စစ်ခေါင်းဆောင် မိတ္ထီလာကို ဘာကြောင့်အာရုံစိုက်သလဲ

မိတ္ထီလာတပ်နယ်မှာလုပ်တဲ့ လေတပ် ဖွဲ့စည်းတည်ထောင်မှု (၇၇) နှစ်မြောက် အခမ်းအနားမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, မိတ္ထီလာတပ်နယ်မှာလုပ်တဲ့ လေတပ် ဖွဲ့စည်းတည်ထောင်မှု (၇၇) နှစ်မြောက် အခမ်းအနားမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ဒီနှစ်အတွင်း မိတ္ထီလာမြို့ကို ၄ ကြိမ်အထိသွားရောက်ခဲ့ပြီး နေပြည်တော် လို စံပြမြို့ဖြစ်အောင်လုပ်မယ်လို့ ထုတ်ပြောထားပါတယ်။

စစ်ခေါင်းဆောင် မိတ္ထီလာကို အာရုံစိုက်လာတာဟာ စစ်ရေး၊ နိုင်ငံရေး နှစ်မျိုးလုံးကို မဟာဗျူဟာကျကျ ကစားကွက် ဖော်နိုင်တဲ့နေရာဖြစ်တာကြောင့်လို့ စစ်ရေးနိုင်ငံရေးအကဲခတ်တွေ က သုံးသပ်ကြပါတယ်။

“မိထ္ထီလာမှာ မဘသ များတယ်။ တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အားကောင်းတဲ့နေရာ။ စစ်ခေါင်း ဆောင်က သူပေးချင်တဲ့ နိုင်ငံ‌ရေးသတင်းစကားတွေကို မိတ္ထီလာက တပ်မိသားစုတွေကို လာပြောလေ့‌ ရှိတယ်။ စစ်ရေးဘက်မှာဆိုရရင် ခံစစ်၊ တိုက်စစ်တွဲပြင်လို့ရတဲ့ နေရာကောင်းပဲ” လို့ စစ်ရေး၊ နိုင်ငံရေး အကဲခတ် တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ အရေးကြီးတဲ့ သတင်းစကားကိုလည်း မိတ္ထီလာမှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြောခဲ့ပါတယ်။

မိတ္ထီလာ ခရီးစဉ်မှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, မိတ္ထီလာ ခရီးစဉ်မှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီး

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ဟာ နေပြည်တော်နဲ့ မိုင် ၁၂၀ ကျော်အကွာမှာ ရှိပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းသာမက ရှမ်းပြည်နယ်တစ်ခုလုံးကိုပါ ချိတ်ဆက်နိုင်တဲ့ လမ်းဆုံလမ်းခွမြို့ ဖြစ်ပါတယ်။

မိတ္ထီလာမြို့ကို ဝင်နိုင်ထွက်နိုင်တဲ့ လမ်းကြောင်း ၅ ကြောင်းထက်မနည်းရှိပါတယ်။

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းကနေ ပုဂံ၊ အဲဒီကနေ ဧရာဝတီမြစ်တစ်ဖက်ကမ်း မကွေးတိုင်းထဲက ပခုက္ကူမြို့ကို ရောက်ပါတယ်။ အဲဒီကနေ ချင်းပြည်နယ် အိန္ဒိယနယ်စပ်အထိသွားလို့ရပါတယ်။

ဒါအပြင် မိတ္ထီလာ-တောင်သာ-မလှိုင်-မြင်းခြံ-မုံရွာလမ်းကြောင်းနဲ့ မိတ္ထီလာ-ဝမ်းတွင်း-မန္တလေး လမ်းကြောင်း ရှိနေပါတယ်။

နေပြည်တော် ကိုဆိုရင်တော့ မိတ္ထီလာ-ရမည်းသင်း-တပ်ကုန်း-နေပြည်တော် လမ်းကြောင်းရှိနေပါတယ်။

မိတ္ထီလာ-သာစည်-ကလော-တောင်ကြီး-ကျိုင်းတုံ စတဲ့ ရှမ်းပြည်နယ်နဲ့ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေလည်းရှိပါတယ်။

