နှုတ်ခမ်းမွေးမင်းသား ဝင်းဦးရဲ့ အမြတ်နိုးဆုံးအနုပညာက ဘာလဲ

win oo

ဓာတ်ပုံ ရင်းမြစ်, မြန်မာရုပ်ရှင်ဇာတ်ကားအဟောင်း နှစ်သက်သူများ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

စာရေးဆရာ ရုပ်ရှင်မင်းသားနဲ့ အဆိုတော် ဝင်းဦးကို မောင်တို့ချယ်ရီမြေ၊ မှုံရွှေရည်၊ တိမ်လွှာမို့မို့လွင် စတဲ့ဇာတ်ကားတွေ၊ မိန်းမလှအမုန်းနဲ့ တက္ကသိုလ်ကျောင်းသားတဦး စတဲ့ ဝတ္ထုတွေ၊ စန္ဒာမဂ္ဂဇင်းတို့အပြင် မန္တလေး သင်္ကြန်နဲ့ တွဲပြီး လူတွေက မှတ်မိကြပါတယ်။

သူကွယ်လွန်တာ အနှစ် ၃ဝ ပြည့်ခဲ့ပြီးတဲ့အထိ သူ့ကိုသတိအရကြဆုံးက သူ့ရဲ့ ထူးခြားတဲ့ အသံနဲ့ ကိုယ်ဟန်သွင်ပြင် ဖြစ်မှာပါ။

ဝင်းဦးဟာ သူ့ခေတ်ကိုကျော်ပြီး လူပရိသတ်စိတ်ဝင်စားခံရတဲ့ ရှားပါးအနုပညာရှင်တယောက် ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ဂီတနယ်မှာ သူ့လိုအောင်မြင်သူက စစ်မဖြစ်ခင်က ခင်မောင်ရင်နဲ့ မေရှင်၊ စစ်ပြီးနောက်မှာ ကြည်ကြည်ဌေး၊ ခင်သန်းနု၊ တွံတေးသိန်းတန်နဲ့ ကျော်ဟိန်း စတဲ့သူတွေလောက်ပဲ ရှိပါတယ်။

ကျန်တဲ့ အနုပညာကြယ်ပွင့်အများစုကိုတော့ ခေတ်ကုန်တာနဲ့ တပ်မက်သူ လူနည်းစုလောက်ပဲ သိကြ သတိရနေကြတာပါ။ ဝင်းဦးနဲ့ မေရှင်၊ တွံတေးသိန်းတန် စတဲ့သူတွေရဲ့ အနုပညာလက်ရာ သီချင်း၊ ရုပ်ရှင်တွေကတော့ ခေတ်အဆက်ဆက် ပရိသတ်အသစ်တွေလက်ထဲမှာ တင်ကျန်မြဲ ဖြစ်ပါတယ်။

အသံဖိုင် ပုံစာ, ဒေါ်မေရှင်ကို ဘယ်သူတွေ ချစ်ခဲ့သလဲ
burma

ဓာတ်ပုံ ရင်းမြစ်, Win Ko Ko

ဓာတ်ပုံ ပုံစာ, ဝင်းဦးအဘိုးရေးတဲ့ ဆေးကျမ်း

ဝင်းဦးကို သူ့ဖခင် ချစ်ဒုက္ခဦးဘညွန့်နဲ့ တွဲသိကြပါတယ်။ ဦးဘညွန့်ရဲ့ချစ်ဒုက္ခ ဆိုပြီး သီချင်းတပုဒ်ထွက်အောင် ထင်ရှားခဲ့တဲ့ ဦးဘညွန့်ဟာ သီချင်းနှစ်ပုဒ်တည်းနဲ့ နာမည်ကျန်ရစ်သူ ဖြစ်သလို တက္ကသိုလ်ပါမောက္ခကြီးလည်း ဖြစ်ပါတယ်။

ရုပ်ရည်ချောမောတဲ့ ဦးဘညွန့်နဲ့ အဆိုတော် ဒေါ်သန်းဧတို့ နှစ်ယောက်ကို တက္ကသိုလ်သမဂ္ဂရန်ပုံငွေ ရုပ်ရှင်ရိုက်ဖို့ ဒဂုန်တာရာတို့ ကျောင်းသားဘဝက ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဂီတနောက်ခံ ဒီဇာတ်ကားသာ ရိုက်ဖြစ်ခဲ့ရင် ဝင်းဦးထက်အရင် ဦးဘညွန့်က မင်းသားဖြစ်ခဲ့မှာပါ။

