အာဖဂန်ရဲ့ အနာဂတ်အတွက် တရုတ်က ဘာကြောင့် အရေးကြီးလဲ

ခိုင်ဘာတောင်ကြားဟာ ကမ္ဘာ့အကြီးဆုံး ကျူးကျော်ဝင်ရောက်သိမ်းပိုက်တဲ့ လမ်းကြောင်းကြီးတစ်ခုဖြစ်ခဲ့ပြီး အဲ့ဒီနေရာက ကြောက်မက်ဖွယ်၊ မက်စောက်တဲ့ အနေအထားမှာရှိပါတယ်။ တောင်ကြားရဲ့ တည်နေရာကတော့ အာဖဂန်နယ်စပ် ပန်ရှီးယားတောင်ကြားနဲ့ အောက်ပိုင်း မိုင်၂၀လောက် အဝေးမှာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင် အချိန်ကာလအတွင်းမှာ စစ်တပ်တွေက ဒီ ကျောက် ဆောင် ကျောက်တုံး အတိပြီးတဲ့ တောင်ကြားကို ကြိုးစား ကျော်ဖြတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။
အခုထိလည်း ဗြိတိသျှနဲ့ ဗြိတိသျှ အိန္ဒိယစစ်တပ်တွေအသုံးပြုခဲ့တဲ့ အသုံးအဆောင်တွေ အဲ့ဒီနေရာတစ်ဝိုက်မှာတွေ့ရမှာဖြစ်ပြီး သူတို့ဆောက်ခဲ့တဲ့ခံတပ်တွေ ၊ လမ်းတွေကို ဆက်ထိန်းသိမ်းတာ တွေ့ရပါတယ်။
ကျောက်ဆောင်တွေပေါ်က တူမီးသေနတ်တွေ ရိုင်ဖယ်တွေ ကိုင်ထားတဲ့ ပါစတန်လူမျိုးစုတွေက ဖြတ်သွားတဲ့ စစ်သားတွေကို ချောင်းပစ်တာတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ အခုကာလမှာတော့ အာဖဂန် စိုက်ပျိုးရေးထွက်ကုန်တွေကို ကုန်ကားတွေနဲ့ ပြွတ်သိပ်ပြီးတော့ သယ်နေကြပြီး လူကြီးတွေနဲ့ တစ်ချို့ကလေးတွေ ကားတွေ တွယ်စီးနေတာ တွေ့ရ ပါတယ်။ ပြီးတော့ လမ်းဘေးတစ်လျှောက်မှာလည်း ခိုးသွင်းလာတဲ့ပစ္စည်းတွေကို သယ်လာနေတဲ့ မှောင်ခိုသမားတွေကိုလည်း တွေ့နေရပါတယ်။
ထိတ်လန့်စရာ အရေးပေါ်နေတဲ့ အခြေအနေ
ခိုင်ဘာတောင်ကြား အဆုံးကိုဖြတ်သွားရင် အာဖဂန်ရဲ့ လူရှုပ်ထွေးပြီး စည်ကားလှတဲ့ ပါကစ္စတန်နယ်စပ်ကို ရောက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အဲ့ဒီနေရာကို ပါကစ္စတန်အာဏာပိုင်တွေက သေသေချာချာ ပြင်ဆင်ပေးထားပါတယ်။
အခု အဲ့ဒီနေရာမှာတော့ လူအုပ်ကြီးကစောင့်နေပြီး သူတို့ မကြိုက်တဲ့ တာလီဘန်အစိုးရလက်ထဲက နေထွက်ပြေး တစ်ဖက်နိုင်ငံကို ဖြတ်ကျော်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
အဲ့ဒါကြောင့် အဲ့ဒီပတ်ဝန်းကျင်က အခြေအနေဟာ ကြောက်စရာကောင်းတဲ့ပုံစံအပြင် လူတွေကလည်း အရမ်းအရင်လိုနေကြပါတယ်။
ပါကစ္စတန်ဘက်ကနေလှမ်း ကြည့်လိုက်ရင် သူတို့ ရဲ့ အထောက်အထားစာရွက်တွေကို မြှောက်ပြနေပြီး သူတို့ကို ဖြတ်သန်းခွင့်ပေးဖို့ နေ့လယ်ခင်း နေပူပူကြီးထဲမှာ၊ ကာထားတဲ့ သံဆူးကြိုးနောက်က စောင့်နေတဲ့ သူတွေကို တွေ့နိုင်ပါတယ်။
အဲ့ဒီမှာ ကျန်းမာရေးအခြေအနေ နောက်ခံကြောင့် အာဖဂန်က တရားဝင် ထွက်ခွာခွင့်လက်မှတ် ရထားတဲ့ သူတွေကိုသာ သူတို့မိသားစုတွေနဲ့အတူ ဖြတ်ကျော်ခွင့်ပြုထားပါတယ်။