“မြို့အဝင်အထွက် လမ်းကြောင်းအားလုံးရဲ့ ပတ်ပတ်လည်မှာ စစ်တပ်တွေ အကုန်ရှိတယ်” လို့ CDM အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မိတ္ထီလာလွင်ပြင်က တပ်အင်အား

၂၀၁၉ က မိတ္ထီလာတပ်နယ်(မုန်တိုင်)မှာလုပ်တဲ့ (ကြည်း) (လေ)၊ အမြောက်နဲ့သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (လေ့ကျင့်ခန်း - ဘုရင့်နောင်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ၂၀၁၉ က မိတ္ထီလာတပ်နယ်(မုန်တိုင်)မှာလုပ်တဲ့ (ကြည်း) (လေ)၊ အမြောက်နဲ့သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (လေ့ကျင့်ခန်း - ဘုရင့်နောင်) မှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
၂၀၁၉ ဇန်နဝါရီ က "ဘုရင့်နောင်"ခေါင်းစဥ်နဲ့ မိတ္ထီလာ(မုန်တိုင်) မှာ လုပ်ခဲ့တဲ့ တပ်မတော် ကြည်းနဲ့လေ ပူပေါင်းစစ်ဆင်ရေး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ဇန်နဝါရီ က "ဘုရင့်နောင်"ခေါင်းစဥ်နဲ့ မိတ္ထီလာ (မုန်တိုင်) မှာ လုပ်ခဲ့တဲ့ (လေ့ကျင့်ခန်း - ဘုရင့်နောင်) ပူးပေါင်းစစ်ဆင်ရေး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မိတ္ထီလာ မှာ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံ၊ တပ်မတော် ကုတင် ၅၀၀ ဆေးရုံနဲ့ တင့်ကားတပ်ရင်းတွေအပါအဝင် စစ်ကောင်စီ ကြည်းတပ်ရဲ့ တပ်ရင်း၊ တပ်ခွဲပေါင်း ၄၀ ကျော်အထိရှိတယ်လို့ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ကနေ CDM လုပ်လာကြတဲ့ အရာရှိတွေက ပြောပါတယ်။

တပ်မ (၉၉) ရဲ့ အဓိကတာဝန်ဟာ ပင်မတိုက်ခိုက်ရေး၊ အကူတိုက်ခိုက်ရေး၊ ရွေ့လျားတိုက်ခိုက်ရေး၊ နယ်မြေလုံခြုံရေးနဲ့ စစ်ကစားခြင်းတွေကို အဓိကလုပ်တဲ့ တပ်မကြီးဖြစ်ပါတယ်။

“တပ်မ (၉၉) က အဓိက စစ်ဖြစ်တဲ့နေရာတွေကို သွားရတာ။ အာဏာသိမ်းပြီးနောက်ပိုင်း တပ်နယ်မှူးတို့ အုပ်ချုပ်မှုဌာနရုံးနဲ့ နောက်ချန်အင်အားလောက်ပဲချန်ပြီး ရှေ့တန်းကို အကုန်လွှတ်ထားတာ” လို့ မိတ္ထီလာမှာ တာဝန်ကျခဲ့ဖူးတဲ့ CDM ဗိုလ်ကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"မိတ္ထီလာ အမြောက်တပ်က နာမည်ကြီးပေါ့။ တိုက်ပွဲတွေမှာ တော်တော်ကြမ်းကြမ်းတမ်းတမ်း တိုက်တယ်။ တင့်ကားတပ်တွေလည်း ရှိတယ်။ ထောက်ပို့တပ်တွေ ရှိတယ်။ မုန်တိုင်ဘက်ဆိုရင်ရေထဲသွားတဲ့ တင့်ကားတပ်ရင်းရှိတယ်" လို့ သူက ပြောပါတယ်။

မိတ္ထီလာမြို့အနောက်ဘက် ၁၀ မိုင် အကွာမှာ အလျား ပေ ၄ ထောင်ကျော်ကျယ်တဲ့ မုန်တိုင်ဆည်ကြီး ရှိပါတယ်။

