စဝ်ဘစ်ဒီခေမာဝတီ၊ မြန်မာပြည်ရဲ့ ဒုတိယ နောက်ဆုံးမဟာဒေဝီ

burma

ဓာတ်ပုံ ရင်းမြစ်, S Khai Mong

ဓာတ်ပုံ ပုံစာ, စဝ်ရင်ရင်နွယ် အရံလုပ်တဲ့ ဘစ်ဒီတို့ လက်ထပ်ပွဲ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၂၀၂၁ ဖေဖော်ဝါရီလမှာ နောက်ဆုံးတခေါက် အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းမှာ လူထောင်သောင်းချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို တချို့လည်း နယ်စပ်နဲ့ လေကြောင်းကနေ တခြားနိုင်ငံတွေကို ရောက်ရှိခိုလှုံ နေကြပါတယ်။ ဒီအချိန်မှာပဲ သြစတြေးလျကို ဒုက္ခသည်ဘဝနဲ့ ရောက်ခဲ့တဲ့ မိုင်းပွန် မဟာဒေဝီ စဝ်ခေမာဝတီ သက်တော် ၈၄ နှစ်အရွယ် ဒီဇင်ဘာလ ၂ဝ ရက်မှာ နတ်ရွာစံသွားပါတယ်။

ဘစ်ဒီဆိုတဲ့ ငယ်နာမည်နဲ့ လူသိများတဲ့ ခေမာဝတီဟာ ကျိုင်းတုံနဲ့ သီပေါစော်ဘွားမိသားစုတွေက ဆင်းသက်လာသူ ဖြစ်ပြီး သူ့မိခင်ရော အဘွားဖြစ်သူပါ အလှနဲ့ပတ်သက်ပြီး ထင်ရှားခဲ့ကြတဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့လည်း ပဒေသရာဇ်နေဝင်ချိန်မှာ လူဖြစ်ခဲ့တဲ့ စဝ်ဘစ်ဒီရဲ့ ဘဝဟာ သူ့ရှေ့က မျိုးဆက်တွေလောက် ကံမကောင်းခဲ့ဘဲ အနိမ့်အမြင့် လောကဓံလှိုင်းတွေ စီးခဲ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Nheurfarr Punyadee

ဓာတ်ပုံ ပုံစာ, စဝ်လူး၊ စဝ်ချယ်၊ စဝ်အုန်ကြာ၊ သီပေါသမီးကညာ အရီးတော် ထိပ်ခေါင်တင်၊ စဝ်ကြာညွန့်နဲ့ စဝ်အို

ရှမ်းမြန်မာအလှ

ဘစ်ဒီရဲ့ ဘွားတော် ခင်ပိတောက်ဟာ သီပေါစော်ဘွား ဆာစဝ်ချယ်ရဲ့ ညီတော် စဝ်လူးရဲ့ ကြင်ယာတော် ဖြစ်ပြီး သီပေါဟော်မှာ စော်ဘွား ယောက္ခမတော် အဖြစ် တန်ခိုးကြီးခဲ့တဲ့ အမျိုးသမီး ဖြစ်ပါတယ်။ မန္တလေး အနောက်ပြင် အာဠဝီတံခါးနားက ဓနသဋ္ဌ သူဌေး ဦးဘေရဲ့ သမီး ခင်ပိတောက်ဟာ စဝ်လူးနဲ့ လက်ဆက်ပြီး စဝ်သုနန္ဒာနဲ့ စဝ်အုန်းညွန့် ဆိုတဲ့ သမီးတော်နှစ်ပါး ထွန်းကားပြီးနောက် စဝ်လူး ကံကုန်သွားတဲ့အတွက် စဝ်လူး သူငယ်ချင်း မန္တလေးက ညောင်ဝန်း ဝန်ထောက်မြေး မောင်မောင်ဘနဲ့ တအိုးတအိမ် ထပ်ထူပြီး နောက်ထပ် ခင်မကြီး၊ ခင်မလေးဆိုတဲ့ သမီးနှစ်ယောက် မွေးပါတယ်။

