သန္တာစမ်းက အလွမ်းရှင်၊ နှစ် ၅၀ က မြန်မာ - အမေရိကန်များ

သန္တာစမ်းကနေ အလွမ်းစာတွေ ရေးတဲ့ ပတ္တမြားခင်
ဓာတ်ပုံ ပုံစာ, သန္တာစမ်းကနေ အလွမ်းစာတွေ ရေးတဲ့ ပတ္တမြားခင်

၂၀၂၁ အာဏာသိမ်းပြီးနောက် မြန်မာပြည်က ရွှေ့ပြောင်းထွက်ခွာမှုတွေဟာ လူ့အလွှာစုံ ဒေသစုံမှာ ရှိလာပြီး အိမ်နီးချင်း ထိုင်းကနေ အမေရိကန်၊ ဂျာမနီ၊ ဖင်လန် စတဲ့ နိုင်ငံစုံကို ဖြန့်ကြက်လာခဲ့ပါတယ်။

ဒီလို ရွှေ့ပြောင်းသူတွေကြားမှာ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အကြောင်းပေါင်းစုံ ရှိကြပေမယ့် ရေကြည်ရာ မြက်နုရာဆိုတဲ့ လူ့အဖွဲ့အစည်းတည်ခါစကတည်းက ရှိခဲ့တဲ့ မူလအကြောင်းကြီးကနေ သွေဖည်မသွားတာကိုလည်း တွေ့ရပါတယ်။

မြန်မာတွေ အိမ်ခင်တတ်တယ်ဆိုတဲ့ အစဥ်အလာယူဆချက်ကို ဖီလာပြုပြီး မြန်မာတွေ နိုင်ငံရပ်ခြားကို ထွက်ခွာကြတာဟာ ၂၀၂၁ ကမှ မဟုတ်ဘဲ ၁၉၆၂ နောက်ပိုင်းမှာလည်း တကြိမ်ထွက်ခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဆိုရှယ်လစ်ခေတ်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အစစအရာရာမှာ ဖိနှိပ်ကျပ်တည်းမှုတွေ များလာတဲ့အတွက် မြို့ပြလူလတ်တန်းစားနဲ့ အထက်လွှာပိုင်းက လူတွေ ပြည်ပထွက်တာတွေ ရှိခဲ့ပါတယ်။

တခါ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ဆိုပြီး အိန္ဒိယ၊ တရုတ်နဲ့ အင်္ဂလိပ်-မြန်မာကပြားတွေကို ပစ်မှတ်ထား ဖိနှိပ်လာတဲ့အတွက်ရော၊ လူမျိုးရေးအဓိကရုဏ်းဖန်တီးမှုအပါအ၀င် အတင်းအကျပ် နှင်ထုတ်မှုတွေကြောင့်ပါ နိုင်ငံခြားသားလို့ သတ်မှတ်ခံရတဲ့ ဒီ မြန်မာပြည်ပေါက် မျိုးနွယ်စုအများအပြား သိန်းနဲ့ချီပြီး နိုင်ငံက ထွက်သွားရဖူးပါတယ်။

ဖော်ဂွတ်သွားတဲ့ လူ့ရေစီး

ပြည်သူပိုင် မသိမ်းခင်က ရန်ကုန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်သူပိုင် မသိမ်းခင်က ရန်ကုန်

၁၉၆၄ မှာ နိုင်ငံအနှံ့ ဘဏ်တိုက်ကြီးတွေကနေ ကွမ်းယာဆိုင်ထိ ပြည်သူပိုင်သိမ်းတာတွေ အလွန်အကျွံဖြစ်လာပြီးနောက် စီးပွားရေး ကျပ်တည်းလာတဲ့ မြန်မာမြို့ပြ လူတန်းစားတွေကြား ခရစ်ယာန်သာသနာပြုကျောင်းတွေကို ပြည်သူပိုင်သိမ်းတာနဲ့အတူ တက္ကသိုလ်ပညာရေးမှာ မြန်မာလို ဦးစားပေးသင်တာ၊ ဆိုရှယ်လစ်မှိုင်းတိုက်လာတာတွေကြောင့် ဦးနုခေတ်ကလောက် ကောင်းတဲ့ ပညာရေးကို ပြည်တွင်းမှာ ရဖို့ခက်လာပါတယ်။

ပြည်တွင်းမှာ ဘွဲ့ရရင်လည်း အစိုးရရုံးတွေက လခနည်းတဲ့အလုပ်တွေကို စုပြုံတိုးနေရတဲ့အတွက် အနာဂတ်ပျောက်သလို ဖြစ်လာပါတယ်။ ဒီခေတ်လူလတ်တန်းစား ဘွဲ့ရပညာတတ်တွေရဲ့ ခံစားချက်တွေကို မိုးမိုး(အင်းလျား)ရဲ့ အမျိုးသားစာပေဆုရ ပျောက်သောလမ်းမှာ စမ်းတ၀ါး ၀တ္ထုမှာ တွေ့နိုင်သလို နိုင်၀င်းဆွေရဲ့ မသိန်းရှင်ဆီ ပို့ပေးပါနဲ့ ကြည်အေးရဲ့ စျေးရောင်းကောင်းသော မညွန့်ရီ စတဲ့ ၀တ္ထုတိုရှည်တွေမှာလည်း အောက်ခြေလူတန်းစားရဲ့ ဆိုရှယ်လစ်ခေတ် မွန်းကျပ်မှုကို တွေ့နိုင်ပါတယ်။

အနောက်တိုင်းဆန်တဲ့ အထက်လွှာက ဆရာ၀န်ပညာတတ်တွေကို ပြောင်လှောင်တဲ့ တင်မိုးရဲ့ ဒေါက်တာ‌ဂျော်နီ ကဗျာမျိုး မြန်မာအမျိုးသားရေးလက်၀ဲစာပေလောကမှာ ထွန်းကားခဲ့ပြီး သိန်းဖေမြင့်အမှူးပြုတဲ့ လမ်းစဥ်ပါတီအာဘော် သတင်းစာနဲ့ ရေဒီယိုတွေမှာလည်း ပညာတတ်ဆန့်ကျင်ရေးနဲ့ လယ်သမား အလုပ်သမား အကျိုးပြုရေး တောခြောက်သံတွေနဲ့ ညံခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းခေတ် မြန်မာပြည်က ပညာတတ်တွေ ထွက်သွားခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးနေ၀င်းခေတ် မြန်မာပြည်က ပညာတတ်တွေ ထွက်သွားခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီကာလနောက်ခံအကြောင်းတရားတွေကြောင့်ပဲ နိုင်ငံကူးလက်မှတ် ရဖို့ အင်မတန်ခက်တဲ့ တံခါးပိတ်ခေတ်ကြီးမှာ မြန်မာပြည်က ပညာတတ်ဆိုတဲ့ လူတန်းစားတွေ ပြည်ပကို အလျှိုအလျှို ထွက်ခွာခဲ့ကြပါတယ်။

