ဗိုလ်ချုပ်ကြီးရဲဝင်းဦး - စစ်ခေါင်းဆောင်ရဲ့နားမျက်စိ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဦးခင်ညွန့် နဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး
ဓာတ်ပုံ ပုံစာ, ၂၀၂၁ အာဏာသိမ်း စစ်အုပ်ချုပ်ရေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို အထူးယုံကြည်

အင်မတန်တန်ခိုးထွားခဲ့တဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့တပ်ဖွဲ့ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ ဖျက်သိမ်းခဲ့တာ ၂၁ နှစ်တောင်ရှိခဲ့ပါပြီ။

ဒါပေမဲ့ စစ်ခေါင်းဆောင်တွေအတွက် ထောက်လှမ်းရေးရဲ့အရေးပါမှုနဲ့ ထောက်လှမ်းရေးအကြီးအကဲတွေအပေါ် အားကိုးမှုက လျော့မသွားပါဘူး။

အထူးသဖြင့် ၂၀၂၁ အာဏာသိမ်း စစ်အုပ်ချုပ်ရေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို အထူးတလည်ယုံကြည်အားကိုးမှုက ဒီအချက်ကို ပြသနေပါတယ်။

နေပြည်တော်အတွင်းသတင်းတွေအရတော့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးအပေါ် စစ်ခေါင်းဆောင်ရဲ့ ယုံကြည်မှုဟာ ထောက်လှမ်းရေးယန္တရားကို ဦးဆောင်သူတစ်ဦးအဖြစ်သာမကဘဲ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုပါ ပါဝင်နေတယ်လို့ ဆိုကြပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦး အရာရှိငယ် ဘဝကတည်းက တပ်မှာဆုံကြရာကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တပ်ချုပ်ဖြစ်လာတဲ့အခါ ရာထူးအတက်မြန်လာပြီး စရခချုပ်ဗိုလ်ချုပ်ကြီးအထိဖြစ်လာခဲ့ပါတယ်။

အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူးနဲ့ စစ်ကော်မရှင်အတွင်းရေးမှူး တာဝန်တွေယူခဲ့သူဗိုလ်ချုပ်ကြီးရဲဝင်းဦး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်က မြနန်းဘုံသာလမ်းနေအိမ် ခြံအမှတ် ၃၃ ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းမှုကို စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဦးဆောင်ခဲ့ပါတယ်။

အာဏာသိမ်းတဲ့ ပထမဆုံးနေ့ကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် အရေးကြီးတာဝန်ကိုယူခဲ့တဲ့ စရခချုပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ဖွဲ့တဲ့ စစ်ကောင်စီရဲ့ အဓိကလူလည်းဖြစ်လာပါတယ်။

အာဏာသိမ်းစစ်အုပ်ချုပ်ရေးရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အတွင်းရေးမှူးက ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးဆိုပေမဲ့ သူ့ကို ရုံးအုပ်ကြီးလို့ပဲ သိကြပါတယ်။

တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကပဲ စစ်ခေါင်းဆောင်ရဲ့ နားနဲ့မျက်စိသဖွယ်ဖြစ်တယ်လို့ အရှေ့ရွာ(စစ်ရုံးချုပ်)မှာ ဆိုစမှတ်ရှိကြပါတယ်။

ပြည်တွင်းပြည်ပခရီးစဥ်တွေ၊ သံတမန်လက်ခံတွေ့ဆုံပွဲတွေ၊ နိုင်ငံတော်အဆင့်အခမ်းအနားတွေနဲ့ အစည်းအဝေးတွေမှာပါ စစ်ခေါင်းဆောင်ရဲ့အနီးမှာ စရခချုပ်ကို အမြဲတွေ့ရလေ့ရှိပါတယ်။

