ဟိမဝန္တာ- မရဏဇုန်က အလောင်းတွေကို ဘယ်လိုပြန်သယ်သလဲ

ဓာတ်ပုံ ရင်းမြစ်, Tshiring Jangbu Sherpa
- ရေးသားသူ, Rama Parajuli ရာမာ ပါရာဂျူလီ
- ရာထူးတာဝန်, ဘီဘီစီ နီပေါဌာန
လော့ဆေးတောင်ထိပ်နဲ့ မီတာနည်းနည်းပဲဝေးတဲ့နေရာမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်က ပထမဆုံးတွေ့ခဲ့ရတဲ့ အလောင်းတစ်လောင်းကို ချီရင်း ဂျန်ပူ ဆေပါး မမေ့နိုင်ပါဘူး။
၂၀၁၂ မေလမှာ ကမ္ဘာ့စတုတ္ထအမြင့်ဆုံးတောင်ဖြစ်တဲ့ အဲဒီ လော့ဆေးတောင်ကို တက်တဲ့ ဂျာမန်တောင်တက်သမားတစ်ဦးကို သူက တောင်တက်လမ်းညွှန်လုပ်ပေးနေခဲ့ပါတယ်။
အဲဒီမှာ အလောင်းတစ်လောင်းက သူတို့ လမ်းမှာ ပိတ်နေခဲ့ပါတယ်။ အဲဒီအလောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ထိပ်နားမှာ သေဆုံးခဲ့တဲ့ ချက်တောင်တက်သမားတစ်ဦးရဲ့ အလောင်းလို့ သူတို့က ယူဆပါတယ်။
တောင်ထိပ်နားနီးမှ အဲဒီ ချက်တောင်တက်သမား ဘာလို့ သေဆုံးခဲ့ရလဲဆိုတာ မစ္စတာဆေပါးက သိချင်ခဲ့ပါတယ်။
အဲဒီအလောင်းမှာ လက်အိတ်တစ်ဖက်မပါတာ သူက သတိထားမိခဲ့ပါတယ်။
“လက်ဗလာနဲ့ဆိုတော့ ကြိုးကနေ ချော်ထွက်သွားတာ ဖြစ်မယ်” လို့ သူက ပြောပါတယ်။
“အဲဒီနောက် ဟန်ချက်မထိန်းနိုင်တော့ဘဲ ကျောက်တုံးနဲ့ ဆောင့်မိသွားပြီး သေသွားတာ ဖြစ်နိုင်တယ်။”
အလောင်းက အဲဒီနေရာမှာပဲ ဆက်ရှိနေပြီး လော့ဆေးတောင်ကို တက်တဲ့ တောင်တက်သမားတိုင်း အဲဒါကို တွေ့ကြရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နောက် ၁၂ နှစ် ကြာရင် ဒီအလောင်းကို ပြန်သယ်ပေးရမယ်လို့ သူ မတွေးမိခဲ့ပါဘူး။ သူ့ အသက် ၄၆ နှစ်မှာ အလောင်း သယ်ပေးတဲ့ အဖွဲ့ထဲမှာ ပါလာပါတယ်။ အဲဒီအဖွဲ့မှာ စစ်တပ်က တပ်ဖွဲ့ဝင် ၁၂ ဦး နဲ့ နီပေါစစ်တပ်က ခေါ်ထားတဲ့ ဟိမဝန္တာတောင်ရှင်းလင်းရေး ဒေသခံ ရှာပါတောင်တက်သမား ၁၈ ဦးလည်း ပါပါတယ်။
နီပေါအစိုးရက အဲဒီရှင်းလင်းရေးလုပ်ငန်းကို ၂၀၁၉ မှာ စခဲ့ပြီး အရင်ကတည်းက အချိန်တွေကြာနေတဲ့ အလောင်းတွေကို ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်မှာတော့ မရဏဇုန်လို့ လူသိများကြတဲ့ အမြင့် မီတာ ၈,၀၀၀ ကျော်နေရာက အလောင်း ငါးလောင်းကို ရှင်းလင်းဖို့ အာဏာပိုင်တွေက ပထမဆုံး ရည်မှန်းချက်ချခဲ့တာ ဖြစ်ပါတယ်။
အဲဒီ မရဏဇုန်က အလောင်း လေးလောင်းကို ပထမဆုံး အောင်အောင်မြင်မြင် ပြန်သယ်ထုတ်နိုင်ခဲ့ပါတယ်။
၅၄ ရက်ကြာပြီး ဇွန်လ ၅ ရက်မှာ ပြီးဆုံးခဲ့တဲ့ စီမံကိန်းအပြီးမှာ အရိုးစုတစ်ခုနဲ့ အမှိုက် ၁၁ တန်ကိုလည်း အနိမ့်ပိုင်းနေရာတွေကနေ ရှင်းလင်းခဲ့ပါတယ်။