စဝ်သုနန္ဒာက ဆာစဝ်ချယ်ရဲ့သားတော် သီပေါစော်ဘွား စဝ်အုံကြာရဲ့ မဟာဒေဝီ ဖြစ်လာပြီး စဝ်အုန်းညွန့်က ကျိုင်းတုံစော်ဘွား သားတော် စဝ်ခွန်မိန်းနဲ့ လက်ထပ်ပါတယ်။ အဲဒီကနေ စဝ်ကံကြီး၊ စဝ်ခေမာဝတီ၊ စဝ်ကံကြွယ်၊ စဝ်ခွန်ဦး၊ စဝ်ရန်ပိုင် ၊ စဝ်ရန်နိုင် ဆိုတဲ့ သားတော်ငါးပါးနဲ့ သမီးတော်တပါး ထွန်းကားပါတယ်။ ဘစ်ဒီ ခေမာဝတီက အာဇာနည် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းရဲ့သားတော်ကြီး စဝ်ဆေဟုမ်နဲ့ လက်ထပ်တဲ့အတွက် မိုင်းပွန်ရဲ့ နောက်ဆုံး မဟာဒေဝီ ဖြစ်ခဲ့ပါတယ်။

ဘစ်ဒီရဲ့ ဘွားအေအလှက ကုန်းဘောင်ခေတ်အကုန် ဗြိတိသျှခေတ်စမှာ ကျော်ကြားသလို မိကြီးတော် စဝ်သုနန္ဒာနဲ့ မယ်တော် စဝ်အုန်းညွန့်တို့အလှတွေ ကလည်း ဗြိတိသျှခေတ်နှောင်းမှာ ကျော်ကြားပါတယ်။ ငယ်နာမည် စဝ်အင်စုံခေါ် ဘစ်ဒီကတော့ လွတ်လပ်ရေးခေတ်ဦးရဲ့ အလှတန်ဆောင် ရှမ်းမင်းသမီး တပါး ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Aung Thu

ဓာတ်ပုံ ပုံစာ, ဂျယ်ရီကယ်လီရဲ့ ကမ္ဘာကျော် စဝ်အုန်းညွန့် ကားတကား

စစ်၊ အချစ်နဲ့ ထောင်

ဘစ်ဒီ့မိဘတွေ အိမ်ထောင်ဦးမှာပဲ ဒုတိယကမ္ဘာစစ်ကို ကြုံခဲ့ရပါတယ်။ ဆွစ်ဇာလန်မှာ ကျောင်းတက်ခဲ့တဲ့ ကမ္ဘာကျော် စံပြမယ် ရှမ်းမင်းသမီးနဲ့ ခေတ်ပညာတတ် စော်ဘွားသားတို့ရဲ့ ချစ်ပြီးညားတဲ့ ဇာတ်လမ်းဟာ ဗြိတိသျှခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်နဲ့ ဗိုလ်ချုပ်ကြီးခေတ် ခေတ်လေးခေတ် လောကဓံလှိုင်းတွေကို သက်ချည်တက်ချည် ကြုံခဲ့ရပါတယ်။