ဒီလိုထွက်သွားသူတွေထဲမှာ အမေရိကန်ဇနီးသည်နဲ့ မိသားစုတည်ထောင်ထားတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့‌ယောက်ဖ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ခွဲစိတ်ဆရာ၀န်ကြီး ‌ဂျော့ကျော်သန်း ပါသလို သတင်းစာတိုက်အသိမ်းခံရ ဖမ်းဆီးခံရမှုတွေကြောင့် မြန်မာပြည်က ထွက်သွားကြတဲ့ နေးရှင်း ဦးလောရုံမိသားစုလည်း ပါပါတယ်။

ဒီလို ပြည်ပထွက်ချင်တဲ့ မိတ်ဆွေတွေကို အကူအညီပေးရလွန်းလို့ နိုင်ငံခြားရေး၀န်ကြီး ဦးသီဟန် ရာထူးက နားသွားတဲ့အထိ ဖြစ်ခဲ့ကြောင်း အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်းက ရေးပါတယ်။

အဲဒီခေတ်က မြန်မာပြည်က ဘွဲ့လက်မှတ်နဲ့ ပြည်ပမှာ အလုပ်လုပ်ကိုင်စားရတာ လွယ်ကူတဲ့အတွက်လည်း ဆရာ၀န်၊ အင်ဂျင်နီယာ၊ တက္ကသိုလ်ဆရာတွေ ပြည်ပထွက်ကုန်ကြပြီး ပြည်တွင်းမှာ ပညာရှင်ရှားပါးမှုတွေ ဖြစ်ခဲ့တာကလည်း ၂၀၂၁ နောက်ပိုင်းခေတ်လိုပဲ ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ် အခက်အခဲကြောင့် ထိုင်းနယ်စပ်ကို ဆင်နဲ့ဖြတ်ကူးပြီး အမေရိကန်ထိ ရောက်အောင်သွားတဲ့ မြန်မာဆရာ၀န်ဆိုတဲ့ ပုံပြင်ဆန်ဆန် ဇာတ်လမ်းတွေလည်း မြန်မာပညာတတ်တွေကြားမှာ ကျန်ရစ်ခဲ့ပါတယ်။

ဒီလိုထွက်သွားကြသူတွေဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ ၁၉၈၀ ကာလတွေကြား မြန်မာပြည်ကို ပြန်မလာနိုင်ကြဘဲ ရာသက်ပန်အပြီးထွက်တဲ့ပုံစံမျိုး ဖော်ဂွတ်(for good) သွားကြရတာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထွက်သွားကြတဲ့ စော်ဘွားမျိုးနဲ့ ရန်ကုန်အထက်လွှာတချို့ဆိုရင် မြန်မာပြည်ကို အနှစ် ၄၀၊ ၅၀ ကျော်မှ ပြန်သွားနိုင်ကြသလို တချို့လည်း အနှစ် ၆၀ ကျော်တဲ့အထိ မပြန်ကြတာလည်း ရှိပါတယ်။

မန္တလေးက ထိုင်း-သြစတြေးလျ ကပြား

ဓာတ်ပုံအကြောင်း စစ်ကြီးပြီးစက စာအုပ်ထုတ်ခဲ့တဲ့ ခင်မကြီး

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဓာတ်ပုံအကြောင်း စစ်ကြီးပြီးစက စာအုပ်ထုတ်ခဲ့တဲ့ ခင်မကြီး

ပတ္တမြားခင်လို့ မြန်မာစာပေလောကမှာ လူသိများတဲ့ ဒေါ်ခင်မကြီးကို အရင်နှစ် ၁၀၀ ကျော်က မန္တလေးမှာ မွေးဖွားပြီး ထိုင်းနဲ့ သြစတြေးလျသွေးနှောတဲ့ မြန်မာမိသားစုမှာ ကြီးပြင်းခဲ့ပါတယ်။

သာယာ၀တီမင်းရဲ့ ကိုယ်လုပ်တော် နွမ်အီပူကနေ ဗြိတိသျှစစ်တပ်က သြစတြေးလျသား ဖခင်ထိ နိုင်ငံခြားသွေးပါတဲ့ ပတ္တမြားခင်ဟာ မြန်မာဆန်တဲ့ ဘိုးဘွားတွေနဲ့ အနောက်တိုင်းဆန်တဲ့ အင်္ဂလိပ် ကပြားမိခင်ရဲ့ ပျိုးထောင်မှုအောက်မှာ လူဖြစ်ခဲ့လို့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ရောပြွမ်းတဲ့ ယဥ်ကျေးမှုကို ရရှိခဲ့ပါတယ်။

ကမ္ဘာစစ် ဖြစ်ခါနီး မန္တလေးကျုံးထဲက အိန္ဒိယတပ်သားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာစစ် ဖြစ်ခါနီး မန္တလေးကျုံးထဲက အိန္ဒိယတပ်သားများ

၁၈ နှစ်သမီးမှာ ကမ္ဘာစစ်မီးကို ကြုံခဲ့ရတဲ့ ပတ္တမြားခင်ဟာ စစ်ဒဏ်ကြောင့် စိတ်ကျန်းမာရေးချို့တဲ့သွားတဲ့ မိခင်ကို ပြုရတဲ့ တာ၀န်အပြင် အနောက်တိုင်းသွေးပါသူဖြစ်လို့ ဂျပန်စစ်ဗိုလ် စော်ကားတာ မခံရအောင် အသက်အများကြီးကွာတဲ့ မြန်မာကုန်သည်ပွဲစားဦးအောင်ခန့်နဲ့ လက်ထပ်ခဲ့ရပါတယ်။