ဘီးတပ် ကုလားထိုင်တွေ၊ ခရီးဆောင် လက်ဆွဲသေတ္တာတွေနဲ့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟ တစ်ဖြည်းဖြည်းချင်းနဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ကျော် နေတာ တွေ့ရပါမယ်။

နယ်စပ်ဖြတ်ကျော်တဲ့နေရာ လမ်းပေါ်မှာ ပါကစ္စတန် စစ်သားနှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေပြီး သူတို့နဲ့အတူ ဖြစ်ကတတ်ဆန်း ဝတ်စုံတွေဝတ်ထားတဲ့ တာလီဘန် အစောင့်တွေကိုလည်း တွေ့ရပါတယ်။
ကျွန်တော်နဲ့ စကားပြောဖို့ စိတ်ကူးရှိပုံမရတဲ့ တာလီဘန်တွေထဲက မုတ်ဆိတ်မွှေးထူလပျစ်နဲ့ လူကြီးတစ်ယောက်ကို အစိမ်းနဲ့ အနီရောထားတဲ့ အာဖဂန်အလံကို နယ်စပ်စခန်းမှာ ဘာလို့ မထောင်ထားတာလည်းလို့ မေးလိုက်ပါတယ်။
အဲ့ဒီအလံအစား တာလီဘန်တွေက သူတို့ ရဲ့ မွတ်စလင်ဘာသာရေးစာတွေထိုးထားတဲ့ အဖြူရောင် သူတို့ရဲ့ အလံနဲ့ အစားထိုးထားလိုက်ပါပြီ။ သူတို့အလံပေါ်မှာ ရေးထားတဲ့ စာက မိုဟာမတ်ဟာ ငါတို့ဘုရားသခင်ရဲ့တမန်တော်လို့ အဓိပ္ပာယ်ရပါတယ်။
"ငါတို့ နိုင်ငံက အခုမွတ်စလင်တိုင်းပြည်ဖြစ်သွားပြီ။ ဒီအလံကိုပဲ တစ်တိုင်းပြည်လုံးမှာ သုံးကြတော့မှာ" လို့ ဂုဏ်ယူတဲ့လေသံနဲ့ တာလီဘန် နယ်ခြားစောင့်တပ်သားက ပြန်ဖြေပါတယ်။
အဲ့ဒီမှာ ဆက်ဆံရေးတင်းမာမှုတွေဖြစ်လေ့ ရှိပေမယ့် ပါကစ္စတန်နဲ့ တာလီဘန် နယ်ခြား စောင့်တပ်တွေကြားမှာ တိုက်ပွဲတွေဖြစ်တာတော့မရှိပါဘူး။
ဒါပေမဲ့ အာဖဂန်အများစုက တာလီဘန်တွေ အခုလို အာဏာပြန်ရသွားတာဟာ ပါကစ္စတန်ကြောင့်လို့ အပြစ်တင်ကြပါတယ်။
ပြီးတော့ တာလီဘန်စစ်သွေးကြွတွေ ပါကစ္စတန်မှာ လူပြန်စုပြီး ၊ ပါကစ္စတန်ကြောင့် ပိုအား ကောင်းလာတယ်လို့ သူတို့က အပြည့်အဝ ယုံကြည်ထားကြပါတယ်။
တကယ်ဆိုရင် တာလီဘန်နဲ့ ပါကစ္စတန် ဆက်ဆံရေးဟာ ၂၀၁၈နောက်ပိုင်း ပါကစ္စတန် ဝန်ကြီးချုပ် အီရမ်ခန်းအာဏာရပြီးနောက်ပိုင်း နီးနီးကပ်ကပ်ဆက်ဆံရေးတွေ မရှိပါဘူး။ ပြီးတော့ ပါကစ္စတန်ရဲ့ တာလီဘန်တွေအပေါ်လွှမ်းမိုးထားတဲ့ သြဇာကလည်း သိသိသာ သာကျဆင်း လာတာတွေ့ရပါတယ်။

တာလီဘန်တွေအပေါ် တရုတ်ရဲ့သြဇာလွှမ်းမိုးမှု
အခုအချိန်မှာ အစိုးရအများစုနဲ့ တာလီဘန်တွေနဲ့ ဆက်ဆံရေးက ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား မရှိပါဘူး။
တာလီဘန်တွေနဲ့ အာရပ်ပယ်လယ်ကွေ့ဒေသက တစ်ချို့တိုင်းပြည်တွေ၊ ဆော်ဒီအာရေဗျနိုင်ငံတွေနဲ့ ဆက်စပ်မှုရှိပေမဲ့ ဘယ်နိုင်ငံနဲ့မှတော့ နီးနီးကပ်ကပ် ဆက်ဆံရေးမရှိပါဘူး။ လက်ရှိအချိန်မှာ တာလီဘန်တွေနဲ့ အနီးကပ်ဆုံး ဆက်သွယ်မှုတွေရှိနေတဲ့ နိုင်ငံက တရုတ်နိုင်ငံ ဖြစ်ပါတယ်။ နှစ်နိုင်ငံကြား လေးနက်တဲ့ ဆက်ဆံရေးတွေလည်း ရှိနေပါတယ်။
