ရာသီဥတုပြောင်းလဲမှု ဆိုတာဘာလဲ- ရိုးစင်းလွယ်ကူသော ရှင်းပြချက်များ

လူတွေရဲ့ လုပ်ဆောင်မှုတွေနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ကမ္ဘာ့ အပူချိန်က ပိုမိုမြင့်တက်လာပြီး လူသား အားလုံးရဲ့ အသက် အန္တရာယ်ကိုခြိမ်းခြောက်နေပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ လူတွေဟာ ပိုမိုပြင်းထန်တဲ့ အပူချိန်၊ မိုးခေါင်ရေရှားမှုတွေ၊ ပင်လယ်ရေ မြင့်တက်မှုတွေနဲ့ မျိုးစိတ်အများအပြား မျိုးတုံးပျောက်ကွယ်နိုင်တဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်လာရနိုင်ပါတယ်။
ကမ္ဘာကြီးဟာ အကြီးမားဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပေမယ့်လည်း ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။
ရာသီဥတုပြောင်းလဲမှုဆိုတာ ဘာလဲ။
ရာသီဥတု ဆိုတာ နှစ်ပေါင်းများစွာ ဖြစ်နေကျ သဘာဝတရား တစ်ခုပါ။ ဒါပေမဲ့ သာမန် ရာသီဥတု ကနေ ဆိုးရွားတဲ့ ပြောင်းလဲမှုတွေက ပေါ်ပေါက်လာပါတယ်။
အိမ်တွေနဲ့ စက်ရုံတွေ အတွက် အပူပေးဖို့ စွမ်းအင်ရဖို့ လောင်စာဆီ အသုံးပြုမှု၊ ဓာတ်ငွေ့ အသုံးပြုမှု၊ ကျောက်မီးသွေး လောင်စာတွေ သုံးစွဲနေမှုကြောင့် လျင်မြန်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ကြုံတွေ့လာရတာလည်း ဖြစ်ပါတယ်။
စက်သုံးဆီတွေ လောင်ကျွမ်းတဲ့အခါမှာ ဖန်လုံအိမ်ဓာတ်ငွေ့လို့ ခေါ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ဓာတ်ငွေ့ ထွက်ပါတယ်။
ဒီဓာတ်ငွေ့ဟာ နေရဲ့ အပူချိန်ကို သိုလှောင်နိုင်တာကြောင့် ကမ္ဘာကြီးဟာ ပိုမို ပူနွေး လာရတာ ဖြစ်ပါတယ်။
အခုဆိုရင် ကမ္ဘာကြီးဟာ ၁၉ ရာစုနှစ်ကထက် ၁.၁ ဒီဂရီ ပိုမိုပူနွေးလာပြီး လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ဓာတ်ငွေ့ ကလည်း ၅၀ ရာခိုင်နှုန်း မြင့်တက်နေပါတယ်။
ပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ထပ်မံမကြုံနိုင်အောင် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချဖို့ လိုကြောင်း သိပ္ပံပညာရှင်တွေက ထောက်ပြကြပါတယ်။ ကမ္ဘာကြီး ပူနွေးမှုကို သက္ကရာဇ် ၂၁၀၀ ခုနှစ်အထိ ၁.၅ ဒီဂရီ အထိ ထိန်းထားနိုင်ဖို့ လိုတယ်လို့ သူတို့တွေက ပြောပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာကြီးပူနွေးမှုကို လျှော့ချဖို့ မလုပ်ဆောင်ဘူး ဆိုရင် ၂၁၀၀ ခုနှစ်မှာ ၂ ဒီဂရီ အထိ အပူချိန်မြင့်တက်နိုင်ပါတယ်။ လာမယ့် ရာစုနှစ်ကုန်မှာ ကမ္ဘာကြီးဟာ ၂.၄ ဒီဂရီ အထိ အပူချိန် မြင့်တက်မှုကို ကြုံရနိုင်တယ်လို့လည်း လွတ်လပ်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း တစ်ခုရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဘာတစ်ခုမှ မလုပ်ဆောင်နိုင်ဘူး ဆိုရင်တော့ ကမ္ဘာကြီး ပူနွေးမှုဟာ အနာဂတ်မှာ ၄ ဒီဂရီ အထိ မြင့်တက်ပြီး အပူလှိုင်း ဖြတ်သန်းမှုတွေ၊ ပင်လယ်ရေ မြင့်တက်မှုတွေကြောင့် လူနေထိုင်ရာ နေစရာတွေ ဆုံးရှုံးနိုင်သလို အပင်တွေနဲ့ တိရစ္ဆာန်တွေ မျိုးတုံး ပျောက်ကွယ်တာမျိုးလည်း ကြုံရနိုင်ပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဘာတွေ ထိခိုက်နိုင်လဲ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြင်းထန်တဲ့ ရာသီဥတု ဆိုးရွားမှုတွေကို ကမ္ဘာတဝန်းမှာ ကြုံတွေ့ခဲ့ရပြီး လူတွေရဲ့ အသက်ရှင် နေထိုင်မှုကို ခြိမ်းခြောက်နေပါတယ်။