စစ်ပြီးခေတ်မှာတော့ သားသမီး သုံးယောက် အိမ်ထောင့်တာ၀န်တွေအပြင် အမျိုးသမီးဓာတ်ပုံတိုက်ကို မြန်မာထဲက ပထမဆုံးဖွင့်ချင်တဲ့ ၀ါသနာကြောင့်လည်း ခန့်ခန့်ကြီး ဓာတ်ပုံတိုက်ဆိုပြီး မန္တလေးနဲ့ ရန်ကုန်မှာ ထင်ရှားလာခဲ့ပါတယ်။ ဒဂုန်ခင်ခင်လေးရဲ့ ယု၀တီဂျာနယ်မှာ ကလောင်သွေးရာကနေ ပတ္တမြားခင်ဆိုပြီးလည်း ကျော်ကြားလာခဲ့ပါတယ်။

၁၉၅၀ က စာရေးဆရာအသင်းအမှုဆောင် ပတ္တမြားခင်

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ၁၉၅၀ က စာရေးဆရာအသင်းအမှုဆောင် ပတ္တမြားခင်

ပထမခင်ပွန်း ကွယ်လွန်ပြီးနောက် ဗိုလ်လက်ျာရဲ့ညီ ပေဖူးလွှာမဂ္ဂဇင်းပိုင်ရှင် ဦးမြလှိုင်နဲ့ အကြောင်းပါပြီး သားသမီးငါး‌ယောက် ထပ်ပွားစီးတဲ့အချိန်မှာ နိုင်ငံရေးမုန်တိုင်းကြောင့် ခင်ပွန်းအဖမ်းခံရပြီး ဘဏ်ထဲက ငွေတွေ ထုတ်မရ၊ ပိုင်ဆိုင်မှုတွေ အသိမ်းခံရလို့ ပတ္တမြားခင်တ‌ယောက်တည်း အမျိုးသမီးလူစွမ်းကောင်း လုပ်ပြီး ရုန်းကန်ခဲ့ရပါတယ်။

ဦးမြလှိုင် ပြန်လွတ်လာချိန်မှာလည်း နောက်အိုးအိမ်ထူထောင်သွားလို့ ပတ္တမြားခင်လည်းကုန်သွယ်ရေးအရာရှိ ဦးကျော်ဇောနဲ့ အိမ်ထောင်သစ်ထူခဲ့ရပါတယ်။

၅၀ ကျော်နဲ့ အမေရိကန် စိန်ခေါ်မှု

စေတီပုထိုး ပေါများတဲ့ မြန်မာပြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စေတီပုထိုး ပေါများတဲ့ မြန်မာပြည်

အသက် ၅၀ ကျော်အရွယ်မှာ တတိယအိမ်ထောင်နဲ့ သားသမီး ခြောက်ယောက်ကို ကြီးပြင်းအောင် မွေးရင်း ပတ္တမြားခင် အမေရိကန်ထွက်ဖို့ စဥ်းစားမိပါတယ်။ ၁၉၆၀ လောက်မှာ အမေရိကန်ကို ကျောင်းသွားတက်တဲ့ သားကြီး ခင်မောင်၀င်းခန့်က အဲဒီမှာ အင်ဂျင်နီယာ ဖြစ်နေပြီး မိခင်နဲ့ မောင်နှမတွေကို လိုက်လာဖို့ တိုက်တွန်းလို့ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေး ချို့တဲ့ မိခင်အိုကြီးနဲ့ သားသမီးတွေအပြင် တတိယမြောက်ခင်ပွန်းကိုပါ အမေရိကန်ရွှေ့ဖို့ ပတ္တမြားခင် အားထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ရွှေ့ဖို့ ရန်ကုန်က ဓာတ်ပုံတိုက်ကို ပိတ်ပြီး ပိုင်ဆိုင်မှုတွေကို ရောင်းရတဲ့အပြင် လူလေးယောက်အတွက် သယ်ခွင့်ပြုတဲ့ ၂၁ ဒေါ်လာ နဲ့ လေယာဥ်က ခွင့်ပြုတဲ့ ပစ္စည်းအချိန် ၄၄ ပေါင်ပဲ သယ်ပြီး ၁၉၇၇ မှာ အမေရိကန်ထွက်ခဲ့ရပါတယ်။

၁၈၅၃ မင်းတုန်းမင်းနန်းတက်ချိန် အမရပူရသိမ်းတိုက်ပွဲမှာ ပုဂံမင်းရဲ့ အိမ်ရှေ့စံ လှိုင်မင်း ကျဆုံးပြီး သားတော် ထိပ်တင်လတ် ဗြိတိသျှပိုင် အောက်မြန်မာပြည်ကို ပြေးကာ အိန္ဒိယမှာ ခိုလှုံခဲ့ရပြီးနောက် နှစ် ၁၀၀ ကျော်မှာ နွမ်အီပူမျိုးဆက်ထဲက ပတ္တမြားခင်တို့ ပြည်ပ ထွက်ကြတာ ဖြစ်ပါတယ်။

တံခါးပိတ်ခေတ်က ရန်ကုန်လေဆိပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တံခါးပိတ်ခေတ်က ရန်ကုန်လေဆိပ်

အမေရိကန် ရောက်စမှာတော့ မန္တလေးက ပြင်သစ်ကွန်ဗင့်ကျောင်းမှာ ပတ္တမြားခင်သင်ခဲ့ရတဲ့ ဗြိတိသျှအင်္ဂလိပ်စကားနဲ့မတူတဲ့ အမေရိကန်အင်္ဂလိပ်စကားနဲ့ ယဥ်ပါးအောင် အားထုတ်ရသလို တတိယကမ္ဘာကနေ ပထမကမ္ဘာကို ကူးရတဲ့ အခက်အခဲတွေကိုလည်း ဖြတ်ကျော်ရပါတယ်။

အရှေ့တိုင်းနဲ့ အနောက်တိုင်း ယဥ်ကျေးမှု ကွာဟတာ၊ အာရှတံခါးပိတ်ဆိုရှယ်လစ်နိုင်ငံကနေ ကမ္ဘာ့ထိပ်ဆုံး အရင်းရှင်နိုင်ငံကြီးကို လာရတာ၊ အသက်ငယ်သူတွေနဲ့ အမီလိုက်ပြီး အလုပ်အကိုင်ရဖို့ အားထုတ်ရတာ စတဲ့ စိန်ခေါ်မှုတွေကြားကပဲ သားသမီးခြောက်ယောက်ကို အမေရိကန်ဖြစ်အောင် ပတ္တမြားခင် လုံ့လထုတ်ခဲ့ရပါတယ်။

