‘‘လှိမ့်လုံးလို့ထင်မိခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုအကြောင်းကို အခုတော့ ကိုယ်တိုင်ပြန်သင်ပေးနေပါပြီ’’

ဓာတ်ပုံ ရင်းမြစ်, Amanda Triplett
ဆာရာ အော့ထ်ဟာ အမေရိကန်တောင်ပိုင်းက ဘုရားကျောင်းမှာ သူငယ်ချင်းတွေက ပြောတဲ့စကားနဲ့ နာမည်ကျော်လက်ဝဲယိမ်းရေဒီယိုတင်ဆက်သူရဲ့ထုတ်လွှင့်ချက်တွေရဲ့ မှိုင်းမိပြီး ရာသီဥတုပြောင်းလဲမှုဟာ တကယ်မဟုတ်တဲ့ လှိမ့်လုံးတစ်ခုလို့ နှစ်ပေါင်းများစွာယုံကြည်ခဲ့သူပါ။ အခုတော့ သူဟာ ရာသီဥတုပြောင်းလဲမှုကို ယုံဖို့ ခက်ခဲသူအဖြစ်ကနေ ဆယ်ကျော်သက်လူငယ် ကျောင်းသူကျောင်းသားတွေကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာသိပ္ပံပညာသင်ကြားတဲ့ဆရာမဖြစ်နဲ့ ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုကြဖို့ ပညာပေးလှုံ့ဆော်သူဖြစ်လာရတဲ့အကြောင်း ဘီဘီစီ အမျိုးသမီး ၁၀၀ ကို ပြောပြထားပါတယ်။ သူကိုယ်တိုင်လည်း ဒီနှစ်အတွက် ထူးချွန်ထင်ရှား ဘီဘီစီ အမျိုးသမီး ၁၀၀ စာရင်းမှာ ထည့်သွင်းဖော်ပြခံရပါတယ်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာသိပ္ပံပညာရပ်ကို သံသယဖြစ်ပြီး အဲဒီပညာရပ်ကိုမယုံကြည်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးခဲ့တဲ့နှစ်တွေရှိခဲ့ပါတယ်။
ကိုယ်သိထားတာမှားပြီလို့ အသိဝင်လာတဲ့အခါ တကယ့်ကို ရှက်ရွံ့မိသွားခဲ့တယ်။
မိတ်ဆွေ သူငယ်ချင်း များများစားစားမရှိခဲ့တဲ့အဲဒီအချိန်မှာ အဲဒီလိုလူတွေနဲ့ကင်းအောင်နေဖို့ဆိုရင် ကိုယ့်ရပ်ရွာ အသိုက်အဝန်းတစ်ခုလုံးကြီးကို ချန်ထားခဲ့ပြီး အဝေးထွက်သွားခဲ့ရတာပါပဲ။
တကယ့်ကို ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရတာပါ။ ဒါပေမဲ့ အမှန်တရားကပဲ ပဓာနပဲလေ။
![Sarah Ott [right] as a child](https://ichef.bbci.co.uk/ace/ws/640/cpsprodpb/b74f/live/ed04bdf0-8a03-11ee-833d-0f8d294ddc97.jpg.webp)
ဓာတ်ပုံ ရင်းမြစ်, Sarah Ott
ကျွန်မက ပန်ဆယ်ဗဲနီးယားပြည်နယ်မှာ ကျောက်မီးသွေးတွင်းလုပ်သားရဲ့ မြေးတစ်ယောက်ဖြစ်ပါတယ်။ အသက်ငယ်ငယ်မှာပဲ မိဘတွေက ဖလော်ရီဒါပြည်နယ်ကို ပြောင်းရွှေ့ခဲ့ကြတယ်။
