လက်ခ်ပါ ရှာပါ ဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို ၁၀ ကြိမ်မြောက် စံချိန်တင်တက်နိုင်သူဖြစ်ဖို့ ပြင်ဆင်နေ

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
- ရေးသားသူ, ဆွာမိနေသန် နက်တရာဂျန်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတစ်လွှားသတင်းဌာန
လက်ခ်ပါ ရှာပါကို ဂူထဲမှာ မွေးခဲ့တာ ဖြစ်ပြီး ကျောင်းကောင်းကောင်း မနေခဲ့ရဘဲ သန့်ရှင်းရေး အလုပ်သမ လုပ်ခဲ့သူ ဖြစ်ပါတယ်။ ခင်ပွန်းမပါဘဲ သားသမီးတွေကို တစ်ဦးတည်း ရုန်းကန် ပျိုးထောင်လာခဲ့ရတဲ့ လက်ခ်ပါ ဟာ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ကို တခြားအမျိုးသမီးတွေထက် အကြိမ်ပိုများများ တက်နိုင်ခဲ့လို့ စံချိန်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုလည်း နောက်ထပ် စံချိန်ချိုးနိုင်ဖို့ လုပ်နေပါတယ်။
"တောင်တက် သမိုင်းမှာ စံချိန်တင်ဖို့ ဆိုတဲ့ ကျွန်မရဲ့ ပန်းတိုင်ကို ရောက်ခါနီးနေပါပြီ၊ အခုဆိုရင် ဧဝရက်တောင်ထိပ်ကို ၁၀ ကြိမ်မြောက် တက်ဖို့ ကျွန်မ ပြင်နေပါတယ်" လို့ တောင်ပေါ်မတက်ခင်လေးမှာ လက်ခ်ပါက ဘီဘီစီကို ပြောခဲ့ပါတယ်။
လက်ခ်ပါရဲ့ အငယ်ဆုံးသမီး ၁၅ နှစ်အရွယ် ရှိုင်းနီးလည်း အခုဆိုရင် တောင်ခြေစခန်းမှာ ရှိနေပါတယ်။ သူ့မိခင်ရဲ့ တောင်တက်ခရီးကို စိတ်လှုပ်ရှားစွာ စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။
"ကျွန်မအမေကို ကျွန်မအမြဲပဲ အားကျတယ်။ သူက ဘာမှ မရှိတဲ့ ဘဝက လာပေမဲ့ အောင်မြင်မှုတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်" လို့ ရှိုင်းနီးက ပြောပြပါတယ်။
ဒါပေမဲ့ လက်ခ်ပါရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုတွေဟာ ငွေကြေးအရရော ထိုက်တန်တဲ့ အသိအမှတ်ပြုခံရတဲ့ အဆင့်မျိုးထိပါ မရောက်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
ဂူထဲမှာ မွေးခဲ့သူ
ဂူထဲမှာ မွေးလာသူလက်ခ်ပါရဲ့ ဘဝဟာ ပင်လယ်ပြင် ရေမျက်နှာပြင်အထက် မီတာ ၄၀၀၀ ကျော် အမြင့်မှာ ရှိတဲ့ ဟိမဝန္တာရွာလေးတစ်ရွာမှာ အစပြုခဲ့တာပါ။
"ကျွန်မကို ဂူတစ်ဂူထဲမှာ မွေးခဲ့တာပါ။ ကျွန်မရဲ့ မွေးနေ့ကိုတောင် ကျွန်မမသိပါဘူး"
"ကျွန်မရဲ့ နိုင်ငံကူးလက်မှတ်ထဲမှာတော့ ကျွန်မအသက်ကို ၄၈ နှစ်လို့ ရေးထားတယ်" လို့ သူက အူလှိုက်သည်းလှိုက် ရယ်မောရင်း ပြောပြပါတယ်။
