ဆွန်ဒရမ်၊ ဖင်လေနဲ့ မောင်မောင်ကြီး။ မြန်မာ့သိမှုထဲက ပျောက်ကွယ်သွားသူများ

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ အာဏာသိမ်းပွဲနောက်ပိုင်း ပညာရေးပျက်ပြားပြီး ကျောင်းတွေပိတ်ခဲ့သလို ဆရာ ဆရာမနဲ့ ကျောင်းသူ ကျောင်းသား တချို့ နိုင်ငံက ထွက်ခွာပြီး ပြည်ပမှာ သွားရောက် လုပ်ကိုင် ပညာသင်တာတွေ ရှိလာပါတယ်။ စစ်ကောင်စီဘက်က ကျောင်းပြန်ဖွင့်ရေး ကြိုးစားရာမှာလည်း မတက်ဖို့ အန်ယူဂျီဘက်က ဆော်သြနေသလို စစ်ကောင်စီအောက်မှာ ဆက်အလုပ်လုပ်တဲ့ ပညာရေး ဝန်ထမ်းတွေကို ကျောင်းထုတ်တာ၊ စီဒီအမ်လုပ်တဲ့ ဆရာဆရာမတွေကို အလုပ်ဖြုတ်ဖမ်းဆီးတာတွေကိုလည်း အစိုးရနှစ်ရပ်လုံးက အပြန်အလှန်ဆောင်ရွက် နေကြပါတယ်။
ဒီလို မကြုံစဖူး ပညာရေးလောက ကသောင်းကနင်း ဖြစ်နေတာဟာ ၁၉၆၂ နဲ့ ၁၉၈၈ က နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကျောင်းတွေပိတ်၊ ပညာရှင်တွေ အလုပ်ပြုတ် အလုပ်ထွက်ကြပြီး ပြည်ပကို ထွက်သွားကြတဲ့အဖြစ်ကို ပြန်ပြောင်း အောက်မေ့စေပါတယ်။ မြန်မာနိုင်ငံကို အနှစ် ၅ဝ ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ အရပ်သား ပညာတတ်တွေကို ထိန်းချုပ်ရ မလွယ်ကူသူတွေအဖြစ် သတိထား ကိုင်တွယ်တတ်ပြီး ပညာတတ်မှန်း သိအောင် အမောက်ထောင်တတ်သူတွေ အဖြစ် မုန်းတီးတတ်ကြောင်း ဗိုလ်ချုပ်ကြီးနေဝင်းခေတ်က ထိပ်တန်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခတယောက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, David Levenson
ဒါကြောင့် ၁၉၆၂ အာဏာသိမ်းပြီးနောက် သီးခြားလွတ်လပ်တဲ့ တက္ကသိုလ်နှစ်ခုကို ပညာရေးဌာနအောက် သွတ်သွင်းလိုက်ပါတယ်။ ဒါဟာ အရှေ့ဥရောပနဲ့ တရုတ်နိုင်ငံမှာ ကွန်မြူနစ်အစိုးရတွေ တက်လာပြီးနောက် ပညာရေးဌာနတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာနဲ့ ဆင်တူပါတယ်။ တက္ကသိုလ်မှာ ရှိတဲ့ ဌာနတွေထဲက သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒ၊ ဒဿနိကဗေဒနဲ့ ဥပဒေ စတဲ့ဘာသာရပ်တွေမှာ ပြောင်းလဲမှုတွေ ကြီးခဲ့ပြီး ဆိုရှယ်လစ် သဘောတရားရေးတွေနဲ့ ကိုက်ညီအောင် သင်ရိုးတွေကို ပြောင်းလဲခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ရှိတဲ့ ဗုဒ္ဓအဘိဓမ္မာဌာနကို ပိတ်ပစ်ခဲ့သလို အင်္ဂလိပ်စာဌာနကိုလည်း ပညာရေး တက္ကသိုလ်ကို ပို့ပစ်ခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သမိုင်းဌာနနဲ့ တွဲထားရာက မင်္ဂလာဒုံမှာ ရဲဘော်ချစ်လှိုင်အုပ်ချုပ်မှုနဲ့ ဖွင့်တဲ့ ဗဟို နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်းကို ရွှေ့ပစ်ခဲ့ပါတယ်။ ဒီကျောင်းအပြင် နောင်မှာ ဖောင်ကြီး ဝန်ထမ်းလေ့ကျင့်ရေးကျောင်းဆိုပြီး ဖွင့်လှစ်ပြီး အစိုးရ ဝန်ထမ်းတွေကို မဆလသဘောတရားတွေ ပို့ချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Rangoon University Magazine