ဝင်းဦးရဲ့ မိခင် မင်နီဘခက်ရဲ့ဖခင်ကတော့ မြန်မာတိုင်းရင်းဆေးပညာအကြောင်း သုတေသနတွေ စစ်မဖြစ်ခင်ကတည်းက ဆောင်ရွက်သွားတဲ့ ဆရာဝန်ကြီး ကာနယ်ဘခက် ဖြစ်ပါတယ်။ ရုပ်ရည်အဆင်းနဲ့ ပြည့်စုံတဲ့ ကာနယ်ဘခက်ရဲ့ ဖခင်ကတော့ မြန်မာပြည်မှာ ပထမဆုံးဖွဲ့တဲ့ လက်ထောက်ဘုရင်ခံရဲ့ အတိုင်ပင်ခံကောင်စီဝင် မော်လမြိုင်က ဦးခက် ဖြစ်ပါတယ်။

တက္ကသိုလ် ပါမောက္ခ မိသားစုတွေထဲမှာ အနုပညာရှင်အဖြစ် လူသိများတဲ့ အဆိုတော် မင်းသမီး အေဝမ်းဒေါ်မေသန်းတို့ ပြီးရင် ဝင်းဦးတို့ ညီအစ်ကိုတွေနဲ့ သူတို့ဖခင် ဦးဘညွန့်တို့က အနုပညာလောကမှာ ထင်ရှားလာပါတယ်။

burma
ဓာတ်ပုံ ပုံစာ, ဝင်းဦးရဲ့ ရခိုင်နောက်ခံ အချစ်ဝတ္ထု

စာရေးဆရာ ဝင်းဦး

ဝင်းဦးဟာ အောင်မြင်တဲ့ အဆိုတော် မင်းသား ဒါရိုက်တာ ကုမ္ပဏီပိုင်ရှင်ထက် စာရေးဆရာ အယ်ဒီတာ ဘဝကို ပိုပြီး ဂုဏ်ယူတယ်လို့ သူ့တပည့် အဆိုတော် မင်းသမီးချိုပြုံးက ပြောပါတယ်။ ဒါကြောင့် သူဟာ မြန်မာပြည်မှာ ပထမဆုံး အသံထွက် စာအုပ်ပုံစံ လူထုဒေါ်အမာရဲ့ ရွှေရိုးဘကလေး စာအုပ်ထဲက ဝေလွင်လွင် ရုပ်ရှင်အကြောင်း စာဖတ်ပြီး တိပ်နဲ့သွင်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။

စာရေးရင်လည်း အပန်းတကြီးအားထုတ်စရာ မလိုဘဲ အလုပ်များတဲ့ကြားက ဝတ္ထုတွေ သွက်သွက်လက်လက် ရေးနိုင်တဲ့သူလို့လည်း ချိုပြုံးက ဆိုပါတယ်။ စာရေးကောင်းတဲ့ အရည်အချင်းကြောင့် သူတင်ဆက်လိုတဲ့ အနုပညာကို ပရိသတ် လက်ခံအောင် တင်ပြတတ်တဲ့ အရည်အချင်းက ပိုထက်မြက်တာလည်း ဖြစ်နိုင်ပါတယ်။

ပြီးတော့ ဝင်းဦးဟာ စာရေးဆရာဘဝနဲ့ ရှုမဝမဂ္ဂဇင်းမှာ အရင်ထင်ရှားသူဖြစ်လို့ သူရုပ်ရှင်ရိုက်တဲ့အခါမှာ စာရေးဆရာဝင်းဦး အဖြစ် မိတ်ဆက်ခံခဲ့ရပါတယ်။

သူ့စာတွေမှာ တင့်တယ်လို အပျော်ဖတ် စာရေးဆရာကြီးတွေရဲ့ သြဇာထင်ဟပ်ပေမယ့် ဝင်းဦးဟာ သူ့လက်ရာအဖြစ် ပြောနိုင်တဲ့ စာတွေ ထားခဲ့နိုင်ပါတယ်။

