ဟိမဝန္တာတောင်တန်းကြီးတွေကို မြင်ရခက်လာတာ ဘာကြောင့်လဲ

နီပေါနိုင်ငံ အန်နာပူရနားဒေသမှာ မြူခိုးတွေကြောင့် ဟိမဝန္တာတောင်တန်းကြီးတွေကို အနီးကပ် မမြင်နိုင်တော့ပါဘူး။
ဓာတ်ပုံ ပုံစာ, နီပေါနိုင်ငံ အန်နာပူရနားဒေသမှာ မြူခိုးတွေကြောင့် ဟိမဝန္တာတောင်တန်းကြီးတွေကို အနီးကပ် မမြင်နိုင်တော့ပါဘူး။
    • ရေးသားသူ, နာဗင် ဆင်း ခါဒ်ကာ
    • ရာထူးတာဝန်, သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက် - ဘီဘီစီ ကမ္ဘာတစ်လွှား

ကျွန်တော်က ဟိမဝန္တာတောင်တန်းကြီးတွေကို နီပေါနိုင်ငံရဲ့ မြို့တော်ကနေ ကြည့်ရင်း ကြီးလာတဲ့သူပါ။ နီပေါကနေ ထွက်လာပြီးနောက်ပိုင်း ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွေရဲ့ ကျယ်ပြန့်လှပတဲ့ ရှုခင်းတွေကို လွမ်းနေခဲ့ပါတယ်။

ခတ္တမန္ဒုမြို့ကို လာတိုင်း ဒီတောင်တန်းကြီးတွေကို မြင်ရဖို့ မျှော်လင့်မိပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ သိပ်ကံမကောင်းလှပါဘူး။

ဧပြီလမှာ နောက်ဆုံးခရီးထွက်တုန်းက တည်းခဲ့တဲ့ ဟိုတယ်ဟာ ရာသီဥတုကြည်လင်တဲ့နေ့ဆိုရင် တောင်တန်းတွေကို လှမ်းမြင်နိုင်တဲ့ အမြင့်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီမှာ နှစ်ပတ်နေခဲ့တုန်းမှာ အဲဒီလို နေ့ တစ်နေ့မှ မရှိခဲ့ပါဘူး။

ခတ္တမန္ဒုမြို့အပြင်ဘက်က နာဂါကော့တ်လို တကယ့် အပေါ်စီးနေရာကနေတောင် မီးခိုးမြူတွေပဲ မြင်နေရပြီး တောင်တန်းတွေ မရှိတော့သလို ဖြစ်နေပါတယ်။

"အရင်ကလိုမျိုး 'နေဝင်ချိန်၊ နေထွက်ချိန်နဲ့ ဟိမဝန္တာ' မြင်ကွင်းတွေအတွက် ဒီနေရာကို မကြော်ငြာတော့ဘူး" လို့ ၁၉၉၆ ခုနှစ်ကတည်းက ဟိုတယ်လုပ်ငန်းလုပ်နေတဲ့ ယိုဂန်ဒရာရှာကရာက ပြောပါတယ်။

ဒီအလှတရားတွေကို ကြည့်ဖို့ခက်သွားအောင်လုပ်တဲ့ အဓိက လက်သည်ကတော့ ဒီဒေသရဲ့ ကောင်းကင်မှာ မီးခိုးမြူတွေ တွဲလဲခိုနေတဲ့ ဆိုးရွာလှတဲ့ လေထုညစ်ညမ်းမှုပါပဲ။

နီပေါ၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘူတန်လို ဟိမဝန္တာတောင်တန်းတွေ ရှိတဲ့ နိုင်ငံတွေရဲ့ ခရီးသွားလုပ်ငန်းတွေဟာ တောင်တန်းတွေကို အဓိက မှီခိုပြီး ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာကို ဆွဲဆောင်ထားတာပါ။

အရင်က နဂါကော့ဒ်ကနေ ကြည်လင်တဲ့နေ့မှာ မြင်ရတဲ့ ဟိမဝန္တာရဲ့ အလှတရား

ဓာတ်ပုံ ရင်းမြစ်, Yogendra Shakya

ဓာတ်ပုံ ပုံစာ, အရင်က နဂါကော့ဒ်ကနေ ကြည်လင်တဲ့နေ့မှာ မြင်ရတဲ့ ဟိမဝန္တာရဲ့ အလှတရား
အခုတစ်ခါ ခရီးမှာ မြင်ရတဲ့ မီးခိုးမြူဖုံးနေတဲ့ မြင်ကွင်း
ဓာတ်ပုံ ပုံစာ, အခုတစ်ခါ ခရီးမှာ မြင်ရတဲ့ မီးခိုးမြူဖုံးနေတဲ့ မြင်ကွင်း