အဲဒီဆည်ကိုအခြေပြုပြီး ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတွေ လုပ်ခဲ့ကြပါတယ်။

ကြည်းနဲ့လေတပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ မိတ္ထီလာလေတပ်စခန်းဌာနချုပ် (ရှမ်းတဲ) က တိုက်ခိုက်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆေးတပ်ဖွဲ့ လေယာဥ်တွေနဲ့ ရဟတ်ယာဥ်တွေ ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။

"ကြည်း၊ ရေ၊ လေ အကုန်ရတယ်။ စစ်သင်္ဘာတွေတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကုန်း-ရေနှစ်မျိုးသွားလို့ရတဲ့ တင့်ကားတွေပါ လေ့ကျင့်လို့ရတယ်။ တရုတ်က ဝယ်ပေးထားတဲ့ ကုန်း-ရေနှစ်မျိုးသွား တင့်ကားသင်တန်းကျောင်းလည်း အဲဒီမှာရှိတယ်" လို့ CDM ဗိုလ်ကြီးက ဘီဘီစီကို ပြောပါတယ်။

နေပြည်တော်ကလာရင် ပျော်ဘွယ်နဲ့ မိတ္ထီလာကြားမှာ အမှတ် (၆၀၀) သံချပ်ကာ တင့်ကားတပ်ရင်း ရှိသလို သူ့ရဲ့ဘေးမှာ ကုတင် ၅၀၀ ဆန့် မိတ္ထီလာစစ်ဆေးရုံလည်း ရှိပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ အကြီးစားကာကွယ်ရေးပစ္စည်းထုတ် (ကပစ) စက်ရုံတွေလည်း မိတ္ထီလာမှာ ရှိနေပါတယ်။

၂၀၁၉ ဇန်နဝါရီ က "ဘုရင့်နောင်"ခေါင်းစဥ်နဲ့ မိတ္ထီလာ(မုန်တိုင်) မှာ လုပ်ခဲ့တဲ့ တပ်မတော် ကြည်းနဲ့လေ ပူးပေါင်းစစ်ဆင်ရေး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ဇန်နဝါရီ က "ဘုရင့်နောင်"ခေါင်းစဥ်နဲ့ မိတ္ထီလာ(မုန်တိုင်) မှာ လုပ်ခဲ့တဲ့ တပ်မတော် ကြည်းနဲ့ လေ ပူးပေါင်းစစ်ဆင်ရေး

နာမည်ကျော် ရှမ်းတဲ (မိတ္ထီလာ) လေတပ်စခန်း

မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်နဲ့ အကြီးစားလေယာဥ်ပြင်ဆင်ရေးဌာနကြီးတွေအပါအဝင် လေကြောင်းနဲ့ဆိုင်တဲ့ စခန်းဌာန ၃ ခုထက်မနည်း မိတ္ထီလာ(ရှမ်းတဲ) မှာ အခြေစိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

“လေတပ်သားမှန်ရင် မိတ္ထီလာနဲ့ ကင်းလို့မရဘူး” လို့ ပြောစမှတ်ရှိပါတယ်။

စစ်ကောင်စီလေတပ်ရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်နဲ့ အကြီးစားလေယာဥ်ပြင်ဆင်ရေးဌာနကြီးတွေအပါအဝင် လေကြောင်းနဲ့ဆိုင်တဲ့ စခန်းဌာန ၃ ခုထက်မနည်း မိတ္ထီလာ(ရှမ်းတဲ) မှာ အခြေစိုက်ပါတယ်။

မိတ္ထီလာ(ရှမ်းတဲ) လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် ကို ဗိုလ်ချုပ်ဝင်းမောင်သိန်း က ဌာနချုပ်မှူး အနေနဲ့ တာဝန်ယူထားတာပါ။

စစ်ကောင်စီ လေယာဥ်တွေရဲ့ လေယာဥ်မောင်းတွေကို ရှမ်းတဲလေတပ်ကနေ မွေးထုတ်ပေးနေတာ ဖြစ်ပါတယ်။