ဒီအထဲ ရန်ကုန်မှာ ကျန်ခဲ့တဲ့ ခင်ပွန်းရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို မသိကျွိုးကျွန်လုပ်ရသလို အမေရိကန်ကို လိုက်လာပြီးနောက် အိမ်ထောင် ပြတ်စဲတာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

ရန်ကုန်နဲ့ ဖလော်ရီဒါ နေရာပြောင်းပြီး လူလတ်တန်းစား အာရှ အိမ်ထောင်မဲ့မိခင်တယောက်ဘ၀နဲ့ သားသမီးတွေ ဘွဲ့ရပြီး အိမ်ထောင်ချပေးတဲ့အထိ ပတ္တမြားခင်ရဲ့ ဘ၀မုန်တိုင်းက ထန်ခဲ့ပါတယ်။

ပိဋကတ်သုံးပုံပင့်လာတဲ့ မွတ်ဆလင်များ

အမေရိကန်ကို ပိဋကတ်သုံးပုံပင့်ဖို့ ကြိုးစားခဲ့

ဓာတ်ပုံ ရင်းမြစ်, ဒေါက်တာစိုးတင့်၊ ဘီကြင်

ဓာတ်ပုံ ပုံစာ, အမေရိကန်ကို ပိဋကတ်သုံးပုံပင့်ဖို့ ကြိုးစားခဲ့

၁၉၈၀ ကျော် အမေရိကန်မှာ ရုန်းကန်ရင်း ဘ၀အနယ်ထိုင်လာချိန်မှာတော့ အသက် ၆၀ ကျော်လာပြီဖြစ်တဲ့ ပတ္တမြားခင်တ‌ယောက် ဘာသာရေးနဲ့ လူမှုရေးတွေဘက် ပိုလှည့်လာနိုင်ပါတယ်။

ရန်ကုန်မှာကတည်းက သီယိုဆိုဖီအသင်းမှာ ပါ၀င်ပြီး ဘာသာစုံ နှီးနှောဖလှယ်ခဲ့တဲ့ ပတ္တမြားခင်ဟာ ခေတ်ဆန်တဲ့ ကပြားအမျိုးသမီးဆိုပြီး လူအများ အမြင်ခံရတဲ့ ပုံရိပ်နဲ့ မတူဘဲ ဘာသာရေးဘက်မှာ သဒ္ဓါထက်သန်သူဖြစ်ပါတယ်။

ဒါကြောင့် တောင်ပုလုဆရာတော်၊ ဦးသီလာနန္ဒ စတဲ့ အစောပိုင်း အမေရိကန်ကြွတဲ့ မြန်မာဆရာတော်တွေအတွက် ဆွမ်းကွမ်း‌‌‌နဲ့ ယာယီကျောင်းဒကာမတာ၀န်တွေကို သူယူခဲ့တဲ့အပြင် သူ့ရဲ့ ဓမ္မမိတ်ဆွေ ဒေါက်တာခင်ဆွေ၀င်းလိုချင်တဲ့ ပိဋကတ်သုံးပုံတွေ မြန်မာပြည်က ပင့်ဖို့ထိ ဖြစ်လာခဲ့ပါတယ်။

ပိဋကတ်အလှူရှင်အဖြစ် မန္တလေးကနေ အမေရိကန်လာလည်တဲ့ သူ့ငယ်သူငယ်ချင်း ဘီကြင်ဟိုတယ်ပိုင်ရှင် ဒေါ်လှလှမြင့်တို့ မိသားစုက ကူညီပြီး စာအုပ်တွေ သယ်လာရေးအတွက်လည်း မန္တလေးက မြန်မာမွတ်ဆလင် ဦးဘသိန်းက ကူညီပေးပါတယ်။

ပတ္တမြားခင်တို့ခေတ်က မန္တလေးရဲ့ လူမျိုးဘာသာမရွေး ပေါင်းသင်းခင်မင်တတ်တဲ့ ဓလေ့ကြောင့် ဒီလို ကူညီရိုင်းပင်းသူတွေနဲ့ တွေ့ခဲ့တာဖြစ်ပါတယ်။

သန္တာစမ်းက ပတ္တမြားခင်

မြန်မာပြည်ကို အမေရိကန်က စာပို့ဆက်သွယ်ရတဲ့ခေတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာပြည်ကို အမေရိကန်က စာပို့ဆက်သွယ်ရတဲ့ခေတ်

ဘာသာရေးကိစ္စတွေအပြင် တခြားဘက်မှာလည်း သူရောက်နေတဲ့ အမေရိကန် အရှေ့တောင်စွန်းက ဖလော်ရီဒါပြည်နယ်မှာ မြန်မာအ၀န်းအ၀ိုင်းကလေးတခု ပေါ်လာအောင် ပတ္တမြားခင်နဲ့ မိတ်ဆွေတွေ ကြိုးစားခဲ့ကြပါတယ်။

မြန်မာပြည် ရန်ကုန်မြို့မှာ ၁၉၅၀ ကျော်ကတည်းက သူနဲ့ ခင်မင်ကျွမ်း၀င်ခဲ့ကြတဲ့ မြန်မာ၊ တရုတ်၊ အိန္ဒိယနဲ့ တခြားမျိုးနွယ်စုပေါင်းစုံက မြန်မာပြည်ဖွား ဆရာ၀န်၊ အင်ဂျင်နီယာနဲ့ ကော်လာဖြူ ရုံး၀န်ထမ်းတွေ စုစည်းပြီး သင်္ကြန်နဲ့ တခြားမြန်မာအခါကြီးရက်ကြီးတွေမှာ ဆုံမိအောင် ကြိုးစားကြရာကနေ အမေရိကန်ရောက် အာရှနွယ်ဖွားတွေရဲ့ ပွဲလမ်းတွေမှာ မြန်မာတွေ ၀င်ဆင်နွှဲနိုင်တဲ့အထိ မြန်မာအစုအဖွဲ့က အားကောင်းလာပါတယ်။

