နီကယ်တူးဖော်မှုတွေက သဘာဝပတ်ဝန်းကျင်နဲ့ စားဝတ်နေရေးကို ခြိမ်းခြောက်နေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းသူတွေကပြော

- ရေးသားသူ, ဗယ်ဒ်ယာ ဘာရာပူတီ
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ အင်ဒိုနီးရှား
နီကယ်ဟာ လူတွေရဲ့ နေ့စဉ်ဘဝ ခွဲထုတ်ဖို့ တော်တော်ခက်ပါတယ်။ လူတွေ သုံးနေကြတဲ့ စတီးလ်နဲ့ လုပ်တဲ့ သံမဏိ သံထည် ပစ္စည်းတွေ၊ မိုဘိုင်းလ် ဖုန်းတွေကအစ လျှပ်စစ်ကားတွေရဲ့ ဘက်ထရီတွေမှာပါ မကျန်အောင် နီကယ်ကို သုံးနေရတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းစေမယ့် ယာဉ်တွေကို ပိုပြီး အသုံးပြုလာနေကြတာနဲ့ အမျှ ဒီလို သတ္တုမျိုးတွေရဲ့ လိုအပ်ချက်ကလည်း ပိုပြီး မြင့်မားလာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကတော့ ကမ္ဘာပေါ်မှာ နီကယ်သတ္တု အများဆုံး ထုတ်လုပ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေတွေအပေါ်မှာ ကြီးစွာသော ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံလာရနိုင်တယ်လို့ သတိပေးနေကြပါတယ်။
အင်ဒိုနီးရှားက ဆူလာဝေဆီ အရှေ့တောင်ပိုင်း မှာရှိတဲ့ လဘန်းကီ ကျွန်းပေါ်မှာ ဖြစ်ပါတယ်။ လက်နှိပ်ဓာတ်မီးနဲ့ လေးမြားတွေ ကိုင်ဆောင်ပြီး ငါးဖမ်းထွက်လာကြတဲ့ လူ ၂ ယောက်နဲ့ ဘီဘီစီက အတူလိုက်ပါခဲ့ပါတယ်။ သူတို့က ငါး၊ ပုစွန်ထုပ်နဲ့ ပင်လယ်သခွား- ပင်လယ်မျှော့လို့ ခေါ်ကြတဲ့ ရေနေသတ္တဝါတွေကို အရှာထွက်လာကြတာ ဖြစ်ပါတယ်။ သူတို့က ငါးတွေဟာ ညဘက်မှာ သိပ်လှုပ်လှုပ်ရှားရှား မရှိကြတဲ့ အတွက် ဖမ်းရပိုလွယ်တယ်လို့ ဆိုပါတယ်။
ဒီလူတွေဟာ ဘာဂျိုလို့ ခေါ်တဲ့ ဌာနေတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ရေငုပ်ကောင်းသလို ပင်လယ်စာရှာရာမှာပါ ကျွမ်းကျင်ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရိုးရာဓလေ့နဲ့ လူနေမှုပုံစံတွေ ဆက်လက်ရှင်သန်နိုင်ဖို့ အချိန်နည်းလာနေပြီလို့ ခံစားနေကြပါတယ်။ ငါးဖမ်းထွက်လာသူတွေထဲက တယောက်ကတော့ တာဝင်းဖြစ်ပါတယ်။ သူက အခုထက်ထိတော့ ရေက ကြည်နေသေးတယ်၊ ဒါပေမယ့် ဒီလို အမြဲကြည်နေတာတော့ မဟုတ်ဘူး၊ မိုးတွင်းရောက်ရင် နီကယ်ပါတဲ့ ရေဆိုးတွေက ရေစီးကြောင်းတွေနဲ့ အတူ ပါလာတတ်လို့ ပြောပါတယ်။