“ဟိမ၀န္တာကို အမှိုက်တွေ၊ အလောင်းတွေနဲ့ အကြီးအကျယ် ညစ်ညမ်းအောင် လုပ်နေတယ်ဆိုပြီး နီပေါက နာမည်ဆိုးတွင်ခဲ့တယ်“ လို့ အခုနှစ် စီမံကိန်းခေါင်းဆောင် ဗိုလ်မှူး အဒီယာ ကာကီက ဘီဘီစီ နီပေါဌာနကို ပြောပါတယ်။
အလောင်းတွေကို မြင်တွေ့နေရတာကြောင့် တောင်တက်သမားတွေ စိုးရိမ်ထိတ်လန့်ကြတဲ့အတွက် အဲဒီစီမံကိန်းဟာ တောင်တက်သမားတွေရဲ့ လုံခြုံရေးပိုကောင်းအောင်လုပ်ဖို့လည်း ရည်ရွယ်တယ်လို့ ဗိုလ်မှူး အဒီယာက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ဧဝရက်တောင်ကို သွားတဲ့လမ်းမှာ တောင်တက်သမားတစ်ဦးဟာ အလောင်းတစ်လောင်းကို တွေ့လိုက်ရပြီးနောက် နာရီဝက်လောက် မလှုပ်မရှားနိုင် ဖြစ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာစုနှစ်က တောင်တက်မှတ်တမ်း စယူချိန်က စရင် ဧဝရက်တောင် ဒေသမှာ သေဆုံးမှု ၃၀၀ ကျော် ရှိပြီး အဲဒီအလောင်းတွေ အများကြီး ကျန်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သေဆုံးမှုတွေက ထပ်တိုးလာနေပြီး ဒီနှစ်ထဲမှာ လူ ရှစ်ယောက်ထိ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၃ မှာတော့ ၁၈ ဦး သေဆုံးခဲ့တယ်လို့ နီပေါ ခရီးသွားဌာနက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tshiring Jangbu Sherpa
အောက်ဆီဂျင်ဖိုးတင် ဒေါ်လာသောင်းချီကုန်တဲ့ အလောင်းသယ်စရိတ်
သေဆုံးသူတွေရဲ့ မိသားစု အတော်များများက အလောင်းတွေ ပြန်သယ်ဖို့ မတတ်နိုင်ကြပါဘူး။ သူတို့က ငွေကြေးတတ်နိုင်ရင်တောင် သေမန်းတမန်ဇုန်ကနေ အလောင်းပြန် သယ်ဖို့က အန္တရာယ်များလွန်းတာကြောင့် ပုဂ္ဂလိက ကုမ္ပဏီတွေက ပြန်သယ်ပေးဖို့ ငြင်းကြပါတယ်။
အလောင်းတစ်လောင်းစာ ဖယ်ရှားရေးကို ရူပီး ငါးသန်း (အမေရိကန်ဒေါ်လာ ၃၇,၄၀၀) နီပေါ စစ်တပ်က အခုနှစ်မှာ သုံးစွဲခဲ့ပ့ါတယ်။
အလောင်းတစ်လောင်းကို အမြင့် မီတာ ၈,၀၀၀ ကနေ အောက်ကို ပြန်သယ်ချဖို့ လူ ၁၂ ဦး လိုပြီး အဲဒီလူတွေတိုင်းအတွက် အောက်ဆီဂျင်ဆလင်ဒါအိုးလေးအိုး လိုပါတယ်။
အောက်ဆီဂျင်တစ်အိုးကို အမေရိကန်ဒေါ်လာ ၄၀၀ ကျော် ကုန်တဲ့အတွက် အောက်ဆီဂျင်ဖိုးတင် ဒေါ်လာ ၂၀,၀၀၀ ကုန်ပါတယ်။
နှစ်တိုင်းမှာ မီတာ ၈,၀၀၀ ကို တောင်တက်သမားတွေ အဆင်းအတက်လုပ်ဖို့ ၁၅ ရက်ပဲ အချိန် ရှိပါတယ်။ လေထုစက်ဝန်း အပြောင်းအလဲဖြစ်ပြီး လေတိုက်နှုန်းနှေးကွေးချိန်မှာ အချိန်ရတာပါ။ မရဏဇုန်မှာဆိုရင် မကြာခဏဆိုသလို လေတိုက်နှုန်းက တစ်နာရီကို ကီလိုမီတာ ၁၀၀ ကျော်ထိ ရှိပါတယ်။
