ပင်လယ်အောက် စမ်းသပ်သတ္တုမိုင်းကြောင့် အဏ္ဏဝါသက်ရှိတွေတိမ်းပါး

ဓာတ်ပုံ ရင်းမြစ်, Natural History Museum/ University of Gothenburg
- ရေးသားသူ, ဂျော်ဂျီနာ ရန်နတ်
- ရာထူးတာဝန်, ရာသီဥတုနဲ့ သိပ္ပံဆိုင်ရာ သတင်းထောက်
နက်ရှိုင်းတဲ့ ပင်လယ်တွင်းမှာ သတ္တုမိုင်းတူးစက်တွေကြောင့် ပင်လယ်ကြမ်းပြင်က သတ္တဝါတွေရဲ့ ဘဝကို အကြီးအမား သက်ရောက်မှု ရှိကြောင်း သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒီစက်ယန္တရားတွေမောင်းနှင်ရာ လမ်းကြောင်းတွေပေါ်က သတ္တဝါပေါင်း ၃၇ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ သူတို့က ဆိုပါတယ်။
ဒီလို သုတေသနမျိုးထဲမှာ အကြီးဆုံးလေ့လာမှုလို့ ပြောကြတဲ့ အခုတွေ့ရှိမှုမှာ ပစိဖိတ်သမုဒ္ဒရာထဲ ဝေးခေါင်လှတဲ့အရပ်က အဏ္ဏဝါကြမ်းပြင်မှာ ရှင်သန်နေထိုင်ကြတဲ့ သတ္တဝါပေါင်း ၄,၀၀၀ ကျော်ကို တွေ့ခဲ့ကြရပါတယ်။ အဲဒီထဲက ၉၀ ရာခိုင်နှုန်း ခန့်ဟာ အခုမှ တွေ့ရှိရတဲ့ မျိုးစိတ်အသစ်တွေ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ရည်ရွယ်တဲ့ စိမ်းလန်းနည်းပညာတွေအတွက် လိုအပ်တဲ့ အရေးကြီး သတ္တုတွေက ပင်လယ်သမုဒ္ဒရာအောက်က ကြမ်းပြင်မှာ ရှိနေကြပါတယ်။ အခုထိတော့ နိုင်ငံတကာ ရေပိုင်နက် ပင်လယ်အောက်က ကြမ်းပြင်တွေမှာ မိုင်းတူးခွင့် မပြုကြသေးပါဘူး။ မိုင်းတူးမှုကြောင့် ဖြစ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို မသိနိုင်သေးဘဲ ဒီမိုင်းတူးခွင့်တွေကို ခွင့်မပြုကြသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Natural History Museum/ University of Gothenburg
ဒီသုတေသနအဖွဲ့မှာ လန်ဒန် သဘာဝ သမိုင်းပြတိုက် (Natural History Museum)၊ ဗြိတိန် အမျိုးသား ပင်လယ် သမုဒ္ဒရာ စင်တာ ( UK National Oceanography Centre) နဲ့ ဂိုတင်ဘတ် တက္ကသိုလ် (University of Gothenburg) က ပညာရှင်တွေ ပါဝင်ပြီး ပင်လယ်တွင်း မိုင်းတူးတဲ့ အခရာသတ္တုများကုမ္ပဏီ (The Metals Company) က ပန်ကြားမှုနဲ့ လုပ်ဆောင်ကြတာပါ။
ဒါပေမဲ့ သုတေသီတွေက သူတို့ဟာ လွတ်လွတ်လပ်လပ် လုပ်ဆောင်ကြတာဖြစ်ပြီး ရလဒ်တွေကို မထုတ်ပြန်ခင် ကုမ္ပဏီကို မပေးသလို ကုမ္ပဏီကနေ ပြင်ဆင်လို့လည်း မရဘူးလို့ ပြောပါတယ်။
ပင်လယ် ကြမ်းပြင်မှာ ၈၀ ကီလိုမီတာကို မိုင်းတူးစက်တွေနဲ့ မောင်းကြည့်ပြီး စက်တွေ မမောင်းခင် ၂ နှစ်တုန်းကနဲ့ မောင်းပြီး ၂ လ အကြာမှာ တွေ့ရတဲ့ ဇီဝမျိုးကွဲတွေကို သုတွေသီအဖွဲ့က နှိုင်းယှဥ်ကြည့်ကြတာပါ။
သူတို့က တီကောင်တွေ၊ ပင်လယ် ပင့်ကူတွေ၊ ပက်ကျိလေးတွေ၊ ဂုံးကောင်လေးတွေ စသဖြင့် ၀.၃ မီလီမီတာ ကနေ ၂ စင်တီမီတာ ကြား အရွယ်ရှိတဲ့ သတ္တဝါတွေကို အဓိကလေ့လာခဲ့တာပါ။
စက်ယန္တရား ဆွဲသွားတဲ့ စွတ်ကြောင်းတလျှောက်မှာ သတ္တဝါတွေ ၃၇ ရာခိုင်နှုန်း လျော့ကျသွားပြီး ဇီဝမျိုးကွဲပေါင်း ၃၂ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Natural History Museum/University of Gothenburg
"စက်ယန္တရားကြောင့် မသေဘဲ ကျန်နေရင်တောင် အဲဒီမိုင်းတွင်း လုပ်ငန်းကြောင့် ဖြစ်လာတဲ့ ညစ်ညမ်းမှုတွေကြောင့် ခံနိုင်ရည် ပိုနည်းတဲ့ ဇီဝမျိုးကွဲတွေက တဖြည်းဖြည်း သေသွားနိုင်ပါသေးတယ်" လို့လည်း အမျိုးသား ပင်လယ်သမုဒ္ဒရာ စင်တာက ဒေါက်တာ ဂေါ်ဒါလုပီ ဘရစ်ဘိုင်စကာ ကွန်တရီရတ်စ်က ပြောပါတယ်။