အစိုးရက ဘာမှ မလုပ်ဘူးဆိုရင် နီကယ်သတ္တုမိုင်းတွေဆီက စွန့်ပစ်လိုက်တာတွေဟာ ပင်လယ်ထဲကို ရောက်လာကြပြီး ကျွန်းနဲ့ ပတ်ဝန်းကျင်က ရေနေသတ္တဝါတွေရဲ့ ရှင်သန်ရေးအတွက်ပါ ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနဲ့ သြစတေးလျတို့ဟာ ကမ္ဘာပေါ်မှာ နီကယ်သတ္တု အကြွယ်ဝဆုံး နိုင်ငံတွေ ဖြစ်ကြပါတယ်။ နိုင်ငံတကာ စွမ်းအင် အေဂျင်စီက လျှပ်စစ်ကားတွေ အသုံးများလာတာနဲ့ အမျှ အဲဒီကားတွေမှာ သုံးတဲ့ ဘက်ထရီတွေမှာ သုံးနေတဲ့ နီကယ်သတ္တု လိုအပ်မှုကလည်း လာမယ့် ၂၀၃၀ မှာ ၆၅ ရာခိုင်နှုန်းအထိ တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားဟာ ကမ္ဘာ့နီကယ်လိုအပ်ချက်ရဲ့ ၃ ပုံ ၂ပုံကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
အင်ဒိုနီးရှားကလည်း နီကယ်နဲ့ ပတ်သက်လို့ သတ္တုတူးဖော်ဖို့ရော ပြန်လည် သန့်စင်ထုတ်လုပ်ဖို့ အတွက်ပါ နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ ကုမ္ပဏီကြီးတွေနဲ့ ဒေါ်လာ ဘီလျံများစွာ တန်တဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။
အင်ဒိုနီးရှား အစိုးရရဲ့ အချက်အလက်တွေအရဆို လဘန်ကီ ကျွန်းတဘက်ခြမ်းက မြောက်ပိုင်း ကိုနာဝီ ဒေသထဲမှာ နီကယ်တူးဖော်တဲ့ ကုမ္ပဏီပေါင်း ၅၀ လောက် လုပ်ကိုင်နေကြပါတယ်။

အဲဒီဘက်ကို ရေလမ်းက သွားမယ်ဆိုရင် ၁ နာရီလောက် သွားရပါတယ်။ အနီးကို ရောက်လာတာနဲ့ စိမ်းစိုနေတဲ့ တောင်တန်းတွေနေရာမှာ တောပြုန်းနေတဲ့ ကုန်းမြင့်ညိုညိုတွေကိုသာ မြင်တွေ့ရပါတယ်။ မြေတူးစက်တွေက တူး မြေသယ်ရေယာဉ်တွေက ရွှေသစ်လို့ တင်စားကြတဲ့ သတ္တုတွေကို သယ်ယူနေကြပါတယ်။ အနီးက ရေပြင်ကလည်း နီညိုရောင် ပြောင်းနေပါတယ်။
ကမ်းစပ်က ဘိုးနာဂ ဆိုတဲ့ ရွာလေးမှာ နေတဲ့ ဘာဂျိုးတံငါ တယောက်ဖြစ်သူ လုခ်မန်း နဲ့ ဘီဘီစီ တွေဆုံခဲ့ပါတယ်။ လုခ်မန်းက သူ့အိမ်အနီးတဝိုက်မှာ ငါးဖမ်းလို့ မရတော့ဘူးလို့ ပြောပါတယ်။
ရေငုပ်ပြီဆို အောက်မှာ ဘာမှ မမြင်ရတော့ဘူးလို့ သူ့အိမ်နောက်က ရေညိုတွေကို ထိုးပြရင်း ပြောလိုက်ပါတယ်။ အောက်က ကျောက်စောင်တွေနဲ့ တိုက်မိနိုင်တယ်လို့ ဆိုပါတယ်။ လောင်စာဆီဈေးကြောင့်လည်း ခပ်ဝေးဝေးမှာ ငါးသွားရှာဖို့က သူ့အတွက် မကိုက်ပါဘူး။ သူတို့က ပြဿနာလုပ်မိရင်လည်း ရဲတွေပါ ရောက်လာတဲ့ အထိ ဖြစ်ကုန်တယ်လို့ ဆိုပါတယ်။

နီကယ်တူးဖော်ဖို့ အတွက် သစ်တောဧရိယာ အကျယ်ကြီးတွေကို ရှင်းလင်းပစ်ရပါတယ်။ အဲဒီနောက်မှာ တွင်းဝဖော်ဖို့မြေကို တူးရပါတယ်။ အဲဒီလို သစ်ပင် သစ်မြစ်တွေရဲ့ ထိန်းချုပ်ထားမှု မရှိတော့တဲ့ မြေဆိုင်မြေသားတွေဟာ မိုးရွာလိုက်တာနဲ့ မြောပါကုန်ကြပါတော့တယ်။
အစိုးရရဲ့ အချက်အလက်တွေ အရ ပြီးခဲ့တဲ့ ၂၀၂၂ အတွင်းက ဆူလာဝေဆီ အရှေ့တောင်ပိုင်းမှာ ရေကြီး မြေပြိုမှုပေါင်း ၂၁ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ သတ္တုတွင်းတွေ တဟုန်ထိုး များမလာသေးခင် ၂၀၀၅ ကနေ ၂၀၀၈ ကာလအတွင်းကဆို တနှစ်ကို ၂ ကြိမ် ၃ ကြိမ်လောက်သာ ကြုံရတယ်လို့ သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။
