လေထုညစ်ညမ်းမှုတိုင်းတာပုံနဲ့ လူတွေအတွက် အန္တရာယ်ရှိတဲ့ အဆင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူဝစ်စ် ဘာရုချို
ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်
ဘေးကင်းစိတ်ချရတယ်ဆိုပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (World Health Organization - WHO)က သတ်မှတ်ထားတဲ့ လေထုအနေအထားထက် အိန္ဒိယနိုင်ငံ မြို့တော် ဒေလီနဲ့ အနီးအနားက မြို့တွေမှာ လေထုညစ်ညမ်းမှု အဆင့်က ၃၀ - ၃၅ ဆ ပိုနေပါတယ်။ လေထဲမှာ အဆိပ်ဓာတ်တွေဖြစ်နေတာ၊ ဘာမှ ကောင်းကောင်း မမြင် နိုင်တော့တာ စတာတွေ အဲဒီနေရာတွေမှာ ဖြစ်နေတာက သီတင်းပတ်တွေနဲ့ ချီပြီး ရှိလာနေပါပြီ။
အိန္ဒိယမြောက်ပိုင်းနဲ့ အိမ်နီးချင်း ပါကစ္စတန်တို့ရဲ့ အပေါ်မှာ မီးခိုးမြူတွေ ထူထပ် နေတာကို အာကာသထဲက နာဆာ (NASA) ဂြိုဟ်တု ဓာတ်ပုံတွေထဲမှာ တွေ့ရ ပါတယ်။ အဲဒီဒေသတွေဘက်မှာ လေကြောင်းခရီးစဉ်တွေနောက်ကျတာ၊ ဖျက်သိမ်း ရတာတွေလည်း ဖြစ်နေပါတယ်။
ဆွစ်ဇာလန်အခြေစိုက် လေထု အရည်အသွေး ညွှန်းကိန်း စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ ဖြစ်တဲ့ IQAir ရဲ့ အဆိုအရ ၂၀၂၃ မှာ ဒေလီဟာ ကမ္ဘာမှာ လေထုအညစ်ညမ်းဆုံး မြို့တော် ဖြစ်ခဲ့သလို အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်ပြီးရင် ကမ္ဘာမှာ တတိယ လိုက်ခဲ့တဲ့ လေထုအညစ်ညမ်းဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။
နှစ်စဉ် ဆောင်းရာသီလတွေဖြစ်တဲ့ အောက်တိုဘာကနေ ဇန်နဝါရီလတွေဆိုရင် အပူချိန် ကျဆင်းတာ၊ လေငြိမ်တာ၊ မီးခိုးတွေ၊ ဖုန်မှုန့်တွေ၊ ယာဉ်တွေက မီးခိုးတွေ၊ လယ်ကွင်းက ရိုးပြတ်မီးရှို့တာ စတာတွေကြောင့် အိန္ဒိယမှာ လေထုညစ်ညမ်းမှုက ထိုးတက် တတ်လေ့ရှိပါတယ်။
ဒီလို အခြေအနေမျိုးက အိန္ဒိယနိုင်ငံ တနိုင်ငံမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ ကမ္ဘာ့ လူဦးရေရဲ့ ၉၉%က အရည်အသွေး ညံ့ဖျင်းတဲ့ လေတွေကို ရှူနေရတာဖြစ်ပြီး ဝင်ငွေနည်း ဒါမှမဟုတ် ဝင်ငွေ အလယ်အလတ်တန်းရှိတဲ့ နိုင်ငံတွေမှာ ဒီပြဿနာကို အများဆုံး ရင်ဆိုင်နေရတာလို့ WHO က ပြောပါတယ်။
လေထုညစ်ညမ်းမှုကနေ နှစ်စဉ် လူ ၇ သန်းခန့်ဟာ အချိန်အခါမသင့်သေးဘဲ သေဆုံး နေကြရတယ်လို့လည်း သူတို့က ဆိုပါတယ်။