ပထမဆုံး ထင်ရှားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတဦး မှာတော့ ရွှေပြည်အေးရဲ့ စစ်အတွင်းက ပြဇာတ်သီချင်း လွမ်းငွေ့ဝေဝေ ကို ပင်တိုင်ထားပြီး ထည့်သွင်းဖွဲ့နွဲ့ခဲ့သလို နောင်မှာ သူအဆိုတော် ဖြစ်လာတော့လည်း ဒီသီချင်းကို အောင်မြင်စွာ ပြန်လည် သီဆိုခဲ့ပါတယ်။ ဖဲစက်ရာ တွဲလျက်သာ နွှဲယှက်ကာရယ် ဟိုတုန်းခါက မောင်နဲ့မယ် အစချီတဲ့ ဒီသီချင်းဟာ ဝင်းဦး ပထမဆုံး စဆိုတယ်လို့ အထင်ခံရတဲ့အထိ လူသိများခဲ့ပါတယ်။ ဂျာမန် ဝေါ့ဇ်တေးသွားတပုဒ်ကို မှီးမှန်းလည်း လူမသိတော့ပါဘူး။

သူရေးတဲ့အထဲမှာ အထင်ရှားဆုံး ဖြစ်တဲ့ မိန်းမလှအမုန်း မှာတော့ အိပ်မက်ဆန်ဆန် အချစ်လူဝင်စား ဇာတ်လမ်းကို ဖတ်သူတွေ စွဲမက်အောင် ရေးဖွဲ့ခဲ့ပါတယ်။ ဝတ္ထုထဲက ထွန်းနိုင်နဲ့ မမမေဂျာ ဇာတ်ရုပ်နဲ့ ရခိုင်ခေတ်ဟောင်းက မဂိုလုလင်နဲ့ ဘုရင့်သမီးတော် ဇာတ်ကြောင်းဟာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စိတ္တဗေဒနောက်ခံ ဝတ္ထုတွေ၊ ရွှေဥဒေါင်းရဲ့ ရူပနန္ဒီ ဇာတ်လမ်းတွေနဲ့ ဆင်ပေမယ့် ဝင်းဦးရဲ့ဝတ္ထုမူရယ်လို့ ပေါ်အောင် ရေးခဲ့တာပါ။

ဝင်းဦးဟာ သူကိုယ်တိုင် ခွန်အားဗလပြည့်စုံပြီး အမျိုးသမီးတွေကြိုက်တဲ့ ဇာတ်ဆောင်ဘဝကို ရခဲ့သလို သူ့ဇာတ်လိုက်တွေမှာလည်း ယောက်ျားပီသတဲ့ မြာစွံမောင်တွေ ဖြစ်တာတွေ့ရပါတယ်။ ဒါကြောင့် အသည်းစား မဟာရာဇာ၏ရှင်းတမ်း လို ဝတ္ထုမျိုးကိုလည်း သူရေးခဲ့ပါတယ်။

ဝင်းဦးဟာ စာကိုလည်း အစုံဖတ်တယ်၊ နာမည်ကြီးတွေရဲ့စာကိုသာမက လူမသိတဲ့စာရေးဆရာတွေရဲ့ လက်ရာတွေကိုလည်း ဖတ်တဲ့သူလို့ ချိုပြုံးက အမှတ်တရ ပြောခဲ့ပါတယ်။

သူ့ရဲ့ စန္ဒာမဂ္ဂဇင်းမှာလည်း စာလေးစာပေါ့စုံလင်အောင် ထည့်သလို တင့်တယ်လို အယ်ဒီတာလက်ဟောင်းကြီးတွေကို မဏ္ဍိုင်ပြုပြီး ရသစာပေကို အားပြုထည့်သွင်းခဲ့ပါတယ်။ ခေတ်ပြိုင်မဂ္ဂဇင်းတချို့မှာ နိုင်ငံရေးဆန်တဲ့စာတွေ များပေမယ့် ဝင်းဦးရဲ့ စန္ဒာမှာတော့ စာပေအနုပညာသက်သက်ဖြစ်အောင် လူလည်းကြိုက်အောင် အားထုတ်ခဲ့ပါတယ်။