လက်ခ်ပါဟာ နေရာအနှံ့လှည့်လည် ကျက်စားတဲ့ တိဘက်လူမျိုး ကနေ ဆင်းသက်လာတဲ့ ရှာပါလူမျိုးနွယ်ဝင် တစ်ဦး ဖြစ်ပါတယ်။ ရှာပါလူမျိုးတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ တောင်ထိပ်တွေမှာ နေထိုင်လေ့ ရှိသူတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
ကျောင်းထဲ အဝင်မခံခဲ့
"ကျောင်းရောက်ဖို့ နာရီပေါင်းများစွာ ခြေလျင်လျှောက်ခဲ့ရတာကို မှတ်မိနေသေးတယ်၊ တစ်ခါတလေ ကျွန်မမောင်လေးတွေကို ချီပြီး သွားခဲ့ရတယ်၊ ဒါပေမဲ့ ကျောင်းလည်း ရောက်ရော၊ အဝင်မခံခဲ့ကြပါဘူး၊ အဲဒီတုန်းက မိန်းကလေးတွေကို ကျောင်းနေခွင့် မပြုတဲ့ အချိန်လေ။"
နီပေါနိုင်ငံအရှေ့ပိုင်း မခါလူဒေသမှာ ရှိတဲ့ သူ့ရွာလေးမှာ လူတွေက စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပါတယ်။ သူ့ရွာမှာ လျှပ်စစ်မီး၊ စာသင်ကျောင်း မရှိပါဘူး။ ဒါပေမဲ့လည်း သူ့ကို လှုံ့ဆော်နိုင်ခဲ့တဲ့ အရာတစ်ခုတော့ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
"ကျွန်မက ဧဝရက်တောင်နဲ့ ကပ်ရက် ရွာလေးမှာ ကြီးပြင်းခဲ့တာပါ၊ ကျွန်မအိမ်ကနေ လှမ်းမြင်ရတယ်၊ ဧဝရက်တောင်က ကျွန်မကို စိတ်လှုပ်ရှားတတ်အောင် စိတ်အားထက်သန်တတ်အောင် လုပ်ခဲ့တယ်"
၁၉၅၃ ခုနှစ်မှာ ဧဝရက်တောင်ထိပ်ပေါ်ကို လူတွေ ပထမဆုံး တက်နိုင်ခဲ့ပြီးကတည်းက နောက်ထပ်လူတွေ တောင်ထိပ်ကို တက်ဖို့ နှစ်တိုင်း ထပ်ရောက်လာခဲ့ကြပါတယ်။ အဲဒီလူတွေက ရှာပါလူမျိုးတွေကို လမ်းပြဖို့နဲ့ ပစ္စည်းသယ်ဖို့ မဖြစ်မနေ ငှားကြရပါတယ်။
လက်ခ်ပါ လို ရှာပါလူမျိုးတချို့ကတော့ ဒီလို လမ်းပြအဆင့်နဲ့တင် မကျေနပ်ဘဲ ကိုယ်တိုင် တောင်တက်သမားတွေ ဖြစ်လာခဲ့ကြပါတယ်။
နင့််ကို ဘယ်သူမှ ယူမှာ မဟုတ်ဘူး
ဒါပေမဲ့ လမ်းပြကနေ တောင်တက်သမားအဆင့် ရောက်ဖို့က မလွယ်ခဲ့ပါဘူး။ လက်ခ်ပါရဲ့ မိဘတွေက အားမပေးခဲ့ကြပါဘူး။
"ကျွန်မအမေက ပြောတယ်၊ နင်ဘယ်တော့မှ ယောက်ျား ရမှာ မဟုတ်ဘူးတဲ့၊ နင့်ပုံက ယောက်ျားကြီးလို ဖြစ်လာပြီး ဘယ်သူမှ ကြိုက်တော့မှာ မဟုတ်ဘူးလို့ အမေက သတိပေးခဲ့တယ်။"
"ရွာကလူတွေကလည်း ဒါ ယောက်ျားတွေ လုပ်တဲ့ အလုပ်၊ တောင်တက်သမား လုပ်ရင် သေတောင် သေနိုင်တယ်လို့ ပြောကြတယ်။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
စံချိန်တင်နိုင်ဖို့ ကြိုးစား
ဒီလို ပြောတာတွေကို သူနားမထောင်ခဲ့ဘဲ ၂၀၀၀ ခုနှစ်မှာ ဧဝရက်တောင်ရဲ့ အမြင့်ဆုံး တောင်ထိပ်ကို သူတက်နိုင်ခဲ့ပါတယ်။