သာမန် အာဖဂန်အများစု တိုင်းပြည်တွင်းကနေ ထွက်ပြေးကြဖို့ ကြိုးစားနေတဲ့ အလားတူ စီးပွားရေး အခြေအနေကလည်း တာလီဘန်တွေ နောက်ဆုံးအုပ်ချုပ်ခဲ့တဲ့ ၁၉၉၆ကနေ ၂၀၀၁ကြားက အခြေအနေမျိုး လုံးဝပျက်စီးကျဆင်းနေတဲ့ပုံစံမျိုးကို ရောက်နေပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ အာဖဂန်နစ္စတန် စီးပွားရေးတည်ငြိမ်လာအောင် ကူညီ ထောက်ပံ့ပေးဖို့လိုနေသလို တစ်ဖက်မှာ တာလီဘန်တွေချမှတ်တဲ့ မူဝါဒတွေ အပေါ်မှာလည်း တရုတ်ရဲ့ လွှမ်းမိုးမှုတွေရှိလာမှာ သေချာပါတယ်။
တာလီဘန်တွေနဲ့ပတ်သက်ပြီး သေချာတာတစ်ခုကတော့ တရုတ်တွေ မွတ်စလင်တွေနဲ့ ဝီဂါတွေအပေါ် ဆက်ဆံနေတဲ့ ကိစ္စကို တာလီဘန်တွေ ဘာမှ ဝေဖန်ရဲမှာ မဟုတ်ပါဘူး။ တာလီဘန်တွေ အာဏာရသွားတဲ့ ကိစ္စဟာ အာဖဂန်နစ္စတန်ကို နှစ်၂၀ကြာ အကူအညီပေးနေတဲ့ အမေရိကန်၊ဗြိတိန်၊ဂျာမနီနဲ့ ပြင်သစ်တို့လိုနိုင်ငံတွေ အတွက်တော့ လုံးဝလက်မခံနိုင်စရာ ကိစ္စဖြစ်ပါတယ်။ အာဖဂန်နဲ့ပတ်သက်တဲ့ အိန္ဒိယမူဝါဒဆိုရင် ရပ်သလောက်အထိတောင် ဖြစ်သွားပါတယ်။
အိန္ဒိယက အာဖဂန်ကို ငွေတွေအများကြီးသုံး နည်းပညာတွေ အကူအညီပေးခဲ့ ပြီး ပါကစ္စတန်ကို ချိန်ညှိ အားပြိုင်တာတွေလုပ်ချင်တဲ့ ဟာမစ်ကာဇိုင်းနဲ့ အာရှာဂါနီအစိုးရတွေနဲ့ပါ အရေးပါပြီး သြဇာသက်ရောက်တဲ့ သဘောတူညီမှုတွေလည်း ရခဲ့ပါတယ်။ အခုတော့ အဲ့ဒါတွေ အားလုံး ပြီးဆုံးသွားပါပြီ။

တာလီဘန်တွေ အရင်တစ်ခေါက်အုပ်ချုပ်တုန်းကဆို နိုင်ငံတကာရဲ့ အပစ်ပယ်ခံဖြစ်ခဲ့ပြီး ၂၀၀၁မှာ စီးပွားရေးအဆိုးရွားဆုံး အခြေအနေနဲ့ကြုံရပြီး လောင်စာဆီဝယ်ဖို့တောင် ငွေမရှိတဲ့ အခြေအနေထိရောက်သွားပါတယ်။
အဲ့ဒီတုန်းက လောင်စာဆီမရှိလို့ ကားအနည်းငယ်သာ လမ်းပေါ်မှာ မောင်းနိုင်ပြီး အများစုကလည်း မီးစက်တွေ မဝယ်နိုင်တဲ့အတွက် လျှပ်စစ်မီးမရ ဖြစ်ကုန်ပါတယ်။ ညဆိုလမ်းတွေမှာ မှောင်မဲ တိတ်ဆိတ်၊ နေ့ဆိုရင်လည်း တာလီဘန်လုံခြုံရေးအဖွဲ့ရန်ကိုကြောက်လို့ တတ်နိုင်သလောက် အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြရပါတယ်။
အခုကော အဲ့လိုမျိုးဖြစ်လာမှာလား
အခုအချိန်မှာ မတူတာကတော့ တရုတ်ရဲ့ပါဝင်ပတ်သက်မှု ရှိနေတာ ပါ။ တရုတ်ကသာ အာဖဂန် စီးပွားရေးတိုးတက်လာဖို့နဲ့ နိုင်ငံရေးတည်ငြိမ်အောင် လုပ်ဆောင်မှုမှာပါဝင်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဆိုးရွားတဲ့ အခြေအနေကနေ တာလီဘန်တွေကို ကယ်ထုတ်နိုင်မှာပါ။ အဲ့လိုမှ မဟုတ်ရင်တော့ သူတို့ခြေထောက်ပေါ်သူတို့ ရပ်တည်ရတော့မှာ သေချာပါတယ်။