ပူနွေးမှုတွေ ပိုမိုမြင့်တက်လာမယ် ဆိုရင်တော့ ကမ္ဘာ့ နေရာ တစိတ်တပိုင်းဟာ စိုက်ပျိုးမြေ အဖြစ်ကနေ နေထိုင်လို့ မရတဲ့ အခြေအနေ ကန္တာရကြီး အဖြစ်ပြောင်းသွားနိုင်ပါတယ်။
အရှေ့အာဖရိကမှာ ဥတု ၅ ခုမြောက် မိုးခေါင် ရေရှားမှုနဲ့ ကြုံတွေ့နေရပြီး လူပေါင်း ၂၂ သန်းဟာ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့က သတိပေးထားပါတယ်။
ပြင်းထန်တဲ့ အပူချိန်မြင့်တက်မှုဟာ တောမီးလောင်ကျွမ်းမှု အန္တရာယ်ကို လက်ယပ် ခေါ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ဥရောပတခွင်ဟာ တောမီးလောင်ကျွမ်းမှုတွေ နဲ့ ပြည့်နေခဲ့တာပါ။ ပြင်သစ်နဲ့ ဂျာမနီမှာ စံချိန်တင် ၇ ကြိမ်တိုင်တိုင် တောမီးလောင်ကျွမ်းမှုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ နဲ့ ဇူလိုင်လတွေ ကြားမှာ ကြုံတွေ့ခဲ့ရပါတယ်။
အပူချိန်မြင့်တက်မှုကြောင့် အရင်က အေးခဲနေတဲ့ ဆိုက်ဘေးရီးယားဒေသမှာ ရေခဲပျော်ကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရာစုနှစ်နဲ့ချီပြီး သိုလှောင်ထားတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို လေထုထဲကို ထုတ်ပြန် နိုင်တာကြောင့် ရာသီဥတု ဖောက်ပြန်မှုကို ပိုမိုဆိုးရွားစေပါတယ်။
နောက်ထပ် ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်နေတာပါ။ ဒီလိုရေကြီးမှုတွေ တရုတ်၊ ပါကစ္စတန်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေမှာ ဖြစ်ခဲ့ပြီးပါပြီ။
ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူတွေဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အရင်းအမြစ် နည်းပါးတဲ့ အခြေအနေကြောင့် ရာသီဥတု ဖောက်ပြန်မှုကို ဆိုးရွားစွာ ကြုံရနိုင်ပါတယ်။
တခြားတဖက်မှာလည်း ဒီနိုင်ငံတွေဟာ ကာဗွန်ထုတ်လွှတ်မှု နည်းပါးတဲ့ အခြေအနေလည်း ရှိနေပြန်တာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အခြေအနေ ရှိပါတယ်။
ရေသတ္တဝါမျိုးစိတ် ၁၀ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်းအထိ ပျောက်ကွယ် သွားနိုင်ကြောင်း အမေရိကန် သမုဒ္ဒရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ရဲ့ လေ့လာမှုထဲမှာ ဖော်ပြထားပါတယ်။
အပူပိုင်း ဒေသတွေက ကုန်းတွင်း သတ္တဝါ မျိုးစုံဟာလည်း အစားအစာနဲ့ ရေရရှိမှု နည်းပါး လာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဥပမာအားဖြင့် ရေခဲပြင် အရည်ပျော်ကျမှုတွေ ပိုများလာမယ်ဆိုရင် ပိုလာ ဝက်ဝံတွေ ပျောက်ကွယ် သွားနိုင်ပါတယ်။
ဒါ့အပြင် တောရိုင်းဆင်တွေဟာ လိုအပ်တဲ့ ရေ လီတာ ၁၅၀ ကနေ ၃၀၀ ရရှိဖို့ ခက်ခက်ခဲခဲ ရှာဖွေရတော့မှာပါ။ ဒီရာစုနှစ်အတွင်းမှာ သတ္တဝါ မျိုးစိတ် ၅၅၀ လောက် ပျောက်ကွယ် သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေပါတယ်။
အပူချိန် ပိုမိုမြင့်တက် လာဦးမယ်ဆိုရင် အပူပိုင်း ပင်လယ်ပြင်က သန္တာကျောက်တန်းတွေကို ပျက်စီးစေနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးကို ဘယ်လို သက်ရောက်မှု ရှိမလဲ။
ရာသီဥတု ဖောက်ပြန်မှုတွေဟာ ကမ္ဘာ့နေရာအနှံ့ သက်ရောက်နိုင်ပါတယ်။ အကယ်၍ ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီမှာ မထိန်းထားနိုင်ဘဲ ပိုမိုမြင့်တက်လာရင် ကြုံ့တွေရနိုင်တဲ့ သတိပေးချက်တွေကို ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ IPCC က ထုတ်ပြန်ထားပါတယ်။