ဒီတော့ လေထုညစ်ညမ်းမှုကို ဘယ်လိုတိုင်းတာကြသလဲ၊ ဘယ်အဆင့်ရောက်ပြီဆို ရင် လူသားတွေ အတွက် အန္တရာယ်များနေပါပြီလဲ။
လေထုညစ်ညမ်းမှုကို ဘယ်လိုတိုင်းတာလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လူတွေရဲ့ လုပ်ဆောင်မှုတွေ ဥပမာ - ရုပ်ကြွင်းလောင်စာဆီတွေကို ယာဉ်တွေမှာ သုံးတာ၊ ချက်ပြုတ်တဲ့နေရာမှာ သုံးတာတွေ နဲ့ သဘာဝကြောင့်ဖြစ်လာတာတွေ ဥပမာ - ဖုန်မှုန့် မုန်တိုင်းတွေ၊ တောမီးလောင်တာတွေ၊ မီးတောင်တွေ စတာတွေ ကြောင့် လေထု ညစ်ညမ်းစေတဲ့အရာတွေ ဖြစ်လာတာပါ။
လေထုညစ်ညမ်းစေတဲ့ အရာတွေကို တွေ့ရှိနိုင်အောင် အာရုံခံကိရိယာ တွေကို သုံးပြီး လေထုအရည်အသွေးတိုင်းတာမှုကို ဆောင်ရွက်တဲ့ ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင် အစီအစဉ် (United Nations Environment Programme - UNEP) ရဲ့ အဆိုအရ တချို့က လေဆာကို သုံးပြီး လေထုညစ်ညမ်းစေတဲ့ အရာတွေ ရဲ့ သိပ်သည်း ထူထပ်မှုကို တိုင်းတာကြတယ်၊ တချို့က ဂြိုဟ်တုက ရိုက်တဲ့ ဓာတ်ပုံ တွေကို သုံးပြီး ကမ္ဘာက ထွက်တဲ့ ဒါမှမဟုတ် လောင်စာသုံးစွဲမှုက ထွက်တဲ့ ထုတ်လွှင့်မှု တွေကို တိုင်းတာကြကြောင်း သိရပါတယ်။
လူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတဲ့ လေထုညစ်ညမ်းအရာတွေထဲမှာ PM2.5၊ PM10၊ မြေပြင် အိုဇုန်းလွှာ၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင် အောက်ဆိုဒ် စတာတွေ ပါဝင်ပါတယ်။
PM2.5 ဆိုတာက ၂.၅ မိုက်ခရိုမီတာနဲ့ အဲဒီထက်သေးတဲ့ အမှုန်အမွှားလေးတွေကို ဆိုလိုပြီး သူတို့ဟာ သိပ်ကို သေးငယ်တဲ့အတွက် လူတွေရဲ့ သွေးကြော လမ်းကြောင်း ထဲကိုရောက်သွားနိုင်ပြီး ကျန်းမာရေးကို အကြီးအမား ထိခိုက်နိုင်ပါတယ်။

လေထဲမှာ လေထုညစ်ညမ်းစေတဲ့အရာ အဓိက ၅ ခုရဲ့ ပါဝင်မှုကို နိုင်ငံတကာ လေထု အရည်အသွေး ညွှန်းကိန်း (Air Quality Index - AQI) အဆင့်တွေနဲ့ တိုင်းတာ ပါတယ်။
AQI စကေးက သုည အဆင့် (ကောင်းမွန်တဲ့ လေ) ကနေ ၅၀၀ (အများပြည်သူရဲ့ ကျန်းမာရေးကို ချက်ချင်း ထိခိုက်နိုင်) အဆင့် အထိ ခွဲခြားသတ်မှတ်ထားပါတယ်။
ဒီအဆင့်တွေကို ကြည့်ရင် လေက ဘယ်လောက်သန့်လဲ၊ ဘယ်လောက် ညစ်ညမ်းလဲ ဆိုတာကို သိနိုင်ပြီး အထူးသဖြင့် ညစ်ညမ်းလေထုနဲ့ နေနေ ရတာ ဘယ်နှနာရီ ဒါမှမဟုတ် ဘယ်နှရက် ကြာနေတာကို ကြည့်ကာ ကျန်းမာရေးကို ဘယ်လောက် ထိခိုက်မလဲ ဆိုတာကို ဆန်းစစ်နိုင်ပါတယ်။
