မင်းလတ်နဲ့ မြသီတာ၊ ဥရောပက မြန်မာစာ တော်လှန်ရေး

ဓာတ်ပုံ ရင်းမြစ်, Archive
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဥရောပအလယ်ပိုင်း ချက်နိုင်ငံ ပရက်မြို့တော် ရဲတိုက်ကြီးရဲ့ တောင်ခြေမှာ ရှေးဟောင်းအုတ်တိုက်အဆောက်အဦတခုရှိပြီး ကွန်မြူနစ်ဆန့်ကျင်ရေးသင်္ကေတဖြစ်တဲ့ ဂျွန်လင်နွန်တံတိုင်းနဲ့ မဝေးလှပါဘူး။ တချိန်က အရှေ့တိုင်းစာပေလေ့လာရေးဌာနဖြစ်ခဲ့တဲ့ ဒီနေရာကို မြန်မာကဗျာဆရာကြီး ဒဂုန်တာရာ ၁၉၅ဝ ပြည့်လွန်နှစ်တွေက ရောက်ခဲ့ဖူးသလို မြန်မာစာပေမှာ ကနေ့ထိ သြဇာညောင်းနေတဲ့ စာရေးနည်း အပြောင်းအလဲတခုကိုလည်း ဒီနေရာက စတင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာစာကို စကားပြောတဲ့ပုံစံနဲ့ ရေးနည်းကို မန္တလေး ဆင်သွားမူဆိုပြီး ၁၉၆၆ မှာ ခေါ်တွင်ခဲ့ကြပေမယ့် ပရက်မြို့မှာ မင်းလတ်ရဲခေါင် အစပြု ကြံစည်ခဲ့တဲ့ မူဖြစ်ပါတယ်။ မင်းလတ်ရဲ့ စာတမ်းကို မြန်မာပြည် ရောက်အောင် ပို့ခဲ့သူကတော့ သူ့တပည့်ရင်း ဒဂ္ဂမာ ဘက်ချ်ကိုဗား ခေါ် ဒေါ်မြသီတာ ဖြစ်ပါတယ်။ ချားလ်စ်တက္ကသိုလ် စိနဗေဒဌာနမှာ သုတေသီအဖြစ် ခုထိ ထမ်းဆောင်ဆဲ ဖြစ်တဲ့ ဒေါ်မြသီတာဟာ အသက် ၉ဝ နားနီးပေမယ့် မြန်မာပြည်အရေးမှာ တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ မြန်မာပြည်ကို ပြန်မရောက်တာ နှစ် ၅ဝ နီးပါးရှိနေပေမယ့် သံယောဇဥ်မပြတ်သူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရဲခေါင်နဲ့ ချစ်တငွေ့ငွေ့
မြန်မာပြည်မှာ ရဲခေါင်လို့ သိခဲ့ကြတဲ့ မင်းလတ်ရဲခေါင်ဟာ ဖက်ဆစ်တော်လှန်ရေးနဲ့ စစ်ပြီးစ လက်ဝဲနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား စာရေးဆရာတယောက် ဖြစ်ပါတယ်။ သူနဲ့အတူ ကလောင်သွေးခဲ့သူတွေက မိုး၀ေ၊ သန်းဆွေနဲ့ မင်းရှင်တို့ ဖြစ်ကြပါတယ်။
၁၉၂၅ မှာ မွေးတဲ့ ကိုသိန်းမောင် ခေါ် မင်းလတ်ရဲခေါင်ကို ရဲထွဋ်၊ ထွန်းကြည် နာမည်တွေနဲ့လည်း သိကြပါတယ်။ ရဲခေါင်ဟာ ရန်ကုန် စိန့်ပေါကျောင်းမှာ စာသင်ခဲ့သလို ဗမာပြည်ကွန်မြူနစ်ပါတီဒုတိယဥက္ကဋ္ဌဖြစ်လာတဲ့ ရဲဘော်ခင်မောင်ကြီးနဲ့ အတူ မြေအောက် ကျောင်းသားကလာပ်စည်းမှာ သူပါဝင်ခဲ့တယ်လို့လည်း သန်းစိုးနိုင်က ဧရာလွင်ရဲ့ကံကြမ္မာမှာ ရေးပါတယ်။