စကတည်းက ကျိုင်းတုံစော်ဘွားနေရာ ဆက်ခံဖို့ ရှေ့ဆုံးတန်းက မရှိတဲ့ ဘစ်ဒီ့ ခမည်းတော် စဝ်ခွန်မိန်းဟာ အိမ်က ငွေကြေးဆက်မထောက်နိုင်လို့ လန်ဒန် သတ္တုတွင်းကျောင်းကနေ ဘွဲ့မရဘဲ ပြန်လာခဲ့ရသလို ငွေငါးသောင်း အကုန်ခံ တဲ့ လက်ထပ်ပွဲကြီးအပြီး ငွေငါးဆယ်ပဲ လက်ထဲရှိလို့အပြင်မှာ အလုပ်ရှာ လုပ်ရပါတယ်။ မိုးကုတ်ပတ္တမြားတွင်း၊ နမ္မတူဘော်တွင်းတွေမှာ အင်ဂျင်နီယာ ဖြစ်ခဲ့သလို ကျိုင်းတုံနဲ့ သီပေါ စော်ဘွားအလုပ်တွေမှာလည်း ယာယီခန့်အပ် ခံရပြီး ဆွေမျိုးဖိအားကြောင့် ပြုတ်ခဲ့ဖူးပါတယ်။ စစ်ပြီးခေတ်မှာ ရှမ်းပြည် အင်ဂျင်နီယာချုပ်၊ မော်တော်ကားကုမ္ပဏီနဲ့ မန္တလေးမီးခြစ်စက်ရုံမန်နေဂျာ စတဲ့ အလုပ်တွေ လုပ်ပြီး သားတော်သမီးတော် ခြောက်ပါးကို လုပ်ကျွေးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, ကိုညီညီ

ဓာတ်ပုံ ပုံစာ, လန်ဒန်မှာ စတဲ့ ချစ်ပုံပြင်

ဘစ်ဒီရဲ့ စစ်အတွင်း ကလေးဘဝမှာ ဂျပန်လက်က လွတ်အောင်ရှောင်ရင်း ဗုံးဘေး၊ သေနတ်ဘေးတွေ ကြုံခဲ့သလို ရွာစာသင်ကျောင်းမှာ ပညာရေးခရီး စခဲ့ရပါတယ်။ နောက် စစ်ပြီးစ လူမမည်ကလေးဘဝမှာ အိမ်နဲ့ခွဲပြီး မေမြို့က စိန့်ဂျိုးဇက် ကွန်ဗင့်ကျောင်းမှာ ပညာသင်ခဲ့ရပါတယ်။ အဲဒီမှာပဲ လွတ်လပ်ရေးရဲ့ ဖွားဖက်တော် ပြည်တွင်းစစ်နဲ့တိုးပြီး ကျောင်းဝင်းထဲကို ကရင်နဲ့ ဖဆပလတပ်တွေရဲ့ ကျည်ဆန်တွေ ကျတာ ကြုံခဲ့ရပါတယ်။ နောက် ခမည်းတော်ရဲ့ မိတ်ဆွေ ဥတ္တရတိုင်း လမ်းမင်းကြီး ဦးသာဒုတ်အိမ်မှာ မောင်နှမတစု လေးလကြာ ခိုလှုံခဲ့ရပြီး မိဘတွေရှိတဲ့ လားရှိုးကို ပြန်ခဲ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Sao Seng Sirikit

ဓာတ်ပုံ ပုံစာ, အာဏာစွန့်တဲ့နှစ် လက်ထပ်ကြ

အဲဒီနောက် နမ္မတူနဲ့ တောင်ကြီးမှာ ကျောင်းတက်ပြီး အထက်တန်းအောင်ခဲ့တဲ့ ဘစ်ဒီဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ရင်း မိုင်းပွန်စော်ဘွား စဝ်ဆေဟုမ်နဲ့ ၁၉၅၉ မှာ လက်ထပ်ခဲ့ပါတယ်။ လက်ထပ်တဲ့နှစ်မှာပဲ စဝ်ဆေဟုမ် စော်ဘွားအာဏာစွန့်ရပြီး ၁၉၆ဝ မှာ လူမျိုးစုလွှတ်တော်အမတ် ဖြစ်လာ ခဲ့သလို ၁၉၆၁ တောင်ကြီး ဖက်ဒရယ်ညီလာခံမှာလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ဖြစ်ခဲ့ကြောင်း စဝ်စန္ဒာဆင်းမ်စ်ရဲ့ မိုးကောင်းကင်ရဲ့ အရှင်သခင်များ၊ မြန်မာပြည်က ရှမ်းမင်းမျိုးများ စာအုပ်မှာ ဖော်ပြပါတယ်။