"ဧဝရက်တောင်ထိပ်ကို ပထမဆုံးအကြိမ် ကျွန်မ ရောက်သွားတဲ့အချိန်မှာ ကျွန်မရဲ့ အိပ်မက်ကို ကျွန်မအကောင်အထည် ဖော်လိုက်နိုင်ခဲ့တယ်လို့ ခံစားမိခဲ့ပါတယ်၊ ငါက သာမန်အိမ်ရှင်မ တစ်ယောက် မဟုတ်တော့ဘူး၊ ရှာပါ အမျိုးသမီးတွေ၊ နီပေါအမျိုးသမီးတွေရဲ့ အနေအထား၊ ရှာပါလူမျိုးတွေရဲ့ အစဉ်အလာ ထုံးစံကို ငါ ပြောင်းလဲပစ်နိုင်ခဲ့ပြီလို့ ခံစားမိခဲ့ပါတယ်"
"ကျွန်မရဲ့ အိမ်အပြင်ဘက်မှာ ထွက်နေရတာကို ပျော်တယ်၊ အဲဒီခံစားချက်ကို အမျိုးသမီးတွေ အားလုံးကို ပြန်ဝေမျှချင်ပါတယ်။"
၂၀၀၃ ခုနှစ်မှာတော့ သူဟာ ဧဝရက်တောင်ထိပ်ကို ၃ ကြိမ်မြောက် တက်နိုင်တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာခဲ့ပြီး အဲဒီနောက်မှာ နောက်ထပ် စံချိန်တွေ ထပ်တင်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
၂၀၀၃ ခုနှစ် တောင်ထိပ်တက်ချိန်အတွင်းမှာ သူနဲ့အတူ သူ့မောင်နဲ့ ညီမပါ အတူလိုက်ပါခဲ့ကြပြီး မီတာ ၈ ထောင်မြင့်တဲ့ တောင်ထိပ်ကို အရောက်တက်နိုင်တဲ့ ပထမဆုံး မောင်နှစ်မ သုံးဦးအဖြစ် စံချိန်တင်ခဲ့ကြပါတယ်။ သူတို့ရဲ့ အောင်မြင်မှုကို Guinness Book ဂင်းနစ်စ်မှတ်တမ်းက ကမ္ဘာ့စံချိန်အဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ပါတယ်။
"ကျွန်မမောင်လေးတွေထဲမှာ သုံးယောက်က ဧဝရက်တောင်ထိပ်ကို တက်နိုင်ခဲ့ကြတယ်၊ ကျွန်မ ညီမလေးတွေထဲက တစ်ယောက်က ဧဝရက်တောင်ထိပ်ကို ၃ ကြိမ် တက်နိုင်ခဲ့ပါတယ်"
အဲဒီနောက် လက်ခ်ပါဟာ အမေရိကန်မှာ နေတဲ့ ရိုမေနီးယန်းလူမျိုး တောင်တက်သမား ဒစ်ဂျ်မရက်စကူးနဲ့ အိမ်ထောင်ကျခဲ့ပြီး ဧဝရက်တောင်ထိပ်ကို သူနဲ့အတူ ၅ ကြိမ် တက်ခဲ့ပါတယ်။
အမေရိကန်မှာ အိုးအိမ်သစ် ထူထောင်
အိမ်ထောင်ကျအပြီးမှာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပေမဲ့ လင်မယား အဆင်မပြေ ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တစ်ယောက်နဲ့တစ်ယောက် ခါးခါးသည်းသည်း ကွာရှင်း ပြတ်စဲခဲ့ကြပါတယ်။
အခုအခါ လက်ခ်ပါဟာ သူ့သမီးနှစ်ယောက်နဲ့အတူ အမေရိကန်နိုင်ငံ ကွန်နက်တိကပ်ပြည်နယ်မှာ နေထိုင်နေပါတယ်။ သူ့မှာ အရင်အိမ်ထောင်နဲ့ သားတစ်ယောက်လည်း ရှိပါတယ်။
သူ့ရဲ့ ကနဦးပိုင်း တောင်တက်ခရီးစဉ်တွေအတွင်းမှာ လက်ခ်ပါဟာ ဧဝရက်တောင်ထိပ်မှာ နီပေါ အလံကို စိုက်ထူခဲ့လေ့ ရှိပါတယ်။ အခုတခေါက်မှာတော့ အမေရိကန်အလံကို သူ့နဲ့အတူ ယူလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