၂၀၂၅ ခု သြဂုတ်လမှာ စစ်ကောင်စီကိုဖျက်သိမ်းပြီး စစ်ကော်မရှင်ကိုထပ်ဖွဲ့တဲ့အခါ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ရှေ့တန်းပိုရောက်လာပြီး ကော်မရှင်အတွင်းရေးမှူးပါ ဖြစ်လာပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးမှာလည်း သူက တွဲဖက်အမှုဆောင်ချုပ်ဖြစ်ပါတယ်။

ဒါ့အပြင် သူနဲ့အတူရာထူးတက်တဲ့ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးညိုစောနဲ့ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ စစ်ဘက်ကနေအငြိမ်းစားယူသွားကြပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်လက်ကိုင်ရှိနေသေးတဲ့အတွက် စစ်ဘက်ရောအုပ်ချုပ်ရေးဘက်မှာပါ စရခဗိုလ်ချုပ်ကြီးရဲ့ အာဏာရှိနေပါတယ်။

အတွင်းလူ ဗိုလ်ချုပ်ကြီး

ရုရှားခရီးစဥ်အတွင်းတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ဇနီး ဒေါ်နီလာ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ရုရှားခရီးစဥ်အတွင်းတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ဇနီး ဒေါ်နီလာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"နေပြည်တော်လုံခြုံရေးကိုစိုးရိမ်နေရတဲ့အချိန်တုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိပ်မယ့်နေရာကိုသိတဲ့သူက နှစ်ယောက်ပဲရှိတယ်။ ကိုယ်ရံတော်ကြီး(ဗိုလ်ချုပ်မိုးမြင့်ဆွေ)နဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးပဲ" လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ စရခချုပ်ဟာ မိသားစုချင်းပါ ရင်းနှီးကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်ယူတုန်းက ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဆုံခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦး ရန်ကုန်တိုင်းစစ်ဌာနချုပ် မှာ စစ်ဦးစီးမှူး ပထမတန်း ( G-1 ) တာဝန်ယူစဥ်မှာတော့ မိသားစုချင်း ရင်းနှီးမှုတိုးခဲ့ကြတာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ယောက္ခမ ဖြစ်သူ အမှတ်(၂) စစ်ဆေးရုံမှာတက်နေစဥ်ကာလက ဗိုလ်ချုပ်ကြီးရဲဝင်းဦးကတော်က နှစ်ပေါက်အောင် လူနာသွားစောင့်ပေးခဲ့ကြောင်း ဆေးဝန်ထမ်းတပ်ညွှန်ကြားရေးမှူးရုံးက သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့

ဇနီး ဒေါ်နီလာတို့ကလည်း ရင်းနှီးကြပါတယ်။

ဒီအချက်က ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ တက်လမ်းအတွက်အရေးပါခဲ့တယ်လို့ တပ်အသိုင်းအဝိုင်းက ယုံကြည်ကြပါတယ်။

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဟောင်း လက်ရှိကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ဟာ ခမည်းခမက် တော်စပ်ကြပါသေးတယ်။

ဗိုလ်သင်တန်း အပတ်စဥ် ၇၇ ဆင်းဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ရန်ကုန်၊အင်းတိုင်အခြေစိုက် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်မှာ တပ်မမှူးဖြစ်ခဲ့ပါတယ်။

အဲဒီနောက် စစ်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး စတဲ့ရာထူးတွေ ဆက်တိုက် ထမ်းဆောင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်လာပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်ခေတ်လွန် အာဏာအရှိဆုံး ထောက်လှမ်းရေးအကြီးအကဲဖြစ်လာပါတယ်။

ထောက်လှမ်းရေးနဲ့ စရဖ

ထောက်လှမ်းရေးကို "နိုင်ငံထဲက နိုင်ငံ" လို့ တင်စားခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထောက်လှမ်းရေးကို "နိုင်ငံထဲက နိုင်ငံ" လို့ တင်စားခဲ့

အာဏာပြင်းပုံချင်းတူကြပေမဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ထောက်လှမ်းရေးခေတ်လောက်တော့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ စရဖက အာဏာမပြင်းပါဘူး။