“လေယာဥ်မောင်းသင်တန်းကျောင်း လမခ (၁)၊ လမခ (၂) ဆိုပြီးရှိတယ်။ အရင်ကတော့ လေယာဥ်မောင်း သင်တန်းကျောင်းကနေ အခု စစ်ဆင်ရေးတွေပါ လုပ်လာတာ” လို့ CDM လေတပ်သားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကနေစပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဟာ မိတ္တီလာ(ရှမ်းတဲ) ကနေ တက်တဲ့ လေယာဥ်တွေဖြစ်တယ်လို့ CDM လေတပ်ဖွဲ့ဝင်ဟောင်းတွေပါဝင်ပြီး စစ်ကောင်စီ လေယာဥ်တွေရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ Nas-နပ်စ် အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ရှမ်းတဲကတက်တဲ့ စစ်ကောင်စီ လေယာဥ်တွေဟာ ရခိုင်၊ ရှမ်းမြောက်၊ ကယား (ကရင်နီ) နဲ့ ကချင် ပြည်နယ်တွေကို အဓိကထား စစ်ဆင်ရေးလုပ်နေတာလို့ CDM လေတပ်ဖွဲ့ဝင်ဟောင်းတွေက ပြောပါတယ်။

“ရခိုင်ပြည်နယ် ဂွမြို့မှာ တိုက်ပွဲတွေဖြစ်တုန်းက တစ်ရက်ကို အခေါက်ရေ ၂၀ နီးပါးအထိ လေယာဥ်အတက် အဆင်းရှိခဲ့တယ်။ ဒါက ၂၄ နာရီအတွင်း အများဆုံးသွားထားတဲ့ အကြိမ်ရေပေါ့။ ပုံမှန်ကတော့ တစ်ရက်ကို ၁၀ ခေါက်နီးပါး အတက်အဆင်းရှိတယ်” လို့ Nas-နပ်စ်အဖွဲ့ က ပြောပါတယ်။

အထူးလျှို့ဝှက်စစ်ဆင်ရေးမှာဆိုရင်တော့ ကာကွယ်ရေးဦးစီးချုပ်(လေ) က ရှမ်းတဲက လေယာဥ်တွေကို နေပြည်တော် အရင်ဆင့်ခေါ်ပြီး အဲဒီကနေ တန်းပြီး စစ်ဆင်ရေးလုပ်တာလို့ လေတပ်အရာရှိဟောင်းတွေက ပြောပါတယ်။

“ပစ်မှတ်ကို ဦးဆောင်သွားတဲ့သူတစ်ယောက်ပဲ သိတယ်။ လေပေါ်ရောက်မှ သူတို့က ဘယ်နေရာဆိုတာကို ပေးတာ။ ကုဒ်နံပါတ်ကို ရိုက်ထည့်မှ မြေပုံက ကျလာတာ။ အောက်လူတွေ သတင်းပေါက်မှာစိုးလို့ အပေါ်ကျမှ ပစ်မှတ်ကို ဖြန့်တာ” လို့ လေတပ်စစ်မှုထမ်းဟောင်းတစ်ယောက်ကဘီဘီစီကို ပြောပါတယ်။

မိတ္ထီလာ(ရှမ်းတဲ)လေတပ်မှာ ဘယ်လိုလေယာဥ်တွေရှိလဲ

SU-30 စတုတ္ထမျိုးဆက်အလွန် တိုက်လေယာဥ်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, SU-30 စတုတ္ထမျိုးဆက်အလွန် တိုက်လေယာဥ်

