အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် လေးနိုင်ငံအစည်းအဝေးက အိန္ဒိယ-တရုတ် ဆက်ဆံရေးကို ဘယ်လိုပြောင်းလဲနိုင်သလဲ

လေးနိုင်ငံ ထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး အဲဒီအချိန်က ကိုဗစ်ကပ်ရောဂါ အခြေအနေရဲ့ ကန့်သတ်မှုတွေကြောင့် အွန်လိုင်းကနေပဲ ကျင်းပခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေးနိုင်ငံ ထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး အဲဒီအချိန်က ကိုဗစ်ကပ်ရောဂါ အခြေအနေရဲ့ ကန့်သတ်မှုတွေကြောင့် အွန်လိုင်းကနေပဲ ကျင်းပခဲ့ရ

အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်တို့ရဲ့ လေးနိုင်ငံ ထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး အဲဒီအချိန်က ကိုဗစ်ကပ်ရောဂါ အခြေအနေရဲ့ ကန့်သတ်မှုတွေကြောင့် အွန်လိုင်းကနေပဲ ကျင်းပခဲ့ရပါတယ်။

အခုလို ကိုဗစ်ကပ်ရောဂါ အခြေအနေ လွှမ်းမိုးမှု ကြီးနေတာနဲ့အတူ အဲဒီ အစည်းအဝေးရဲ့ အဓိက ဆုံးဖြတ်ချက်တစ်ခုကလည်း ၂၀၂၂ မကုန်ခင် အာရှနိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေးအလုံး သန်းတစ်ထောင် ဖြန့်ဖြူးပေးရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ ဆိုတဲ့အချက် ဖြစ်ခဲ့ပါတယ်။

အဲဒီလေးနိုင်ငံရဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကိုတော့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပရာမှာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ အဲဒီနိုင်ငံ ခေါင်းဆောင်တွေ လူကိုယ်တိုင် တက်ရောက်ခဲ့ကြပါတယ်။

လတ်တလော အငြင်းပွားဖွယ်ရာ အောတတ်စ် သဘောတူညီမှုနဲ့ တရုတ်အရေး

ဒီအစည်းအဝေး ကျင်းပဖြစ်တဲ့အချိန်ဟာလည်း လတ်တလော ပြင်သစ်နဲ့တကွ ဥရောပသမဂ္ဂဘက်နဲ့ အမေရိကန်ဘက်တို့ မဟာမိတ်ဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်စေခဲ့တဲ့ အမေရိကန်၊ ယူကေ၊ သြစတြေးလျ တို့ရဲ့ Aukus အပြည်ပြည်ဆိုင်ရာ လုံခြုံရေး သဘောတူညီချက် ဖြစ်ပေါ်ထားတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

အဲဒီသဘောတူညီချက်အရ အမေရိကန်ရဲ့ နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာကို သြစတြေးလျနိုင်ငံက ပထမဆုံး အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီလို အသုံးပြုခွင့်ရသွားတဲ့ သြစတြေးလျဟာ ယခင် ပြင်သစ်နဲ့ သဘောတူထားတဲ့ အမေရိကန်ဒေါ်လာ ၆၆ ဘီလျံ တန်ကြေးရှိတဲ့ ရေငုပ်သင်္ဘောဆိုင်ရာ စာချုပ်ကို အသေအချာ တိုင်ပင် သတိပေးခြင်း မရှိဘဲ ဖျက်လိုက်တဲ့အတွက် ပြင်သစ်က မကျေနပ်ဘဲ သူတို့ရဲ့ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံတို့က သံတမန်တွေကို မိခင်နိုင်ငံပြန်ခေါ်တဲ့အထိ အခြေအနေ တင်းမာခဲ့တာ ဖြစ်ပါတယ်။

အခုလို သက်ရောက်မှု ရှိခဲ့တဲ့ အောကတ်စ် သဘောတူညီမှုဟာ လက်ရှိ ဒုတိယအကြိမ် ကျင်းပနေတဲ့ လေးနိုင်ငံ ထိပ်သီးအစည်းအဝေးကိုလည်း သက်ရောက်မှု တစ်ခု ရှိလာနိုင်ပါတယ်။