ပိုလန် ကတ်သလစ်အနွယ်တွေဆိုတော့ ဘုရားကျောင်း ပုံမှန်တက်တယ်။ တစ်ချိန်တည်းမှာပဲ အမေက သူနာပြု၊ အဖေက အဏုကြည့်မှန်ပြောင်းတွေနဲ့ တခြားသိပ္ပံဆက်စပ်ပစ္စည်းတွေကိုရောင်းသူဆိုတော့ သိပ္ပံပညာနဲ့လည်း မစိမ်းပါဘူး။
ငယ်ငယ်က သဘာဝကို ချစ်တတ်ခဲ့ပြီး အိမ်အပြင်မှာပဲ အချိန်အများစုကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ ရပ်ရွာ အကျိုး ဆိုရင်လည်း အိမ်နီးနားဝန်းကျင်မှာ အမှိုက်ကောက်ပေးသူလုပ်တာပေါ့။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
‘‘ရာသီဥတုပြောင်းလဲမှု’’ ဆိုတဲ့အသုံးအနှုန်းကို ပထမဆုံးကြုံရတဲ့အချိန်ကို မှတ်မိသေးတယ်။
၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွေမှာ ကျွန်မ အလယ်တန်းကျောင်းတက်တုန်းက အပူချိန်မြင့်တက်မှုအကြောင်း ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ ကျွန်မတကယ်တွေးခဲ့တာက ‘’ဒါ အတော်လေးဆိုးမှာပါ’’ဆိုပြီးတော့ပေါ့လေ။ ဒါပေမဲ့ အနာဂတ် ခပ်လှမ်းလှမ်းအချိန်မှာဖြစ်မှာဖြစ်တဲ့ကိစ္စဖြစ်တယ်လို့ ခံစားမိပြီး ငါကြုံရမှာမဟုတ်ဘူးလို့ တွေးမိခဲ့တယ်။
ကျွန်မ တက္ကသိုလ်ရောက်တော့ ဇီဝဗေဒကို အထူးပြုလေ့လာပြီး သိပ္ပံဘာသာဆရာမ ဖြစ်လာပါတယ်။
နောက်တော့ အမျိုးသားနဲ့ ကျွန်မတို့ ဂျော်ဂျီယာပြည်နယ်ကို ပြောင်းကြတယ်။ အခု ကျွန်မ သမီး ၂ ယောက်နဲ့ အတူနေတဲ့နေရာကိုပေါ့။
အမျိုးသားက အလုပ်ကနေ နောက်ကျမှ ပြန်လာတတ်တော့ နေ့တိုင်း အိမ်မှာ ကျွန်မတစ်ယောက်တည်း ရှိနေတဲ့ အချိန်က တစ်နေ့ကို ၄ နာရီနဲ့ ၅ နာရီကြားရှိပါတယ်။ မီးဖိုချောင်ထဲ အမြဲတမ်းရေဒီယိုဖွင့်ထားလေ့ရှိတယ်။ ဖွင့်တဲ့လိုင်းတွေကလည်း ကွန်ဆာဗေးတစ်(ရှေးရိုးစွဲ)ဝါဒီတွေရဲ့လိုင်းတွေ။
ကျွန်မတို့ ရေဒီယိုတင်ဆက်သူ ရက်ရှ် လင်းဘာ့ကို နားထောင်လေ့ရှိပါတယ်။ လူမျိုးရေး၊ LGBT နဲ့ အမျိုးသမီးအခွင့်အရေးလို ကိစ္စရပ်တွေမှာ အငြင်းပွားစရာ သူ့ရဲ့အမြင်တွေကြောင့် လူသိများပါတယ်။ ကျွန်မဆို သူ့တင်ဆက်မှုတွေကို တစ်နေ့ကို ၂ နာရီကြာ နားထောင်မိပါတယ်။