အဲဒီခေတ်က မြန်မာပြည်က ထွက်သွားတဲ့ အမေရိကန်ရောက် မြန်မာ၊ တရုတ်နဲ့ အိန္ဒိယနွယ်ဖွားတွေဟာ ပြည်ပရောက်လာတဲ့ မြန်မာကျောင်းသားတွေ၊ ပညာရှင်တွေကို လှိုက်လှိုက်လှဲလှဲနဲ့ ခင်မင်ကူညီတတ်ကြောင်း ဒေါက်တာမောင်မောင်ညိုရဲ့ အင်္ဂလန်၊ အမေရိကန်နဲ့ မြန်မာပြည်သား စာအုပ်မှာ ပါရှိပါတယ်။

ခန့်ခန့်ကြီးရိုက်တဲ့ အာရှအလှမယ် မီးမီးခင်ပုံ

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ခန့်ခန့်ကြီးရိုက်တဲ့ အာရှအလှမယ် မီးမီးခင်ပုံ

ဒီလို မဆုံမိကြခင်က မြန်မာပြည်နဲ့ စာလောက်ပဲ အဆက်အသွယ်ရှိနိုင်ပြီး ဖုန်းဆက်ရ အင်မတန်ခက်ခဲတဲ့အချိန်မှာ အိမ်ဘေးရောက်လာတဲ့ငှက်ကို မြန်မာပြည်က ငှက်နဲ့ တူလို့ဆိုပြီး ငိုကြရတဲ့ခေတ်ဖြစ်တယ်ဆိုပြီး မြန်မာ-အမေရိကန်မိတ်ဆွေတွေဘ၀ကို သက်သေတည်ပြီး ပတ္တမြားခင်က အလွမ်းစာဖွဲ့ခဲ့ပါတယ်။

မိတ်ဆွေ စာရေးဆရာ ရုပ်ရှင်မင်းသားနဲ့ အဆိုတော် ၀င်းဦးရဲ့ စန္ဒာမဂ္ဂဇင်းမှာ ၁၉၈၅က စပြီး ရေးခဲ့တဲ့ ပတ္တမြားခင်ရဲ့ သန္တာစမ်းမှ အလွမ်းစာများကလည်း ပြည်ပအဆက်အသွယ်နည်းတဲ့ လမ်းစဥ်ပါတီခေတ် မြန်မာပြည်မှာ ပြည်ပပြတင်းပေါက်လို ဖြစ်ခဲ့ပါတတယ်။

ဖလော်ရီဒါက အေးချမ်းတဲ့ သန္တာစမ်းမြို့ကလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖလော်ရီဒါက အေးချမ်းတဲ့ သန္တာစမ်းမြို့ကလေး

ကိုဦးရေ အစချီတဲ့ ပတ္တမြားခင်ရဲ့ ပေးစာတွေကနေ အမေရိကန်ရောက် မြန်မာနဲ့ အာရှနွယ်ဖွားတွေ ဘယ်လိုရပ်တည်နေထိုင်ကြသလဲ ပြည်တွင်းကလူတွေ သိနိုင်သလို တိုးတက်ခေတ်မီတဲ့ နိုင်ငံကြီးတွေမှာ လူတန်းစေ့နေနိုင်ဖို့ ရုန်းကန်ရတဲ့ဘ၀တွေကိုလည်း နားလည်လာစေပါတယ်။

မြန်မာပြည်က အထက်လွှာဟာ အမေရိကန်လူလတ်တန်းစားကို မီအောင် ကြိုးစားရတဲ့ အဝေးရောက်တွေရဲ့ ဘ၀ဟာ ပြည်တွင်းက စစ်တပ်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက် အရာရာရှားပါးပြီး အသိအမြင်ခေတ်နောက်ကျကျန်နေခဲ့တဲ့ မြန်မာတွေအတွက် နှိုင်းဆချင့်ချိန်ချင်စရာ ဖြစ်ခဲ့ပါတယ်။

ဒီအလွမ်းစာတွေကြောင့်ပဲ ပတ္တမြားခင်ရဲ့ ကလောင်ဟာ တချိန်က ဓာတ်ပုံဆရာမခန့်ခန့်ကြီးဆိုတဲ့ ကျော်ကြားမှုထက် ပိုသာလာခဲ့ပြီး အသက်ကြီးပိုင်းမှာ သူရေးခဲ့တဲ့ အတိတ်လမ်းကို ပြန်လျှောက်ခြင်းရဲ့ အစပျိုးမှတ်တိုင်တွေ ဖြစ်လာခဲ့ပါတယ်။

တယ်လီဖုန်းခေတ်က ဆက်သွယ်ရေးသံကွန်ချာ

၂၆ နှစ် တံခါးပိတ်ခဲ့တဲ့ မြန်မာပြည်မြို့တော် ရန်ကုန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၆ နှစ် တံခါးပိတ်ခဲ့တဲ့ မြန်မာပြည်မြို့တော် ရန်ကုန်

အင်တာနက်မပေါ်ခင်ခေတ်က အမေရိကန်ရောက် မြန်မာတွေဘ၀က စာပို့စနစ်နဲ့ပဲ မြန်မာပြည်က ဆက်သွယ်ရပြီး အင်မတန် အရေးကြီးမှ ပြည်တွင်းကို စျေးကြီးပေးပြီး ဖုန်းခေါ်ရတာ ဖြစ်ပါတယ်။

ဒီလို အဆက်အသွယ်ခက်လို့ ကောလာဟလသတင်းတွေလည်း ပြန့်ပွားလွယ်ပါတယ်။ ပတ္တမြားခင်သေပြီ၊ ၀င်းဦးသေပြီ စတဲ့ သတင်းမျိုးတွေ ထွက်လို့ မေးလာသူတွေကို ဖြေရှင်းရတဲ့အကြောင်းတွေကိုလည်း ပတ္တမြားခင်ကိုယ်တိုင် ရေးခဲ့ပါတယ်။

၁၉၉၀ တုန်းက သူနဲ့ ၁၃ နှစ်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းကို တွေ့ဖို့ ထိုင်းကနေ သွားစောင့်ပေမယ့်မြန်မာပြည်ကို ဖုန်းခေါ်မရ၊ သူငယ်ချင်းကလည်း နိုင်ငံကူးလက်မှတ် အချိန်မီမရလို့ မထွက်နိုင်ဖြစ်ခဲ့ကြောင်း ပတ္တမြားခင် ခေါ် အဂ္ဂနက်စ် ခင်မကြီးက ရေးပါတယ်။