ဒီလှုပ်ရှားမှုတွေကြောင့် ပုဒ်မ ၅ နဲ့ ခေတ္တထိန်းသိမ်းခံခဲ့ရသလို ကွန်မြူနစ်တောကိုလည်းခိုခဲ့ပါတယ်။ ၁၉၅၀လောက်မှာ မြန်မာပြည်ကနေ ဗြိတိန်ကို ထွက်သွားပြီး အဲဒီကနေ ဘီဘီစီမှာ ထမ်းဆောင်နေတဲ့ စာရေးဆရာ တင့်တယ်အကူအညီနဲ့ အဲဒီတုန်းက ချက်ကိုဆလိုဗက်ကီးယားကို ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မောင်ကြော့ဝေ
မြန်မာပြည်မှာ နေစဥ်က ရဲခေါင်ရဲ့ ချစ်တငွေ့ငွေ့၊ နှင်းစိုစို၊ နုရုံကလေး၊ ညောင်းရွက်လေချီ စတဲ့ ဝတ္ထုတွေက နုညက်တဲ့ စကားပြေအရေးအသားနဲ့ နိုင်ငံရေးဝတ္ထုကြောင်းတွေဟာ ရှုမ၀၊ သွေးသောက်နဲ့ တာရာ စတဲ့မဂ္ဂဇင်းတွေနဲ့ လုံးချင်း၀တ္ထုအဖြစ် လူကြိုက်များခဲ့သလို စာပေသစ်ဖခင် ဒဂုန်တာရာကလည်း သူ့ဝတ္ထုတွေကို ဝေဖန်ချက်ရေးတတ်ပါတယ်။ မြန်မာပြည်မှာ ဝတ္ထုတွေနဲ့ နာမည်ရခဲ့တဲ့ ရဲခေါင်ဟာ ချက်ကိုရောက်တော့ မြန်မာဘာသာစာပေနဲ့ ဆိုင်တဲ့ ဘွဲ့တွေ ရယူပြီး မင်းလတ်အမည်နဲ့ စာပေပညာရှင် တယောက် ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မင်းလတ်နဲ့ ခေတ်သစ်မြန်မာစာ
မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်ပြီးစက ရောက်ခဲ့တဲ့ ဘာသာဗေဒပညာရှင် ဒေါက်တာခရာစာဆီမှာ ပညာသင်ရင်း မြန်မာစာပေ ပင်မရေစီး လိုဆောင်းပါးတွေကို ပရက်မှာ ထုတ်တဲ့ အရှေ့တိုင်းသစ် (နယူးအိုရီရင့်) စာစောင်မှာ မင်းလတ် ရေးပါတယ်။ မြန်မာပြည်က ပြန်ကြားရေးဝန်ကြီး မြန်အောင်သခင်ချစ်မောင်လာစဥ်ကလည်း မင်းလတ်က အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုဖြေကြားတယ်လို့ သူ့တူ မောင်ကြော့ဝေက ဗမာပြည် ကွန်မြူနစ်ပါတီ မင်းလတ်ရဲခေါင် ဘဝပုံရိပ်များ စာအုပ်မှာ ရေးပါတယ်။ မင်းလတ်ဟာ မြန်မာပြည် ရန်ကုန်မြို့တော်ကို ပြန်မလာပေမယ့် ပရက်ကိုလာတဲ့ ဒဂုန်တာရာ၊ လူထုဒေါ်အမာ စတဲ့ မြန်မာစာရေးဆရာတွေကို တွေ့ဆုံလေ့ရှိပါတယ်။ ၁၉၅ဝ မှာ သူနဲ့အတူ ပရက်ကို ရောက်လာတဲ့ မြန်မာကျောင်းသားတွေကတော့ ဆေးပညာသင်တဲ့ ကိုထွန်းရှိန် (ဗကပ ဖြုတ်ထုတ်သတ်မှာ သေဆုံး) နဲ့ ကိုခင်ဝင်းတို့ ဖြစ်ကြပြီး သမဂ္ဂခေါင်းဆောင် ကျောင်းသားတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ပရက် ဘာသာစကား သင်တန်းကျောင်းမှာ မင်းလတ် မြန်မာစာကို ပို့ချပေးသလို ၁၉၅၅-၁၉၆၇ ခုနှစ်တွေမှာ ချက်ကိုစလိုဗက် သိပ္ပံ အကယ်ဒမီ၊ အရှေ့တိုင်းဌာနမှာ သုတေသီ ဖြစ်လာပါတယ်။ ၁၉၆၀ မှာတေ့ာ ပါရဂူနဲ့ ညီမျှတဲ့ Candidate of Science ဆိုတဲ့ ဘွဲ့ကို ရရှိပြီး ချားလ်စ်တက္ကသိုလ် ဒဿနိကဗေဒ မဟာဌာနမှာ ကထိက ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မောင်ကြော့ဝေ
မင်းလတ် ချက်ကို ရောက်နေချိန်မှာ အရှေ့ဥရောပက ခေတ်နောက်ကျတဲ့ ဘာသာစကားတွေ ခေတ်မီရေးအတွက် ဆိုဗီယက်နဲ့ အရှေ့ဥရောပ ဘာသာဗေဒပညာရှင်တွေ ကြိုးပမ်းအောင်မြင်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် အာရှ အာဖရိက ဘာသာစကားတွေဘက်ကို ချက်က ပညာရှင်တွေ အာရုံစိုက်လာချိန်မှာ မြန်မာပြည်ကို ရောက်ဖူးတဲ့ ဒေါက်တာ ခရာစာနဲ့ ချက်ကို ပြေးလာတဲ့ မင်းလတ်တို့ ဆက်သွယ်မိကြပြီး မြန်မာစာပေ ခေတ်မီရေး စီမံချက် စတင်ခဲ့ပါတယ်။
အာရှလမ်းဆုံလမ်းခွမှ မြန်မာပြည်စာအုပ်နဲ့ ချက်ပြည်သူတွေကို မြန်မာအကြောင်း မိတ်ဆက်ပေးခဲ့တဲ့ မင်းလတ်ရဲခေါင်ဟာ မြန်မာစာ ရောမအက္ခရာနဲ့ ရေးသားပုံ ပရက် သင်နည်းစနစ် (၁၉၅၈)၊ ခေတ်ပေါ်မြန်မာစာပေရှိ စကားလုံးနဲ့ ဝါစင်္ဂဆိုင်ရာ ခွဲခြား ရွေးထုတ်မှု ဖြည့်ဆည်းချက် (၁၉၅၉)၊
၁၉၆၂ ကနေ ၁၉၆၄ ထိ သုံးနှစ်ဆက်တိုက်ရေးတဲ့ မြန်မာ့သဒ္ဒါ လေ့လာချက် အစီရင်ခံစာ၊
ခေတ်ပေါ်မြန်မာစာနဲ့ အရပ်သုံးစကားများအတွင်းရှိ အသံအနိမ့်အမြင့် အဆက်အစပ် စကားအဆုံး အသံနဲ့ ဖိရွတ်ဆိုမှု (၁၉၆၅) စတဲ့ စာတမ်းတွေကို အရှေ့တိုင်းမော်ကွန်း စာစောင်မှာ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မောင်ကြော့ဝေ
