ရွှေဖီဦး - ပလောင်တပ်တွေ သိမ်းလိုက်တဲ့ တပ်မတော်လက်ဖက်ခြောက်စက်ရုံ

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေသတင်းဌာန
ပလောင်ဒေသ၊ နမ့်ဆန်မှာရှိတဲ့ “ရွှေဖီဦး”တပ်မတော်လက်ဖက်ခြောက်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ် - TNLA က ဒီဇင်ဘာ ၁၄ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေနဲ့ ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။
စစ်တပ်စက်ရုံထဲမှာ ဘန်ကာကတုတ်၊ ကတုတ်ကျင်းတွေ အခိုင်အမာပြုလုပ်ထားပြီး ရိက္ခာတွေ သိုလှောင်ထားသလို စစ်ကောင်စီတပ်သားတွေ ခိုလှုံနေထိုင်ခဲ့တဲ့ အထောက်အထားတွေကို ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနက ရိုက်ကူးထားတဲ့ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဓာတ်ပုံ ချိတ်ဆွဲထားတဲ့ စက်ရုံရုံးခန်းထဲမှာ မကြာသေးခင်က အစည်းအဝေးလုပ်နေခဲ့တဲ့အနေအထားကို တွေ့ရကာ စစ်ကောင်စီအရာရှိတွေရဲ့ iPad တွေ၊ ဂဏန်းပေါင်းစက်တွေအပါအဝင် မြေပုံညွှန်းတွေပြန့်ကျဲနေပြီး ယူဆောင်မသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့ အလောင်းနဲ့လက်နက်တွေကို တွေ့မြင်ရပြီး စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေ ထွက်ပြေးသွားခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီထဲက စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုတချို့ကို TNLAက ဖမ်းမိထားပါတယ်။
အဲဒီစက်ရုံကို ဒီဇင်ဘာ ၁၂ ရက် ညမှာ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူက ပြောပါတယ်။
လက်ရှိ နမ့်ဆန်မှာ စစ်ကောင်စီတပ်စခန်း ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိနေပြီး တိုက်ပွဲဆက်ဖြစ်နိုင်တဲ့ အခြေအနေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ခြောက်ကပ်တိတ်ဆိတ်သွားတဲ့ လက်ဖက်မြို့
တပြင်တခွင်လုံး လက်ဖက်ခင်းတွေနဲ့ ပြည့်ပြီး စိမ်းစိုလှနေခဲ့တဲ့ နမ့်ဆန်မြို့မှာ အခုတော့ လူသူခြောက်ကပ်ပြီး လက်နက်သံတွေ၊ ဗုံးစတွေနဲ့ ဖြစ်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီဇင်ဘာ ၁၀ ရက်က စပြီး တအာင်းတပ် - TNLA က နမ့်ဆန်မြို့က စစ်တပ်စခန်းကုန်းတွေကို တိုက်ခိုက်လိုက်တဲ့နောက် နှစ်ဖက်ကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။
TNLA ဘက်က အပြောအရ လေးရက်အတွင်း နမ့်ဆန်မြို့ မှာရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းနဲ့ မြို့မရဲစခန်း အပါအဝင် နမ့်ဆန် - မန်တုံက အနည်းဆုံးစစ်တပ်စခန်း ၅ ခုကိုသိမ်းပိုက်ထားပြီလို့ ဆိုပါတယ်။
နမ့်ဆန်မြို့နယ် နမ့်ခေးရွာက စစ်တပ်အထိုင်ချ ကဒိုင်းဖူးတောင် စစ်တပ်စခန်းကို ဒီဇင်ဘာ ၁၀ ရက်က စပြီး သိမ်းပိုက်ရာကနေ ပတ္တမြားစေတီ (ကောင်းမှုဆိုင်စခန်း)နဲ့ နမ့်ဆန်ရဲစခန်းတွေကို ဆက်ပြီး သိမ်းပိုက်လာတာပါ။
'' အခု မြို့ အပြင်မှာရှိနေတဲ့ နမ့်ဆန်ဆေးရုံကုန်းမှာတပ်စွဲထားတဲ့ စစ်တပ်တစ်ခုပဲ ကျန်တော့တယ်။ သူတို့က မြို့ထဲဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်နေတယ်။ မြို့ကို TNLA သိမ်းထားတယ်ပဲပြောရမယ်။ လူတွေလည်းထိတယ်။ အိမ်တွေဆိုရင်ရစရာမရှိတော့ဘူး။ အကုန်လက်နက်ကြီးစတွေမှန်ထားတယ်'' လို့ နမ့်ဆန်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်၊ ၁၂ ရက်နဲ့ ၁၃ရက်တို့မှာ စစ်တပ်ကုန်းက ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နမ့်ဆန်မြို့ လွယ်ခမ်းရွာခံ အမျိုးသားတစ်ဦးနဲ့ နမ့်ဆန်မြို့ပေါ်က အမျိုးသား ၃ ဦးတို့သေဆုံးခဲ့တယ်လို့ မြို့ခံကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေ
ဒီဇင်ဘာ ၁၁ ရက် နဲ့ ၁၂ ရက်မှာ မြို့တွင်းက စစ်တပ်ကုန်းကို TNLA က သိမ်းယူဖို့ ကြိုးစားနေချိန် စစ်တပ်က လေကြောင်းနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။
"စစ်တပ်ကုန်းကနေ သေနတ်နဲ့ ချိန်ပစ်နေတာ။ သူက သေနတ်သံ စကြားရနေပြီလို့ သူ့သူငယ်ချင်းနဲ့ ရပ်ပြောနေရင်းကို သေနတ်ကျည်ထိပြီး နေရာမှာပဲသေတာ" လို့ လွမ်ခမ်းရွာခံအမျိုးသားသေဆုံးခဲ့တာကို မြို့ခံတစ်ဦးက ပြောပြပါတယ်။
လက်ရှိမှာ နမ့်ဆန်မြို့ဟာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး အဆက်အသွယ်ပြတ်တောက်သလောက်ဖြစ်နေတယ်လို့ နမ့်ဆန်မြို့ပြင်ကို စစ်ရှောင်လာတဲ့ နမ့်ဆန်မြို့ခံတစ်ဦးကပြောပါတယ်။
အရပ်သား သေဆုံးတာအပြင် လက်ရှိမှာ နမ့်ဆန်မြို့ တိုက်ပွဲကြောင့် နေအိမ် ၁၅ လုံးထက်မနည်းလက်နက်နဲ့ ဗုံးစထိမှန်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့လယ် မင်္ဂလာရပ်ကွက်ရှိ ရှုထောင့် လက်ဖက်ရည်ဆိုင်၊ မန်မိုင်ရပ်ကွက်က လက်ဖက်စက်ရုံ၊ နမ္မဝေါရပ်ကွက်က မူကြိုကျောင်း၊ မနက်စျေးနဲ့ အထက်တန်းကျောင်းအနီး စတဲ့နေရာက လူနေအိမ်တွေတော်တော်များများ လေကြောင်းနဲ့ လက်နက်ကြီးထိလို့ ပြိုကျပျက်စီးထားတာကို မှတ်တမ်းဓာတ်ပုံတွေမှာတွေ့ရပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ညနေပိုင်း အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နမ့်ဆန်မြို့ တပ်မတော်လက်ဖက်ခြောက်စက်ရုံမှာ တပ်စခန်း ချထားတဲ့ စစ်တပ်ကို တအာင်းတပ်မတော်- PSLF/TNLA က ဝင်ရောက် တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေး အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဟာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ရဲ့ အရာရှိပိုင်းတွေနဲ့ မိသားစုဝင်တွေဟာ တပ်မတော် အချိုခြောက်စက်ရုံထဲ ဝင်ရောက် ခိုလှုံနေတာကြောင့်လည်း စစ်တပ်ဘက်က အပြင်းအထန် ခုခံနေတယ်လို့ဆိုပါတယ်။
ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ လူနေအိမ်နဲ့ မြို့နယ်ပြည်သူ့ဆေးရုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပြီး ဘီဘီစီအနေနဲ့ မြို့ခံတွေကို တယ်လီဖုန်းလိုင်းအခက်အခဲကြောင့် ညနေပိုင်းမှာထပ်ပြီးဆက်သွယ်လို့မရခဲ့ပါဘူး။
'' မြို့မှာတော့ လူမရှိသလောက်ဖြစ်ပြီးခြောက်ကပ်နေပြီ။ လူတွေက ရွာတွေဘက် ကြိုရှောင်နေကြတယ်။ အခုထိတာလည်း ပြေးဖို့ပြင်နေကြတဲ့လူတွေ ထိခိုက်သေကြတာ'' လို့ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေ
နမ့်ဆန်မြို့ဟာ ပလောင်လက်ဖက်အဓိကစိုက်ပျိုးတဲ့မြို့ဖြစ်ပြီး လက်ဖက်စိုက်ခင်းတွေနဲ့ လက်ဖက်စက်ရုံတွေနဲ့ အများစုက အသက်မွေးဝမ်းကြောင်းပြုကြတာဖြစ်ပါတယ်။
'' အခုက လက်ဖက်ခြံတွေကိုပေါင်းရှင်းရမယ့်အချိန်လေ။ ပြီးရင် လက်ဖက်တွေကို အခြောက်လှမ်းရတဲ့အချိန်ဖြစ်နေတာ၊အခုဘယ်သူမှဘာမှမလုပ်ရဲကြဘူး'' လို့ နမ့်ဆန်က လက်ဖက်စိုက်တောင်သူတစ်ဦးကပြောပါတယ်။
နမ့်ဆန်ထွက်လက်ဖက်နဲ့ လက်ဖက်ခြောက်တွေကို တရုတ်နိုင်ငံနဲ့ နိုင်ငံတဝန်းကို ဖြန့်ဖြူးဖို့ တိုက်ပွဲတွေကြောင့် ခက်ခဲနေလို့ လက်ဖက်တောင်သူတွေဝင်ငွေလျော့နေချိန်မှာပဲ အခုလို တိုက်ပွဲတွေထပ်ဖြစ်လာတာကြောင့် လက်ဖက်ခြောက်နဲ့ လက်ဖက်အစိုတွေ ပျက်စီးတာမျိုးဖြစ်မှာလည်း စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မူဆယ် - မူဆယ် ၁၀၅ မိုင်နဲ့ နမ့်ခမ်းမြို့ပတ်ပတ်လည်ကို တအာင်းတပ် - TNLA က ဝိုင်းပတ်တိုက်ခိုက်နေတာကြောင့် ပလောင်ဒေသအဖြစ် သတ်မှတ်ထားတဲ့ မန်တုံနဲ့ နမ့်ဆန်ကို စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ရေးသားထားကြပါတယ်။