သူနဲ့ သူငယ်ချင်း ဒေါ်လှလှမြင့်တို့ ၁၃ နှစ် မတွေ့ရတဲ့အချိန်မှာ စာအစောင် ၁,၁၀၀ ကျော် ရေးကြတယ်လို့လည်း ဆိုပါတယ်။ သူနဲ့ မန္တလေး စိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်းမှာ နေခဲ့ဖူးတဲ့ လူစီခေါ် ဒေါ်ခင်ရီ တိုကျိုတက္ကသိုလ်မှာ အင်္ဂလိပ်စာဆရာမ လုပ်စဥ်က သူ့ကို ညသန်းခေါင်ကျော်မှာ ဖုန်းဆက်ပြီး နာရီနဲ့ချီအောင် ရင်ဖွင့်စကားပြောတဲ့အကြောင်းလည်း ပတ္တမြားခင်က ရေးပါတယ်။

တယ်လီဖုန်းဖိုးနဲ့ မွဲချင်လည်းမွဲ၊ ဂျပန်မှာ စကားပြောစရာ လူမရှိလို့ အမေရိကန်ကို လှမ်းဆက်ပြောရတဲ့ တချိန်က မြန်မာပြည်ပရောက်တွေရဲ့ ဘ၀ ဖြစ်ပါတယ်။ ဒေါ်ခင်ရီဟာ တို့ဗမာလှုပ်ရှားမှုအကြောင်း အမေရိကန် ကော်နဲလ် တက္ကသိုလ်ကနေ စာတအုပ်ရေးထုတ်ခဲ့သူ ဖြစ်ပါတယ်။

အမေရိကန်ရောက် အာပဲ့ခြောက်

ပြည်ပမှာ ရှာရခက်ခဲ့တဲ့ မြန်မာအစားအသောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်ပမှာ ရှာရခက်ခဲ့တဲ့ မြန်မာအစားအသောက်

တခါ မြန်မာအစားအသောက် အသုံးအဆောင်တွေကို အမေရိကန်မှာ ရဖို့ထက် ဆင်တူတဲ့ အာရှအစားအသောက် အသုံးအဆောင်တွေနဲ့ အစားထိုးသုံးရတဲ့ခေတ် ဖြစ်ပါတယ်။

ဖလော်ရီဒါဘက် တခါတလေရောက်လာတတ်တဲ့ မြန်မာသင်္ဘောသားတွေဆီက လက်ဖက်၊ ကြက်သွန်ကြော်နဲ့ ပုံးရည်ကြီး စတဲ့ မြန်မာစာတွေ ရတတ်သလို မြန်မာသင်္ဘောတွေ ပိုဆိုက်တဲ့ လန်ဒန်ဘက်က မိတ်ဆွေတွေ ပို့ပေးတဲ့ အာပဲ့ခြောက်၊ လက်ဖက်၊ ငါးပုတ်ခြောက်၊ တညင်းသီးစတဲ့ အစားအသောက်တွေကလည်း မြန်မာတိုင်းရင်းဆေးဆိုတဲ့ စာကပ်ပြီး ရောက်လာတတ်ကြောင်း ပတ္တမြားခင်က ရေးပါတယ်။ ပဲပြုတ်စားရဖို့ တနာရီကျော် ကားစီးသွားခဲ့ဖူးတယ်လို့လည်း သူက ရေးပါတယ်။

ပတ္တမြားခင်နေတဲ့ ဖလော်ရီဒါက အပူပိုင်းဆန်တဲ့ ရာသီဥတုရှိလို့ ဒန့်ဒလွန်၊ ငှက်ပျော၊ သရက်၊ မန်ကျည်း၊ ကျွဲကော၊ စောင်းလျား၊ ပြည်ပန်းညို စတဲ့ စားပင်အစုံ ရှိလို့ ပျော်ရပေမယ့် မုန်တိုင်းကြောက်ရတဲ့အကြောင်းကိုလည်း စာဖွဲ့ခဲ့ပါတယ်။ အဲဒီအချိန်က ဦးနေ၀င်းအစိုးရခေတ် ၀ါဒဖြန့်စာပေနဲ့ ရုပ်ရှင်တွေကနေ ပြည်ပရောက်သွားတဲ့ မြန်မာတွေ မြန်မာ့ယဥ်ကျေးမှု ဓလေ့တွေကို မခုံမင်သယောင် ပုံဖော်တတ်တဲ့အတွက် ပတ္တမြားခင်ရဲ့ အလွမ်းစာတွေကနေ ပြည်ပရောက် မြန်မာတွေရဲ့ မြန်မာဆန်မှုတွေကို ဖော်ကျူးခဲ့ပါတယ်။

ရွှေပြည်ကြီးကို အမွှမ်းတင်မျိုးချစ်စိတ်

လမ်းစဉ်ပါတီခေတ်က ကျောက်စိမ်းပြပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လမ်းစဉ်ပါတီခေတ်က ကျောက်စိမ်းပြပွဲ

ဗိုလ်နေ၀င်းခေတ်နဲ့ ဗိုလ်သန်းရွှေခေတ် စာစောင်တွေမှာ ရေးရတဲ့ ပတ္တမြားခင်ရဲ့ မှတ်တမ်းတွေမှာ အဲဒီခေတ်ပြည်ပက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွေအကြောင်း မတွေ့နိုင်သလို မြန်မာပြည်ထဲမှာ ဖြစ်တဲ့ ၁၉၈၈ အရေးအခင်းလို မင်းပြောင်းမင်းလဲကြီး အကြောင်းလည်း မတွေ့ရပါဘူး။

သူ့ခင်ပွန်းဟောင်း ဦးမြလှိုင်ရဲ့ အစ်ကို ဗိုလ်လက်ျာ၊ သူနဲ့ ဖလော်ရီဒါမှာ တချိန်တည်း နေခဲ့ကြတဲ့ စာရေးဆရာ သတင်းစာဆရာ အောင်ဗလ ခေါ် ကြေးမုံဦးသောင်းတို့အကြောင်းတွေလည်း ပတ္တမြားခင် မရေးပြနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ၁၉၇၀ ကျော်က ကမ္ဘာမှာ နာမည်ကျော်ခဲ့တဲ့ ရွှေတြိဂံ ဘိန်းဖြူလုပ်ငန်းအကြောင်း အမေရိကန်ရုပ်သံတွေမှာ ပါလာတဲ့အကြောင်း ပတ္တမြားခင်စာတွေမှာ တွေ့ရပါတယ်။