တက္ကသိုလ်ပါမောက္ခချုပ် အလုပ်ထွက်
ဒေါက်တာသာလှဟာ ၁၉၃၆ က ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်ခေါင်းဆောင်တယောက် ဖြစ်ခဲ့လို့ ဝန်ကြီးချုပ်ဦးနု၊ ဦးကျော်ငြိမ်း၊ ဗိုလ်လက်ျာ စတဲ့ ဖဆပလ ခေါင်းဆောင်တွေနဲ့ ခင်မင်တဲ့ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း လန်ဒန် အင်ပီရီယယ်ကောလိပ်မှာ ဘူမိဗေဒပါရဂူဘွဲ့ကို သင်ယူခဲ့ပြီး စစ်ပြီးခေတ်မှာ ရန်ကုန်ပြန်လာခဲ့ပါတယ်။ အပြောအဆို ဘုကျပေမယ့် စေတနာထားသင်ပေးတဲ့အတွက် ကျောင်းသား တွေ ချစ်ကြောက်ရိုသေရတဲ့ ပညာရှင်တယောက် ဖြစ်ခဲ့ပါတယ်။
ဒေါက်တာသာလှ အင်္ဂလန်သူ ဇနီးကြီးနဲ့ သမီးသုံးယောက်ထွန်းကားပြီးနောက် ဒုတိယအိမ်ထောင်ထူထောင်တဲ့ကိစ္စမှာ သတင်းစာတွေထဲ ပါလာပါတယ်။ နောက် အဲဒီအချိန်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အဆင်မပြေဖြစ်ပြီး ရာထူးက ထွက်ကာ ပြင်သစ်က ယူနက်စကိုမှာ သွားလုပ်ပါတယ်။ ဒီလို ပြည်ပ ရောက်သွားပေမယ့် တပည့်ဟောင်းတွေက ဆရာသာလှကို သံယောဇဉ်ရှိ လေးစားကြပါတယ်။ ဒါကြောင့် ပြည်ပလေဆိပ်တခုမှာ သူနဲ့ သွားဆုံတဲ့ မြန်မာ ပညာရှင်အဖွဲ့တဖွဲ့ဟာ လေဆိပ်ထဲမှာ ဒေါက်တာသာလှကို ကန်တော့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN
ဒေါက်တာသာလှထွက်သွားပြီးနောက် ရန်ကုန်တက္ကသိုလ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ နီးစပ်ပြီး စည်းကမ်းကြီးတဲ့ ဦးကာ တက်လာပါတယ်။ သူ့လက်ထက်မှာ တင်းကျပ်တဲ့အဆောင်စည်းကမ်းချမှတ်တာကနေ ဆဲဗင်းဇူလိုင်အရေးအခင်းဖြစ်ပြီး ကျောင်းသားသမဂ္ဂအဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံခဲ့ရပါတယ်။ ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်နှစ်ခုကို ပညာရေးဌာနအောက် ပို့လိုက်ပြီး တက္ကသိုလ်ငယ်တွေ ခွဲထုတ်ပေးလိုက်တဲ့အတွက် ပင်မတက္ကသိုလ်ကြီးမှာ ရှိတဲ့ ကျောင်းသားတွေ စုစည်းမှုကို ခွဲပစ်ခဲ့တယ်လို့ ကျောင်းသားလှုပ်ရှားသူတွေက စွပ်စွဲခဲ့ပါတယ်။
ဒေါက်တာသာလှဟာ ၁၉၉ဝ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေကို ဒေါ်ရီကြိန် စတဲ့ ပညာရှင်လူကြီးတွေနဲ့အတူ စိစစ်ရွေးချယ်ပေးခဲ့တဲ့အတွက် နဝတစစ်အစိုးရက ဖမ်းဆီးစစ်ဆေးတာ ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Daw Khin Khin Gyi
သမိုင်းပါမောက္ခများ
