုရင် အီးယူရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ သဘောတူမှုတွေ၊ အာမခံချက်တွေ တပါတည်း တွဲပါတာကြောင့် ရုရှားဘက်က ယူကရိန်း အနေနဲ့ တချိန်ချိန်မှာ အီးယူ အဖွဲ့ဝင် ဖြစ်ခွင့် ရှိတယ် ဆိုတဲ့ အထိ လိုက်လျောနိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ထွက်လာ စေပါတယ်။
"အီးယူအဖွဲ့ဝင် ဖြစ်ခြင်းနဲ့ အတူ တပါတည်း ရလာမယ့် လုံခြုံရေး အာမခံချက်တွေဟာ ရုရှားနဲ့ကြားက သဘောတူမှုတွေနဲ့ ဆန့်ကျင်နေလိမ့်မယ်လို့ ရုရှားဘက်က မြင်လိမ့်မယ်"လို့ ပါမောက္ခ ဂရင်းက ဆိုပါတယ်။
သုတေသီ လိုတပ်ဇ်ကတော့ လောလောဆယ် ငြိမ်းချမ်းရေး စကားဝိုင်း ရှေ့ဆက်လို့ ရနိုင်အောင် ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံ သံတမန်တွေဟာ အီးယူအဖွဲ့ဝင် ကိစ္စကို လက်ရှိ ချန်ထားခဲ့နိုင်ပြီး၊ နေတိုးထဲ မပါဖို့ ကိစ္စ အပေါ်မှာပဲ အာရုံစိုက်နိုင်တယ်လို့ ထောက်ပြပါတယ်။
အခု စစ်ပွဲရဲ့ အစမှာ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းထဲ စစ်ဘက်ဆိုင်ရာ ဖယ်ရှားမှုတွေ ပြုလုပ်မယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ယူကရိန်း စစ်တပ်တစ်ခုလုံးကို ဖျက်သိမ်းမယ်လို့ ပြောတာလား၊ အတိတကျ ဘာကို ဆိုလိုတာလဲ ... ဘယ်လိုဘယ်ပုံ လုပ်ဆောင်မှာလဲ ဆိုတာတွေကိုတော့ သမ္မတပူတင်က မပြောခဲ့ပါဘူး။
ယူကရိန်းမှာ စစ်တပ် ကင်းမဲ့သွားအောင် လုပ်မယ် ဆိုရင်တောင် အဲဒီ အခြေအနေကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ ပါမောက္ခ ဂရင်းက ပြောသလို၊ သုတေသီ လိုတပ်ဇ်ကလည်း ရုရှားက ယူကရိန်း စစ်တပ်တစ်ခုလုံး ဖျက်ပစ်ဖို့ တောင်းဆို မနေဘူးလို့ ဆိုပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား ဘယ်အချက်တွေ ညှိနှိုင်း ရယူ နိုင်သလဲ ဆိုရင် ...
(၁) ယူကရိန်း စစ်အင်အား၊ တပ်ဖွဲ့ဝင် ဦးရေ ကန့်သတ်ရေး
(၂) ယူကရိန်းတပ် ထိုးစစ် မဆင်ရေး
(၃) နျူကလီးယား လက်နက် မတပ်ဆင်ရေးနဲ့
(၄) နေတိုး စစ်ရေး မဟာမိတ် အဖွဲ့ထဲ မဝင်ရောက်ရေး ဆိုတဲ့ အချက်တွေ အပေါ် ဆွေးနွေး သဘောတူမှုတွေ ပြုလုပ်နိုင်တယ်လို့ သုတေသီ လိုတပ်ဇ်က ပြောပါတယ်။
တကယ်ဖြစ်လာနိုင်သလား ဆိုတာကတော့ လက်ရှိ ယူကရိန်း ရုရှား ငြိမ်းချမ်းရေး စကားဝိုင်းတွေ အပေါ်မှာပဲ မူတည်နေမှာ ဖြစ်ပါတယ်။