"ပြီးခဲ့တဲ့နှစ်ကဆိုရင် မီးခိုးမြူတွေ ထူနေလို့ တောင်တက်အဖွဲ့တစ်ခုကို ဟိမဝန္တာတောင်တန်းတွေကို မပြလိုက်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ခရီးသွားလမ်းညွှန်အဖွဲ့ကနေ ငွေပြန်လျော်ပေးခဲ့ရတယ်" လို့ နီပေါက တောင်တက်လမ်းပြအမျိုးသမီးတစ်ဦးဖြစ်တဲ့ လက်ကီးချာဟီထရီက ပြောပါတယ်။

ဒီဒေသမှာ မီးခိုးမြူတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုထူလာပြီး အချိန်ကြာကြာလည်း မြူတွေဆိုင်းနေလို့ မြင်ကွင်းတွေ သိသိသာသာ မကောင်းတော့ဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

မီးခိုးမြူတွေဟာ ဖုန်မှုန့်တွေ၊ မီးလောင်ပြီး ထွက်လာတဲ့ မီးခိုးမှုန်တွေလို ညစ်ညမ်းတာတွေ ပေါင်းပြီး ဖြစ်လာတာပါ။ အခုဆိုရင် ရာသီဥတုပြောင်းလဲမှုကြောင့် ခြောက်သွေ့ရာသီက ပိုရှည်လာပါတယ်။ ဒါကြောင့် ဒါတွေက ဒီဒေသရဲ့ ကောင်းကင်မှာ မြူတွေဆိုင်းနေသလို ဖြစ်နေပါတယ်။

၅,၀၀၀ မီတာအောက်ပဲ မြင်ကွင်းတွေ မြင်ရတဲ့ အခြေအနေကို မီးခိုးမြူဆိုင်းတာလို့ ပညာရှင်တွေကသတ်မှတ်ပါတယ်။

ဇွန်နဲ့ စက်တင်ဘာလတို့ဟာ အဲဒီဒေသမှာ မိုးရာသီပါ။ အဲဒီအချိန်တွေမှာ မီးခိုးမြူတွေထက် မိုးတိမ်တောင်တွေက တောင်တန်းတွေကို ဖုံးထားပြီး တောင်တွေကို သိပ်မမြင်ရပါဘူး။

ဒါကြောင့် အောက်တိုဘာကနေ မေလအကြား အချိန်ဟာ တောင်တက်လုပ်ငန်းအတွက် အချိန်ကောင်း ဖြစ်ပါတယ်။ မိုးနည်းသွားပြီး တောင်တန်းတွေကို အကောင်းဆုံး မြင်နိုင်ချိန်ပါ။ အခုတော့ မီးခိုးမြူတွေထူပြီး ကောင်းကောင်းမမြင်နိုင်တော့တဲ့အချိန်ဟာ ဒီဇင်ဘာလောက်ဆိုရင် စနေပါပြီ။

ကြည်လင်နေတဲ့ကောင်းကင်နဲ့ လမ်းကနေ ရှင်းလင်းစွာမြင်နေရတဲ့ ဖစ်ရှ်တေးတောင်တန်းရဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, Yunish Gurung

ဓာတ်ပုံ ပုံစာ, နီပေါနိုင်ငံက သာယာတဲ့နေ့မှာ မြင်တွေ့ရတဲ့ ဖစ်ရှ်တေးတောင်တန်း
နီပေါနိုင်ငံကနေမြင်နိုင်တဲ့ ဖစ်ရှ်တေးတောင်ကြောရဲ့ပုံ ဒါပေမဲ့လက်ရှိမှာတော့ မြူတွေနဲ့ ဖုံးကွယ်ထားပါပြီ
ဓာတ်ပုံ ပုံစာ, နေရာတူကနေပဲ ရိုက်ယူထားတဲ့ မြူတွေဖုံးပြီးကွယ်နေတဲ့ တောင်တန်းတွေ