ယူကျုဗီဒီယိုဝက်ဆိုက်မှာ ၁၉၅၇ က အမေရိကန် သတင်းထောက် အက်ဒ်မားရိုးရဲ့ မြန်မာပြည်ခရီးစဉ်မှတ်တမ်းသတင်းကားမှာ ရန်ကုန်တက္ကသိုလ်က သမိုင်းပါမောက္ခ အဖြစ် ပါဝင်ခဲ့တဲ့ ဒေါက်တာကျော်သက်ဟာ မြန်မာထဲက ပထမဆုံး သမိုင်းပါရဂူဘွဲ့ရသူ ဖြစ်ပါတယ်။ လွှတ်တော်အတွင်းဝန် ဦးဘဒွန်းရဲ့ သားဖြစ်ပြီး ဇနီး ဒေါ်ခင်ခင်ကြီးခေါ် မေရီစိန်ထွန်းဟာလည်း အရှေ့တိုင်းသမိုင်းကထိက ဖြစ်ပါတယ်။ ဒေါက်တာကျော်သက်ဟာ ကုန်းဘောင်ရဲ့ အရှေ့ အိမ်နီးချင်းများနဲ့ ဆက်ဆံရေး( ၁၇၅၂- ၁၈၁၉ )ကျမ်းနဲ့ လန်ဒန်တက္ကသိုလ်ကနေ ၁၉၅ဝ မှာ ပါရဂူဘွဲ့ရပြီးနောက် ရန်ကုန်တက္ကသိုလ်မှာ အရှေ့တိုင်း ရာဇဝင်ပါမောက္ခ ဖြစ်လာခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်းကိုလည်း ရေးသားခဲ့ပါတယ်။ ၁၉၆၄ ကနေ ၁၉၆၆ အတွင်း သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။
၁၉၆၂ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဇနီးမောင်နှံနဲ့ သူတို့စုံတွဲ ရင်းနှီးကြတယ် ဆိုပေမယ့်လည်း ၁၉၆၆ နောက်ပိုင်း ဒေါက်တာကျော်သက် မြန်မာပြည်က ထွက်သွားခဲ့ပြီး ၁၉၇ဝ ကနေ ၁၉၈၆ အတွင်း ယေးလ်၊ မစ်ချီဂန်နဲ့ အွန်တေရီယိုတက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခလုပ်ခဲ့ပါတယ်။ နောက် ၂ဝဝ၈ ခုနှစ် အသက် ၈၇ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့နောက်က ဆက်ခံတဲ့ ပါမောက္ခ ဦးတင်အုန်းကတော့ နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ ပြည်သူ့ တရားသူကြီးအဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။
ဒေါက်တာကျော်သက်ရဲ့ သမီး ခင်အေးသက်က မောင်ပန်းမွှေးရဲ့ တခုသောပန်းဥယျာဉ် ကဗျာစာအုပ်ကို အင်္ဂလိပ်လိုပြန်ဆိုခဲ့ပြီး ၁၉၇ဝ နောက်ဆုံးနှစ် ကျောင်းသူဘဝမှာ ကွယ်လွန် သွားခဲ့ပါတယ်။ သား ဒေါက်တာလင်းအောင်သက်ကတော့ စာပေထူးချွန်သူအဖြစ် ဆေးတက္ကသိုလ်မှာ ထင်ရှားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Portland Press Herald
မန္တလေးတက္ကသိုလ် ရာဇဝင်နဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာမောင်မောင်ကြီးကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြောင်လှောင်မိလို့ ကျောင်းသား တယောက်က စစ်အစိုးရကို သတင်းပို့တဲ့အတွက် ၁၉၆၅ မှာ အငြိမ်းစားပေး ခံခဲ့ရပါတယ်။ ၁၉၅၈ က ယေးလ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့ရခဲ့တဲ့ ဦးမောင်မောင်ကြီးဟာ စာသင်ကောင်းပြီး မြန်မာခေတ်သစ် သမိုင်းပညာမှာ အစားမထိုးနိုင်တဲ့ ဆရာဆိုပြီး သူနဲ့ ပညာသင်ခဲ့ရတဲ့ ရှမ်းသမိုင်းသုတေသီ စိုင်းခမ်းမိုင်း က အမှတ်တရ မန်းတက္ကသိုလ်စာအုပ်မှာ ရေးပါ တယ်။ မန္တလေးမှာ ဝိဇ္ဇာမဟာဌာနမှူးထိ ဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်ကြီးဟာ အမေရိကန်အထက်လွှတ်တော်အမတ် အက်ဒမန် မက်စ်ကီးနဲ့ မိတ်ဆွေတွေ အကူအညီနဲ့ ၁၉၆၇ မှာ မြန်မာပြည်က ထွက်ခွင့်ရပါတယ်။အဲဒီနောက် မက်ဆာချူးဆက်ပြည်နယ်က ဘိတ်စ်ကောလိပ်မှာ ၁၉၈၈ မှာ ကွယ်လွန်ခါနီးထိ နိုင်ငံရေးသိပ္ပံ ပို့ချပါတယ်။ အမေရိကန်ကျောင်းသားတွေကို လွတ်လပ်မှုတန်ဖိုးနဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းမှုမှာ သူယုံကြည်ကြောင်း သင်ပြတတ်တယ်လို့ ကောလိပ်က လုပ်ဖော်ကိုင်ဖက်တွေက သူကွယ်လွန်ချိန်မှာ အမှတ်တရ ရေးခဲ့ကြပါတယ်။
နောက် မြန်မာနိုင်ငံရေးထုံးဓလေ့ဆိုင်ရာ စာတမ်းတွေကို စုစည်းပြီး မြန်မာ့နိုင်ငံရေးတန်ဖိုးများ၊ အာဏာရှင်စနစ်ရဲ့ လူမှု နိုင်ငံရေးရင်းမြစ်များ စာအုပ်ကို ၁၉၈၃ မှာ ထုတ်ဝေခဲ့ပါတယ်။ ဒေါက်တာမောင်မောင်ကြီးဟာ လွတ်လပ်မှုကို မြတ်နိုးတဲ့အတွက် နိုင်ငံကို သေတဲ့အထိ စွန့်ခွာနေထိုင်သွားခဲ့တယ်လို့ မိတ်ဆွေ ပါမောက္ခ ဂျိုးဆီးလ်ဗားစတိုင်းက ၁၉၈၉ ထုတ် အာရှလေ့လာရေးဂျာနယ်မှာ ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
စီးပွားရေးပညာရှင်များ
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တာဝန်ယူခဲ့ပြီး လန်ဒန်တက္ကသိုလ် ဘောဂဗေဒနဲ့ နိုင်ငံရေးသိပ္ပံကျောင်းမှာ ပါမောက္ခ ဖြစ်ခဲ့တဲ့ ဒေါက်တာလှမြင့်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်မှာ သင်ကြားခဲ့တဲ့ မြန်မာပညာရှင်တယောက် ဖြစ်ပါတယ်။ ၁၅ နှစ်သားနဲ့ ကောလိပ်ဝင်ခဲ့ပြီး ပါမောက္ခ ဘာနာဒယ်လီက သူ့နေရာဆက်ခံဖို့ လက်သပ်မွေးခဲ့တယ်လို့ ဦးဘညိမ်၏ ဦးဘညိမ် မှာ ပါရှိပါတယ်။ ဗကပခေါင်းဆောင်ထဲက ဂိုရှယ်က မတ်ဝါဒကို လက်ခံပြီး ဒေါက်တာ လှမြင့်က သြစတြီးယန်းဂိုဏ်းရဲ့ဝါဒကို လိုက်နာတယ်လို့လည်း ဦးဘညိမ်က ဆိုပါတယ်။ ပထမဆုံး မြန်မာဘောဂဗေဒပါရဂူအဖြစ် စစ်အတွင်း လန်ဒန်မှာ သင်ယူခဲ့ပြီး စစ်ပြီးခေတ်ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခ လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆိုရန်တိုဗီလာစီမံကိန်းမှာလည်း ကူညီရေးဆွဲခဲ့ပြီး ဖဆပလအစိုးရရဲ့ စီးပွားရေးအကြံပေး ဖြစ်ခဲ့ပါတယ်။
ဒေါက်တာလှမြင့်ဟာ ဆန်ကို လွှတ်ပေးပြီး ပို့ကုန်အသားပေးတဲ့ လွတ်လပ်တဲ့ စျေးကွက် ဖော်ဆောင်ရေးကို လိုလားတဲ့အတွက် ပြည်တွင်းဖူလုံရေး အသား ပေးတဲ့ ဖဆပလမူတွေနဲ့ သဘောကွဲခဲ့ပါတယ်။ နောက် ၁၉၅ဝ ကနေ ၁၉၆၅ အတွင်း အောက်စဖို့ဒ် တက္ကသိုလ်မှာ ဘောဂဗေဒပညာ သင်ကြားပို့ချခဲ့ ပါတယ်။ မြန်မာပြည်မှာ ပညာရှင်တွေ လိုအပ်နေချိန်မှာ သူ့ကို အောက်စဖို့ဒ်မှာ တွေ့ရတဲ့ အတွက် နှမြောကြောင်း သိန်းဖေမြင့်က ဝိုးတဝါးပါရီနှင့် ငြိမ်းချမ်းရေး ခရီးသည် စာအုပ်မှာ ရေးခဲ့ပါတယ်။ ၁၉၅၉ မှာတော့ အိမ်စောင့် စစ်အစိုးရ ဖိတ်ခေါ်ချက်အရ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ် လုပ်ခဲ့ ပါတယ်။ စစ်မဖြစ်ခင်က ပညာရေး အဆင့်အတန်းမျိုး ပြန်ရဖို့ သူကြိုးစားပေမယ့် နိုင်ငံရေးကျောင်းသားတွေရဲ့ ဖီဆန်မှုကြောင့် ထင်တိုင်းမပေါက်ခဲ့ပါဘူး။ နောက်ပြီး ၁၉၆ဝ မှာ ဝန်ကြီးချုပ် ပြန်ဖြစ်လာတဲ့ ဦးနုကလည်း ဒေါက်တာလှမြင့် ၁၉၃၆ ကျောင်းသားသပိတ်မှာ မပါခဲ့တာကို မေးခွန်းထုတ်တယ်လို့ ကေဒီရဲ့ ခေတ်သစ်မြန်မာပြည်သမိုင်းမှာ ပါရှိပါတယ်။ ဒါကြောင့် ၁၉၆၁ မှာ အောက်စဖို့ဒ်ကို သူပြန်ထွက်သွားပြီး ၁၉၆၅ ကနေ ၁၉၈၅ ထိ ပါမောက္ခအဖြစ် လန်ဒန်တက္ကသိုလ်မှာ ဆောင်ရွက်ခဲ့ပါတယ်။ လန်ဒန်မှာ ပြန်နေစဉ်အတွင်း မြန်မာသံရုံးနဲ့ ကင်းကင်းနေခဲ့သလို ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ နီးစပ်တဲ့ ဗြိတိန် ဘားမားအသင်းနဲ့ပါ ခပ်ခွာခွာနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, View Pictures
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ပတ်သက်ပြီး သူရေးတဲ့ စာအုပ်တွေက နာမည်ကြီးပါတယ်။ သူ့ရဲ့ ပို့ကုန်အသားပေးသီဝရီကို လိုက်နာတဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့ ချမ်းသာသွားပြီး မြန်မာပြည်ကတော့ ဓားမနောက်ပိတ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ဒေါက်တာလှမြင့်ဟာ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ပြန်မလာနိုင်ခဲ့ဘဲ သက်ရွယ်ကြီးရင့်ချိန် ၂ဝ၁၇ မှာ ဘန်ကောက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၆၂ နောက်ပိုင်း သူ မြန်မာပြည် ပြန်ဝင်လို့ မရတဲ့အတွက် မြန်မာပြည်တထောက်နားတဲ့ လေယာဉ်ကို စီးပြီး သူ့မိခင်နဲ့နှမက လေဆိပ်လသာဆောင်ပေါ်က စောင့်နှုတ်ဆက်ရကြောင်း စီးပွားရေး ပညာရှင်လောကမှာ ပြောစမှတ် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Rangoon University Magazine
ရန်ကုန်တက္ကသိုလ် ဇယားဗေဒ ပါမောက္ခ ဒေါက်တာအာရ်အမ်ဆွန်ဒရမ်ဟာလည်း ၁၉၆၂ အာဏာသိမ်းပြီးနောက် နိုင်ငံက ထွက်ခွာသွားခဲ့ပါတယ်။ ဒေါက်တာ ရာမာဆွာမိ ဆွန်ဒရမ်ဟာ လန်ဒန်တက္ကသိုလ်ကနေ ပါရဂူဘွဲ့ရခဲ့ပြီး အမေရိကန် မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှာ သုတေသီလုပ်ခဲ့ပါတယ်။ တော်လှန်ရေးကောင်စီခေတ် ဂျပန်က စစ်လျော်ကြေးတောင်းရာမှာ သူတွက်ချက်ပေးတဲ့နည်းက အလွန်အသုံးဝင်ပေမယ့် လျော်ကြေးတောင်းအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်အောင်ကြီး မကြာခင်မှာ နုတ်ထွက်ရတဲ့အတွက် သူလည်း မြန်မာပြည်က ခွာဖို့ စဉ်းစားခဲ့ရတယ်လို့ ဦးသက်ထွန်းက ရေးပါ တယ်။