မြန်မာပြည်နယ်စပ် မတိုးတက်တဲ့ နေရာတွေကိုသာ ဒီသတင်းကားတွေမှာ ရိုက်ပြတာမို့ မြန်မာပြည်ရဲ့အလှအပနဲ့ ချမ်းသာကြွယ်၀မှုတွေကို ကမ္ဘာသိစေချင်တဲ့ ပတ္တမြားခင်ရဲ့ မြို့ပြလူလတ်တန်းလွှာ အထက်ပိုင်းရဲ့ မျိုးချစ်စိတ်ကို သူ့စာတွေက ထင်ဟပ်ခဲ့ပါတယ်။

မြန်မာကို ဘယ်နားမှန်း မသိကြလို့ ဦးသန့်ပုံကို ဆေးခန်းမှာ ချိတ်တဲ့ မြန်မာဆရာ၀န်အကြောင်း ရေးပြရာမှာလည်း ကမ္ဘာသိ မြန်မာပုဂ္ဂိုလ်တဦးရဲ့ ပုံလို့ပဲ ၀င်းဦးထံ ပေးစာမှာ ရေးနိုင်ခဲ့ပါတယ်။

တန် ၃၀ ရှိတဲ့ ကျောက်စိမ်းတုံးကြီးနဲ့ မြန်မာပြည်အကြီးအကဲပုံကို သတင်းစာမှာ တွေ့လို့ ပါးစပ်အဟောင်းသားနဲ့ အမေရိကန်တွေ အံ့သြကြကြောင်းလည်း ပတ္တမြားခင် ရေးခဲ့ပါတယ်။

မြန်မာပြည်ရဲ့ သယံဇာတကြွယ်၀မှုကို အံ့သြတာလား၊ ဒီလို တွင်းထွက်တွေ ပေါတဲ့ နိုင်ငံက လူလတ်တန်းစားတွေ ပြည်ပထွက် အလုပ်လုပ်ရတဲ့အထိ အဆင်မပြေတဲ့ နိုင်ငံရေးစနစ်ကို အံ့အားသင့်တာလားတော့ ပတ္တမြားခင် ရေးပြမသွားပါဘူး။

မြန်မာပြည် အရှေ့တောင်ပိုင်းက ကရင်လက်နက်ကိုင်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာပြည် အရှေ့တောင်ပိုင်းက ကရင်လက်နက်ကိုင်များ

ပတ္တမြားခင်ရဲ့ စာတွေမှာ မြန်မာပြည်ကို လွမ်းဆွတ်သတိရပြီး ပြန်ချင်နေကြတဲ့ မြန်မာတွေနဲ့ မြန်မာ့ယဥ်ကျေးမှုတွေကို ထိန်းသိမ်းပြီး ကမ္ဘာနဲ့အမီလိုက်ဖို့ ကြိုးစားနေကြတဲ့ အမေရိကန်မြန်မာတွေအကြောင်း ပါတတ်ပါတယ်။

ဒီလို သတိရ တမ်းတနေကြပေမယ့် သူနေခဲ့တဲ့ မြန်မာပြည်ဟာ သူ ထွက်သွားပြီး အနှစ် ၅၀ နီးပါး ကြာတဲ့အထိ ပြည်တွင်းစစ်၊ စစ်အာဏာရှင်စနစ်၊ ဆင်းရဲခေတ်နောက်ကျမှု၊ အနာဂတ်ပျောက်မှုဆိုတဲ့ ဘေးဆိုးတွေကို သူထွက်သွားတဲ့အချိန်ကထက် ပိုမိုဆိုးရွားစွာ ကြုံတွေ့နေရပါတယ်။

ဒီမိုကရေစီတံခါး ခဏပွင့်ချိန်ဆိုတဲ့ ဆယ်နှစ်ကာလကလည်း လွန်မြောက်ခဲ့ပြီး မရေရာတဲ့ စပ်ကူးမတ်ကူး ကာလရှည်တခုထဲ ရောက်နေပြန်ပါတယ်။

နှစ် ၄၀ က မြန်မာတွေ စောင့်ဖတ်ခဲ့ကြတဲ့ အလွမ်းစာ

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, နှစ် ၄၀ က မြန်မာတွေ စောင့်ဖတ်ခဲ့ကြတဲ့ အလွမ်းစာ

ပတ္တမြားခင်ကိုယ်တိုင် ၁၉၄၂ ကနေ ၁၉၅၀ ကျော်ကာလတွေထိ ကမ္ဘာစစ်၊ ပြည်တွင်းစစ်တွေကို ဖြတ်သန်းခဲ့သလို ၁၉၆၀ ကျော်မှာလည်း စစ်အာဏာရှင်ခေတ်နဲ့ တံခါးပိတ်စီးပွားရေးကို ကြုံခဲ့ရပါတယ်။

စစ်တပ်ဆိုရှယ်လစ်ခေတ်မှာ ရုန်းကန်ရင်းနဲ့ သားသမီး ခြောက်ယောက်ရဲ့ ပညာရေးနဲ့ အနာဂတ်အတွက် အမေရိကန်ကို အသက် ၅၀ ကျော်မှ စွန့်စားထွက်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့စာတွေထဲမှာ မြန်မာနဲ့ အမေရိကန်လှူမှုဘ၀တွေကို နှိုင်းယှဥ်ပြသလို ဘ၀စိန်ခေါ်မှု ကွာခြားတာတွေကိုလည်း ထောက်ပြပါတယ်။

အမေရိကန်သူတွေကြားမှာ မြန်မာအမျိုးသမီးတွေရဲ့ ခင်ပွန်းနာမည်ကို မယူရတာ၊ မိန်းကလေးကို ယောက်ျားလေးက တင်တောင်းရတာ စတဲ့ လွတ်လပ်တန်းတူခွင့်တွေအကြောင်း ဂုဏ်တင်ပြောတတ်ပေမယ့် မြန်မာပြည်မှာ အဲဒီအချိန်က ရှိတဲ့ မယားပြိုင်စနစ်အကြောင်းကို မပြောဘဲထားခဲ့ပြီး မြန်မာပြည်က အဆင်မပြေမှုတွေအကြောင်း မဖွင့်ဟလိုသူ ဖြစ်ပါတယ်။