အဲဒီ အစည်းအဝေးတွေ နှစ်ခုစလုံးမှာ တရုတ်အရေးကို တိုက်ရိုက်နာမည်တပ်ပြီး ပြောဆိုတာမျိုး မရှိပေမဲ့ အဲဒီ ပူးပေါင်း ဆောင်ရွက်မှုတွေ အားလုံးဟာ အင်ဒို-ပစိဖိတ် ဒေသတွင်း တရုတ်ရဲ့ လွှမ်းမိုးမှုတွေကို တန်ပြန်ဖို့ ရည်ရွယ်တာကို တွေ့ရပါတယ်။

အိန္ဒိယဟာ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ နိုင်ငံဖြစ်ပြီး တရုတ်ပါဝင်တဲ့ ဆွေးနွေးပွဲတွေ တက်ရောက်တာမျိုးလည်း ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယဟာ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ နိုင်ငံဖြစ်ပြီး တရုတ်ပါဝင်တဲ့ ဆွေးနွေးပွဲတွေ တက်ရောက်တာမျိုးလည်း ရှိခဲ့

တရုတ်နဲ့ ထိစပ်တဲ့ နယ်စပ်ဒေသရှိတဲ့ အိန္ဒိယရဲ့ လတ်တလော ရပ်တည်ချက်

အိန္ဒိယနိုင်ငံဟာ အခုဖော်ပြခဲ့တဲ့ ဆွေးနွေးပွဲ နှစ်ခု မှာ ပါဝင်တဲ့ နိုင်ငံတွေထဲက တရုတ်နဲ့ ထိစပ်တဲ့ နယ်စပ်ဒေသရှိတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

အခုလို နှစ်ဖက် ထိစပ်နေတဲ့ နယ်စပ်မှာ နယ်စပ် စည်းမျဉ်း အငြင်းပွားနေတဲ့ ဒေသတွေလည်း အများအပြား ရှိနေပြီး ပြီးခဲ့တဲ့နှစ်က ဆိုရင် လူအသေအပျောက် ရှိတဲ့အထိ နှစ်ဖက် တပ်ဖွဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း အိန္ဒိယဟာ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ နိုင်ငံဖြစ်ပြီး တရုတ်ပါဝင်တဲ့ ဆွေးနွေးပွဲတွေ တက်ရောက်တာမျိုးလည်း ရှိခဲ့ပါတယ်။

အိန္ဒိယက အခုလို လေးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ခြင်းအားဖြင့် အခြား သုံးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ သြစတြေးလျနဲ့ ဂျပန်တို့ရဲ့ စိုးရိမ်မှုတစ်ခုလည်း ဖြစ်တဲ့ တရုတ်လွှမ်းမိုးမှုအရေးကိစ္စနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ဘုံရပ်တည်ချက်တစ်ခုကို အတူအကွ တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ အဆိုးဖြစ်နိုင်ခြေ ထိန်းချုပ်ရေးဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ရဲ့ တောင်အာရှဆိုင်ရာ ဒါရိုက်တာ ပတက်တီအုရှ် ရာအို က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ ဆွေးနွေးပွဲမှာ ဆိုရင် အရေးပါတဲ့ နည်းပညာတွေမှာ ဘုံ စံသတ်မှတ်ချက် ထူထောင်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသတွင်း အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရာမှာ ပူးပေါင်း ပါဝင်ရေးတွေလည်း ဆွေးနွေးနိုင်ပါတယ်လို့ သူက ပြောပါတယ်။