မြန်မာပြည်က ထွက်သွားပြီးနောက် အမေရိကန်က ကမ္ဘာ့ဘဏ်နဲ့ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ ပါမောက္ခသုတေသီ အဖြစ် ထမ်းဆောင်ခဲ့ ပါတယ်။ ဆူဟာတိုခေတ် အင်ဒိုနီးရှားစီးပွားရေးတိုးတက်မှုကို သူသဘောကျပြီး ကူညီပေးခဲ့သလို ဖွံ့ဖြိုးမှုဘောဂဗေဒစာအုပ်တွေလည်း ရေးခဲ့တယ်လို့ လန်ဒန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ အန်းဘုသ်က အင်ဒိုနီးရှားစီးပွားရေးလေ့လာမှုဘူလက်တင်ပါ ဆွန်ဒရမ်ရဲ့ နာရေးမှတ်တမ်းမှာ ရေးပါတယ်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုဟာ ပညာရေး၊ အခြေခံအဆောက်အအုံနဲ့ အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲမှုရှိမှသာ အောင်မြင်တယ်လို့ ယုံကြည်တဲ့ ဒေါက်တာ ဆွန်ဒရမ်ဟာ ၂ဝ၂၁ ခုနှစ် အသက် ၉၈ နှစ်အရွယ် ဆစ်ဒနီမှာ ကွယ်လွန်ခဲ့ပါတယ်။ သားဖြစ်သူကတော့ အမေရိကန်မှာ ထိပ်တန်း အာကာသ ရူပဗေဒပညာရှင် ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, https://econ.columbia.edu/
ဆွန်ဒရမ်နောက် ထွက်ခွာတဲ့ စီးပွားရေးပညာရှင်ကတော့ အမ်အိုင်တီခေါ် မက်ဆာချူးဆက်နည်းပညာသိပ္ပံက ပါရဂူဘွဲ့ရတဲ့ ဒေါက်တာရော်နယ်ဖင်လေ ဖြစ်ပါတယ်။ အင်္ဂလိပ်မြန်မာကပြား ဒေါက်တာဖင်လေ ရန်ကုန်မှာ ကျင်းပတဲ့ ကိုလံဘိုညီလာခံမှာ တက်ရောက်ဟောပြောတဲ့ပုံကို ချန်လှပ်ပြီး ကျန်တဲ့ သူတွေပုံနဲ့ အစိုးရသတင်းစာက ဖော်ပြခဲ့ပြီးနောက် နိုင်ငံထဲမှာ သူ့အနာဂတ် မရှိတော့မှန်း ရိပ်စားမိတဲ့အတွက် ထွက်ခွာသွားတယ်လို့ သံအမတ်ကြီး ဟောင်း ဦးသက်ထွန်းက ရေးပါတယ်။ စီးပွားရေးအယူအဆမပြင်းထန်တဲ့ သူတို့အုပ်စုနဲ့ မတ်ဝါဒီအုပ်စုကို ဗိုလ်ချုပ်ကြီးနေဝင်းက စီးပွားရေး အကြံ တောင်းရာမှာ ဖင်လေတို့ ပေးတဲ့အကြံကို စီအိုင်အေ ဝင်စွက်နိုင်တယ်ဆိုပြီး ပယ်ချလို့ မြန်မာပြည် စီးပွားရေးတက္ကသိုလ် ပါမောက္ခရာထူးက ထွက်ခဲ့ကြောင်း ဒါ့မောက်သ် ကောလိပ် ဘောဂဗေဒပါမောက္ခဒေါက်ဂလပ်အာဝင်က ဖင်လေရဲ့နာရေးမှတ်တမ်းမှာ ရေးပါတယ်။ ဖင်လေ ပေးတဲ့အကြံက ဒေါက်တာ လှမြင့်တို့ သြစတြီးယန်း ဂိုဏ်းပုံစံ လယ်သမားတွေကို မက်လုံးပေး ပို့ကုန်တိုးမြှင့်တဲ့လမ်းကြောင်းဖြစ်လို့ ပြည်သူပိုင်သိမ်းတဲ့ လမ်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။
ချီကာဂိုနဲ့ လန်ဒန်တက္ကသိုလ် ဘောဂဗေဒပါမောက္ခ ဟယ်ရီဂျွန်ဆင်အကူအညီနဲ့ မြန်မာပြည်က ထွက်သွားတဲ့ ဒေါက်တာဖင်လေဟာ နယူးယော့က ကိုလံဘီယာ တက္ကသိုလ်မှာ ဘောဂဗေဒပါမောက္ခအဖြစ် ၁၉၆၉ ကနေ ၂ဝ၁၃ ထိ တာဝန်ယူခဲ့ပြီး ၈၆ နှစ်အရွယ် ၂ဝ၂၁ အောက်တိုဘာလမှာ ကွယ်လွန် သွားပါတယ်။ ဒေါက်တာဖင်လေဟာ ဒေးဗစ်စတိန်းဘတ်နဲ့ တခြားမြန်မာ့ရေးရာ ပညာရှင်တချို့လိုပဲ မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ရေးထက် အပြု သဘော ပူးပေါင်း ဆောင်ရွက်ရေးကို လိုလားတဲ့ ပညာရှင်ဖြစ်ကြောင်း နဝတခေတ် စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူ တွေက ရေးသားကြပါတယ်။ ဒါပေမဲ့လည်း ဒေါက်တာမျိုးညွန့်၊ ဒေါက်တာခင်မောင်ကြည် စတဲ့ ပညာရှင်တွေနဲ့အတူ ၁၉၈၈ တောခိုကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး စီးပွားရေး ပြုပြင်ရေးတွေ ဒေါက်တာဖင်လေတို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါက်တာဖင်လေဟာ နိုဘယ်ဆုရ စီးပွားရေး ပညာရှင် ဂျိုးဆက် စတစ်ဂလစ်ရဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သလို စစ်အတွင်း ကလေးဘဝမှာ အိန္ဒိယကို ထွက်ပြေးခဲ့ရပြီး နိုင်ငံကို နှစ်ကြိမ် စွန့်ခွာခဲ့ရတဲ့ ပညာရှင်လည်း ဖြစ်ပါတယ်။ အသက် ၂ဝ ကျော်မှာ အစိုးရအကြံပေး ဖြစ်ခဲ့ပြီး နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ကမ္ဘာကျော်ပညာရှင် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Harvey Meston
ရော်နယ်ဖင်လေရဲ့ သုတေသနပါမောက္ခနေရာကို ဆက်ခံသူက ဒေါက်တာခင်မောင်ကြည်ပါ။ ဦးပဉ္စင်းဘဝနဲ့ ကောလိပ်ကျောင်းတက်ခဲ့တယ်ဆိုတဲ့ ဟားဗတ်အမ်ဘီအေနဲ့ ကော်နဲလ်က လူမှုစီးပွားရေးပါရဂူဘွဲ့ရ ဒေါက်တာခင်မောင်ကြည်ဟာလည်း ၁၉၇၈ မှာ နိုင်ငံကို စွန့်ပြီး မလေးရှားနဲ့ စင်္ကာပူမှာ ပါမောက္ခ သုတေသီ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသုတေသနအသင်းဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာခင်မောင်ကြည်ဟာ အာရှပစိဖိတ်စီမံခန့်ခွဲမှု ဂျာနယ်ကို ၁၉၈၃ က တည်ထောင်ခဲ့သလို စင်္ကာပူစီးပွားရေးကျောင်းကို တည်ထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံအတွက် အကောင်းဆုံး ဆောင်ရွက်ချက်ကတော့ နော်ဝေ အထောက်အပံ့နဲ့ သူ၊ ဆွန်ဒရမ်၊ ရော်နယ်ဖင်လေနဲ့ တခြား ပြည်တွင်းပြည်ပမြန်မာပညာရှင်တွေ ပူးတွဲပြီး မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ အမြင်နဲ့ ဗျူဟာ စာအုပ်ကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဦးနေဝင်းနဲ့ တခြားခေါင်းဆောင်တွေဆီ ပို့ခဲ့သလို အင်္ဂလိပ် မြန်မာနှစ်ဘာသာနဲ့ နိုင်ငံထဲ ရောက်ရင် နိုင်ငံရဲ့ စီးပွားရေးပြဿနာတွေ ပျောက်ကွယ်သွားပါလိမ့်မယ်လို့ ဦးသက်ထွန်းကို သူပြောခဲ့ပါတယ်။
မြန်မာစစ်အစိုးရမနှစ်သက်တဲ့ အကြံတွေပေးပြီး ဒေါက်တာခင်မောင်ကြည် ရာထူးက မပြုတ်ခဲ့တာဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်ရဲ့ တူဖြစ်လို့ ဆိုပြီး တွေးဆသူတွေ ရှိပါတယ်။ မလေးရှားက ကမ်းလှမ်းတဲ့ရာထူးကို သွားလုပ်ဖို့ ခွင့်တောင်းတာကို မပေးတဲ့အတွက် ပင်စင်မယူဘဲ မြန်မာအစိုးရ အလုပ်က ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yangon Roads
ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး သတ္တဗေဒပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာ မစ္စစ်လင်းစဒေးလည်း ၁၉၆၂ နောက်ပိုင်း ဗြိတိန်ကို ထွက်ခွာ သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, University of Medicine - 1 Yangon Alumni Associati
ဆေးပညာရှင်များ
စစ်အာဏာသိမ်းပြီးနောက် ၁၉၆၅ မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက်ဖ၊ မင်နီဆိုတာ တက္ကသိုလ်မှာ လေ့ကျင့်ခဲ့တဲ့ ဆီးလမ်းကြောင်းခွဲစိတ်ပါရဂူ ဒေါက်တာဂျော့ကျော်သန်းနဲ့ အမေရိကန် ဇနီးသည် နန်စီတို့ မြန်မာပြည်က ထွက်ခွာသွားပါတယ်။ သူတို့ထွက်ခွင့်ရဖို့ အမေရိကန်သံရုံးအရာရှိတွေကို ချဉ်းကပ်တဲ့အခါ ကလေးတွေ ပညာရေး ကောင်းဖို့နဲ့ သူ့ဘဝ တက်လမ်းအတွက် သွားလိုကြောင်း ဒေါက်တာကျော်သန်းက ပြောကြောင်း၊ နောက်ပိုင်းမှာ အစိုးရအရာရှိတွေ ပြည်ပထွက်တာကို ကန့်သတ်ဖို့ အတွက် အမေရိကန်တွေနဲ့ မဆက်ဆံဖို့ တင်းကျပ်ခဲ့ကြောင်း မြောက်အီလီနွိုင်းတက္ကသိုလ်က သမိုင်းပါမောက္ခ ကန်တန် ကလိုင်မာရဲ့ ၁၉၄၅ နောက် မြန်မာနဲ့ အမေရိကန်၊ သိမ်မွေ့ တဲ့ ဆက်ဆံရေး စာအုပ်မှာ ပါရှိပါတယ်။
တခါ ခန္ဓာဗေဒပါမောက္ခ ဒေါက်တာဟယ်ရီဇော်ထွန်းဟာ ၁၉၆၈ မှာ မြန်မာပြည်က ထွက်လာပြီး ကုလသမဂ္ဂအစီအစဉ်နဲ့ အီသီယိုးပီးယားနဲ့ တန်ဇန်းနီးယားက ဆေးကျောင်းတွေမှာ ပါမောက္ခ လုပ်ခဲ့ပြီး ၁၉၇၃ ကနေ ၁၉၈၄ အတွင်း ကနေဒါက အယ်လ်ဘာတာတက္ကသိုလ်မှာ ပါမောက္ခလုပ်ခဲ့ပါတယ်။ အဲဒီ နောက် ကမ္ဘာအနှံ့က ဆေးကျောင်းတွေမှာ ဂုဏ်ထူးဆောင်ကထိကအဖြစ် ပို့ချပေးခဲ့ပြီး အသက် ၉၈ နှစ်အရွယ် ၂ဝ၁၇ မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒေါက်တာ ဇော်ထွန်းဟာ ဆေးပညာဘွဲ့ကို ဘုံဘေတက္ကသိုလ်မှာ ၁၉၄၇ က ရရှိခဲ့ပြီး စကော့တလန် စိန့်အင်ဒရူးတက္ကသိုလ်မှာ ၁၉၅၈ က မြန်မာပြည်ရဲ့ ပထမဆုံး ခန္ဓာဗေဒ ပါရဂူဘွဲ့ကို ရခဲ့ပါတယ်။
၁၉၅၉ မှာ ဗြိတိန်နိုင်ငံ လိဒ်တက္ကသိုလ်က မြန်မာနိုင်ငံရဲ့ ပထမဆုံးဇီဝဓာတုပါရဂူဘွဲ့ရတဲ့ ဒေါက်တာမြင့်သိန်းဟာလည်း ၁၉၆၈ မှာ ရန်ကုန် ဆေးတက္ကသိုလ် ၁ ရဲ့ ဇီဝကမ္မဌာနမှူးရာထူးက ထွက်ပြီး အီသီယိုးပီးယားက အဒစ်အဘားဘားဆေးကျောင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် ဇီဝဓာတုဗေဒ ပညာရှင်အဖြစ် ထမ်းဆောင်ဖို့ ထွက်ခွာသွားခဲ့ပါတယ်။
၁၉၆၂ ကနေ ၁၉၈၈ စစ်ဆိုရှယ်လစ်ခေတ်အတွင်း ပညာရှင်တွေ ထွက်ခွာခဲ့ရာမှာ ရာထူးအကြီးဆုံးက သတ္တုတွင်းဝန်ကြီး ဒေါက်တာညီညီဖြစ်ပြီး ၁၉၇၈ မှာ သြစတြေးလျသံအမတ် ဘဝကနေ အနားယူပြီး ကုလသမဂ္ဂကို ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, View Pictures