ဒါကြောင့် ပတ္တမြားခင်ရဲ့စာတွေဟာ အန္တရာယ်ကြုံချိန်မှာ သဲထဲ ခေါင်း၀ှက်ထားတဲ့ ငှက်ကုလားအုပ်နဲ့ တူနေပြီး နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အဆင်မပြေမှုပေါင်းစုံကို ပြည်ပကနေ မဝေဖန်ရက်ဘဲ အတိတ်ဟောင်းက ကောင်းတာလေးတွေကို ပြန်ပြီး စာစားမြုံ့ပြန်နေတာနဲ့ တူနေပါတယ်။

ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်

သန္တာစမ်းက အလွမ်းရှင် ပတ္တမြားခင်

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, သန္တာစမ်းက အလွမ်းရှင် ပတ္တမြားခင်

၁၉၈၈ မှာ စီးပွားရေးတံခါးပွင့်လာပြီးနောက် မြန်မာပြည်ကနေ ဂျပန်၊ စင်္ကာပူနဲ့ နိုင်ငံစုံကို ထွက်သွားပြီး ကျောင်းတက် အလုပ်လုပ်ကြတဲ့ လူငယ်မျိုးဆက်တခု ပေါ်လာခဲ့ပါတယ်။ နောက်ဆယ်စုနှစ်တွေမှာလည်း ဒီထက်ပိုများတဲ့ လူငယ်တွေ ထွက်လာကြပြီး ထိုင်း၊ မလေးရှား၊ တရုတ်၊ လာအို၊ ဗီယက်နမ်ထိ မြန်မာတွေ ရောက်နေကြပြီ ဖြစ်ပါတယ်။

မြန်မာဆိုတာ အိမ်ခင်တဲ့လူမျိုး ဆိုတဲ့ နှစ် ၁၀၀ ကျော်က ဆိုရိုးဟောင်းတွေလည်း တိမ်မြှုပ်စပြုနေပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့ ဒေသတွင်းက တခြားနိုင်ငံတွေလိုပဲ ပြည်ပမှာ ရွှေ့ပြောင်းအလုပ်သမား သိန်းသန်းချီ ရှိတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် တချိန်က ပြောခဲ့ကြတဲ့ ရန်ကုန်မြို့ပေါ်က နိုင်ငံခြားကြိုက် လူတန်းစားအလွှာတခုပဲ ပြည်ပထွက်ကြတယ်ဆိုတဲ့ လမ်းစဥ်ပါတီခေတ်အမြင်တွေ ပျောက်ကွယ်သွားပြီး တောင်ပေါ်မြေပြန့် တောနေမြို့နေမရွေး နိုင်ငံခြားထွက် စာသင် အလုပ်လုပ်တဲ့ခေတ်ကို ရောက်သွားပြီ ဖြစ်ပါတယ်။

မြန်မာတွေ သန်းချီပြီး ပြည်ပရောက်နေကြတဲ့ခေတ်ဖြစ်လို့ မြန်မာပြည်က လူမျိုးစုံရဲ့ ယဥ်ကျေးမှုဓလေ့စုံကို ကမ္ဘာ့နေရာစုံမှာ တွေ့နေရပြီး မြန်မာစားသောက်ဆိုင်နဲ့ မြန်မာဘုန်းကြီးကျောင်း၊ မြန်မာခရစ်ယာန်ဘုရားကျောင်း စတဲ့ မြန်မာနဲ့ဆိုင်တဲ့နေရာတွေ ပိုများလာပြီ ဖြစ်ပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းရှမ်းတွေရဲ့ ရှင်ပြုပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းရောက် ရွှေ့ပြောင်းရှမ်းတွေရဲ့ ရှင်ပြုပွဲ

အင်တာနက်ခေတ်ရောက်နေပြီ ဖြစ်လို့ အရင် နှစ် ၅၀ ကလို မြန်မာပြည်ကို စာရေးမှ အဆက်အသွယ်ရတဲ့ခေတ် မဟုတ်ဘဲ လူမှုကွန်ရက်တွေကနေ ဖြစ်ရပ်တွေကို မိနစ်ပိုင်းအတွင်း သိရတဲ့ခေတ်၊ အင်တာနက်ရတဲ့ ပြည်တွင်းနယ်မြေတွေနဲ့ ဖုန်းခေါ်နိုင်တဲ့ ခေတ် ဖြစ်လာပါတယ်။

ဂလိုဘယ်ပြုမှုအကျိုးဆက်ကြောင့် မြန်မာပြည်ထဲမှာလည်း မြန်မာ့ယဥ်ကျေးမှုသာမက ကမ္ဘာ့ယဥ်ကျေးမှုစုံလည်း ရုပ်သံခေတ်၊ ဗီဒီယိုခေတ်ကနေ စီဒီခေတ်၊ ဂြိုဟ်တုစလောင်းခေတ်၊ အင်တာနက်ခေတ်တွေမှာ ၀င်ရောက်လာကြပါတယ်။

ဒီလို တုံ့ပြန်မှုမြန်တဲ့ခေတ်မှာ ပတ္တမြားခင်ခေတ်ကလို အလွမ်းစာကို မဂ္ဂဇင်းမှာ လစဥ်စောင့်ဖတ်ရတဲ့ခေတ်မဟုတ်ပေမယ့် အင်တာနက်ပေါ်ကနေ စာမျက်နှာတွေဖွင့်ပြီး အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်္ကာပူ စတဲ့ မြန်မာတွေ အသွားများတဲ့ နိုင်ငံတွေအကြောင်း သွက်သွက်ရွှင်ရွှင်နဲ့ စာ၊ ရုပ်ပုံ၊ ဗီဒီယို မီဒီယာစုံကို သုံးပြီး ရေးသားတင်ဆက်ကြတဲ့ မျိုးဆက်သစ် ပြည်ပလမ်းညွှန်သူတွေလည်း တိုးပွားလာနေပါပြီ။

နောက် နှစ် ၁၀၀ မှာ မြန်မာတွေ လကမ္ဘာနဲ့ တခြားဂြိုဟ်ကမ္ဘာတွေကို ရွှေ့ပြောင်းအခြေချကြရင်လည်း ဂြိုဟ်လမ်းညွှန်ရေးမယ့် ၂၂ ရာစု ပတ္တမြားခင်တွေ ရှိလာနိုင်ပါတယ်။

ပတ္တမြားခင် နှစ် ၄၀ နေခဲ့တဲ့ သန္တာစမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပတ္တမြားခင် နှစ် ၄၀ နေခဲ့တဲ့ သန္တာစမ်း