ဝီလ်ဆင် စင်တာ မူဝါဒနဲ့ သုတေသန အကြံပြုအဖွဲ့ think-tank ရဲ့ လက်ထောက် ဒါရိုက်တာ မိုက်ကယ် ကူးဂဲမန်းကလည်း လက်ရှိ လေးနိုင်ငံ ထိပ်သီး အစည်းအဝေးမှာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ၊ နည်းပညာဆိုင်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ထွက်လာတာမျိုးက တရုတ်ကို ဆွသလို သိပ်မဖြစ်တဲ့အတွက် အိန္ဒိယဘက်က အခုလို အစည်းအဝေးမှာ ပါဝင်ရတာကို သက်တောင့်သက်သာ ရှိလိမ့်မယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, မြောက်ကိုရီးယား ဘာ့ကြောင့် ဒုံးကျည် စမ်းသပ်ပစ်ခတ်နေရသလဲ

အိန္ဒိယက တရုတ်နဲ့ ဘယ်လို အဓိက ပြဿနာတွေ ရှိနေသလဲ

အိန္ဒိယနိုင်ငံဟာ တရုတ်နဲ့ နယ်စပ်ပြဿနာအပြင် အိန္ဒိယသမုဒ္ဒရာမှာ ထိပ်တိုက် ရင်ဆိုင်မှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသအတွင်းမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတာကိုလည်း အိန္ဒိယဘက်က စိတ်မသက်မသာ ဖြစ်နေခဲ့တာ အတော်ကြာပြီ ဖြစ်ပါတယ်။

အခုလို တရုတ်ရဲ့ ပိုးလမ်းမသစ်လို့လည်း တင်စားခေါ်ဝေါ်ကြတဲ့ Belt and Road Initiative (BRI) စီမံကိန်းတွေရဲ့ ဒေသတွင်း နိုင်ငံတွေအပေါ် လွှမ်းမိုးမှုနဲ့တကွ လတ်တလော အာဖဂန်နစ္စတန်နိုင်ငံမှာ တရုတ်လွှမ်းမိုးမှု တိုးပွားလာတဲ့ အခြေအနေကိုလည်း အိန္ဒိယဘက်က စိုးရိမ်လာတယ်လို့ ဆိုပါတယ်။

အိန္ဒိယ သံအမတ်ဟောင်းတဦးဖြစ်တဲ့ ဂျစ်တန်ဒ္ဒရာ နိတ်မစ္စရာကတော့ အိန္ဒိယဟာ အဏ္ဏဝါပိုင်နက်ဆိုင်ရာ အကျိုးစီးပွားတွေ ကာကွယ်ရေးကို အဓိက အကျဆုံး အလေးထားသင့်ပြီး အခုလေးနိုင်ငံ အစည်းအဝေးကို တက်ရောက်လာတဲ့ အခြားထိပ်သီးနိုင်ငံတွေက ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို အိန္ဒိယဘက်က မေးခွန်းထုတ်သင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဆင်မပြေမှုတချို့ရှိပေမယ့် အိန္ဒိယနဲ့ အမေရိကန်တို့ ကမ္ဘာ့ ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူးရေး ဂက်ဗီနဲ့ ကိုဗက် ကာကွယ်ဆေး စီမံကိန်းကို ကူညီကြဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဆင်မပြေမှုတချို့ရှိပေမဲ့ အိန္ဒိယနဲ့ အမေရိကန်တို့ ကမ္ဘာ့ ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူးရေး ဂက်ဗီနဲ့ ကိုဗက် ကာကွယ်ဆေး စီမံကိန်းကို ကူညီကြဖို့ရှိ