နီကယ် တူးဖော်ရာမှာ ဆိုဒီယမ် ဆိုင်ယန်နိုဒ်နဲ့ ဒီဇယ်လို ဓာတုပစ္စည်း တွေကိုလည်း သုံးတတ်ပါတယ်။ ဒီလို သုံးတာနဲ့ ပတ်သက်လို့ ဌာနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဟာဘစ် နာဒ်ဂျာ ဘူဒူဟာက စိုးရိမ်နေပါတယ်။ ဒီသတ္တုတွင်းတွေက အသုံးပြုပြီးသား စွန့်ပစ်ပစ္စည်းတွေနဲ့ ရေတွေကို စနစ်တကျနဲ့ မစွန့်ပစ်ကြတဲ့ အခါမှာ ပင်လယ်ထဲမှာ နုန်းတင်အနည်ကျ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဘာဟူဘူလူ ကျွန်းကမ်းရိုးတန်း တလျှောက် ၁၀ မိုင်လောက် ခရီးကို သူရိုက်ထားတဲ့ ဗီဒီယိုကိုလည်း ပြပါတယ်။ အဲဒီထဲမှာ နုန်းတွေကြောင့် ပျက်စီးနေတဲ့ သန္တာကျောက်တန်းတွေကို တွေ့မြင်ရပါတယ်။ လဘန်းကီ ကျွန်းဘက်မှာလည်း ဒီလို အဖြစ်မျိုးတွေ ကြုံလာရမှာကို စိုးရိမ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Habib Nadjar Buduha
ဒါကြောင့်လည်း ပြီးခဲ့တဲ့ ၂၀၀၉ မှာ ဧရာမခုံးကောင်တွေ ထိန်းသိမ်းကာကွယ်ဖို့ အဖွဲ့တခုကို တည်ထောင်ခဲ့ပါတယ်။ နီကယ်ညစ်ညမ်းမှုကို သူတို့ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး။ အနည်တွေ နုန်းတွေအောက်မှာ ပျောက်သွားကြလိမ့်မယ်လို့ သူက ဆိုပါတယ်။
ဘိုးနာဂ အနီးက နီကယ်တူးဖော်ရေး ကုမ္ပဏီတွေကို ဘီဘီစီက ဒါနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ခဲ့ကြပါဘူး။ ဒါပေမယ့် မြောက် ကိုနာဝီက သတ္တုတူးဖော်ရေး ကုမ္ပဏီတွေရဲ့ ထက်ဝက်လောက် ပါဝင်ကြတဲ့ အင်ဒိုနီးရှား နီကယ် တူးဖော်သူများ အစည်းအရုံးနဲ့တော့ ဘီဘီစီ တွေ့ဆုံနိုင်ခဲ့ပါတယ်။ အဲဒီ အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်သူ မေဒီ ကက်ထရင်ကတော့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရဖို့ လျှောက်ထားတဲ့ ကုမ္ပဏီတိုင်းအတွက် ဒေသတွင်းမှာ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အဆုံးသတ်ပြီ ဆိုတာနဲ့ သစ်ပင်သစ်တောတွေ ပြန်လည် စိုက်ပျိုးဖော်ဆောင်ဖို့နဲ့ မြေသန့်စင်ဖို့ပါ လုပ်ဖို့ သဘောတူရတဲ့ အကြောင်း ပြောပါတယ်။
ဒါပေမယ့် ဒီကုမ္ပဏီတွေက တကယ်ကော လုပ်နေရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ရှိတယ်လို့ သူက ဆိုပါတယ်။ တချို့နေရာတွေမှာ သစ်ပင်တွေ ပြန်လည် မစိုက်ပျိုးဘဲ ထားတဲ့ မြေလွတ်တွေရှိနေသေးတာကို ဝန်ခံပါတယ်။ ဒါပေမယ့် ဒါဟာ ပါမစ်ကျပြီးသား ကုမ္ပဏီတွေကိုပဲ အပြစ်ဆိုလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ အကြောင်းက ဒီနယ်ထဲမှာ တရားမဝင် သတ္တုတူးဖော်မှုတွေ ရှိနေလို့ပါ။ သူကတော့ ဒီလို သတ္တုတူးဖော်သူတွေ စည်းကမ်းတွေ လိုက်နာသလား ဆိုတာနဲ့ သူတို့ တင်ပြသလို လက်တွေ့မှာပါ လိုက်နာ ဆောင်ရွက်ဖို့ ကိုတော့ အစိုးရက လိုက်စစ်ဆေးဖို့ လိုတယ်လို့ ပြောပါတယ်။