UNEP ရဲ့ အဆိုအရ အစိုးရ၊ အဖွဲ့အစည်း အရင်းအမြစ်၊ ဂြိုဟ်တုက စောင့်ကြည့်မှု စတာတွေကနေ စုပေါင်းရရှိတဲ့ အချက်အလက်တွေကို လေထုအရည်အသွေး ဒေတာဘဏ် တွေကနေ သုံးသပ်ပြီး AQI ညွှန်းကိန်းတွေကို ထုတ်လုပ်ပေးတယ်လို့ သိရပါတယ်။
၂၀၂၁ မှာ UNEP နဲ့ သူ့ရဲ့ မိတ်ဖက်အဖွဲ့အစည်း IQAir တို့က နိုင်ငံပေါင်း ၁၁၇ နိုင်ငံမှာ စောင့်ကြည့်တဲ့ နေရာ ၆,၄၇၅ ခုထားကာ လေထု အရည်အသွေးကို ဖတ်ပြီး လက်ရှိ အချိန်မှာ ဖြစ်နေတဲ့ လေထု အနေအထား တွက်ချက်မှုကို စတင်ထုတ်ပြန်ခဲ့ပါတယ်။
လေထုညစ်ညမ်းအရာတွေထဲ အန္တရာယ်အပေးဆုံးဖြစ်တဲ့ PM2.5 ကို အဲဒီ ဒေတာ ဘေ့စ်က ဦးစားပေး ကြည့်ပေးကာ ဉာဏ်ရေတု အေအိုင်ကို သုံးပြီး လေထု ညစ်ညမ်း မှု ထဲ လူတွေက ဘယ်လောက်ကြာကြာ နေနေရပြီလဲ ဆိုတာကိုသိနိုင်ဖို့ နာရီ တိုင်းမှာ တွက်ချက်ပေးပါတယ်။
လေထုညစ်ညမ်းမှု ဘယ်အဆင့်က လူတွေကို အန္တရာယ်ပေးပြီလဲ

WHO ရဲ့ လမ်းညွှန်ချက်တွေအရ AQI ညွှန်းကိန်း ၁၀၀ အောက်ကို ပြနေတဲ့ လေက ဘေးကင်းတယ်လို့ ဆိုနိုင်ပြီး ၄၀၀ - ၅၀၀ ကြားကိုတော့ ဆိုးဝါးနေပြီလို့ သတ်မှတ်နိုင် ပါတယ်။
ဒေလီရဲ့ နေရာအတော်များများမှာ ဗုဒ္ဓဟူးနေ့ မနက်က AQI ညွှန်းကိန်း ၅၀၀ ကို ရောက်ခဲ့ကြောင်း IQAir က ထုတ်ပြန်ပါတယ်။ နွိုင်ဒီယာနဲ့ ဂါဂွန် မြို့တွေမှာလည်း AQI ညွှန်းကိန်းက ၅၀၀ နားအထိ ရောက်ခဲ့ပါတယ်။
UNEP က ၂၀၂၁ မှာထုတ်တဲ့ အစီရင်ခံစာထဲမှာ နိုင်ငံစုစုပေါင်းထဲက ၃၇%မှာ လေထုအရည်အသွေးနဲ့ ပတ်သက်လို့ ဥပဒေချမှတ်ပြီး ထိန်းကျောင်းပေးထားတာ မရှိဘူးဆိုတာ ရေးသားထားပြီး ဒီအခြေအနေကို ကျွမ်းကျင်သူတွေက စိုးရိမ်ကြ ပါတယ်။
"လိုက်နာရမယ့် ဥပဒေအရသတ်မှတ်ချက်တွေကို အစိုးရက ချမှတ်ပေးဖို့လိုပြီး၊ ဒေတာတွေ ပိုတိကျစေဖို့ ရှိနေပြီးသား အခြေခံအဆောက်အအုံတွေကို မြှင့်တင် နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ လိုတယ်" လို့ UNEP က ပြောပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ဘာရောဂါတွေ ဖြစ်နိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