အလောင်းတွေကို ရှာတွေ့ပြီဆိုရင် တခြားတောင်တက်သမားတွေကို အနှောင့်အယှက် မဖြစ်စေချင်တဲ့အတွက် ရှင်းလင်းရေးအဖွဲ့က အများအားဖြင့် ညဘက်တွေမှာ အလုပ်လုပ်ကြပါတယ်။
လော့ဆေးနဲ့ နက်ဆေးတောင်တို့ပါတဲ့ ဧဝရက်တောင် ဒေသမှာက လူတွေ အတက်အဆင်းလုပ်ဖို့
လှေကားနဲ့ ကြိုးလမ်းကြောင်း တစ်ခုပဲ ရှိပါတယ်။
“မရဏဇုန်က အလောင်းတွေကို ပြန်သယ်ဖို့က အရမ်းခက်ပါတယ်” လို့ မစ္စတာ ဆေပါးက ပြောပါတယ်။
“ကျွန်တော်ဆိုရင် အစာအိမ် အက်ဆစ်ရည်ပြန်တွေ ခဏခဏကို ပြန်အန်ထွက်ပါတယ်။ ကျွန်တော်တို့က အမြင့်ပေ အကြီးကြီးမှာ နာရီပေါင်း များစွာ နေကြတာဆိုတော့ တချို့လူတွေက ချောင်းတွေ ဆက်တိုက်ဆိုးကြတယ်၊ တချို့က ခေါင်းတွေ ကိုက်ကြတယ်။”
မီတာ ၈,၀၀၀ မှာ သန်စွမ်းကြံ့ခိုင်တဲ့ ဒေသခံ တောင်တက်သမားတစ်ယောက်ဟာ ၂၅ ကီလိုဂရမ်အထိ သယ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက အနိမ့်ပိုင်းတွေမှာ သူတို့ သယ်နိုင်တာရဲ့ သုံးပုံတစ်ပုံလောက်ထက် နည်းပါတယ်။
ရှင်းလင်းရေးအဖွဲ့ဟာ ဝန်စည်စလွယ်တွေ လျှော့ရမှာ ဖြစ်တဲ့အတွက် စားသောက်စရာဆိုလို့ ရေလေးနည်းနည်းရယ်၊ ချောကလက်ရယ်၊ ပဲတွေ ဂျုံတွေကို ရောကြိတ်ထားတဲ့ အစာခြောက်မှုန့်တွေနဲ့ပဲ အသက်ဆက်ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tshiring Jangbu Sherpa
လော့ဆေးတောင်ထိပ်နားက အလောင်းတစ်လောင်းဟာ အမြင့် ၈,၅၁၆ မီတာမှာ နေတွေ၊ နှင်းတွေထဲမှာ ၁၂ နှစ်လောက် ပစ်ထားခံရတာကြောင့် အရောင်အဆင်း မမှန်တော့ပါဘူး။ တချို့နေရာတွေမှာ မည်းနေပြီး တချို့နေရာတွေက ဖြူဖွေးနေပါတယ်။ အလောင်းရဲ့ တစ်ဝက်က နှင်းတွေထဲမှာ မြုပ်နေတယ်လို့ မစ္စတာ ဆေပါးက ပြောပါတယ်။
အလောင်း လေးလောင်းကို သူတို့ သေဆုံးခဲ့တဲ့အချိန်က နေရာမှာတွေမှာပဲ ပြန်တွေ့ရပါတယ်။ အလောင်းတွေက ခဲနေတာကြောင့် သူတို့ ခြေလက်တွေကို လှုပ်လို့ ရွှေ့လို့ မရပါဘူး။ အဲဒါကြောင့် သယ်ရတာ ပိုခက်ပါတယ်။
နီပေါ ဥပေဒမှာက အလောင်းတွေကို အာဏာပိုင်တွေဆီ ပြန်အပ်တဲ့အခါ အကောင်းဆုံး အခြေအနေအတိုင်း ကျန်ရှိနေစေရမှာ ဖြစ်ပါတယ်။ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ရင် ပြစ်ဒဏ်တွေ ချမှတ်ခံရမှာပါ။
မြေညီမြေပြန့်တွေမှာလို အလောင်းတွေကို နောက်ကနေ တွန်းတာတို့ ရှေ့ကနေ ဆွဲတာတို့ လုပ်လို့လည်း မရပါဘူး။ အဲဒါကြောင့် အလောင်းတွေကို ဖြည်းဖြည်းချင်းလျောချဖို့ ကြိုးတွေကို စီစဥ်ကြရပါတယ်။
တစ်ခါတစ်လေမှာ အလောင်းတွေက တောင်စွန်း အချွန်အတက်တွေနဲ့ ငြိနေတတ်ပါတယ်။ အဲဒီအခါမျိုးတွေမှာ ပြန်ဆွဲထုတ်ရတာက ပင်ပန်းခက်ခဲပါတယ်။