လက်ဝဲစာပေနဲ့ ရုပ်ဝါဒ ခေတ်စားတဲ့ခေတ်မှာ ဝင်းဦးရဲ့ စိတ္တဗေဒနောက်ခံ အချစ်ဝတ္ထုတွေ၊ အလွမ်းဇာတ်လမ်းတွေကလည်း ပရိသတ်ကြီးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Latt Mg Cho

ဓာတ်ပုံ ပုံစာ, အကယ်ဒမီဆုရ လျှို့ဝှက်သည်းဖိုဇာတ်ကား

မြန်မာပရက်စလေ

ဝင်းဦးဟာ နှစ်ယောက်ထဲနေချင်တယ် နဲ့ မောင်တို့ချယ်ရီမြေ ဇာတ်ကားတွေမှာ တဟုန်ထိုး နာမည်တက်လာပြီး ပရက်စလေ၊ ပတ်ဘွန်းစတဲ့ အမေရိကန် အဆိုတော်မင်းသားတွေရဲ့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ သီချင်းတွေကို မြန်မာပြန် ရိုက်ကူးသီဆိုရာမှာ ထင်ရှားခဲ့ပါတယ်။

အိုမောင်နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ အစချီတဲ့ မောင်တို့ချယ်ရီမြေ သီချင်းမှာ ဟင်းဟင်ဟင်းဟင် စတဲ့ နှုတ်ခမ်းသံတွေ ထည့်စပ်တာကစပြီး မေခင်ကျွန်တော့်အချစ်တော် မီးပုံပွဲပိတောက်ရိပ်ဝယ် စတဲ့ သူ့တေး တော်တော်များများမှာ အာမေဋိတ်သံတွေ အများအပြား ထည့်သွင်းခဲ့လို့ မိတ္တူတေးလောကမှာ တခေတ်ထူခဲ့သူလို့ စန္ဒရားလှထွတ်စတဲ့ ဂီတသမိုင်းပြုသူတွေက မှတ်ချက်ချခဲ့ပါတယ်။

ခေတ်ပြိုင်လူငယ် ပရိသတ်တွေအကြားမှာ ဗလတောင့်တင်းပြီး အနောက်တိုင်းဆန်ဆန်တေးတွေ ဆိုတတ်သူ၊ နှုတ်ခမ်းမွေးစစနဲ့ ပွင့်လင်းတဲ့အပြုံးပိုင်ရှင် သရုပ်ဆောင်ဟာ သူ့ထက်စောတဲ့ လူကြီးဆန်ဆန် မင်းသားတွေ၊ ခန္ဓာကိုယ် သေးကွေးတဲ့ မြန်မာသရုပ်ဆောင် အများစုနဲ့မတူဘဲ ကွဲထွက်နေပါတယ်။

ဒါကြောင့် အမျိုးသမီးပရိသတ်အများစုရဲ့ နှစ်ခြိုက်အားပေးမှု ခံရသလို လူငယ်အမျိုးသားတွေ အားကျအတုယူတာတွေလည်း ရှိခဲ့ပါတယ်။

ဝင်းဦးဟာ အနုပညာကို ငွေရှာဖို့ထက် ဝါသနာကြောင့် အရင်းတည်ပြီး ရှင်သန်ပုံရပါတယ်။ ဒါကြောင့်လည်း အင်းယားကန်နားမှာ တိုက်နဲ့နေပြီး ပြိုင်ကားမောင်းနိုင်တဲ့ ခေတ်မှာရော ဘားလမ်းက တိုက်ခန်းလေးမှာနေတဲ့ ခေတ်မှာရော သူ့အတွက် အနုပညာအသစ်တွေ ပိုကောင်းအောင် ဖန်တီးဖို့ပဲ အာရုံစိုက်ခဲ့တာ တွေ့ရပါတယ်။