ဗိုလ်ချုပ်ကြီးခင်ညွန့်က ၁၉၈၃ ခုနှစ်ကစပြီး ထောက်လှမ်းရေးအကြီးအကဲအဖြစ်တာဝန်ယူခဲ့လို့ ၂၁ နှစ်ကြာအထိ ထောက်လှမ်းရေးဦးဆောင်နယ်ပယ်ထဲမှာ ကျင်လည်ခဲ့သူဖြစ်ပါတယ်။

ထောက်လှမ်းရေးအကြီးအကဲနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးအထိ သူ့ရဲ့အာဏာကို ဖြန့်ကျက်နိုင်ခဲ့ပါတယ်။

အာဆီယံနဲ့ နိုင်ငံတကာလုံခြုံရေးကဏ္ဍကျွမ်းကျင်သူ အင်ဒရူးဆဲ့လ်က ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ထောက်လှမ်းရေးကျဆုံးခြင်း ဆိုတဲ့ စာအုပ်ကိုရေးသားပြုစုခဲ့ပြီး ၂၀၁၉ မှာ ထုတ်ဝေခဲ့ပါတယ်။

ဒီစာအုပ်ထဲမှာ ထောက်လှမ်းရေးယန္တရားကို "မမြင်ရသော အစိုးရ" (an invisible government) လို့တင်စားထားရုံမက "နိုင်ငံတော်အတွင်းက နိုင်ငံတော်" (a state within the state) လို့ပါ ဖော်ပြပါတယ်။

"တိုင်းပြည်ကို ဦးခင်ညွန့် အုပ်ချုပ်တယ်ပဲ ထင်ခဲ့တာ" လို့ ဂျန်ဇီးလူငယ်တစ်ဦးက ပြောပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလစ်တနာကလည်း ထောက်လှမ်းရေးကမှ တကယ့်အစိုးရလို့ ပြောခဲ့ပါတယ်။

တိုင်းမှူးတွေဟာ သူတို့ထက် ရာထူးအဆင့်နိမ့်တဲ့ ထောက်လှမ်းရေးအရာရှိတွေကို ကြောက်ခဲ့ရတဲ့အကြောင်း အင်ဒရူးဆဲ့လ်ရဲ့စာအုပ်ထဲ အသေးစိတ်ဖော်ပြထားပါတယ်။

အငြိမ်းစားစစ်မှုထမ်းတွေကလည်း ဒီအချက်မှန်ကန်ကြောင်းအတည်ပြုပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်

စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်(ကြီး)က ၂၀၀၆ ခုနှစ်ဝန်းကျင်တုန်းက ကချင်ပြည်နယ်ခရီးစဥ်တစ်ခုမှာ တာဝန်ချိန်ပြင်ပမှာ အရပ်ဝတ်နဲ့ စျေးဝယ်ထွက်ခဲ့ပါတယ်။

"ထောက်လှမ်းရေးသာရှိသေးရင် အခုလိုဘယ်ထွက်ရဲလိမ့်မလဲ" လို့ ကစထမှူးက ပြောခဲ့တဲ့အကြောင်း ခရီးစဥ်မှာပါဝင်ခဲ့သူတစ်ဦးက ဘီဘီစီကိုပြန်ပြောပြပါတယ်။

ထောက်လှမ်းရေးအစီရင်ခံစာတွေဟာ စစ်ဘက်အရာရှိတွေကို ရာထူးပြုတ်အောင်လုပ်နိုင်သလို

အတိုက်အခံတွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုလည်းထောင်ချနိုင်ပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့် ထောက်လှမ်းရေးအကြီးအကဲ ကာလအတွင်း လူပေါင်း ၁၀,၀၀၀ လောက်ကို အမျိုးမျိုးသော နိုင်ငံရေးပြစ်မှုတွေနဲ့ ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ကိုးကားပြီး အင်ဒရူးဆဲ့လ်က ရေးပါတယ်။