မင်းလတ်ရဲ့ သုတေသန မှတ်တိုင်ကတော့ ၁၉၆၆ မှာ ပရက် အကယ်ဒမီသိပ္ပံ၊ အရှေ့တိုင်းဌာနမှာ တင်သွင်းတဲ့ အရှေ့တိုင်းဘွဲ့ယူစာတမ်း အမှတ်စဉ် ၁၁ ၊ မြန်မာစာခေတ်မီရေးပြုလုပ်ချက် ဖြစ်ပါတယ်။ ဒီစာတမ်းနဲ့ သူ့ရဲ့ မြန်မာသဒ္ဒါဆိုင်ရာ စာတမ်းတွေကို မြန်မာပြည်မှာ သူ့တပည့်မ မြသီတာက ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ်တွေမှာ ဖြန့်ချိပေးရာက မန္တလေးအုပ်စုနဲ့ တွေ့ပြီး စကားပြောသလို စာရေးတဲ့ လှုပ်ရှားမှု ပေါ်ထွန်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ခင်မောင်အေးနဲ့ မြသီတာ
ယန်ဘက်ချကာခေါ် ခင်မောင်အေးနဲ့ မြသီတာတို့ဟာ ဒေါက်တာခရာစာနဲ့ မင်းလတ်တို့ရဲ့ တပည့်တွေ ဖြစ်ကြပြီး ယန်က နိုင်ငံရေးသိပ္ပံပညာရှင် ဖြစ်လာကာ ၁၉၉၂ ကနေ ၂ဝဝဝ ထိ ထိုင်း၊ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားဆိုင်ရာ ချက်သံအမတ် ဖြစ်လာပါတယ်။ မြသီတာကတော့ ဆရာတွေ ခြေရာနင်းပြီး ၁၉၈၉ ထိ ချားလ်စ်တက္ကသိုလ်မှာ မြန်မာစာပညာရှင်အဖြစ် အမှုထမ်းခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံး ကျောင်းသားဘဝနဲ့ မြန်မာပြည်ကို ရောက်ခဲ့ကြပြီး မြန်မာပြည်မှာပဲ ခင်မောင်အေးက မြသီတာကို ချစ်ခွင့်ပန်ခဲ့ပါတယ်။
သူတို့ မြန်မာပြည် သွားခွင့်ရဖို့ ဖဆပလ၀န်ကြီးလာချိန်မှာ ဆရာတွေက ခွင့်တောင်းခဲ့ပြီး ၁၉၅၈ က ၁၉၆ဝ အတွင်း ပထမအာဏာသိမ်း အိမ်စောင့်အစိုးရခေတ် မြန်မာပြည်ကို သူတို့ကြုံတွေ့ခဲ့ပါတယ်။ သူတို့ဆရာတွေရဲ့ မိတ်ဆွေတွေ ဖြစ်တဲ့ မြန်မာပြည်က ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ လူထုဦးလှနဲ့ ဒေါ်အမာ စတဲ့ စာပေပညာရှင်တွေက သူတို့မောင်နှံကို ဂရုစိုက်တဲ့အတွက် မြန်မာပြည်ကို သူတို့အထူးခင်တွယ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dagmar Bečková – Myathida
ခင်မောင်အေးနဲ့ မြသီတာတို့ မန္တလေးကို လာတဲ့အကြောင်း ငိုမဲ့မဲ့မြသီတာဆိုပြီး ဦးလှက လူထုသတင်းစာက ဆောင်းပါးရေးသလို လူထုတိုက်မှာလည်း လူငယ်စာသမား ကဗျာသမားတွေနဲ့ သူတို့ကို မိတ်ဆက်ပေးပါတယ်။ ဒါကြောင့် မောင်သာနိုး၊ မောင်သိန်းနိုင်နဲ့ မောင်စွမ်းရည် စတဲ့ မန္တလေးတက္ကသိုလ်ထွက် စာရေးဆရာတွေ မြသီတာနဲ့ ခင်မင်ရင်းနှီးခဲ့ကြပြီး ၁၉၆၄ -၁၉၆၅ ဒုတိယတခေါက်မှာ မြသီတာယူလာတဲ့ မင်းလတ်ရဲ့ စာတမ်းကို အခြေခံကာ မောင်သာနိုး၊ မောင်စွမ်းရည်နဲ့ တင်မိုးတို့က ၁၉၆၅ မန္တလေးစာဆိုတော်နေ့ ဓမ္မဗိမာန်မှာ ဗမာစာပေအရေးအသားနဲ့ ယနေ့ဗမာစာပေ စာတမ်းတွေဖတ်ပြီး စကားပြောသလို စာရေးဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
နောက် ဒီစာတမ်းတွေကို ဗမာစာပေအရေးအသားသစ် အမည်နဲ့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းက စုထုတ်တဲ့အခါမှာလည်း ပိုပြီးဂယက်ရိုက်ခဲ့ပါတယ်။ ဒီစာတမ်းတွေကို ပြုစုစဉ်က စစ်အစိုးရကို ဆန့်ကျင်တဲ့ မင်းလတ်ရဲခေါင်အမည်ကို ထည့်သွင်းဖော်ပြခဲ့တာ မရှိခဲ့ပေမယ့် စစ်အစိုးရမျက်မုန်းကျိုးတဲ့ ကွန်မြူနစ်အနွယ် စာရေးဆရာတွေ တင်သွင်းတာဖြစ်လို့ စကားပြောသလိုရေးတဲ့ စာအုပ်တွေကို ဆယ်စုနှစ်တွေနဲ့ချီပြီး စာပေဆုမပေးဘဲ ထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
သံကန့်လန့်ကာနောက်က ပညာရှင်များ
ချက်မှာ နေစဥ်က ကွန်မြူနစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို မကြိုက်တဲ့ မြသီတာက မြန်မာပြည်က လက်ဝဲစာသမားတွေကိုတော့ နိုင်ငံအပြောင်းအလဲအတွက် အားပြုနိုင်သူတွေအဖြစ် သဘောကျတယ်လို့ ဆိုပါတယ်။ သူ့ဆရာရင်း မင်းလတ်ကိုယ်တိုင်က လက်ဝဲသမားဖြစ်ပေမယ့် အဲဒီအချိန်က ချက်မှာ တရားမဝင်ဖြစ်တဲ့ ဂျော့အော်ဝဲရဲ့ ၁၉၈၄ စာအုပ်မျိုးကို ဖတ်ပါတယ်။ သူ့ကိုတော့ လက်ဝဲမကြိုက်သူဖြစ်လို့ ဒီစာအုပ်မငှားဘူးဆိုပြီး ကျီစယ်ပေမယ့် ပေးဖတ်တယ်လို့ မြသီတာက ပြန်ပြောင်းပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မောင်ကြော့ဝေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆိုဗီယက်နဲ့ အရှေ့အုပ်စု ကွန်မြူနစ်နိုင်ငံတွေက ဖိနှိပ်ချုပ်ချယ်မှုကို မကြိုက်ပေမယ့် မင်းလတ်ဟာ သူယုံကြည်တဲ့တော်လှန်ရေးအတွက် တရုတ်ကနေတဆင့် မြန်မာပြည်အရှေ့ခြမ်းက ဗကပနယ်မြေတွေဆီ ပြန်သွားခဲ့ပါတယ်။ သူ့ရဲ့ ချက်သူ ဇနီးသည်ယန်ကာနဲ့ သားလေး ရန်နိုင်ကို ပရက်မှာ ထားရစ်ခဲ့သလို သူတို့ အခုဘယ်ရောက်နေတယ်ဆိုတာလည်း မသိရဘူး။