လေထုညစ်ညမ်းစေတဲ့ အရာတွေ လေထဲမှာ ပါနေတာကြောင့် လူတွေရဲ့ အသက်ရှူလမ်းကြောင်းနဲ့ အဆုပ်ကို ရောင်ရမ်းစေတာ၊ ကိုယ်ခံအားစနစ်ကို ထိခိုက်တာ၊ သွေးကနေ အောက်စီဂျင်သယ်ယူနိုင်စွမ်းကို ထိခိုက်တာ စတာတွေ ဖြစ်နိုင်တယ်လို့ WHO က ဆိုပါတယ်။
ညစ်ညမ်းတဲ့လေကို ရှူရှိုက်ရတဲ့အတွက် အသက်ရှူလမ်းကြောင်း ကူးစက် ရောဂါတွေ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အဆုပ်ကင်ဆာတို့ ဖြစ်တတ်ပြီး အထူးသဖြင့် ကလေးသူငယ်တွေ၊ လူကြီးပိုင်းတွေမှာ အထိခိုက်ဆုံးဖြစ်တယ်လို့ သူတို့က ထပ်ဖြည့်ပြောပါတယ်။
အိုဇုန်းက ရင်ကျပ်ရောဂါကို ပိုဆိုးစေပြီး နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နဲ့ ဆာလဖာ ဒိုင်အောက်ဆိုဒ်တို့ကလည်း ရင်ကျပ်ရောဂါ၊ လေပြွန်ငယ်နဲ့ အဆုပ်ရောင် ရောဂါတွေ ကို ဖြစ်စေပါတယ်။
လေထုအရည်အသွေးညံ့ဖျင်းတာကြောင့် ကလေးအသေမွေးဖွားတာ၊ ကလေး ပျက်ကျတာ၊ ဒီမန်းရှားခေါ် သတိမေ့လျော့တဲ့ ရောဂါ စတာတွေ ဖြစ်တတ်ကြောင်း လည်း WHO က ပြောပါတယ်။
နှစ်စဉ် လူပေါင်း ၇ သန်းခန့် လေထုညစ်ညမ်းမှုကြောင့် သေဆုံးနေရပြီး အဲဒီထဲက ၄.၂ သန်းက အိမ်ပြင်က လေထုညစ်ညမ်းမှုကြောင့်ဖြစ်ကာ ၃.၈ သန်းက အိမ်တွင်း၊ အဆောက်အဦတွင်းမှာ သစ်သား၊ မီးသွေးတို့ နဲ့ မီးဖိုရာကနေ ထွက်လာတဲ့ မီးခိုးတွေ ကြောင့်လို့ သေကြေ ရတာလို့ ဆိုပါတယ်။
အိမ်ပြင်ဘက် လေထုညစ်ညမ်းမှုတွေကြောင့် သေဆုံးရသူ ၉၀% က ဝင်ငွေနည်း ဒါမှမဟုတ် အလယ်အလတ်ဝင်ငွေရ နိုင်ငံတွေကဖြစ်တယ်လို့လည်း WHO က ပြောပါတယ်။
လေထုက ဘယ်နေရာမှာ အညစ်ညမ်းဆုံးလဲ၊ ဘယ်နေရာမှာ အကောင်းဆုံးလဲ
IQAir ရဲ့ စာရင်းအရ ၂၀၂၃ မှာ လေထုအညစ်ညမ်းဆုံး ဖြစ်ခဲ့တဲ့ နိုင်ငံတွေက ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ တာဂျစ်ကစ္စတန်၊ ဘာကီနာ ဖာဆို၊ အီရတ်၊ ယူအေအီး အာရပ်စော်ဘွားများနိုင်ငံ၊ နီပေါ၊ အီဂျစ်၊ ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့ သမ္မတ နိုင်ငံ စတဲ့ နိုင်ငံတွေပါ။
အသန့်ရှင်းဆုံးလေထုရှိရာ နိုင်ငံတွေကတော့ ပြင်သစ် ပိုလီနီးဆီးယား၊ မော်ရစ်သျှ၊ အိုင်းစလန်း၊ ဂရင်နေဒါ၊ ဘာမြူဒါ၊ နယူးဇီလန်၊ သြစတြေးလျ၊ အက်စတိုးနီးယား၊ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတွေဖြစ်ပါတယ်။
လေထုထဲမှာ နှစ်စဉ် PM2.5 ပါဝင်မှု သိပ်သည်းဆကို မူတည်ပြီး အခုလို အဆင့်ခွဲခြား သတ်မှတ်တာပါ။