စိတ်ပျက်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ခရီးသွားတွေ

သြစတေးလျက ခရီးသွား ဂျွန်ကာရိုးလ်က ၁၉၈၆ ခုနှစ်ကတည်းက နီပေါကို ၁၂ ကြိမ် ကျော်လောက် ရောက်ခဲ့ဖူးသူပါ။

"တောင်တန်းတွေကို မမြင်ရတာ တကယ် စိတ်ပျက်စရာကောင်းတယ်" လို့ သူက ပြောပါတယ်။

"ဟိုးအရင် ၁၀ နှစ်တုန်းက‌ အဲဒီလို မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ တောင်တန်းတွေကို မြူတွေက ဖုံးထားပုံပဲ။ ကျွန်တော်တို့လို လာလည်သူတွေအတွက် တကယ် စိတ်ပျက်စရာပဲ" လို့ ကာရိုးလ်က ပြောပါတယ်။

တောင်တက်ခရီးသွားလုပ်ငန်းဟာ နက်နဲတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နီပေါအနောက်ပိုင်း ဂန်ဒါကီပြည်နယ်၊ ပြည်နယ်တောင်တက် အေဂျင်စီများအဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ ခရစ်ရှနား ကေစီက ပြောပါတယ်။

"ကျွန်တော်တို့အဖွဲ့ဝင် တောင်တက်လုပ်ငန်းရှင်တွေအတွက် ဟိမဝန္တာတောင်တန်းရှုခင်းတွေ မမြင်ရတော့တာဟာ အလုပ်လုပ်လို့ မရတော့တဲ့ သဘောပါပဲ။ အတော်များများက အလုပ်ပြောင်းဖို့တောင် စဉ်းစားနေကြတယ်" လို့ ဘီဘီစီကို ပြော ပါတယ်။

ပျောက်မသွားတော့တဲ့ မီးခိုးမြူတွေ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုဆိုရင် မီးခိုးမြူတွေ ပိုထူလာပြီး အရင်ထက်လည်း ပိုမြန်မြန် ပြန်ဆိုင်းလာတတ်တယ်လို့ ဟိမဝန္တာအလယ်ပိုင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းဘက်က ဟီမာချဲလ် ပရာဒေ့ရှ်နဲ့ ဥတ္တရဟန် ပြည်နယ်တွေက ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

"ခြောက်သွေ့ရာသီက ရှည်တယ်။ ပြီးတော့ မိုးရွာရင် မိုးလည်းကြီးတယ်။ အရင်နဲ့ မတူတော့ဘူး။ မိုးက ပြတ်တောင်း ပြတ်တောင်း ရွာတော့ မီးခိုးမြူတွေက တောက်လျှောက် ရှိနေတော့တာ" လို့ ဥတ္တရဟန်ပြည်နယ်က ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ မာလီကာဗာဒီက ပြောပါတယ်။

ဒါပေမဲ့ ခရီးသွားတွေကလည်း ဇွဲကောင်းကြတယ်လို့ ဗာဒီကထင်ပါတယ်။

"အခြေအနေတွေကို ခရီးသွားတွေက လက်လျှော့ထားပုံရတယ်။ အတော်များများက ဒီတစ်ခါတော့ ကံမကောင်းဘူးလို့ လက်ခံလိုက်ပေမဲ့ ဟိမဝန္တာ မြင်ကွင်းကို ကြည့်ဖို့ ပြန်လာချင်ကြတယ်။ ပြန်လည်း ပြန်လာကြတယ်"လို့ သူက ပြောပါတယ်။

ပါကစ္စတန်က အနောက်ဟိမဝန္တာဒေသဟာ သိပ်မကြာခင်ကအထိ မီးခိုးမြူဒဏ်ကို များများစားစား မခံစားခဲ့ရပါဘူး။ ဒါဟာ တောင်တန်းတွေက မြို့တွေနဲ့ အတော်လေး ဝေးနေလို့ပါ။

ဒါပေမဲ့ အရင်က ပက်ရှ်ဝါနဲ့ ဂယ်ဂစ်တို့လို နေရာတွေကနေ အလွယ်တကူ လှမ်းမြင်ရနိုင်တဲ့ တောင်တန်းတွေကိုတောင် အခု မမြင်နိုင်တော့တာ မကြာခဏ ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