ပီကင်း(ဘေဂျင်း)အသံကနေ တရုတ် ဗမာအရေးအခင်းနဲ့ ပတ်သက်ပြီး မင်းလတ်ရဲ့ အသံလွှင့်ချက်မှာ ဗိုလ်နေ၀င်း၊ သွေးကြွေးဆိုတာ သွေးနဲ့ဆပ်ရတယ်၊ အခု ခင်ဗျားတို့ မလိုက်တဲ့ ကျောက်တုံးကြီးနဲ့ ခင်ဗျားတို့ကို ကျုပ်တို့ ပြန်ထုတော့မယ် လို့ ပါရှိပါတယ်။ အဲဒီနောက် သူ့ဆရာ ဝနယ်ဘက်မှာ သတ်ဖြတ်ခံရတယ် စတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သူသေချာမသိရဘူးလို့ မြသီတာက ပြောပါတယ်။ ၁၉၆ဝ ကျော်မှာ တရုတ်နဲ့ ဆိုဗီယက် အကွဲအပြဲဖြစ်တဲ့အတွက် တရုတ်ဘက် ရောက်သွားတဲ့ မင်းလတ်နဲ့ အဆက်အသွယ် မလုပ်ဖို့ ချက်ကွန်မြူနစ်ပါတီအာဏာပိုင်တွေက တားမြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
၁၉၆၇ မှာ ပီကင်းကို ရှမ်းဘာသာသင်ဖို့ မင်းလတ်ရဲခေါင် ထွက်လာပြီး ၁၉၆၉ မှာ ဗကပထိန်းချုပ်မှုအောက်က ရှမ်းပြည်ကို ရောက်တယ်၊ ၁၉၈ဝ ကျော်မှာ တရုတ်မြန်မာနယ်စပ်မှာ သတ်ဖြတ်ခံရတယ်လို့ပဲ မြသီတာရဲ့ ဦးမင်းလတ်ရဲခေါင်၊ ချက်ကိုဆလိုဗက်ကီးယားမှာ မြန်မာစာပေလေ့လာရေး စတင်သူ ဆောင်းပါးမှာ ဖော်ပြပါတယ်။ နယ်စပ်မှာ ဝနဲ့ ရှမ်းဘာသာဆိုင်ရာ လေ့လာမှုတွေ လုပ်ပြီး မင်းလတ်ရဲခေါင် The Intrasyllabic Structure of a Shan Idiolect လိုစာတမ်းမျိုးလည်း ၁၉၆၉ က ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပရက်နွေဦးနဲ့ ဘဝမုန်တိုင်း
ဆိုရှယ်လစ်လောကကို ချီတက်နေတဲ့ ချက်မှာ ၁၉၆၈ ပရက်နွေဦးလှုပ်ရှားမှု ဖြိုခွဲခံရပြီး တက္ကသိုလ်ပညာရှင်တွေကို ဖိနှိပ်မှု ပိုများလာခဲ့ပါတယ်။ ဘာသာစကားနဲ့ ယဥ်ကျေးမှုစတဲ့ မြသီတာကျွမ်းကျင်တဲ့ ပညာရပ်တွေ လေ့လာမှုကို အားမပေးဘဲ ကွန်မြူနစ်သဘောတရားတွေကို ပိုအသားပေးလေ့လာဖို့ ပါတီက ဖိအားပေးခဲ့တယ်လို့ မြသီတာက ပြောပါတယ်။ ဒါကြောင့် မြန်မာပြည်ကို သွားပြီး သုတေသနပြုဖို့လည်း ပိုခက်ခဲလာပြီး ၁၉၆၄- ၁၉၆၅ နဲ့ ၁၉၇၆ မှာ နှစ်ခေါက်သာ ပြန်ရောက်ခဲ့ပါတယ်။ ဒီလိုသွားတဲ့အခါမှာ မင်းလတ်ရဲ့ မိခင် ဒေါ်စောခင်ကိုလည်း မြသီတာသွားပြီး တွေ့ဆုံကြောင်း မောင်ကြော့ဝေက ရေးပါတယ်။ ၁၉၁၉ ကဖွဲ့တဲ့ မြန်မာမိန်းမများအသင်း အကျိုးဆောင်ဖြစ်တဲ့ ဒေါ်စောခင်ဟာ ၁၉၈၇ ကျမှ အသက် ၉၇ နှစ်မှာ ကွယ်လွန်ခဲ့ပြီး အဝေးရောက်သားကို ပြန်တွေ့ခွင့် မရခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Archive
ဒီလို နိုင်ငံရေး၊ ပညာရေး မလွတ်လပ်မှုတွေကြားကပဲ မြသီတာနဲ့ ခင်မောင်အေးတို့ ပြတ်စဲခဲ့ကြပါတယ်။ ဘဝမုန်တိုင်းထန်ပေမယ့်လည်း သူ့ပညာရပ်ကို မြတ်နိုးသူဖြစ်လို့ မြန်မာပြည်အကြောင်း ဆောင်းပါး စာတမ်းတွေကို ဆက်ရေးပါတယ်။ ဒီထဲမှာ မြန်မာပြည်တွင် ခေတ်စမ်းကို ခြေရာခံခဲ့စဥ်က နဲ့ မြန်မာ့ပန်းချီလှုပ်ရှားမှုအကြောင်း စာတမ်းတွေ ထင်ရှားပါတယ်။ လူထုဦးလှဆီကတဆင့် သိပ္ပံမောင်၀ရဲ့ စစ်အတွင်းနေ့စဥ်မှတ်တမ်းအကြောင်း သူ့ဇနီးသည်ဆီမှာ ခြေရာခံမိတဲ့ မြသီတာကြောင့် အဲဒီမှတ်တမ်း စာအုပ်အဖြစ် ပေါ်ထွက်ခဲ့သလို မောင်၀ရဲ့ တင်တင့်ပြဇာတ်တွေကို စုစည်းထုတ်၀ေဖို့လည်း ဦးလှကို သူတိုက်တွန်းခဲ့ပါတယ်။
ဆိုဗီယက်ရုရှားနဲ့ အရှေ့ဂျာမနီမှာ ထုတ်တဲ့ ဗမာစကားအဘိဓာန်သစ် နှစ်စောင်အကြောင်းကိုလည်း ၁၉၇၉ က မိုး၀ေမဂ္ဂဇင်းမှာ မြသီတာ (ပရဟာ) အမည်နဲ့ သူရေးပါတယ်။ ၁၉၈၂ လောက်က ဗီယက်နမ်ကို အလုပ်ကလွှတ်လို့ သွားတော့ မြန်မာပြည်ကို ဖြတ်တဲ့အချိန်မှာ မိတ်ဆွေတွေကို တွေ့ချင်ပြီး လေယာဥ်ပေါ်က ထွက်ချင်တဲ့အကြောင်း လူထုဒေါ်အမာဆီ သူစာရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကတ္တီပါနဲ့ ဘားမားစင်တာ
၁၉၈၉ မှာ ဘာလင်တံတိုင်းပြိုပြီးနောက် ချက်နဲ့ ဆလိုဗက် နှစ်နိုင်ငံကွဲသွားသလို ဗက်ကလက်ဟာဗဲရဲ့ ကတ္တီပါတော်လှန်ရေးနဲ့ ဒီမိုကရေစီခေတ်ကို ဦးလှည့်လာခဲ့ပါတယ်။ ဒီအခါ ၁၉၈၈ က မအောင်မြင်တဲ့ လူထုအုံကြွမှုအရေးနိမ့်ပြီး စစ်အစိုးရအောက် ပြန်ရောက်သွားတဲ့ မြန်မာပြည်က သူ့မိတ်ဆွေ လူထုဒေါ်အမာဆီကို မြသီတာက ဒေါ်အမာ ကျွန်မတို့ လွတ်လပ်ပြီ ဆိုပြီး အမှတ်တရ ပို့စကတ်ပေးပို့ခဲ့သလို ဒေါ်အမာကလည်း သိမ်းထားခဲ့ပါတယ်။ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုကို ကူညီဖို့ မြန်မာ့အဖွဲ့အစည်း ပရာဟာမြို့ (ဘားမားစင်တာ ပရက်)ကို တည်ထောင်ပြီး မြသီတာနဲ့ ချက်မိတ်ဆွေတွေ ဝိုင်းဝန်းခဲ့ကြတာဟာ ၂ဝ၂၁ အလွန်ခုထိ ဖြစ်ပါတယ်။