ဒါပေမဲ့ စက်မောင်းသွားတဲ့ စွတ်ကြောင်းဘေးက အနည်အနှစ်တွေ စုပုံတဲ့နေရာမှာတော့ သတ္တဝါလေးတွေရဲ့အကောင်အရည်အတွက်က လျော့မသွားတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Natural History Museum/University of Gothenburg
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခရာသတ္တုများကုမ္ပဏီရဲ့ပြောခွင့်ရသူကတော့ "သူတို့ ရခဲ့တဲ့ ဒေတာ အချက်အလက်တွေက အားရစရာ" လို့ ဆိုပါတယ်။
"လှုပ်ရှားတက်ကြွသူတွေက မိုင်းတွင်းရဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ အဝေးအထိ သက်ရောက်မှုတွေ ရှိမယ်လို့ နှစ်ပေါင်းများစွာ ပြောလာခဲ့တာပါ၊ အခုရတဲ့ အချက်အလက်တွေအရ မိုင်းတူးတဲ့ နေရာမှာပဲ ဇီဝမျိုးကွဲတွေ အပေါ် သက်ရောက်မှု ရှိတာပါ။"
ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တချို့က မိုင်းတွင်း ကုမ္ပဏီတွေအတွက် သတင်းကောင်း မဟုတ်ပါဘူးလို့ ဆိုပါတယ်။
"အခုအဆင့်က စမ်းသပ်တူးတာကို ကြည့်တာပါ၊ ဒါတောင် သက်ရောက်မှုက ကြီးမားပါတယ်။ တကယ်လို့သာ မိုင်းတူးတာ အကြီးအမားဆိုရင် ပျက်စီးမှုတွေက ပိုများပြီး ပိုကျယ်ပြန့်မှာပါ" လို့ ချက်သန် ဟောက်စ်၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်း စင်တာက အကြီးတန်း သုတေသီ ဒေါက်တာ ပက်ထရစ် ရှရိုဒါက ပြောပါတယ်။
ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်မှာ မိုင်းတူးမယ့်လုပ်ငန်းက တကယ့်ကို အငြင်းအခုန်ဖြစ်နေဆဲပါ။
ပိစိဖိတ် သမုဒ္ဒရာအတွင်း စုတုရန်း ကီလိုမီတာ ၆ သန်း ကျယ်တဲ့ ကလယ်ရီယွန် ကလစ်ပါတန် ဇုန် (Clarion-Clipperton Zone) မှာ နီကယ်၊ ကိုဘော့၊ ကြေးနီတွေ တန်ချိန်ပေါင်း ၂၁ ဘီလျံလောက် ခိုအောင်းနေလိမ့်မယ်လို့ တွက်ချက်ကြပါတယ်။
ရာသီဥတုပြောင်းလဲလာတဲ့အရေးကြောင့် လိုအပ်လာတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ နည်းပညာတွေအတွက် ဒီအရေးကြီးသတ္တုတွေကို ကမ္ဘာက ရှာဖွေနေပါတယ်။
ဒီလို သတ္တုတွေကို လိုအပ်မှုက ၂၀၄၀ ကျရင် အခုထက် အနည်းဆုံး ၂ ဆ တက်လာမှာလို့ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (International Energy Agency) က ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Natural History Museum/University of Gothenburg
သိပ္ပံပညာရှင်တွေကတော့ ပင်လယ်ကြမ်းပြင်ကနေ မိုင်းတွင်း တူးပြီး ဒီသတ္တုတွေကို ယူမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အကြီးအမားနဲ့ ကြုံရမယ်လို့ သတိပေးနေပါတယ်။
နိုင်ငံတကာ ပင်လယ်ပြင်မှာ လုပ်ဆောင်မှုတွေကို အာဏာပိုင်စိုးတဲ့ နိုင်ငံတကာ အဏ္ဏဝါကြမ်းပြင် အာဏာပိုင်အဖွဲ့ (International Seabed Authority - ISA) က စူးစမ်းဖို့ လိုင်စင် ၃၁ ခု ကို ထုတ်ပေးထားပေမယ့် စီးပွားဖြစ် မိုင်းတူးခွင့်ကိုတော့ ခွင့်မပြုသေးပါဘူး။
ပင်လယ်ကြမ်းပြင်မှာ မိုင်းတူးခွင့် ပိတ်ပင်ထားတာကို နိုင်ငံပေါင်း ၃၇ နိုင်ငံက ထောက်ခံထားပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့လည်း အဲဒီနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
နော်ဝေကလည်း အာတိတ်နဲ့ သူ့ရေပိုက်နက်ထဲမှာ ပင်လယ် မိုင်းတူးလုပ်ငန်းအစီအစဥ်ကို ဒီသီတင်းပတ်ထဲမှာ ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီသတ္တုတွေ ရှာဖွေတူးဖော်ဖို့ လုပ်နေကြတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ စီမံချက်တွေကို ခပ်သွက်သွက်လုပ်ကြဖို့ ပြီးခဲ့တဲ့ ဧပြီလထဲမှာပဲ တိုက်တွန်းခဲ့ပါတယ်။