ထောက်လှမ်းရေးရဲ့အာဏာဟာ လူတစ်ယောက်ကိုထောင်ထဲထည့်နိုင်သလို လူတစ်ယောက်ကို ထောင်ကလည်း လွှတ်ပေးနိုင်တဲ့အထိ အာဏာပြင်းတယ်လို့ ထောက်လှမ်းရေးဟောင်းတွေနဲ့ နီးစပ်သူတစ်ဦးက ပြန်ပြောပြပါတယ်။

"တရားသူကြီးတွေ ထောက်လှမ်းရေးကပို့တဲ့ စာအိတ်ဖောက်ဖတ်ပြီးမှ အမိန့်ချခဲ့ရတဲ့တစ်ခေတ်က တကယ်ရှိခဲ့တာပါ" လို့ အငြိမ်းစားတပ်အရာရှိတစ်ဦးကပြောပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးဟာတွေဟာ နိုင်ငံခြားရေးနဲ့စစ်ရေးကနေ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ လူမှုရေးကဏ္ဍတွေအထိ သူတို့ရဲ့လက်တံကိုဖြန့်ကျက်ထားနိုင်ခဲ့လို့ "နိုင်ငံထဲက နိုင်ငံ" လို့ တင်စားခံခဲ့ရတာပါ။

တစ်စထက်တစ်စ အာဏာပြင်းလာတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ထောက်လှမ်းရေးတပ်တွေနဲ့ ဒုချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ခြေလျင်တပ်တွေ ကာလရှည်အားပြိုင်မှုအပြီး ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးဖျက်သိမ်းခံရပြီး ထောက်လှမ်းရေးအကြီးအကဲအပါအဝင် ထောက်လှမ်းရေးအရာရှိတွေ ထိန်းသိမ်းခံခဲ့ရပါတယ်။

ထောက်လှမ်းရေးဖျက်သိမ်းမှုမှာ အရာရှိ ၃၀၀ ကျော်နဲ့ အခြားအဆင့် ၃,၀၀၀ လောက်ကို တိုက်ရိုက် သက်ရောက်မှုရှိခဲ့တယ်လို့ ယူဆရကြောင်း အင်ဒရူးဆဲ့လ်က သူ့စာအုပ်မှာ ဖော်ပြပါတယ်။

ထောက်လှမ်းရေးအဖွဲ့ရှင်းလင်းခံရမှုက တပ်မှာ အထင်ကရဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး ဇာတ်တူသားစားတဲ့ဖြစ်ရပ်လို့ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေက ပြောခဲ့ကြပါတယ်။

NLD အစိုးရခေတ်မှာပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့ စရခချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို တပ်ကပြန်ခေါ်ပြီး ရာထူးကနေ အနားပေးခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, MSCO

ဓာတ်ပုံ ပုံစာ, NLD အစိုးရခေတ်မှာပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့ စရခချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို တပ်ကပြန်ခေါ်ပြီး ရာထူးကနေ အနားပေးခံခဲ့ရ

ထောက်လှမ်းရေးကို ဖျက်သိမ်းပြီးတဲ့နောက် ၂၀၀၅ ခုနှစ်မှာ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရဖ) ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမဲ့ ထောက်လှမ်းရေးလို အာဏာထက်မလာအောင် လုပ်ခဲ့လို့ အားနည်းချက်ရော အားသာချက်တွေပါရှိခဲ့တယ်လို့ အငြိမ်းစားတပ်အရာရှိတွေက ပြောပါတယ်။

ထင်ရှားတဲ့သာဓကတွေကတော့ အရာရှိစစ်သည်တွေကို အရင်ကလို ထောက်လှမ်းရေးတပ်ဖွဲ့မှာပဲ သီးသန့်မထားတော့ဘဲ စရဖမှာတစ်လှည့် ခြေလျင်မှာတစ်လှည့်ထားတာမျိုး လုပ်ပါတယ်။