နောက်ပြီး သူ့မှာ ကြည်လင်တဲ့ ဥပဓိမျက်နှာနဲ့ ကလေးဆန်တဲ့အပြုံးကြောင့် လူတွေက မမေ့နိုင် စွဲလမ်းရတယ်လို့လည်း မင်းသမီး ချိုပြုံးက ဆိုပါတယ်။

burma
ဓာတ်ပုံ ပုံစာ, အပြုံးကြောင့် လူတွေက မမေ့နိုင်

ဝင်းဦးကို ဝင်းဦးဖြစ်စေတဲ့ အဓိကတချက်က သရုပ်ဆောင်ရာမှာ ပီပြင်အောင် ကြိုးစားမှုအပြင် ဝင်းဦးအသံလို့ ပြောစရာကျန်ခဲ့တဲ့ သင်္ကေတအသံဖြစ်ပါတယ်။

ကရုဏာနဲ့ သံလိုက်လို ဆွဲငင်နိုင်တဲ့ အသံကို ဟန်လုပ်ပြောတယ်လို့ ထင်ကြပေမယ့် သူ့ရဲ့ဟန်က သူ့အတွက်သာ လိုက်ဖက်ပြီး သူ့ကိုလိုက်တုရင်တော့ မတူဘဲ ရယ်စရာ အသံမျိုး ဖြစ်သွားတတ်ပါတယ်။

သူရိုက်တဲ့ ကားတွေထဲမှာ မင်းသမီးမပါဘဲ ကလေးသရုပ်ဆောင်နဲ့သာ ရိုက်တဲ့ အတွယ်အတာ ကို သူတော်တော် သဘောကျတယ်လို့လည်း ချိုပြုံးက ပြောပါတယ်။ ဒီကားဟာ တကယ်က လူထုဦးလှရဲ့ ဝတ္ထု ချစ်သဲ ကို သူရိုက်ခွင့်မသာ ဖြစ်လို့ သူ့ဇာတ်လမ်းသူရှာပြီး လူဆိုးကို ဇာတ်ကောင်လုပ် ရိုက်ခဲ့တာပါ။ မူလကျောရိုးက အမေရိကန်ကားလို့လည်း ဆိုပါတယ်။

နောက် သူအားထုတ်ပြီး ရိုက်ခဲ့တဲ့ မှုံရွှေရည် ကိုလည်း ဝင်းဦး အမြတ်တနိုး ထားပါတယ်။

ချစ်သူရွေးမယ်ချစ်ဝဲလယ် လို ကားမျိုးကိုလည်း နည်းပညာအားနည်းတဲ့ခေတ်မှာ ရှစ်ကိုယ်ခွဲ ရအောင်ရိုက်ခဲ့တာပါ။

burma

ဓာတ်ပုံ ရင်းမြစ်, http://monk.radford.edu/cdm/landingpage/collection

ဓာတ်ပုံ ပုံစာ, ဝင်းဦးရဲ့အအောင်မြင်ဆုံး တေးတပုဒ်

နောက်ပြီး ဆောင်းအိပ်မက် မှာ မပြီးသေးသောပန်းချီကား သီချင်းဆိုတဲ့ အခန်းနဲ့ တိမ်လွှာမို့မို့လွင် ဇာတ်ကားထဲက ကမ်းခြေမှာ သီချင်း သရုပ်ဖော်ခန်း တွေကလည်း မြန်မာပရိသတ်ရင်ထဲမှာ တင်ကျန်တဲ့ ဇာတ်ကွက်တွေ ဖြစ်ပါတယ်။

တကျော့နှစ်ကျော့တေးကိုသီ ဇာတ်ကားမှာတော့ မြန်မာဂီတဇာတ်ကားကောင်းအဖြစ် တင်ကျန်အောင် သူအားထုတ်ခဲ့ပါတယ်။

အစမှာ မိတ္တူတေးတွေ ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ မြို့မငြိမ်းတေးတွေ သူပြန်လည် ဆန်းသစ်ခဲ့ပါတယ်။ ခေတ်ဟောင်းတေးတွေနဲ့ သီချင်းကြီးတွေကိုလည်း လူငယ်တွေကြား သူပြန်ပို့ပေးခဲ့ပါတယ်။

နောက် မန္တလေးသင်္ကြန်မှာ ဆယ်နှစ်ကျော် သွားရောက်ဖျော်ဖြေခဲ့လို့ ဝင်းဦးနဲ့မန်းသင်္ကြန်ဆိုပြီး ယဉ်ကျေးမှုပြကွက်တခုလို ကျန်ရစ်ခဲ့ပါတယ်။