၁၉၆၂ အာဏာသိမ်းပြီး တလအကြာမှာ စဝ်ဆေဟုမ်အဖမ်းခံရပါတယ်။ စဝ်စံထွန်း လုပ်ကြံခံရကတည်းက သူ့ကို ခမည်းတော်လို စောင့်ရှောက်လာခဲ့တဲ့ ဦးရီးတော် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနဲ့ ရှမ်းဝန်ကြီး မိုးမိတ်စော်ဘွား စဝ်ခွန်ချိုဟာ ဖက်ဒရယ်မူကို အဓိကဆော်သြခဲ့တဲ့ ခေါင်းဆောင်တယောက် ဖြစ်လို့ နှစ်ရှည်ထိန်းသိမ်းခံရသလို ဗြိတိသျှသူ မဟာဒေဝီ မေဘယ်ခွန်ချိုလည်း ဗြိတိန် ပြန်ပို့ခံရပါတယ်။ ဘစ်ဒီရဲ့ ဦးရီးတော် သီပေါစော်ဘွား စဝ်ကြာဆိုင် ကတော့ သတင်းအစရှာမရဘဲ ပျောက်သွားသလို သူ့ရဲ့ သြစတြီးယားမဟာဒေဝီလည်း ရန်ကုန်က နှင်ထုတ်ခံရပါတယ်။ နောက် သမ္မတဟောင်း စဝ်ရွှေသိုက် ထောင်ထဲမှာ နတ်ရွာ လားပြီးနောက် ကြင်ယာတော် ညောင်ရွှေမဟာဒေဝီနဲ့ မိသားစု ပြည်ပထွက်ခွာပြီး ပုန်ကန်ပါတယ်။ နောက် သီပေါနဲ့ ကျိုင်းတုံသားချင်းထဲက ရှမ်းလူကြီးတွေ အများအပြား အဖမ်းခံရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Australian Shan Community

ဓာတ်ပုံ ပုံစာ, အာဇာနည်နေ့မှာ ထောင်ထဲက ထွက်လာ ကန်တော့ရတဲ့ မိုင်းပွန်စော်ဘွား

ဒီလို အကျပ်အတည်းတွေကြားမှာ သမီးတော်ငယ်နှစ်ပါးနဲ့ ကျန်ရစ်တဲ့ ဘစ်ဒီဟာ ဘွဲ့ရအောင် ကျောင်းပြန်တက်ပြီး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ ဆရာမလုပ်ခဲ့ရပါတယ်။ အိမ်သစ်လေးကို ရုပ်ရှင်မင်းသား ဝင်းဦးကို ငှားစားပြီး မိဘအိမ် ပြန်နေခဲ့ရပါတယ်။ ခင်ပွန်းသည် ထောင်ကျနေတဲ့ ငါးနှစ်အတွင်း သုံးကြိမ်ပဲ တွေ့ခွင့်ရပြီး ဒါဟာ လုံးဝ တွေ့ခွင့်မရတဲ့ ကျန်တဲ့ ဖက်ဒရယ်ခေါင်းဆောင်တွေနဲ့ ယှဉ်ရင် ကံထူးတယ်လို့ ပြောနိုင်ပါတယ်။ ပထမအကြိမ်က ၁၉၆၂ အာဇာနည်နေ့မှာ ခင်ပွန်းသည်ကို ထောင်ထဲက ထွက်ခွင့်ပေးပြီး သူ့ခမည်းတော် စဝ်စံထွန်းရဲ့ အထိမ်းအမှတ်ဂူကို ကန်တော့ခွင့် ပေးတာ ဖြစ်ပါ တယ်။ ဒီသတင်းကို ပုံနှိပ် ဖော်ပြခဲ့တဲ့ နေးရှင်းသတင်းစာ ပုံနှိပ်စက်တွေ အသိမ်းခံရပြီး ပိုင်ရှင်ကို စစ်အစိုးရက သတိပေးခဲ့ကြောင်း ခေမာဝတီရဲ့ ကိုယ်ရေး မှတ်တမ်း မြန်မာပြည်နဲ့ ကျွန်မ မယ်တော်ကို ဘာကြောင့် ထားခဲ့ရသလဲ စာအုပ်မှာ ဖော်ပြပါတယ်။ အထိန်းသိမ်းခံတွေရဲ့ထုံးစံ ဘစ်ဒီတို့ ဘဏ်စာရင်း တွေလည်း အပိတ်ခံ ခဲ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Sao Seng Sirikit