စရဖတပ်ဖွဲ့ဝင်တစ်ဦး ရာထူးတိုးပေးတဲ့အခါ ခြေလျင်တပ်ကိုပါ တစ်ခါတည်း ပြောင်းရွှေ့လိုက်တာမျိုးလည်း လုပ်ခဲ့ပါတယ်။

ထောက်လှမ်းရေးခေတ်က ပြည်ထဲရေးဝန်ကြီးဌာနအောက်က အထူးသတင်းတပ်ဖွဲ့(SB)နဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ ကကလှမ်းကို သတင်းအချက်အလက်တွေပေးပို့ခဲ့ရပေမဲ့ စရဖခေတ်ဦးမှာတော့ ဒီသတင်းစီးဆင်းမှုတွေကို ဖြတ်တောက်ခဲ့တယ်လို့ စရဖဟောင်းတစ်ဦးက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာအပြီးမှာတော့ ပြည်ထဲရေးဝန်ကြီးဌာနကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို ကိုင်တွယ်စေခဲ့ပြီး စရခချုပ်ကလည်း ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ဖြစ်လာပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တွေကိုလည်း ရာထူးအပြောင်းအရွှေ့လုပ်ခဲ့ပြီး စရခချုပ် ဒုဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ပြည်ထဲရေးဝန်ကြီးတွေဖြစ်လာကြတာ တွေ့ရပါတယ်။

နောက်ထပ် စရခချုပ်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးကိုလည်း ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) အဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါကြောင့် ဘယ်စရခချုပ်မှ ဗိုလ်ချုပ်ကြီးခင်ညွန့်လို အာဏာတည်ဆောက်ဖို့ အခွင့်အရေး မရခဲ့ကြတော့ပါဘူး။

ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး တူတာနဲ့မတူတာတွေ

ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images/CINCDS

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး

နေပြည်တော်၊ စစ်ရုံးမှာ ထောက်လှမ်းရေးရုံးချုပ် ထည့်သွင်းတည်ဆောက်ခဲ့ပေမဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးအဖြစ် မသုံးခဲ့ပါဘူး။

စရခချုပ်အဆက်ဆက်ဟာလည်း ဗိုလ်ချုပ်ကြီးခင်ညွန့်လို ထင်ပေါ်ကျော်ကြားမှုမျိုးမဖြစ်အောင် ပါးပါးနပ်နပ်နေခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် သစ္စာစောင့်သိကြောင်း ပြသခဲ့ကြပါတယ်။

"ဦးသန်းရွှေက ဦးမြင့်ဆွေကို သဘောကျခဲ့သလို ဦးမင်းအောင်လှိုင်ကလည်း ဦးကျော်ဆွေကို အတော်သဘောကျခဲ့တာပါ။ အယုံကြည်ရဆုံးသူတွေကိုပဲ စရခချုပ်ပေးတာလေ" လို့ စရဖဟောင်းတစ်ဦးကပြောပါတယ်။

ဒါပေမဲ့ NLD အစိုးရခေတ်မှာပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့ စရခချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို တပ်ကပြန်ခေါ်ပြီး ရာထူးကနေ အနားပေးခံခဲ့ရပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့်ခေတ်လွန်မှာ အာဏာအများဆုံးပြန်ရတဲ့ စရခချုပ်ကတော့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဖြစ်ပါတယ်။

စရခချုပ်အဆက်ဆက်ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သာပေးခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပထမဆုံးအဆင့်တိုးမြှင့်ပေးခြင်းခံရပါတယ်။

၁၉၈၈ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှာ ထောက်လှမ်းရေးအကြီးအကဲက အတွင်းရေးမှူး(၁) ဖြစ်သလို ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီမှာလည်း စရခချုပ်က တွဲဖက်အတွင်းရေးမှူးဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ထောက်လှမ်းရေးအကြီးအကဲရော ဝန်ကြီးချုပ်တာဝန်ပါ ပူးတွဲရယူခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဝန်ကြီးချုပ်ရာထူးကို ဦးညိုစောကိုပေးထားပြီး စရခချုပ်ကို စစ်ကော်မရှင်အတွင်းရေးမှူးနေရာမှာထားကာ အာဏာကိုဖြန့်ခွဲထားပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး(လယ်) နဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး(လယ်) နဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေး

ထောက်လှမ်းရေးခေတ်က နိုင်ငံရေးသမားတွေနဲ့အတိုက်အခံတွေကို စောင့်ကြည့်၊ ဖမ်းဆီး၊ စစ်ကြောခဲ့တဲ့တာဝန်ကို ၂၀၂၁ အာဏာသိမ်းကာလမှာ စရဖက ဆက်ယူပါတယ်။

စစ်ကြောရေးမှာနှိပ်စက်ခံရရင်း သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေက ထောက်လှမ်းရေးခေတ်ကတည်းက စရဖခေတ်အထိ ဆက်ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းထင်ရှားတဲ့အမှုတစ်ခုက ၂၀၂၁ မေ ၂၄ တုန်းက ပဲခူးမှာ ဖမ်းဆီးခံရပြီး သေဆုံးခဲ့တဲ့ ကိုစိုးမိုးလှိုင် အမှုဖြစ်ပါတယ်။ သူက အဲဒီကာလက ရဲချုပ်တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ရဲ့ ညီအရင်းဖြစ်ပါတယ်။

သူနဲ့တစ်လတည်းမှာပဲ ကဗျာဆရာ ခက်သီ ရွှေဘိုမှာ အဖမ်းခံရပြီး ၂၄ နာရီမပြည့်ခင် သေဆုံးသွားခဲ့ပါသေးတယ်။

ဖမ်းဆီးခံရပြီးနောက်ပိုင်း အလောင်းပြန်ရတဲ့အထဲ စုအသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ)တာဝန်ခံ ဦးဇော်မြတ်လင်း လည်း အပါအဝင်ဖြစ်ပါတယ်။ သူက ၂၀၂၁ မတ်လ ၈ ရက် ညက ဖမ်းဆီးခံခဲ့ရပြီး နောက်ရက်မှာ မိသားစုကို အလောင်းခေါ်ပြခဲ့တာပါ။

ထောက်လှမ်းရေးခေတ်က ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်တွေကို ဖမ်းဆီးခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD အမတ်တွေကိုလည်း စရဖက ဖမ်းဆီးခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတစ်ခေတ်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်က ထူထောင်ခဲ့ပြီး စရဖက အဲဒီဆက်ဆံရေးကို အခုထိ ဆက်ထိန်းထားပါတယ်။

ထောက်လှမ်းရေးခေတ်တုန်းက လူသားအခြေပြုထောက်လှမ်းရေးစနစ် (သတင်းပေးမွေးမြူခြင်း) ကို အဓိကထားသုံးခဲ့ပေမဲ့ စရဖခေတ်မှာတော့ သတင်းအချက်အလက်နည်းပညာ အခြေပြုတဲ့စနစ်ကို အဓိက သုံးလာရတာ တွေ့ရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအလွန်မှာ တက်လာတဲ့ သမ္မတတွေနဲ့ ဝန်ကြီးတွေလည်း ထောက်လှမ်းရေးစနစ်အောက်က မလွတ်ပါဘူး။

"လုံခြုံရေးလို့ အကြောင်းပြပေမဲ့ ဘာအဓိပ္ပါယ်လဲ ဆိုတာ သိကြပါတယ်" လို့ ဝန်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။

ခရီးစဥ်တွေကိုလိုက်တဲ့အပြင် ဖုန်းတွေကိုကြားဖြတ်နားထောင်တဲ့ အလုပ်ကိုလည်း ထောက်လှမ်းရေးနဲ့ စရဖက ပုံမှန်လုပ်ခဲ့ကြတဲ့အတွက် သူတို့ဖုန်းတွေဟာ ဘယ်တော့မှမလုံခြုံမှန်း အစိုးရအဖွဲ့ဝင်တွေက နားလည်ထားကြပါတယ်။

"အန်တီ(ဒေါ်အောင်ဆန်းစုကြည်)က ရာထူးပေးတော့ တစ်ခုပဲမှာတယ်။ သားလုပ်နိုင်တာကိုသိတယ်။ သားသိထားဖို့က ဖုန်းကြားဖြတ်နားထောင်ခံရမယ်။ နောက်ယောင်ခံအလိုက်ခံရမယ်။ဒါကိုခံနိုင်မှ ဒီတာဝန်ယူပါ" လို့ ပြောခဲ့တဲ့အကြောင်း NLD အစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

စရဖချုပ်ရဲ့အလားအလာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး

အာဏာသိမ်းပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ဒုတိယလူဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပြင် နောက်ထပ် ဗိုလ်ချုပ်ကြီးသုံးဦးကို အာဏာဖြန့်ခွဲထားတာ တွေ့ရပါတယ်။

ဥပဒေနဲ့ရုံးလုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ စီးပွားရေးမှာ ဗိုလ်ချုပ်ကြီးညိုစောတို့ကို သုံးခဲ့ပေမဲ့ ထောက်လှမ်းရေးသတင်းတွေ ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုတော့ ကဏ္ဍစုံမှာ သုံးပါတယ်။

Sky လို့ အမည်ပြောင်ပေးထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့လို စစ်ခေါင်းဆောင်ရဲ့လက်ရုံးတွေကို အရေးယူချိန်မှာ စရဖချုပ်ရဲ့သတင်းတွေကို အဓိက အားထားခဲ့တဲ့အကြောင်း အရှေ့ရွာက သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

"ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဆိုရင် သူပြဿနာတက်တာသိသိချင်း ဗိုလ်ချုပ်ကြီး ကျွန်တော်လုပ်တာမဟုတ်ဘူးဆိုပြီး စရခချုပ်ရုံးခန်းမှာ သွားတောင်းပန်ခဲ့သေးတာ" လို့ အဲဒီသတင်းအရင်းအမြစ်ကပြောပါတယ်။

အလားတူ အာဏာသိမ်းပြီးနောက်ပိုင်း အရေးယူခံရတဲ့ စစ်ဗိုလ်ချုပ်ဒါဇင်ကျော်ကို ဖယ်ရှားရာမှာလည်း စရဖသတင်းတွေကပဲ အဓိကကျခဲ့ပါတယ်။

တပ်တွင်းမှာရော စစ်ကော်မရှင်မှာပါ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့အာဏာက သိသိသာသာ တက်လာခဲ့ပေမဲ့ သူက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)အဆင့်တွေကိုပဲ ပေးတဲ့ ဗိုလ်ချုပ်ကြီးအဆင့်ကို သူက စရဖချုပ်ရာထူးနဲ့ ရယူထားနိုင်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တပ်ချုပ်နေရာကို ဆက်ခံမယ့်စာရင်းမှာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့အတူဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့အမည်ကိုပါ စစ်ရေးအကဲခတ်တွေက ထည့်သွင်းလာကြပါတယ်။

ဒါပေမဲ့လည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးအနေနဲ့ တပ်ချုပ်မဖြစ်ခဲ့ရင်တောင် ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့အဖြစ်မျိုးနဲ့မကြုံရင်ကို အရှုံးမရှိဘူး လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

တကယ်လို့သာ သူ တပ်ချုပ်ဖြစ်ခဲ့ရင်တော့ ထောက်လှမ်းရေးကိုင်တဲ့သူထဲက ပထမဆုံးတပ်ချုပ်ဖြစ်လာမှာပါ။

ဒါမှမဟုတ် စရခချုပ်အနေနဲ့ ရွေးကောက်ပွဲအလွန်မှာ တပ်ထဲမှာပဲ ဆက်ရှိမလား အရပ်ဘက်အုပ်ချုပ်ရေးကို ရောက်မလားဆိုတာက စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။