ဝင်းဦးဟာ ၁၉၆ဝ ကျော်မှာ အနောက်ဆန်ဆန် လူငယ်သရုပ်ဆောင်အဖြစ် စင်ပေါ်တက်လာခဲ့ပြီး ၁၉၇ဝ ကျော် စတီရီယိုတေးနဲ့ ဟစ်ပီယဉ်ကျေးမှု ခေတ်စားလာချိန်မှာတော့ ရိုးရာကို ပြန်ဖော်ထုတ်ပြီး လူကြိုက်များခဲ့ပြန်ပါတယ်။

burma
ဓာတ်ပုံ ပုံစာ, ဝင်းဦးနဲ့ မန်းသင်္ကြန်

ဝင်းဦးကို လူတွေ စိတ်ဝင်စားကြတဲ့အထဲမှာ တခြားအနုပညာကြယ်ပွင့်တွေလိုပဲ သူ့ရဲ့ကိုယ်ရေးဘဝကိုလည်း စူးစမ်းချင်တတ်ကြပါတယ်။

သူနဲ့ အကယ်ဒမီမင်းသမီးတလက်ရဲ့ မညားခဲ့တဲ့ အချစ်ဇာတ်လမ်းကလည်း ပြောကြဆဲ ဖြစ်ပြီး ဒီအကြောင်းတွေကို ဝင်းဦးက အမှတ်တရ ပြန်ပြောင်း ပြောတတ်တယ်လို့ ချိုပြုံးက ဆိုပါတယ်။

သူ့အကြောင်း စာဖွဲ့ခဲ့သူတွေထဲမှာ သူနဲ့ခရီးတွေ အတူသွားတတ်တဲ့ စာရေးဆရာမောင်နေဝင်းကတော့ သူ့အကြောင်း စာတအုပ်ရေးခဲ့ပါတယ်။ နာမည်ကြီး မင်းသားဖြစ်ပေမယ့် စာရေးဆရာတွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်ပြီး ဟန်ပန်မလုပ် တတ်သူအဖြစ် သူ့ကို သရုပ်ဖော်ခဲ့ကြပါတယ်။

နောက် ဆင်းရဲနွမ်းပါးတဲ့ အနုပညာရှင်ကြီးတွေကိုလည်း ထောက်ပံ့ကူညီတတ်သူလို့ သူ့ကို သိကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Myint Zaw

ဓာတ်ပုံ ပုံစာ, သူ့သီချင်းနဲ့ ရုပ်ရှင်တွေကို ခံစားမက်မောနေကြဦးမယ်

ချယ်ရီလိုလူ

ဝင်းဦးဟာ အသက် ၅ဝ ကျော်နဲ့ ဘဝအဆုံးသတ်သွားခဲ့ပေမယ့် သေခြင်းတရားကို သူလက်ခံသွားခဲ့ပုံရတယ်လို့ သူ့တပည့်ရင်း ချိုပြုံးက ပြောပါတယ်။

နောက်ပြီး သူဟာ အသက်ကြီးရင့်တဲ့အထိ ဘဝကိုနေချင်ပုံမရဘူးလို့ ခံစားမိတယ်လို့လည်း ဆိုပါတယ်။

အပွင့်တွေဝေနေချိန်မှာ ကြွေချင်တဲ့ ချယ်ရီလို စိတ်မျိုး၊ နာမည်ကြီးနေတုန်းမှာ ဘဝကို ရပ်ခဲ့ဖို့စိတ်မျိုး ဝင်းဦးမှာ ရှိသလားလည်း မပြောနိုင်ပါ။

နောင်လာမယ့် မျိုးဆက်တွေလက်ထက်မှာလည်း သူ့သီချင်းနဲ့ ရုပ်ရှင်တွေကို ခံစားမက်မောနေကြဦးမယ်လို့ ချိုပြုံးက ပြောပါတယ်။

burma
ဓာတ်ပုံ ပုံစာ, ရုပ်ရှင်တခေတ်ထူထောင်ခဲ့သူ