ဓာတ်ပုံ ပုံစာ, ကျိုင်းတုံစော်ဘွားမိသားစုနဲ့ ငပလီမှာ

ပုလဲသီ တကွဲစီ

အာဏာမသိမ်းမီက မောင်နှမ ခြောက်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင် နေခဲ့တဲ့ ဘစ်ဒီတို့ဘဝမှာ အစ်ကိုတော် မောင်တော်တွေနဲ့ ကွေကွင်းတဲ့ ဆင်းရဲကိုလည်း ကြုံခဲ့ပါတယ်။ အစ်ကိုတော်က အသက် ၄ဝ ကျော်နဲ့ ကံကုန်ခဲ့ပြီး မောင်တော်အကြီးဆုံးကလည်း အမေရိကန်ကို ထွက်သွားပါတယ်။ ဒုတိယမောင်တော်က ဗြိတိန်ကို ထွက်သွားပြီး တသက်လုံး ပြန်မလာဘဲ ဟိုမှာပဲ အနိစ္စရောက်ခဲ့ပါတယ်။ တတိယမောင်တော်ကတော့ ၁၉၆၈ မှာ တောခိုပြီး ထိုင်းနိုင်ငံမှာ အခြေ ချခဲ့ပါတယ်။ မောင်တော်အငယ်ဆုံးလည်း ရန်ကုန်မှာ ဆုံးပါးခဲ့ပြီဖြစ်ပါတယ်။ စော်ဘွားမိသားစုတွေ ဖြစ်တဲ့အတွက် ဒီမောင်တော်တွေရဲ့ဘဝမှာ နိုင်ငံခြားရေးဌာနအလုပ်တွေ လျှောက်လို့မရတာအပြင် ရှမ်းတွေက အလုပ် မလိုဘူး၊ ဘာကြောင့် တောမခိုသလဲ အမေးခံရတာလည်း ရှိခဲ့ပါတယ်။ လန်ဒန်ရောက် မောင်တော်ကိုတော့ သူပုန်ဟောင်း အထင်ခံရပြီး ကင်းအောင်နေဖို့ မြန်မာသံအမတ်က ပြောခဲ့တဲ့အတွက် သံရုံးအခမ်းအနားတွေ မတက်ဘဲ ရှောင်ခဲ့သလို နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးဘဲ နေခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, S Khai Mong

ဓာတ်ပုံ ပုံစာ, ဘစ်ဒီရဲ့ ငယ်အလှ

ထောင်က ပြန်လွတ်လာတဲ့ မိုင်းပွန်စော်ဘွားဟောင်းမှာလည်း အလုပ်ရှာမရတဲ့ အခက်အခဲ ကြုံခဲ့ပါတယ်။ တက္ကသိုလ်မှာ အင်္ဂလိပ်စာ ဂုဏ်ထူးတန်းနဲ့ ဥပဒေတန်းမှာ ထူးချွန်ဆုတွေ ဆွတ်ခူးခဲ့တဲ့ စဝ်ဆေဟုမ်ဟာ အစိုးရပိုင် လုပ်သားသတင်းစာရဲ့ အယ်ဒီတာအလုပ်မရခဲ့ဘဲ ကြက်ခြေနီမှာ ပြည်သူ့ ဆက်ဆံရေး အရာရှိ လုပ်ခဲ့ရပါတယ်။ အဲဒီနောက် ဒေါက်တာညီညီရဲ့ ကူညီမှုနဲ့ ပညာရေးဌာနမှာ အလုပ်ရပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်မှာ ပြောင်းရွှေ့ လုပ်ကိုင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် နယူးယောက်မှာ သွားပြီး လုပ်နိုင်ဖို့ နိုင်ငံကူးလက်မှတ်ထုတ်မပေးတဲ့ အခက်အခဲကြားက ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံး ပစိဖိတ်သမုဒ္ဒရာထဲက ဖီဂျီမှာ သွားပြီး အလုပ်လုပ်ရာမှာလည်း မဆလခေတ်ထုံးစံ ပညာရေး လျော်ကြေးတွေ အထပ်ထပ်ပေး၊ ဝန်ကြီးထိ လိုက်တွေ့ပြီး ခက်ခက်ခဲခဲနဲ့ နိုင်ငံက မိသားစုလိုက် ထွက်နိုင်အောင် ကြိုးစားခဲ့ရပါတယ်။ စစ်အစိုးရခေတ်မှာ သူတို့ ရှင်သန်နိုင်ဖို့အတွက် ဘစ်ဒီရဲ့ အဒေါ် ယောက်ျား ဗိုလ်မှူးကြီးလှမိုးက ကူညီခဲ့တယ်လို့လည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီလိုကူညီသူတွေ ရှိတာတောင် သူ့ခမည်းတော် စဝ်ခွန်မိုင်းရဲ့ ကျိုင်းတုံက ဆိုင်ခန်းနဲ့ ခြံတွေ ပြည်သူပိုင်သိမ်းခံရတာနဲ့ ကွယ်လွန်ချိန်မှာ ဘဏ်စာရင်းတွေ ထုတ်ခွင့်မပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ဘဏ္ဍာရေး ဝန်ကြီးထိ တက်ပြောတာတောင် ထုတ်ခွင့်မရ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖီဂျီကနေ သြစတြေးလျမှာ နိုင်ငံရေး ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေတဲ့ နှစ်တွေအတွင်း မိကြီးတော်နဲ့ မယ်တော်တို့ ကံကုန်ခဲ့ကြပေမယ့် ဘစ်ဒီ မြန်မာပြည် မပြန်နိုင်ခဲ့ပါဘူး။ သြစတြေးလျက နိုင်ငံသား ရပြီးမှ ရန်ကုန်ပြန်ပြီး မယ်တော်ရဲ့ အရိုးအိုးကို ရေမျှောနိုင်ခဲ့တယ်လို့ ဘစ်ဒီ ခေမာဝတီက လွမ်းလွမ်း ဆွတ်ဆွတ် ရေးပါတယ်။ သူ့ရဲ့ ခင်ပွန်းသည် စော်ဘွားဟောင်းကတော့ ခဲမှန်ဖူးတဲ့ စာသူငယ်လို မြန်မာပြည်က ၁၉၈၆ မှာ ထွက်လာကတည်းက တခါမှ မပြန်ဘဲ နေခဲ့ပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, inside-england.com