ချက်တောင်တက်သမားရဲ့ အလောင်းလို့ ယူဆရတဲ့အလောင်းကို ပြန်သယ်တဲ့အခါ ၃.၅ ကီလိုမီတာပဲဝေးတဲ့ အနီးဆုံး စခန်းကို သယ်ဖို့ ၂၄ နာရီ မရပ်မနား သယ်ခဲ့ရတယ်လို့ မစ္စတာ ဆေပါးက ပြောပါတယ်။
အဲဒါအပြီးမှာ အလောင်းကို နောက်ထပ် ပိုနိမ့်တဲ့စခန်းကို သယ်ချဖို့ ရှင်းလင်းရေးအဖွဲ့ဟာ နောက်ထပ် ၁၃ နာရီ ကြာခဲ့ပါတယ်။
ပြီးတော့ အလောင်းတွေကို ခတ္တမန္ဒူ မြို့တော်ကို ရဟတ်ယာဥ်နဲ့ ပြန်သယ်ပါတယ်။ ဒါပေမဲ့ ရာသီဥတုဆိုးနေလို့ ရှင်းလင်းရေး အဖွဲ့ကတော့ နမ်ချီမြို့မှာ ငါးရက် သောင်တင်နေခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ခတ္တမန္ဒူကို ဇွန်လ ၄ ရက်မှာ ဘေးကင်းကင်း ပြန်ရောက်ခဲ့ပါတယ်။
သေဆုံးသူတွေ ဘယ်သူတွေလဲ
အဲဒီအလောင်းလေးလောင်းနဲ့ အရိုးစု တစ်စုတို့ကို ခတ္တမန္ဒူက ဆေးရုံတစ်ရုံမှာ ထိန်းသိမ်းထားပါတယ်။ သူတို့ ဘယ်သူတွေဆိုတာ ခွဲခြားဖို့ စမ်းသပ်မှုတွေ အမျိုးမျိုး လုပ်နေပါတယ်။
ဒေသခံ ရှာပါ တောင်တက်သမားတွေနဲ့ တောင်တက်လမ်းပြတွေက တချို့အလောင်းတွေရဲ့ ဖြစ်နိုင်ခြေ သတင်းအချက်အလက်တွေကို ပေးနိုင်ဖို့ တည်နေရာတွေ နဲ့ သူတို့ ဘယ်သူ ဖြစ်နိုင်တယ်ဆိုတာတွေကို ခြေရာခံခဲ့ပါတယ်။
အလောင်းတွေ အားလုံးက နိုင်ငံခြားသားအလောင်းတွေလို့ သူတို့က ယူဆပါတယ်။ ဒါပေမဲ့ အစိုးရက ဒါကို အတည်မပြုသေးပါဘူး။
မှတ်တမ်းတွေ စကတည်းက ဆိုရင် ရှာပါတောင်တက်သမား ၁၀၀ လောက်ဟာလည်း ဟိမဝန္တာဒေသမှာ သေဆုံးခဲ့ပါပြီ။ အဲဒါကြောင့် ကျန်ရစ်သူ မိသားစုတွေက သူတို့အတွက် နောက်ဆုံးအနေနဲ့ ဗုဒ္ဓဘာသာ ဓလေ့ ထုံးစံတွေ အတိုင်း ဆောင်ရွက်ပေးဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေကြပါတယ်။
အလောင်းက နိုင်ငံခြားသားဖြစ်ဖြစ် နီပေါကပဲ ဖြစ်ဖြစ် အလောင်းတွေကို အတည်ပြုပြီးလို့ သုံးလကြာတဲ့အထိ မိသားစုတွေက ဆက်သွယ်မလာဘူးဆိုရင်တော့ အလောင်းတွေကို သင်္ဂြိုဟ်လိုက်မယ်လို့ အာဏာပိုင်တွက ပြောပါတယ်။
မစ္စတာ ဆေပါးဟာ ဟိမဝန္တာတောင်တန်းတွေကို အသက် ၂၀ မှာ စတက်ခဲ့တာပါ။ သူ့တောင်တက်သမားဘဝတစ်လျှောက်မှာ သူဟာ ဧဝရက်တောင်ကို သုံးကြိမ်နဲ့ လော့ဆေးတောင်ကို ငါးကြိမ် တက်ခဲ့ပြီးပါပြီ။
“တောင်တက်သမားတွေရဲ့ ကျော်ကြားမှုတွေဟာ တောင်တွေကို တက်ပြီး ရလာတာပါ။ ဟိမဝန္တာတောင်တန်းတွေက ကျွန်တော်တို့ကို အခွင့်အလမ်းတွေ အများကြီးပေးပါတယ်” လို့ သူက ပြောပါတယ်။
“အခုတော့ အလောင်းတွေကို ပြန်သယ်ပေးပြီး ဟိမဝန္တာတောင်တန်းကြီးတွေအတွက် ကျွန်တော့် ဘက်က ပြန်ပေးဆပ်တဲ့ အလှည့် ရောက်လာခဲ့ပါတယ်။"