ဆံပင်ညှပ်ဖို့တောင် ပိုက်ဆံမရှိခဲ့
သူ့ရဲ့ အောင်မြင်မှုတွေကို မီဒီယာတွေနဲ့ စပွန်ဆာ ကုမ္ပဏီကြီးတွေက သတိမထားမိခဲ့ကြပါဘူး။ နှစ်ပေါင်းအတော်ကြာကြာ အသိအမှတ်ပြု မခံခဲ့ရဘဲ လုပ်ခလစာ အနည်းဆုံးနဲ့ အလုပ်လုပ်ခဲ့ရပါတယ်။
"သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့ အလုပ်၊ အိမ်သန့်ရှင်းရေးနဲ့ ပန်းကန်ဆေးတဲ့ အလုပ်တွေ ကျွန်မ လုပ်ခဲ့ပါတယ်။ ပိုက်ဆံ အများကြီး မရခဲ့ပါဘူး။"
"အင်္ကျီဝယ်ဖို့ ဒါမှမဟုတ် ဆံပင်ညှပ်ဖို့တောင် ကျွန်မမှာ ပိုက်ဆံမရှိခဲ့ပါဘူး။ ကျွန်မ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ကိုပဲ အဓိက အာရုံစိုက်ခဲ့ပါတယ်။ ပြီးရင် ဧဝရက်တောင်ကို ပြန်သွားနိုင်တဲ့ ပိုက်ဆံလုံလုံလောက်လောက် ရှိနိုင်ဖို့ကိုပဲ မျှော်လင့်ခဲ့ပါတယ်။"
ဒီခက်ခဲကြမ်းတမ်းမှုက သူ့ရဲ့ ဝါသနာမီးကို မငြှိမ်းသတ်နိုင်ခဲ့ပါဘူး။ လမ်းပြအဖြစ် တောင်ထိပ်ကို နှစ်ကြိမ်တက်ခဲ့ပြီး သူတောင်တက်နိုင်အောင် သူ့မိသားစု မိတ်ဆွေတွေက အခါအားလျော်စွာ အကူအညီပေးခဲ့ကြပါတယ်။
"ဒါက ကွဲပြားခြားနားတဲ့ အားကစားတစ်မျိုးပါ၊ ဒါက ကျွန်မရဲ့ ဝါသနာပါ၊ ဒါပေမဲ့ အန္တရာယ်ကြားမှာ စွန့်စားလုပ်ရတာတွေနဲ့ နှိုင်းစာရင် သိပ်အကျိုးမခံစားခဲ့ရပါဘူး"
တောင်တက်သမား လုပ်ခဲ့လို့သာ သူ့ရွာမှာ ပျင်းရိငြီးငွေ့စွာနဲ့ အချိန်ကုန်ရမယ့်ဘဝကနေ လွတ်ခဲ့ရတာလို့ လက်ခ်ပါက ယုံကြည်ထားပါတယ်။
အများစုပြီး ရန်ပုံငွေထည့်ခဲ့ကြ
သူ အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်လာအပြီးမှာ ငွေကြေးပိုင်း အခြေအနေတွေ စပြောင်းလာခဲ့ပါတယ်။
အင်္ဂလိပ်လို အင်တာဗျူးတွေ ပေးခဲ့ပြီး အခမ်းအနားပွဲတွေမှာ စကားပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
ဧဝရက်တောင်ထိပ်ကို ၉ ကြိမ်မြောက် တက်ဖို့ သူ စပွန်ဆာ ရခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ လူအများ စုပြီးထည့်တဲ့ငွေတွေကနေ ရန်ပုံငွေ ရှာခဲ့တာပါ။
လက်ခ်ပါဟာ တောင်တက်တဲ့အခါ နယ်မြေကျွမ်းပြီး ဘယ်လို ကြုံတွေ့ရမလဲဆိုတာကို သိနေပါတယ်။
တောင်တက်လမ်းနဲ့ အကျွမ်းတဝင်ဖြစ်အောင် တောင်ထိပ်ကို မတက်ခင်မှာ တောင်အတက်အဆင်း အကြိမ်ကြိမ် လုပ်ဖို့ လိုပါတယ်။
ဆိုးဝါးတဲ့ ရာသီဥတုကို ရင်ဆိုင်နိုင်ရေး
လက်ခ်ပါဟာ တောင်တက်ခရီးမစခင်မှာ ရိုးရာဝတ်ပြု ဆုတောင်းမှုတစ်ခု အမြဲ လုပ်လေ့ရှိပါတယ်။ ဘေးအန္တရာယ်ကင်းရေးက သူအဓိက ဦးစားပေးတဲ့ အချက် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