မိတ္ထီလာ(ရှမ်းတဲ) လေတပ်စခန်းဌာနချုပ်ဟာ သယ်ယူပို့ဆောင်ရေးလုပ်တဲ့ Y-12 လေယာဥ်အုပ်စုအခြေစိုက်တဲ့နေရာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံထုတ် တာဘိုအင်ဂျင်နှစ်လုံးတပ် Y-12 လေယာဥ်ဟာ စစ်သည် ၁၇ ဦး နဲ့ လေသူရဲအတွက် ထိုင်ခုံ ၂ လုံးပါတဲ့လေယာဥ်ဖြစ်ပါတယ်။ တစ်နာရီကို ၃၂၈ ကီလိုမီတာအထိ ပျံသန်းနိုင်ပြီး အလေးချိန် ပေါင် ၁၂၆၀၀ ကျော် သယ်ယူနိုင်တဲ့ ပို့ဆောင်ရေးလေယာဉ်ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကို အစီးရေ ၂၀ အထိ ရောက်ရှိထားပြီး စစ်ဆင်ရေးလိုအပ်ချက်အရ ကုန်တင်ဆောင်နိုင်ဖို့ ထိုင်ခုံတွေဖြုတ်လို့ရတဲ့ လေယာဥ်ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ကုန်ပိုင်းကစပြီး Y-12 သယ်ယူပို့ဆောင်ရေးလေယာဥ်ကို စစ်ကောင်စီက ဗုံးကြဲလေယာဥ်အနေနဲ့ ပြောင်းပြီးသုံးလာတယ်လို့ CDM လေတပ်ဖွဲ့ဝင်ဟောင်းတွေက ပြောပါတယ်။

ရှမ်းတဲလေတပ်မှာ အမောင်းသင်တဲ့ K-8 လေယာဥ်နဲ့ လေ့ကျင့်ရေးရော အပေါ့စားတိုက်ခိုက်ရေးပါ တွဲလုပ်လို့ရတဲ့ K-8 W လေယာဥ်တွေလည်း ရှိပါတယ်။

ဒါအပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်လေတပ်စခန်းဌာနချုပ်မှာ အုပ်စုဖွဲ့ထားတဲ့ ရုရှားနိုင်ငံထုတ် MiG-29 လေယာဥ်တွေနဲ့ တရုတ်နိုင်ငံထုတ် FCT လေယာဥ်တွေကိုလည်း မိတ္ထီလာ (ရှမ်းတဲ) မှာ ခွဲပြီးနေရာချထားတယ်လို့ CDM လေတပ်ဖွဲ့ဝင်ဟောင်းတွေက ပြောပါတယ်။

“MiG-29 ဆိုရင် ကချင်လိုင်ဇာအထိ ခြိမ်းခြောက်နိုင်တယ်။ FCT က ရှမ်းမြောက် လားရှိုးဘက်ကို အဓိကသွားတယ်။ အဲလေယာဥ်တွေက ညဘက်ပါ စစ်ဆင်ရေးလုပ်လို့ရတယ်” လို့ လေတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

FTC 2000 G တိုက်ခိုက်ရေး လေယာဉ် အစီး ၆၀ အထိ မှာယူထားပြီး စစ်ကောင်စီဘက်ကတော့ ဒီအကြောင်းကို တရားဝင်ထုတ်ပြောတာမရှိပါဘူး။

လေတပ်ဝတ်စုံဝတ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, လေတပ်ဝတ်စုံဝတ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဒါအပြင် Mi-17 နဲ့ Mi-35 ရဟတ်ယာဥ်အုပ်၊ ကင်းထောက်လေယာဥ်အုပ် နဲ့ ဘိန်းစစ်ဆင်ရေးတွေအတွက် အမေရိကန်ကပေးထားတဲ့ ဘဲလ်ရဟတ်ယာဥ်တွေ ရှိပါတယ်။

"ဘဲလ် လေယာဥ်တွေက အခုတော့ အစုတ်တွေဖြစ်သွားပြီ၊ တစ်ခါတလေ အဲဒါတွေကို ပြန်ပြင်ပြီး စစ်ရေးမှာ သုံးတာတွေလည်းရှိတယ်" လို့ လေယာဥ်တွေရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့ Nas-နပ်စ် အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ရုရှားနိုင်ငံထုတ် SU-30 စတုတ္ထမျိုးဆက်အလွန်တိုက်လေယာဥ် ၂ စီးဟာ နေပြည်တော် (အေလာ) လေတပ် အသစ်ပေါ်လာလို့ ရှမ်းတဲမှာမထားဖြစ်တော့ဘူးလို့ CDM လေတပ်သားဟောင်းတွေက ပြောပါတယ်။