ဓာတ်ပုံ ပုံစာ, လန်ဒန်နားက မယ်တော်စံမြန်းခဲ့တဲ့ အိမ်လေး

အိမ်နိမ့်စံဘဝ မှတ်တမ်းတင်

ဘစ်ဒီဟာ ၁၉၆၂ နောက်ပိုင်း ကျန်ရစ်ခဲ့တဲ့ မဟာဒေဝီတွေထဲမှာ ဒုတိယနောက်ဆုံး နတ်ရွာစံသူ ဖြစ်ပြီး သူမရှိတဲ့နောက် သီပေါမဟာဒေဝီဟောင်း အင်ဂါ ဆားဂျန့်သာ ကျန်ရစ်ပါတယ်။ မိဒွေးတော် အင်ဂါလိုပဲ ဘစ်ဒီလည်း သူ့ဘဝနောက်ကြောင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားထုတ်ဝေခဲ့ပါတယ်။ သူ မကွယ်လွန်ခင်မှာတော့ သူ့မယ်တော် စဝ်အုန်းညွန့်ရဲ့ ဗြိတိသျှကျွန်းစံဘဝကို ခြေရာကောက် လေ့လာဖို့ ကြံစည်ခဲ့ကြောင်း သူ့သားချင်းတယောက်က ပြောပါတယ်။ လန်ဒန် မြောက်ဘက် မီလ်တန်ကင်းမြို့မှာ စဝ်အုန်းညွန့်နေသွားခဲ့တဲ့ အိမ်ပုံကို စဝ်အုန်းညွန့်ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ ပို့စကဒ်ကနေ သူရှာဖွေ တွေ့ရှိပြီး ကိုဗစ်ငြိမ်သွားချိန်မှာ ကိုယ်တိုင်သွား လေ့လာချင်ကြောင်း မိန့်ကြားခဲ့ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးလှိုင်းလုံးတွေကြား မျောပါခဲ့ကြတဲ့ ရှမ်းပဒေသရာဇ်နွယ်ဝင်တယောက်အနေနဲ့ ဘစ်ဒီဟာ သူရင်ဆိုင်ခဲ့တဲ့ဘဝကို ရိုးရိုးရှင်းရှင်း မှတ်တမ်းတင်ခဲ့ပါတယ်။ အာဇာနည်ချွေးမဖြစ်ခဲ့ပေမယ့် စစ်အစိုးရရဲ့ သံသယမျက်လုံးနဲ့ ကြည့်တာကို ခံခဲ့ရတာမှာတော့ မိုင်းပွန်မိသားစုနဲ့ ဗိုလ်ချုပ် အောင်ဆန်း မိသားစုတို့ရဲ့ ကံကြမ္မာက အများကြီး ဆင်တူခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်မှာ သူတို့မိသားစု မနေခဲ့ကြတဲ့အတွက် နောက်ထပ် နိုင်ငံရေးလှိုင်းဒဏ်တွေကနေ လွတ်ကင်းသွားခဲ့ပါတယ်။ ဘစ်ဒီတို့ သီပေါသားချင်းထဲက ခွန်ထွန်းဦး တယောက်ပဲ ဒီနိုင်ငံရေးခေတ်မှာ ရှေ့ထွက် ခေါင်းဆောင်ပေးခဲ့သလို ၂ဝ၂၁ နောက်ပိုင်းမှာတော့ ကျိုင်းတုံအိမ်တော်က ညီမတော်ဝမ်းကွဲ ဒေါက်တာရင်ရင်နွယ် စစ်ကောင်စီဘက်က ပါလာတာကို တွေ့ရပြန်ပါတယ်။ ၈၆ နှစ်အရွယ် မိုင်းပွန်စော်ဘွားကိုတော့ တပါးတည်းကျန်ခဲ့တဲ့ စော်ဘွားအပြင် မြန်မာပြည် ပြန်မလာနိုင်တဲ့ စော်ဘွားအဖြစ် ရှမ်းပြည် လူထုက သတ်မှတ်ပြီး ဆစ်ဒနီမှာ သွားရောက် ဖူးမျှော်တာတွေ လုပ်ကြဆဲ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, S Khai Mong

ဓာတ်ပုံ ပုံစာ, ဝင်းဦး လူပျိုရံလုပ်တဲ့ မိုင်းပွန် စော်ဘွားမင်္ဂလာဆောင်