အမေရိကန်-အိန္ဒိယ ဆက်ဆံရေးအခြေအနေရဲ့ သက်ရောက်မှု

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ လက်ရှိ လေးနိုင်ငံထိပ်သီး အစည်းအဝေးပွဲကာလအတွင်းမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ လူကိုယ်တိုင် ပထမဦးဆုံး အကြိမ် သီးခြားတွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယနဲ့ အမေရိကန်ခေါင်းဆောင်နှစ်ဦးတို့ဟာ ဒီအစည်းအဝေးပွဲကာလ တွေ့ဆုံမှုတွေမှာ တရုတ်လွှမ်းမိုးမှုအရေးသာမက ရှာအိရှ်အီမူဟာမက်နဲ့ လက်ရှကားအီတိုင်ဘာ စစ်သွေးကြွအဖွဲ့တွေက အာဖဂန်မှာ ခြေကုပ်ယူပြီး အိန္ဒိယကို မတိုက်ခိုက်နိုင်ရေးအတွက် တာလီဘန်တွေက ဒီအဖွဲ့တွေကို စခန်းချခွင့်မပေးအောင် အမေရိကန်က တားဆီးပေးဖို့ ကိစ္စကိုလည်း ဆွေးနွေးလာနိုင်ပါတယ်။

လက်ရှိအနေအထားမှာ အာဖဂန်ကို အုပ်ချုပ်နေပြီဖြစ်တဲ့ တာလီဘန်နဲ့ ဆက်ဆံရေးပုံစံကို ဘယ်လိုထားရမလဲဆိုတာကို ကမ္ဘာ့နိုင်ငံအများအပြားက မဆုံးဖြတ်နိုင်ဖြစ်နေတဲ့ အခုလို အချိန်မှာလည်း အိန္ဒိယအနေနဲ့ သူ့တို့ကိုယ်ပိုင် တာလီဘန်နဲ့ ဆက်ဆံရေး ဆိုင်ရာ မူဝါဒကို ပုံဖော်ရင်း တစ်ဖက်ကလည်း ရှိနေတဲ့ ပြဿနာတွေကို ဒီဆွေးနွေးပွဲအတွင်း ဝေမျှ ဆွေးနွေးလာနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာ အိန္ဒိယနဲ့ အမေရိကန် မပြေလည်မှုတွေ ရှိနေပြီး ကုန်သွယ်ရေး ကိစ္စအပါအဝင် အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံက S-400 လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်ကို ဝယ်ယူမယ့်ကိစ္စအပေါ် အမေရိကန်ဘက်က မကျေနပ်ပါဘူး။

အဲဒီ ဒုံးကျည်စနစ် ဝယ်ယူမှုကိစ္စကြောင့် တရုတ်နဲ့ တူရကီကို အမေရိကန်က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပြုလုပ်ထားခဲ့ပြီးသား ဖြစ်ပြီး အိန္ဒိယကို ဒီလို ဒဏ်မခတ်ဘဲ ဘယ်လိုကင်းလွတ်ခွင့် ပေးနိုင်သလဲ ဆိုတဲ့ကိစ္စကိုလည်း အမေရိကန်ဘက်က ရှင်းလင်းပြောဆိုခြင်း မရှိသေးပါဘူး။

လက်ရှိ ထိပ်သီးအစည်းအဝေးပွဲမှာ အဲဒီပြဿနာတွေမှာ အဖြေထွက်တဲ့အထိ ဆွေးနွေးမှု မပြီးစီးနိုင်ပေမယ့် ဘယ်လိုရှေ့ဆက် ဖြေရှင်းမလဲ ဆိုတဲ့ လမ်းကြောင်း ပုံဖော်တဲ့ အဆင့်အထိတော့ ဖြစ်နိုင်ခြေ ရှိတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါ့အပြင် အကောင်အထည်ပေါ်လာနိုင်တဲ့ အခြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ အမေရိကန်မှာ ရှိတဲ့ထုတ်လုပ်ပြီးသား ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ပြည်ပကို ကိုဗစ်ကာကွယ်ဆေးတွေ စတင် တင်ပို့ ဖြန့်ဖြူးပေးဖို့ ပြင်ဆင်နေတဲ့ အိန္ဒိယရဲ့ ထုတ်လုပ်မှု အင်အားတို့ ညှိနှိုင်းဆောင်ရွက်ကြပြီး ကမ္ဘာ့ ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူးရေး ဂက်ဗီနဲ့ ကိုဗက် ကာကွယ်ဆေး စီမံကိန်းကို ကူညီကြဖို့ ရှိတယ်လို့လည်း မစ္စတာ ရာအိုက ပြောပါတယ်။