ရာသီဥတုပြောင်းလဲမှုဆိုတာ တကယ်မရှိတဲ့လှိမ့်လုံးလို့လည်း သူက ပြောတတ်ပါတယ်။
ကျွန်မဟာ ဘုရားကျောင်းအစုအဖွဲ့တွေနဲ့တွေ့မိရင် ဆင့်ကဲဖြစ်စဥ်နဲ့ပတ်သက်တဲ့သတင်းအမှားတွေလည်း ထိတွေ့မိပါတယ်။
ဒါပေမဲ့ Climategate - ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး ကျွန်မမှာ ကျွမ်းကျင်မှုရယ်လို့ မရှိခဲ့သေးပါဘူး။
ရာသီဥတုပြောင်းလဲမှုဟာ လှိမ့်လုံးဖြစ်တယ်ဆိုတဲ့ကျွန်မ ခံယူချက် ပိုပြီးခိုင်မာခဲ့တဲ့အချိန်ဟာ လင်းဘာ့က Climategate အကြောင်းပြောတဲ့အချိန်ပါပဲ။ အဲဒါကတော့ East Anglia တက္ကသိုလ်က အငြင်းပွားစရာ သုတေသနဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျွန်မသိခဲ့ရတာက အဲဒီသုတေသနကို ရှုပ်ထွေးအောင်လုပ်ပြီး လိုချင်တာကို ဖြတ်ထုတ်ဆွေးနွေး အသုံးချခဲ့တယ်ဆိုတာပါပဲ။
Climategate အကြောင်း ပထမဆုံး ကျွန်မကြားတော့ ကိုယ်တကယ် သစ္စာဖောက်ခံခဲ့ရတယ်၊ သိပ္ပံပညာရှင်တွေက ကျွန်မတို့ကို လိမ်ညာခဲ့ကြတယ်လို့ တွေးမိခဲ့တယ်။ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားမှုကို ကျွန်မ သိပ်ပြီး အလေးထားခဲ့တာကိုး။

Climategate ဆိုတာဘာလဲ
၂၀၀၉ ခုနှစ်မှာ နော့ရစ်ချ်မှာရှိတဲ့ East Anglia တက္ကသိုလ်က ရာသီဥတုဆိုင်ရာသုတေသနဌာနက စာရွက်စာတမ်းတွေနဲ့ အီးမေးလ်တွေ ထောင်ချီကို ဟတ်ကာတွေက ခိုးယူခဲ့ကြပါတယ်။
ရာသီဥတုပြောင်းလဲမှုကို သိပ်မယုံကြည်သူတွေက အဲဒီစာရွက်စာတမ်းတွေထဲကမှ သိပ္ပံပညာရှင်တွေဟာ ရာသီဥတုပြောင်းလဲမှုသက်သေအထောက်အထားကို ပိုကြီးချဲ့ကားပြောဆိုဖို့ အချက်အလက်တွေကို ချယ်လှယ် အသုံးပြုခဲ့ကြတယ်လို့ ညွှန်းထားပုံရတဲ့ အီးမေးလ်တချို့ကိုပဲ ရွေးထုတ်ယူခဲ့ကြပါတယ်။
အဲဒီအီးမေးလ်တွေကို နောက်ပိုင်းမှာ အွန်လိုင်းမှာ ဖြန့်ချိခဲ့ကြပြီး အဲဒီစာရွက်စာတမ်းတွေဟာ အမေရိကန်အကြီးတန်းနိုင်ငံရေးသမားတွေအပါအဝင် ရာသီဥတုပြောင်းလဲမှုကို ငြင်းဆိုသူတွေအတွက် အသုံးချစရာအဖြစ် နှစ်နဲ့ချီကြာအောင် အသုံးပြုစရာတွေ ဖြစ်လာခဲ့ပါတယ်။