ဘိုးနာဂ ရွာသူကြီး ဂျူဖရီ အက်စ်ရီကတော့ လုခ်မန်းနဲ့ ဟာဘစ်တို့နဲ့ အမြင်ချင်းမတူပါဘူး။ သတ္တုတွင်းတွေက သူတို့ ဒေသခံတွေအတွက် အကျိုးစီးပွားတွေကိုပါ ယူဆောင်လာကြတယ်လို့ မြင်ပါတယ်။ ငါးဈေးကိုပဲကြည့်၊ မြို့မှာ သွားရောင်းစရာမလိုဘူး။ ဒီမှာ ဈေးပိုရတယ်၊ ဒီက ကုမ္ပဏီတွေလလည်း ငါးလိုတာပဲလို့ ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ် သူ့သားကလည်း နီကယ်တူးဖော်ရေး ကုမ္ပဏီတခုမှာ ဝင်လုပ်နေပါတယ်။ နောက်ပြီး ဘိုးနာဂ က တခြား မိသားစုတွေနည်းတူပဲ သတ္တုတွင်းတွေဆီက တလကိုနစ်နာကြေးအဖြစ် ဒေါ်လာ ၇၀ ထက်မနည်း ရနေကြပါတယ်။
သတ္တုတွင်းတွေ တူးဖော်မှုကြောင့် ကြုံရတဲ့ အဆင်မပြေမှုတွေ၊ မြေသယ်ယာဉ်တွေ လူနေ အိမ်ခြေတွေအနား ဥဒဟို သွားလာမှုတွေနဲ့ ထေမိစေဖို့ အခုလို ဘဏ္ဍာရေး သဘောတူညီချက်တွေ ရယူလေ့ ရှိကြပါတယ်။ ဂျူဖရီ က နီကယ်ထုတ်လုပ်မှု ပိုတက်လာလေ သူတို့ရတဲ့ နစ်နာကြေးတွေလည်း ပိုများလာလေပဲလို့ ပြောပါတယ်။

မြို့တော် ဂျကာတာမှာ ရှိတဲ့ Trend Asia လို့ခေါ်တဲ့ NGO အဖွဲ့ဟာ ပြည့်ဖြိုးမြဲစွမ်းအင်အသားပေးတဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ ဖော်ဆောင်ဖို့ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့က နိုဗီတာ အင်ဒရီနဲ့ ဘီဘီစီတွေ့ဆုံခဲ့ပါတယ်။ သူက အာဏာပိုင်တွေ ကိုင်တွယ်တာ ပျော့လွန်းအားကြီးတယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ပတ်သက်ရင် အခုထက် တင်းကြပ်တဲ့ စည်းကမ်းမျိုးတွေ ရှိစေချင်တယ်လို့ ပြောပါတယ်။
သူတို့ဆီမှာ ပတ်ဝန်းကျင် မထိခိုက်စေဘဲ ထိန်းထိန်းသိမ်းသိမ်း သတ္တုတူးဖော်မှုမျိုနဲ့ ပတ်သက်လို့ မှတ်တမ်းမှတ်ရာ မရှိသေးဘူး၊ အင်ဒိုနီးရှားမှာ လုပ်စရာတွေ အများကြီး ရှိနေတယ်၊ တရားဥပဒေ စိုးမိုးရေး ပိုအားကောင်းဖို့ လုပ်ရမယ်၊ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုတွေနဲ့ ပတ်သက်လို့ အဆင့်သတ်မှတ်မှုတွေ တိုးမြှင့်ရမယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ စည်းကမ်း ဥပဒေတွေ ချမှတ်ဖော်ဆောင်မှုတွေ ပိုလုပ်ရမယ်လို့ သူက ပြောပါတယ်။