- ဥရောပနဲ့ ဗြိတိန်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးနိုင်။
- အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ အပူလှိုင်း ဖြတ်သန်းမှုနဲ့မိုးခေါင်းရေရှားမှု ကြုံရနိုင်။
- ပင်လယ်ရေ မြင့်တက်မှုကြောင့် ပစိဖိတ် သမုဒ္ဒရာပိုင်းနိုင်ငံတွေ ပျောက်ကွယ်နိုင်
- အာဖရိက နိုင်ငံအတော်များများ မိုးခေါင်ရေရှားမှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံရနိုင်။
- အမေရိကန်မှာလည်း မိုးခေါင်ရေရှားမှု ကြုံရနိုင်ပြီး တခြားဒေသတွေမှာတော့ မုန်တိုင်း အန္တရာယ်ရှိနေ။
- သြစတြေးလျဟာ ပြင်းထန်တဲ့ အပူချိန်မြင့်တက်မှုနဲ့ တောမီးလောင်ကျွမ်းမှု အန္တရာယ်ကြုံရနိုင်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အစိုးရတွေ ဘာတွေလုပ်ဆောင်နေလဲ။
ရာသီဥတုပြောင်းလဲမှုအတွက် အတူတကွပူးတွဲလုပ်ဆောင်ရမယ် ဆိုတာကို နိုင်ငံအသီးသီးက သဘောတူညီထားကြပါတယ်။ ၂၀၁၅ ခုနှစ်က ပဲရစ်မှာကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတု ညီလာခံမှာ ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီမှာပဲ ရှိအောင် ဆောင်ရွက်ကြဖို့ ကတိပြုထားကြပါတယ်။
နိုဝင်ဘာလထဲမှာ အီဂျစ်နိုင်ငံမှာ COP27 ဆိုတဲ့ ရာသီဥတု ညီလာခံကို ကျင်းပနေပြီး ကမ္ဘာ့ ခေါင်းဆောင် အသီးသီး တက်ရောက်နေကြပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့ချဖို့နဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို လျော့ချဖို့ အစီအစဉ်တွေကို ညှိနှိုင်းကြမှာပါ။
၂၀၅၀ ခုနှစ်မှာ ကာဗွန် ထုတ်လွှတ်မှု ကင်းစင်ဖို့ကိုလည်း နိုင်ငံ အများအပြားက ကတိပြုထား ကြပါတယ်။ ဒါက ဘာကိုဆိုလိုသလဲ ဆိုတော့ ဖြစ်နိုင်သမျှ ဖန်လုံအိမ်ဓာတ်ငွေ့ကို လျော့ချ၊ လေထုထဲမှာ ရှိနေတဲ့ ကာဗွန် ဓာတ်ငွေ့ကို စုပ်ယူပြီး ကျန်ရှိတဲ့ ဓာတ်ငွေ့တွေကို ဟန်ချက်ညီအောင် လုပ်ဆောင်မယ့် ကိစ္စတွေလည်း ပါဝင်ပါတယ်။
ဒီအစီအစဉ်တွေဟာ အစိုးရ အသီးသီးက လုပ်ဆောင်နိုင်တဲ့ အစီအစဉ်တွေ အဖြစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက သဘောတူပါတယ်။ ဒါပေမယ့် အစိုးရ၊ လူတစ်ဦးချင်းစီနဲ့ စီးပွားရေး လုပ်ငန်းတွေဟာ သိသာ ထင်ရှားတဲ့ ပြောင်းလဲမှုကို လုပ်ဆောင်သင့်ပြီလို့ ဆိုပါတယ်။
ရာသီဥတု ထိန်းသိမ်းဖို့ တစ်ဦးချင်းစီ ဘာလုပ်နိုင်မလဲ။
အဓိက အရေးပါတဲ့ ပြောင်းလဲမှုတွေကို အစိုးရတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကနေ စပြီး ပြောင်းလဲ ရမှာပါ။ ဒါပေမယ့်လည်း နေ့စဉ်ဘဝနေထိုင်မှုထဲက သေးငယ်တဲ့ ပြောင်းလဲမှုလေးတွေဟာ ရာသီဥတု ပြောင်းလဲမှုအပေါ်မှာ အရေးပါတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။
အောက်ပါ အချက်တွေကို လုပ်ဆောင်သင့်တယ်လို့လည်း သူတို့က ထောက်ပြကြပါတယ်။
- လေယာဥ်ခရီးစဉ် လျော့ချခြင်း။
- ကားအသုံးပြုမှုလျော့ချခြင်းနဲ့ လျှပ်စစ်ကား အသုံးပြုခြင်း
- အသား နဲ့ နို့ထွက်ပစ္စည်း စားသုံးမှု လျော့ချခြင်း။
- စွမ်းအင် သုံးစွဲမှုကို လျော့ချခြင်း။
- လျှပ်စစ်ပစ္စည်း ဝယ်ယူတဲ့အခါမှာ စွမ်းအင်သုံးစွဲမှု သက်သာတဲ့ ထုတ်ကုန်များကို ဝယ်ယူအသုံးပြုခြင်း။
- အိမ်တွင်းအပူပေးစနစ် အကာအရံများကို ကောင်းမွန်အောင်ပြုလုပ်ခြင်း။
- ဓာတ်ငွေ့အပူပေး စနစ်ကနေ လျှပ်စစ်အပူပေး စနစ်ကို ပြောင်းလဲ အသုံးပြုခြင်း။