ရှမ်းတဲလေတပ်စခန်းမှာရှိတဲ့ လေယာဥ်တွေအတွက် လောင်စာဆီတွေကို မကွေးတိုင်း၊ မင်းလှမြို့နယ်မှာရှိတဲ့ မန်းသံပရာကန်ရေနံချက်စက်ရုံ ကနေ အဓိက သယ်ယူနေတာဖြစ်ပြီး ဗုံးသီးတွေကိုတော့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) က လာတာ ဖြစ်ပါတယ်။

“လေယာဥ်ဆီတွေကို ဧရာဝတီမြစ်ထဲကနေ သင်္ဘာတွေနဲ့သယ်လာတယ်။ မန်းသံပုရာကန်မှာ သိုလှောင်ထားတာ။ အဲဒီကနေ ဆီဘောက်စာ ကားတွေတန်းစီပြီး ပွိုင့်လမ်းကြောင်းနဲ့ လုံခြုံရေးယူပြီး ပြန်သယ်တာ” လို့ ပြောပါတယ်။

နောက်တစ်လမ်းက စင်္ကာပူကလာတဲ့ ဆီတွေကို တစ်ခါထဲတန်းပြီး ရန်ကုန်မြို့ကနေ သယ်နေတာတွေလည်း ရှိနေပါတယ်။

ရှမ်းတဲလေတပ်စခန်းမှာ တရုတ်နိုင်ငံထုတ် CH-3A မောင်းသူမဲ့လေယာဉ် (ဒရုန်း) တပ်ဖွဲ့တွေလည်း ရှိနေတယ်လို့ လေတပ်ဖွဲ့ဝင်ဟောင်းတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီလေတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာ အကြိမ်ပေါင်း ၅ ထောင်ကျော်ရှိခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က သြဂုတ်လ အတွင်းက ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၅၀၀ ကျော်ရှိခဲ့ပြီး နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုရဲ့ ၂၆ ရာခိုင်နှုန်းအထိရှိပြီး အများဆုံးဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ မိတ္ထီလာ မဟာဗျူဟာ

မိတ္တီလာဟာ စစ်ကောင်စီ အတွက် ခံစစ်၊ တိုက်စစ် နှစ်မျိုးလုံးပြင်ဆင်နိုင်တဲ့ မဟာဗျူဟာကျတဲ့ နေရာဖြစ်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, မိတ္တီလာဟာ စစ်ကောင်စီ အတွက် ခံစစ်၊ တိုက်စစ် နှစ်မျိုးလုံးပြင်ဆင်နိုင်တဲ့ မဟာဗျူဟာကျတဲ့ နေရာဖြစ်

မိတ္တီလာဟာ တော်လှန်ရေးအင်အားစုတွေ မထိုးဖောက်နိုင်သေးတဲ့နေရာဖြစ်သလို စစ်ကောင်စီ အတွက် ခံစစ်၊ တိုက်စစ် နှစ်မျိုးလုံးပြင်ဆင်နိုင်တဲ့ မဟာဗျူဟာကျတဲ့ နေရာဖြစ်တယ်လို့ထောက်ပြကြတဲ့ စစ်ရေးအကဲခတ်တွေလည်း ရှိပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်အတွင်းက စစ်ကောင်စီ ဆုံးရှုံးထားတဲ့နေရာတွေကို ပြန်ရဖို့ ထိုးစစ်ပြန်ဆင်မယ်ဆိုရင် မိတ္ထီလာကို အခြေပြုထားရမယ်လို့လည်း ပြောပါတယ်။