တက္ကသိုလ်ဘက်ကတော့ ပေါက်ကြားသွားတဲ့စာရွက်စာတမ်းတွေဟာ လိုတာကိုရွေးထုတ်ထားတဲ့စာရွက်စာတမ်းတွေဖြစ်ပြီး အဲဒီနှစ်မှာ ကိုပင်ဟေဂင်မှာကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP15) ကို အာရုံလွှဲဖို့ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ တက္ကသိုလ်က သိပ္ပံပညာရှင်တွေအမှားအယွင်းတစုံတရာလုပ်ခဲ့တာ ရှိ၊မရှိ စုံစမ်းခဲ့ပြီးတဲ့နောက် ‘‘ပညာရှင်တွေရဲ့ စိတ်အားထက်သန်မှုနဲ့ ရိုးသားမှုဟာ သံသယဖြစ်စရာမရှိဘူး’’လို့ သုံးသပ်ခဲ့ ကြပါတယ်။

ကျွန်မ သမီးငယ်နှစ်ယောက် ငယ်ငယ်သေးသေးလေးတွေတုန်းက အလုပ်ကနေ ထွက်ပြီး အိမ်မှာပဲ သူတို့နဲ့အတူ နေခဲ့ပါတယ်။ ဒီလိုနေရတာကို ကျွန်မကြိုက်ပေမဲ့ တဖက်မှာလည်း ခက်ခဲတဲ့နှစ်တွေဖြစ်ပါတယ်။ ကလေးမွေးပြီးတဲ့နောက်ဖြစ်ရတဲ့ စိတ်ကျမှုတွေနဲ့ သောကတွေကြောင့် ဖြစ်ပါတယ်။
ဉာဏ်မတုံးသွားအောင် နေချင်စိတ်ပေါ်တော့ ထမင်းဟင်းချက်နေတုန်း၊ ကားမောင်းနေတုန်းမှာ ရေဒီယိုကို ဖွင့်ပြီး နားထောင်ခဲ့ပါတယ်။ ဒါပေမဲ့ ရက်ရှ် လင်းဘာ့ ကတော့ တနေ့ကို နာရီအနည်းငယ်ပဲ ရှိပါတယ်။
အဲဒီမှာပဲ တကယ့်ကို ကြီးမားတဲ့အလှည့်အပြောင်းဖြစ်လာခဲ့တာပါ။
ကျွန်မ အမေရိကန်ရဲ့ အကျိုးအမြတ်မယူတဲ့ ရေဒီယိုလိုင်း NPR ကို ပြောင်းပြီး နားထောင်မိခဲ့ပါတယ်။ ဘာအစီအစဥ်လဲ၊ ဘာကြောင်းလဲဆိုတာ ကျွန်မ မမှတ်မိခဲ့ပေမဲ့ ရာသီဥတုပြောင်းလဲမှုအရေးကို ရှင်းပြတဲ့အခါမှာတော့ ရှေးရိုးစွဲ(ကွန်ဆာဗေးတစ်)ရေဒီယိုကနေ ကျွန်မကြားနေရတဲ့ချဥ်းကပ်မှုနဲ့လုံးဝမတူအောင် ရှင်းပြထားတယ်ဆိုတာကိုတော့ ကျွန်မ မှတ်မိခဲ့ပါတယ်။ ပြီးတော့ ယုတ္တိလည်းရှိခဲ့ပါတယ်။
ရုတ်ချည်းဆိုသလိုပဲ ပုံမှန်နားထောင်နေကျရေဒီယိုလွှင့်ရုံတွေက ပြောနေတာတွေဟာ ယုတ္တိမရှိဘူးဆိုတာကိုလည်း သိလာခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်အာရုံကို ဖမ်းစားမိသွားခဲ့တဲ့အကြောင်းအရာကတော့ အမျိုးသမီးတွေဟာ လူတကာနဲ့အိပ်ချင်တာကြောင့် ကိုယ်ဝန်ဆောင်ဆေးသောက်ကြတယ်ဆိုပြီး ပုံဖော်ခံထားရတဲ့ သန္ဓေတားဆေး အကြောင်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sarah Ott