ဒီအချက်တွေနဲ့ ပတ်သက်လို့ စွမ်းအင်နဲ့ သတ္တုအရင်းအမြစ် ဆိုင်ရာ ဝန်ကြီးဌာနက အကြံပေး ပါမောက္ခ အီဝမ်ဒီ အာရစ်ဖ်ကို ပြောပြတဲ့အခါမှာတော့ အစိုးရဘက်မှာလည်း သတ္တုတူးဖော်မှုတွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ နုန်းတင် အနည်ကျမှုတွေ နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိကြောင်း၊ ဒေသတခုချင်းဆီအလိုက်တောင် မကဘဲ အင်ဒိုနီးရှား တနံတလျားအတွက် ဖြစ်တဲ့အကြောင်းပြောပါတယ်။
ဒါပေမယ့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေဟာ လိုင်စင်နဲ့ တူးဖော်နေတဲ့ကုမ္ပဏီတွေကြောင့် မဟုတ်ဘဲ တရားမဝင် တူးဖော်နေကြတဲ့ ကုမ္ပဏီတွေကြောင့် ဖြစ်တယ်လို့ သူက ယူဆပါတယ်။ တရားဝင် တူးဖော်နေကြတဲ့ ကုမ္ပဏီတွေက သူတို့မှာ ရေဆိုးတွေကို ပင်လယ်ထဲ မစွန့်ထုတ်စေဖို့အတွက် စနစ်တကျ စီမံထားတယ်၊ စည်းကမ်းဖောက်ရင် ပါမစ်တွေပါ ပျောက်သွားမယ်ဆိုတာကို မေ့ထားကြမယ်လို့ မယူဆကြောင်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC
ဒါပေမယ့် တရားမဝင် တူးဖော်နေကြသူတွေဆီမှာတော့ ပတ်ဝန်းကျင် မထိခိုက်စေတဲ့ အစီအမံတွေ မရှိတဲ့အတွက် မြေဆီလွှာတွေ ပျက်စီး ဆုံးရှုံးလာစေနိုင်တယ်လို့ ပါမောက္ခ အာရစ်ဖ်က ပြောပါတယ်။ သူက စည်းကမ်းချိုးဖောက်တဲ့ တွင်းသမားတွေကို နီကယ်ရောင်းချခွင့်တွေ ပိတ်မှာ ဖြစ်ကြောင်း၊ ဘိုးနာဂ ရွာရှိတဲ့ မြောက် ကိုနာဝီ ဒေသထဲမှာ တရားမဝင် တူးဖော်သူတွေထဲက ၂ ဦးကိုလည်း တရားစွဲဆိုထားပြီ ဖြစ်ကြောင်း ပြောပါတယ်။
ဒါပေမယ့် အခုထက်တော့ ပိုမို ကြီးကြပ်မှုတွေ လုပ်ဖို့ လိုတဲ့အကြောင်း ပါမောက္ခ အာရစ်ဖ်က ဆိုပါတယ်။ တရားမဝင် သတ္တုတူးဖော်မှုတွေက အင်ဒိုနီးရှားအနှံ့မှာ ရှိနေတာ၊ ခုထက်ထိသေချာ မထိန်းသိမ်းနိုင်သေးဘူး၊ ဘယ်သူက တရားဝင်၊ ဘယ်သူက ခိုးတူးဆိုတာ မြေပုံထုတ်နိုင်မှ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို လျှော့ချပစ်နိုင်မှာလို့ ပြောပါတယ်။
ဒီကိစ္စကို ဖြေရှင်းဖို့အတွက် မကြာသေးခင်ကပဲ အမျိုးသားအဆင့် တရားမဝင် သတ္တုတူးဖော်မှု တိုက်ဖျက်ရေးအဖွဲ့ကို အစိုးရက ဖွဲ့စည်းခဲ့ကြောင်း ပါမောက္ခ အာရစ်ဖ်က ပြောပါတယ်။
ဒါပေမယ့် ဘီဘီစီက တွေ့ဆုံခဲ့တဲ့ ဘာဂျို လူမျိုးတွေကတော့ အပြောင်းအလဲတွေ ဖြစ်လာမှုက နှေးလွန်းအားကြီးတယ်လို့ ဆိုပါတယ်။ အခုအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ ပြန်ကုစားလို့ မရနိုင်လောက်အောင် ပျက်စီး ဆုံးရှုံးမှုတွေနဲ့ကြုံလာရနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဟာဘစ်က ပြောပါတယ်။
သူတို့က ကျွန်တော်တို့ အနာဂတ်တွေကိုပါ ဖျက်ဆီးပစ်နေတာလို့ သူက ဆိုပါတယ်။