“ရှမ်းပြည်တစ်ကြောကို တပ်ဖြန့်နိုင်ဖို့ သူ မိတ္ထီလာကို အထူးပြင်မယ်လို့ ကျွန်တော်တို့ ယူဆတယ်။ မရမက လုပ်လိမ့်မယ်လို့ ထင်တယ်။ စစ်တပ်မှာ တပ်ဖြန့်ဖို့အတွက် စစ်မဟာဗျူဟာအရ စစ်အင်အားစုရပ်၊ ထောက်ပို့စုရပ် ပြင်တဲ့နေရာ ဖြစ်တယ်။ တပ်ဖြန့်ခွဲဖို့အတွက် မိတ္ထီလာဟာ အဓိကနေရာပဲ" လို့ CDM အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်ရအောင်ယူမယ်လို့ ထုတ်ပြောထားတာလည်း ရှိပါတယ်။

"ရိက္ခာခဲယမ်းချတဲ့ လေထီးတွေကို မိတ္ထီလာမှာရှိတဲ့ တပ်မတော်ချည်မျှင်နဲ့အထည်ချုပ်ဌာန က ချုပ်ပေးနေတာ။ လေထီးထုတ်တဲ့နေရာကလည်း အဲဒီမှာဖြစ်တဲ့အတွက် စစ်ဆင်ရေးနေရာတွေကို ပို့မယ့် ရိက္ခာတွေအားလုံး က ရှမ်းတဲကနေ သွားနေတာ။ အဲဒါကြောင့် ထိုးစစ်ပြင်တော့မယ်ဆိုရင် မိတ္ထီလာကို အခြေပြုရမယ်။ ခံစစ်ကိုလည်း အဲဒီမှာပဲ သေချာပြင်ဆင်ထားနိုင်တယ်" လို့ သူက ဆက်ပြောပြပါတယ်။

ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု

တစ်ဖက်မှာလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မှာရှိတဲ့ စစ်တက္ကသိုလ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်သွားနိုင်တဲ့ အခြေအနေရောက်ရင် စစ်တက္ကသိုလ်ကို မိတ္ထီလာကိုရွှေ့နိုင်တဲ့အထိ စစ်ခေါင်းဆောင် စဥ်းစားထားနိုင်တယ်လို့ပြောတဲ့ စစ်ရေးအကဲခတ်တွေလည်း ရှိပါတယ်။

“စစ်တပ်ရဲ့ လေ့ကျင့်ရေးစာစောင်တွေမှာ တစ်ဖက်ရန်သူတပ်ပါတဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ မိတ္ထီလာလွင်ပြင်ကနေ ဝင်လာသမျှစစ်ကြောင်းတွေကို ချေမှုန်းဖျက်ဆီးတဲ့ လေ့ကျင့်ခန်းစီမံချက်တွေနဲ့ သင်ကြားလေ့ကျင့်ခဲ့ကြတာ”လို့ CDM ဗိုလ်ကြီးဇင်ယော်က ဘီဘီစီကို ပြောပါတယ်။

နေပြည်တော်စစ်ရုံးနဲ့ နီးစပ်တဲ့သူတစ်ဦးကတော့ "ပြင်ဦးလွင်လိုနေရာက နေ့လား၊ ညလား မသေချာတော့ရင် စစ်တက္ကသိုလ်(DSA) ကို မိတ္ထီလာကို ပြောင်းလာဖို့ စဥ်းစားချက်တွေတောင် ရှိတယ်။ အာဆီယံအဆင့်ရှိတဲ့ ဇရပ်ကုန်း စက်ပစ်ကွင်းလည်းရှိတယ်။ လေယာဥ်နဲ့ပတ်သက်တဲ့ လက်နက်တွေ စမ်းသပ်တာတို့ ဆို အဲဒီမှာပဲရှိတယ်။ ဝေဟင်ကနေ မြေပြင်ကိုပစ်တဲ့ စမ်းသပ်တာတွေကိုလည်း အဲဒီမှာလုပ်တာ" လို့ သူက ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလယ်က မိတ္ထီလာတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ မိတ္ထီလာလွင်ပြင်ကနေ မြန်မာစစ်တပ် စစ်ဆင်တိုက်ခိုက်ခဲ့ပြီး အောင်ပွဲ ရခဲ့တဲ့ အတိတ်သမိုင်းကြောင်းတွေကို စစ်ခေါင်းဆောင် က ပြန်ထုတ်ပြောခဲ့ပါတယ်။