"ဧဝရက်တောင်ထိပ်ကို ကျွန်မ တက်ဖို့ ကြိုးစားတဲ့အကြိမ်တိုင်း တောင်ထိပ်ကို အောင်အောင်မြင်မြင် ရောက်နိုင်ခဲ့ပါတယ်။ မတော်တဆ အန္တရာယ်နဲ့ တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။"
ခဲနေတဲ့ လူသေအလောင်းတွေ
ဧဝရက်တောင်ထိပ်ကို တက်နိုင်ဖို့ ကြိုးစားရင်း အသက်ဆုံးပါးခဲ့သူပေါင်း ၃၀၀ ကျော်လောက် ရှိပါတယ်။ ဒီတော့ ရေခဲတွေကြောင့် မပုပ်မသိုးဘဲ ရှိနေဆဲ ဖြစ်တဲ့ ရုပ်အလောင်းတွေကို တောင်တက်လမ်းမှာ လက်ခ်ပါနဲ့ သူ့အဖွဲ့ ကြုံတွေ့ ဖြတ်ကျော်ခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်မှာ ရေခဲတောင် ပြိုကျမှုတစ်ခုအတွင်း ရှာပါ လမ်းပြ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နောက်ရေခဲတောင် ပြိုကျမှုတစ်ခုအတွင်း လူ ၂၁ ယောက် သေဆုံးခဲ့ပါတယ်။
" ရာသီဥတုကောင်းမလား၊ ဆိုးမလား ဆိုတာကို ဧဝရက်တောင်က ဆုံးဖြတ်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုအချိန်မျိုးဆိုရင် ကျွန်မ ဆက်မသွားဘဲ စောင့်ပါတယ်။ ဧဝရက်တောင်နဲ့ အပြိုင်တုပြီး မလုပ်နိုင်ပါဘူး" လို့ သူက ပြောပြပါတယ်။
တောင်ထိပ်ဖျားကို ရောက်ဖို့ နီးလာာတာနဲ့အမျှ အောက်ဆီဂျင်ကလည်း လျော့ကျလာပါတယ်။
"မီတာ ၈၀၀၀ ကို တက်ခဲ့ရတာ လူက အရုပ်ကြိုးပြတ်လို ဖြစ်နေပြီ၊ အကုန်လုံးက ခဲနေတော့ ဘာမှ မစားနိုင်ဘူး၊ ညဘက်မှာမှ တောင်ပေါ်ကို တက်ရတယ်။ ဒါမှ နေ့ခင်းအလင်းရောင်ရှိတုန်း တောင်ထိပ်ကနေ ပြန်ဆင်းနိုင်မှာလေ၊ အရမ်းကို ကြောက်စရာကောင်းပါတယ်"

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
တောင်ထိပ်မှာ မိနစ်ပိုင်းပဲ နေကြရ
တောင်တက်သမား ၆၀၀၀ ကျော်လောက် ဧဝရက်တောင်ထိပ်အထိ တက်နိုင်ခဲ့ကြပါတယ်။ အန္တရာယ်အသွယ်သွယ်ကို ကျော်ဖြတ်ပြီး တောင်ထိပ်အထိ သက်စွန့်ဆံဖျား တက်ခဲ့ကြရပေမဲ့ တောင်တက်သမားတွေဟာ တောင်ထိပ်ပေါ်မှာ နေဖို့ အချိန်ခဏလေးပဲ ရကြပါတယ်။
လက်ခ်ပါ ဟာ တောင်ထိပ်မှာ ၅ မိနစ်ကနေ ၁၀ မိနစ်ကြားလောက်ပဲ သူနေနိုင်တယ်လို့ ပြောပါတယ်။
"အရင်ဆုံး ကျွန်မ ဓာတ်ပုံရိုက်တယ်" လို့ လက်ခ်ပါ က ပြောပြပါတယ်။
"ပြီးရင် ကျွန်မသူငယ်ချင်းတွေ၊ ကျွန်မ မိသားစု၊ မိဘနဲ့ ကျွန်မရဲ့သမီးတွေ၊ နောက်ကျွန်မကို ကူညီအားပေးတဲ့ လူတွေရဲ့ အကြောင်းတွေကို ကျွန်မစိတ်ထဲမှာ စဉ်းစားပါတယ်။"
"အန္တရာယ်ကင်းကင်းနဲ့ တောင်ထိပ်ကနေ ပြန်ဆင်းနိုင်ရေးကိုလည်း ကျွန်မတွေးလေ့ ရှိပါတယ်။"