အဲဒီနောက်ပိုင်းမှာတော့ ရှေးရိုးစွဲ(ကွန်ဆာဗေးတစ်)ရေဒီယိုကို ကျွန်မ နားမထောင်တော့ဘဲ တခြားလွတ်လပ်တဲ့မီဒီယာတွေကိုပဲ နားထောင်ပါတော့တယ်။
စာသင်တာရပ်လိုက်ကတည်းက ကျွန်မရဲ့ လူမှုအဝန်းအဝိုင်းဟာ အတော်လေး ပြောင်းလဲသွားခဲ့တယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ကျောင်းမှာဆိုရင် သာမန်လူရော၊ လိင်တူချစ်ကြိုက်သူရော၊ လစ်ဘရယ်သမားရော၊ ရှေးရိုးစွဲသမားရော ကမ္ဘာတဝန်းကလူတွေနဲ့စုံလို့ပါပဲ။
အဲဒီကျောင်းပတ်ဝန်းကျင်မရှိတော့ ကျွန်မရဲ့ လူမှုအဝန်းအဝိုင်းဟာ ဘုရားကျောင်းအဖွဲ့ပဲ ရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက ပရိုတက်စတင့်ဝါဒဟာ ထိုးထွင်းဉာဏ်ပညာဆန့်ကျင်မှု ခိုင်မာတဲ့အပိုင်းကို တိမ်းညွတ်ပါတယ်။ ကမ္ဘာကြီးနဲ့ပတ်သက်လို့ သူတို့မြင်တဲ့အမြင်တွေကို ကျွန်မ အလုံးစုံ သဘောတူညီမှုမရှိပါဘူး။ နမူနာအနေနဲ့ပြောရရင် လိင်တူချစ်မြတ်နိုးသူတွေနဲ့ပတ်သက်ပြီး သူတို့ပြောရတဲ့ အပိုင်းမှာပေါ့။
ဒါပေမဲ့လည်း အဲဒီအချိန်တုန်းက သူတို့တွေကပဲ ကျွန်မ တစ်ဘဝလုံးလိုဖြစ်ခဲ့တာပါ။ သူတို့တွေက ကျွန်မ မိတ်ဆွေတွေဖြစ်သလို ကိုယ့်ကလေးတွေကို ခဏကြည့်ပေးဖို့ သွားပြီး အကူအညီတောင်းရလေ့ရှိတဲ့သူတွေပါပဲ။
သူတို့ ဒေါ်နယ်ထရမ့်ကို မဲထည့်ကြခဲ့ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲအပြီးမှာတော့ အဲဒီအစုအဖွဲ့ကနေ ထွက်ခွာရတော့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဆရာမ ပြန်လုပ်ပြီး မိတ်ဆွေအသစ်တွေဖွဲ့ပါတယ်။
အဲဒီမှာပဲ ကျွန်မဟာ ရာသီဥတုပြောင်းလဲမှုကို ငြင်းဆန်သူမဟုတ်တော့ဘူးဆိုတာကိုလည်း သဘောပေါက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sarah Ott
ကျွန်မ လူတွေနဲ့ စကားပြောလေလေ ကျွန်မ ခံစားချက်တွေကို သူတို့ပိုပြီးနားလည်လာလေလေဆိုတာကို သတိထားမိခဲ့သလို အဲဒါကပဲ ကျွန်မ ခံစားနေရသမျှကို ပြေစေတဲ့အရာတွေဖြစ်ခဲ့ပါတယ်။