ကျန်းမာရေးကြောင့် လေယာဥ်မစီးနိုင်တဲ့ ဒေါ်မြသီတာဟာ မြန်မာပြည်ကို ပြန်မလာနိုင်ပေမယ့်လည်း မြန်မာပြည်က လာသူတွေနဲ့ မြန်မာပြည်ကိုသွားတဲ့ ချက်လူမျိုးတွေကြားမှာ ပုဏ္ဏားတိုင်လို ဖြစ်နေခဲ့ပါတယ်။ သူနဲ့ရွယ်တူ မြန်မာစာပေပို့ချခဲ့တဲ့ ပြည်ပပညာရှင်တွေ အတော်လျော့နည်းသွားပြီး ဗြိတိန်က အန်နာအဲလော့ ခေါ် ဒေါ်ခင်ခင်ချောသာ ကျန်ရစ်ပါတယ်။ ဒေါ်မြသီတာက မြန်မာစာ သင်ဆဲလည်း ဖြစ်လို့ အသက်အကြီးဆုံး မြန်မာစာဆရာ ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Archive
တချိန်မှာ မင်းလတ်နဲ့ မြသီတာတို့ကို မြန်မာပြည်က မေ့လျော့သွားသည့်တိုင်အောင် သံကန့်လန့်ကာအောက်က သူတို့ စခဲ့တဲ့ ဘာသာစာပေ ခေတ်မီရေး တော်လှန်ရေးရဲ့ အသီးအပွင့်တွေကိုတော့ မြန်မာစာပေမှာ ဆက်ပြီးတွေ့နေရမှာ ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်ပုံစံ ဂန္ထဝင်အရေးအသားက ခေတ်သစ်စကားပြောပုံစံအရေးအသားကို ကူးပြောင်းပြီးနောက် မြန်မာစာပေမှာ ကာရန်မဲ့ခေါ် လွတ်လပ်ကဗျာအရေးအသား၊ မော်ဒန်စာပေအရေးအသားတွေဘက် ဦးတည်လာခဲ့ပြီး သတင်းမီဒီယာအများစုမှာ စကားပြောပုံစံ သွက်လက်စွာ တင်ဆက်ရေးသားမှုက ပင်မရေစီး ဖြစ်လာခဲ့ပါတယ်။
၁၉၆ဝ ကျော်ကတည်းက မြန်မာပြည်မှာ သူတို့ မြင်တွေ့လိုတဲ့ နိုင်ငံရေးအပြောင်းအလဲ ဒီမိုကရေစီကို ဘယ်ချိန်မှ ရမလဲ ဆိုတာကိုတော့ မင်းလတ်တပည့် မြသီတာလည်း မသိနိုင်သေးပါဘူး။
မြန်မာစစ်အစိုးရအဆက်ဆက်ကို ဆန့်ကျင်ခဲ့တဲ့ လူငယ်မျိုးဆက်တွေအတွက်တော့ မင်းလတ်ရဲခေါင် ပြန်ဆိုခဲ့တဲ့ နာဇီဆန့်ကျင်ရေး ချက်သူရဲကောင်း ဂျူးလီးယက်ဖူးချစ်ရဲ့ ကြိုးစင်အောက်မှ မှတ်စုများ စာအုပ်ကို စစ်အာဏာရှင်ခေတ်ဆုံးတဲ့အထိ ဆက်ဖတ်နေကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