အမေ့ခြေရာနင်းဖို့ လုပ်
တောင်ထိပ်ကနေ သူပြန်ဆင်းလာချိန်မှာ သူ့ကလေးတွေက သူ့အကြောင်း တွေးနေကြမှာ ဖြစ်ပါတယ်။
လက်ခ်ပါ ဟာ သူ့သမီးတွေကို မခါလူ တောင်ခြေစခန်းဆီ ခေါ် သွားခဲ့ပြီး ဖြစ်ပါတယ်။ သူ့သမီးအကြီး ဆန်နီက တောင်တက်တာကို စိတ်ဝင်စားတဲ့အတွက် သူကျေနပ်အားရ ဖြစ်မိပါတယ်။
သမီးအငယ် ရှိုင်းနီကတော့ သူ့အမေပြန်လာရင် ဂုဏ်ပြုစကားဆိုဖို့ မီတာ ထောင်ပေါင်းများစွာ နိမ့်တဲ့ တောင်အောက်ကနေ စောင့်နေပါတယ်။
"အမေ တောင်တက်သွားရင် အမေ့အကြောင်း အများကြီး စဉ်းစားမိတယ်၊ အကြာကြီးနေမှ တစ်ခါလောက် စကားပြောရတယ်၊ တောင်ပေါ်မှာ အင်တာနက်လိုင်းက သိပ်မကောင်းတော့ ခေါ်ချင်တိုင်း ခေါ်လို့ မရဘူးလေ။"

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
ရှိုင်းနီး ဟာ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့တာ ဖြစ်ပြီး ဧဝရက်တောင်အကြောင်း သူ့မိခင်လောက် အမှတ်တရ သိပ်မရှိလှပါဘူး။ ဒါပေမဲ့ သူ့မိခင်ရဲ့ ဘိုးဘေးဘီဘင်တွေ နေခဲ့တဲ့ နေရပ်မြေကို အလည်သွားတိုင်း စိတ်ထဲမှာ ဝမ်းနည်းဝမ်းသာ ခံစားမိတယ်လို့ ဆိုပါတယ်။ သူ့အလုပ်အကိုင် လမ်းကြောင်း ပြောင်းသင့် မပြောင်းသင့် ဆုံးဖြတ်ဖို့ နောက်ထပ် နှစ်အနည်းငယ်လောက် အချိန်ယူချင်သေးတယ်လို့ သူက ပြောပါတယ်။ စွန့်စားရတဲ့ ဒီတောင်တက်အလုပ်ဟာ အန္တရာယ်များတယ် ဆိုတာ သူသိပါတယ်။ ဒါပေမဲ့ ဘယ်စိန်ခေါ်မှု အခက်အခဲကိုမဆို သူ့မိခင်က ကူညီကျော်ဖြတ်မယ် ဆိုတာကို သူတထစ်ချ ယုံကြည်ထားပါတယ်။
ရှေ့ဆက် လျှောက်လှမ်းမယ်
ဒီတောင်တက် ရာသီပြီးရင် အနားယူဖို့ အစီအစဉ် လက်ခ်ပါမှာ လုံးဝ မရှိသေးပါဘူး။ ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး တောင်ထိပ်ဖြစ်တဲ့ K2 တောင်ထိပ်ကို တက်ချင်ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Lhakpa Sherpa
"ကျွန်မဘဝဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ တောင်တွေက ကျွန်မကို ပျော်ရွှင်မှု၊ စိတ်သက်သာရာ ရမှုကို ဖြစ်စေပါတယ်၊ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး၊ အမျိုးသမီးငယ်လေးတွေလည်း အရှုံးမပေးကြစေလိုပါဘူး"
လက်ခ်ပါဟာ နောင်တစ်ချိန်ကျရင် သူ့သား၊ သမီးတွေနဲ့ ဧဝရက်တောင်ထိပ်ကို တက်ဖို့ စဉ်းစားထားပါတယ်။
"တောင်တက်တာက ကျွန်မရဲ့ ဝါသနာ ဖြစ်ပြီး ကျွန်မ လုပ်ချင်တဲ့အရာ ဖြစ်ပါတယ်။"