အဲဒီမှာပဲ ကျွန်မ ဘဝသစ်စခဲ့တယ်လို့ ပြောလို့ရပါတယ်။ ရာသီဥတုပြောင်းလဲမှုအရေး ဖြေရှင်းချက်တွေအတွက် အသိပညာပေးမျှဝေနေတဲ့ ရာသီဥတုပြောင်းလဲမှုအရေး နိုင်ငံသားတွေရဲ့စည်းရုံးမှု(Citizens' Climate Lobby)လို့ ခေါ်တဲ့ ဘက်မလိုက်တဲ့အဖွဲ့ရှိတယ်ဆိုတာကို ကျွန်မ သိခဲ့ရပါတယ်။ မြောက်ဂျော်ဂျီယာပြည်နယ်က သူတို့အဖွဲ့ခွဲကို ကျွန်မ အခုဦးဆောင်နေပြီး သူတို့အတွက် စေတနာ့ဝန်ထမ်းလုပ်ပြီး အသိပညာပေးလှုံ့ဆော်တာတွေ လုပ်နေတုန်းပါပဲ။
ပြီးတော့ ကျွန်မဟာ အခုဆို ရူပသိပ္ပံပညာသဘောတရားတွေကို ရာသီဥတုပြောင်းလဲမှုနဲ့ ချိတ်ဆက်ပြီး ကျွန်မရဲ့ဆယ်ကျော်သက်ကျောင်းသားတွေကို သင်ကြားပြသနေတာကြောင့် အမျိုးသားသိပ္ပံပညာရေးစင်တာမှာ လည်း ပါဝင်နေသူဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုလို တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ကိစ္စရပ်မျိုးကို လက်မခံနိုင်ခဲ့ဘူးလို့ ဝန်ခံတဲ့ကိစ္စဟာ တကယ်တော့ လွယ်ကူလှတာမဟုတ်ပါဘူး။
ကျောက်မီးသွေးမိုင်းတွင်းလုပ်သားတွေကနေ မွေးဖွားခဲ့တဲ့ ကျွန်မလိုလူအတွက် သူတို့အလုပ်ကို တန်ဖိုးမဲ့အောင် မလုပ်လိုပါဘူး။ ကျွန်မအဖိုးလုပ်ခဲ့တဲ့အလုပ်ကို ကျွန်မ သိပ်ကို ဂုဏ်ယူပါတယ်။ အဲဒီအချိန်တုန်းက လူတွေရဲ့ အိမ်နွေးအောင် လုပ်ပေးနိုင်တာကြောင့်ပေါ့။
အဲဒါနဲ့ပတ်သက်ပြီး အမြင်ကွဲပြားအောင်တွေးတတ်ဖို့ ကိုယ့်ကိုယ်ကိုယ် တည့်မတ်တဲ့အခါ ငါဟာ စံနမူနာတစ်ခု အဖြစ် ထွက်ပြောမှဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ကျွန်မလိုမျိုးပဲ အလားသဏ္ဍာန်တူညီတဲ့ဖြတ်သန်းရမှုမျိုးကြုံနေရသူတွေကို ဝေဖန်တာမျိုးမလုပ်ဘဲ နားလည်ပေး နိုင်ဖို့ ကြိုးစားဖို့ လိုအပ်မယ်လို့ ကျွန်မထင်ပါတယ်။
ရာသီဥတုပြောင်းလဲမှုအကြောင်းကို မယုံကြည်ကြသေးသူတွေနဲ့စကားပြောဖို့ဆိုရင်တော့ အဲဒီလူနဲ့အတူ မျှဝေကြတဲ့ ကိုယ်စီတန်ဖိုးထားသတ်မှတ်မှုတွေကနေ စတင် ရင်ဘတ်ချင်းနီးလာအောင် လုပ်သင့်တယ်လို့လည်း ကျွန်မ ထင်ပါတယ်။ ဘာသာရေးအသိုက်အဝန်းတွေအတွက်ဆိုရင်တော့ ဒါဟာ သူတို့ကလေးတွေရဲ့အနာဂတ်ကို သူတို့ အကာအကွယ်ပေးလိုတဲ့ပုံဖြစ်နိုင်ပါတယ်။ တခြားလူတွေအတွက်တော့ ရာသီဥတုပြောင်းလဲမှုဟာ စွမ်းအင်ပိုင်းဆိုင်ရာမှာ အမှီအခိုကင်းတဲ့ယုံကြည်ချက် ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မ အမြဲတမ်း သတိကပ်တာကတော့ ကွဲအက်လွယ်တဲ့ကျွန်မယုံကြည်ချက်တွေဟာ ပြိုကျတဲ့အခါ ကွဲအက်မှုသက်သာတဲ့မြေပျော့ပေါ်ကို ကျဆင်းခဲ့သလို တခြားလူတွေလည်း အလားတူလိုအပ်မယ်လို့ ကျွန်မ သတိချပ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုအကြောင်း အမေရိကန်တွေ ဘယ်လိုတွေးကြလဲ
ပြူးသုတေသနစင်တာရဲ့ မကြာသေးခင်တုန်းက အချက်အလက်တွေအရဆိုရင် အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၅၄ ရာခိုင်နှုန်းဟာ ရာသီဥတုပြောင်းလဲမှုဟာ တကယ့်ခြိမ်းခြောက်မှုဆိုပြီး ဖော်ညွှန်းကြတယ်လို့ ပြောပါတယ်။ ပါတီနဲ့ဆက်နွယ်ပြီး ထောက်ခံမှုကို ပြောရင် ဒီမိုကရက်ပါတီဘက်ကို ယိမ်းသူတွေထဲက ၇၈ ရာခိုင်နှုန်းဟာ ရာသီဥတုပြောင်းလဲမှုက ခြိမ်းခြောက်မှုလို့ ယုံကြည်ပြီး ရီပတ်ဘလင်ကန် ဘက်ကို ယိမ်းတဲ့ ၂၃ ရာခိုင်နှုန်းကလည်း အလားတူ ယုံကြည်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း တဖက်မှာ လူတွေရဲ့စိတ်ဟာ ပြောင်းလဲနေတယ်ဆိုတဲ့အထောက်အထားရှိနေပြန်ပါတယ်။ ယေးလ်နဲ့ ဂျော့မေဆင် တက္ကသိုလ်တွေက ၂၀၁၈ ခုနှစ်မှာပြုလုပ်ခဲ့တဲ့သုတေသနဆိုရင် အမေရိကန်ပြည်သူ ၈ ရာခိုင်နှုန်းဟာ ကမ္ဘာကြီးပူနွေးမှုနဲ့ ပတ်သက်ပြီး သူတို့အမြင်တွေ ပြောင်းလဲသွားခဲ့ပေမဲ့ အများစုကတော့ ဒီပြဿနာကို စိုးရိမ်ကြပါတယ်။

ပေါ်လာ အဒမ်မို အီဒိုတာ ထုတ်လုပ်သည်

ဘီဘီစီ အမျိုးသမီး ၁၀၀ ဆိုတာ ကမ္ဘာတဝန်းက အတုယူ အားကျဖွယ်ရာ သြဇာရှိ အမျိုးသမီး အယောက် ၁၀၀ ရဲ့ နာမည်တွေဖြစ်ပါတယ်။ ဘီဘီစီက သူတို့ရဲ့ ရုပ်သံမှတ်တမ်းတွေ၊ ရုပ်သံဆောင်းပါးတွေ၊ အင်တာဗျူးတွေကို ဖန်တီးပြီး အမျိုးသမီးတွေကို အလေးပေး ရှေ့တန်းတင်တဲ့ သူတို့ဘဝ သူတို့ဇာတ်ကြောင်းတွေကို ဘီဘီစီ ပလက်ဖောင်းတွေအားလုံးမှာ ဖြန့်ချိ ထုတ်လွှင့် တင်ဆက်ပါတယ်။
အင်စတာဂရမ်နဲ့ ဖေ့ဘွတ်ခ်မှာ BBC 100 Women ဆိုပြီး ဖော်လိုလုပ်နိုင်ပါတယ်။ #BBC100Women ဆိုတဲ့ ဟတ်ရှ်တက်ခ်ကို သုံးပြီးတော့လည်း လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ရေးသား ပါဝင်နိုင်ပါတယ်။