"မီးခိုးမြူတွေလွှာက အတော်ကြာကြာ ဆိုင်းနေပြီး အရင်ကလို တောင်တွေကို မမြင်ရတော့ဘူးလို့ " ပါကစ္စတန် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဌာနရဲ့ အကြီးအကဲဟောင်း အဆစ်ဖ် ဆူဂျာကပြောပါတယ်။

မီးခိုးမြူထူနေတဲ့အခြေအနေကြောင့် တောင်တက်လုပ်ငန်း ကျဆင်းလာနေတယ်လို့ နီပေါက အမျိုးသမီး တောင်တက်လမ်းပြတစ်ဦးဖြစ်တဲ့ လက်ကီး ချက်ဟီထရီကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lucky Chhetri

ဓာတ်ပုံ ပုံစာ, မီးခိုးမြူထူနေတဲ့အခြေအနေကြောင့် တောင်တက်လုပ်ငန်း ကျဆင်းလာနေတယ်လို့ နီပေါက အမျိုးသမီး တောင်တက်လမ်းပြတစ်ဦးဖြစ်တဲ့ လက်ကီး ချက်ဟီထရီကပြောပါတယ်။

အဆိုးကျော့သံသရာ

တောင်အာရှမြို့တွေဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆင့်အမြင့်ဆုံးနေရာတွေ စာရင်းမှာ ထိပ်ဆုံးမှာ ရှိနေတတ်ပါတယ်။

ဒီဒေသက နေရာ အတော်များများမှာ အဆိပ်သင့်လေထုကြောင့် လူထု ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်လာပါတယ်။ ခရီးသွားလုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်တာနဲ့ ကျောင်းတွေ၊ ကောလိပ်တွေ ပိတ်ထားရတာတွေလည်း ဖြစ်ကုန်ပါတယ်။

ကားတွေနဲ့ စက်မှုဇုန်တွေက ကာဗွန်ထုတ်လွှတ်မှုတွေ၊ အခြေခံအဆောက်အဦ ဆောက်လုပ်‌ရေးတွေ၊ ခြောက်သွေ့တဲ့ ကျောက်စရစ်လမ်းတွေက ဖုန်မှုန့်တွေ၊ အမှိုက်မီးရှို့တဲ့ မီးခိုးတွေက တစ်နှစ်ပတ်လုံး လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။

အိန္ဒိယမြောက်ပိုင်း၊ ပါကစ္စတန်နဲ့ နီပေါက လယ်သမားတွေက ကောက်ရိုးပြတ် မီးရှို့တာတွေ၊ ခြောက်သွေ့ရာသီ တောမီးကြီးတွေကနေ ထွက်တဲ့ အမှုန်အမွှားတွေဟာ ရှိပြီးသား လေထုညစ်ညမ်းမှုထဲကို ထပ်ပေါင်းရောက်သွားပါတယ်။

ရာသီဥတုပြောင်းလဲလာတာကြောင့် ခြောက်သွေ့ရာသီ ပိုရှည်လာပြီး ပိုဆိုးလာတာကြောင့် ဒီဒေသမှာ တောမီးလောင်တာတွေ သိသိသာသာ ပိုများလာပါတယ်။

ပူတဲ့လေကို အေးတဲ့လေရဲ့ အပေါ်မှာ ထိန်းထားတဲ့ မိုးလေဝသ အခြေအနေကြောင့် လေထုညစ်ညမ်းတာတွေ အားလုံးက အဲဒီထဲမှာ ပိတ်မိနေပြီး လေက အထက်အောက် မရွေ့နိုင်တော့ပါဘူး။ ဒါကြောင့် အညစ်အကြေးတွေ ပြန့်မသွားနိုင်တဲ့အတွက်လေထုညစ်ညမ်းမှုက ပျောက်မသွားတာ ဖြစ်ပါတယ်။

"တောင်အာရှမှာ မီးခိုးမြူတွေနဲ့ ဖုန်မှုန့် တိုက်ခတ်တာတွေ တိုးလာနေပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ တခြားအကြောင်းအရင်းတွေကြောင့် ဒီဖြစ်စဥ်တွေက ဆက်ဖြစ်နေဦးမယ်လို့ ခန့်မှန်းရပါတယ်" လို့ တောင်အာရှ မိုးလေဝသ အသင်းက ဒေါက်တာ ဆမ်းရှ်ဝေါ ဒက်စ်က ဘီဘီစီကို ပြောပါတယ်။

ဟိမဝန္တာက အမ်နာပူနာတောင်ကြောကို ထိုင်ခုံကနေထိုင်ပြီးကြည့်နေတဲ့ ခရီးသွားတွေရဲ့ ကျောဘက် ပုံစံကို ရိုက်ကူးထားခြင်း

ဓာတ်ပုံ ရင်းမြစ်, Yuvaraj Shrestha

ဓာတ်ပုံ ပုံစာ, အမ်နာပူနာတောင်ကြောလို နေရာမျိုးကိုတောင် ခရီးသွားတွေ ရှားရှားပါးပါး ကြည့်လာရတဲ့ အခြေအနေ ဖြစ်လာပါတယ်။

၂၀၀၀ ပြည့်နှစ်က စပြီး ဒီဇင်ဘာ၊ ဇန်နဝါရီနဲ့ဖေဖော်ဝါရီလတွေမှာ နေ့တိုင်းနီးပါး မီးခိုးမြူတွေ ဆိုင်းနေတယ်လို့ လတ်တလောလုပ်ထားတဲ့ ခတ္တမန္ဒု အခြေစိုက် သုတေသနမှာ ဖော်ပြထားပါတယ်။ ၁၉၉၀ နှစ်တွေ တုန်းကတော့ ၆၀ ရာခိုင်နှုန်း လောက်ပဲ ရှိခဲ့တာပါ။

၂၀၂၄ ခုနှစ်မှာတော့ မီးခိုးမြူထူထပ်တဲ့ရက် အများဆုံး မှတ်တမ်းတင်ခဲ့တာက ခရီးသွားလုပ်ငန်း အဓိက လည်ပတ်ရာ နီပေါအနောက်ပိုင်းဒေသရဲ့ ပေါ့ကာရာ လေဆိပ်မှာ ဖြစ်ပါတယ်။

မီးမြူခိုးဖုံးလွှမ်းတဲ့ရက်ဟာ ၂၀၂၄ မှာ ၁၆၈ ရက် အထိ ရှိခဲ့ပါတယ်။ ဒါဟာ၂၀၂၀ မှာ ၂၃ ရက် နဲ့ ၂၀၂၁ မှာ ၈၄ ရက် တို့ကနေ တိုးလာတာလို့ နီပေါ မိုးလေဝသနဲ့ ဇလဗေဒဌာနက ပြောပါတယ်။

ဒါပေမဲ့ မီးခိုးမြူထူထပ်တဲ့နေ့တွေ အပေါ် အလုံးစုံ နှိုင်းယှဥ်လေ့လာနိုင်တဲ့ ဒေသတွင်း အချက်အလက်တွေ မရှိသေးပါဘူး။

ကျွမ်းကျင်သူတွေကတော့ ဟိမဝန္တာဟာ လူဦးရေအထူထပ်ဆုံးဒေသမှာ ရှိတာကြောင့် ကမ္ဘာပေါ်မှာ အဆိုးဆုံး ထိခိုက်တဲ့ တောင်တန်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒါဟာ ဟိမဝန္တာရဲ့ လှပတဲ့ မြင်ကွင်းတွေကို အခုဆိုရင် ဓာတ်ပုံတွေ၊ ပန်းချီကားတွေနဲ့ ပို့စကတ်တွေမှာပဲ မြင်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။

"ဧည့်သည်တွေကို သူတို့က ငွေပေးထားပြီး သူတို့ကြည့်ချင်တဲ့ တောင်တန်းတွေကို မပြနိုင်တဲ့အခါ အပြစ်ကြီးနဲ့ အလုပ်လုပ်နေရသလိုပဲ" လို့ နီပေါအနောက်ပိုင်းက အဓိက ခရီးသွား အချက်အချာ ပေါ့ခ်ဟာရာမှာ အမျိုးသမီး တောင်တက်လမ်းညွှန်တွေ အတော်များများကို လေ့ကျင့်ပေးထားတဲ့ ချက်ဟီထရီက ပြောပါတယ်။

"ပြီးတော့ မီးခိုးမြူတွေကို ကျွန်မတို့ ဘာမှ မလုပ်နိုင်ဘူး။"