စော်ဘွားပျောက်တဲ့ သီပေါဟော်၊ ထွက်ပြေးတဲ့ မဟာဒေဝီနဲ့ ကမ္ဘာကျော် စံပြမယ်

ဓာတ်ပုံ ရင်းမြစ်, Archive
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
အုန်းဘောင်ပြည်လို့ မြန်မာသမိုင်းမှာ တခမ်းတနားရှိခဲ့တဲ့ သီပေါနယ်ကြီးဟာ စော်ဘွား အဆက်ဆက် အုပ်ချုပ်ခဲ့ပြီး ၁၉၆၂ မှ စော်ဘွားပျောက်ဆုံးသွားတဲ့နယ်လည်း ဖြစ်ပါတယ်။
ပထမအင်းဝခေတ်မှာ အုန်းဘောင်ခုံမှိုင်းဆိုတဲ့ သီပေါစော်ဘွားကို ပင့်ခေါ်ပြီး နိုင်ငံကို အုပ်ချုပ်ခိုင်းရတဲ့အထိ အင်အားကြီးခဲ့တဲ့ နယ်ကြီးလည်း ဖြစ်ပါတယ်။ ခုံမှိုင်းနဲ့ သားတော် မိုးဗြဲနရပတိတို့ အင်းဝကို အုပ်ချုပ်မင်းလုပ် ခဲ့ကြပေမယ့် ဘုရင့်နောင် လက်ထက်ကစပြီး မြောက်နဲ့ အရှေ့တလွှားက ရှမ်းနယ်ကြီး တွေဟာ မြန်မာဘုရင်အုပ်စိုးမှုအောက်ရောက်လာကြပြီး ဒီထဲမှာ သီပေါအုန်းဘောင်လည်း ပါလာ ပါတယ်။
ကုန်းဘောင်ခေတ်မှာတော့ မြန်မာဘုရင်နဲ့ သားပေးသမီးယူရှိတဲ့ စော်ဘွားတွေထဲမှာ သီပေါလည်း ပါခဲ့ပါတယ်။ နောက်ဆုံးမြန်မာဘုရင် သီပေါမင်း ကိုယ်တိုင်က ဘိုးတော်ဘုရားလက်ထက်က သီပေါ စော်ဘွားတပါးရဲ့ အဆက်အနွယ် ဖြစ်သလို သူ့အစ်မတော် ပုခန်းကြီးစုဘုရားနဲ့ သီပေါစော်ဘွား စဝ်ခွန်ဆိုင်တို့လည်း ဘုရင်ပါတော်မူပြီးနောက်မှာ လက်ထပ်ခဲ့ကြပါတယ်။ ဒါကြောင့် လွှတ်တော်ပေါ်က သီပေါမင်းရဲ့ သီဟာသနပလ္လင်ကို အိန္ဒိယပို့ဖို့ ဗြိတိသျှအစိုးရ စီစဉ်ချိန်မှာ စဝ်ခွန်ဆိုင်က တာဝန်ယူ လွှဲပြောင်းပေးခဲ့ရတယ်လို့ စော်ဘွားအဆက်အနွယ်တွေက ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone-France
ဝိတိုရိယနဲ့ တွေ့တဲ့ စော်ဘွား
သီပေါရဲ့ အရေးပါမှုဟာ ဗြိတိသျှအောက်မှာလည်း ဆက်ရှိခဲ့ပါတယ်။ ဗြိတိသျှအောက်ကို အစောဆုံးဝင်တဲ့ စော်ဘွားတယောက်ဖြစ်လို့ သီပေါနယ်ထဲကို မိုင်းလုံ၊ သုံးဆယ်နဲ့ မိုင်းတုံနယ်လေးတွေ ပေါင်းထည့် ပေးခဲ့သလို စတုရန်းမိုင် ၄၅ဝဝ ကျော် ကျယ်ဝန်းတဲ့ နယ်ကြီး ဖြစ်လာပါတယ်။
သီပေါစော်ဘွားစဝ်ခွန်ဆိုင်ဟာ လန်ဒန်ထိ သွားပြီး ဝိတိုရိယဘုရင်မနဲ့ တွေ့နိုင်တဲ့အထိ ဩဇာရှိခဲ့သလို မြန်မာပြည်ထဲမှာလည်း ရောက်တဲ့ နေရာမှာ အမြောက်ပစ်ဖောက် ကြိုဆိုရတဲ့ စော်ဘွားကြီးစာရင်းမှာ ဝင်ခဲ့ပါတယ်။ သူ့သားတော် ဆာစဝ်ချယ်နဲ့ မြေးတော် စဝ်အုန်ကြာတို့ခေတ်မှာလည်း ပဉ္စမမြောက် ဂျော့၊ ဆဋ္ဌမမြောက် ဂျော့ စတဲ့ ဗြိတိသျှ ဘုရင်တွေရဲ့ ဘိသိက်ပွဲတွေကို တက်ခဲ့ရပါတယ်။
တခါ သီပေါစော်ဘွားတွေဟာ ခေတ်ပညာ အစောဆုံးတတ်တဲ့ စော်ဘွားတွေထဲမှာ ပါပါတယ်။ စဝ်ခွန်ဆိုင်ဟာ သားတော် စဝ်ချယ်ကို ဗြိတိန်မှာ စာသင်ဖို့ ခေါ်သွားသလို စဝ်ချယ် ဟာလည်း စော်ဘွားထဲမှာ ဒုတိယမြောက် ဆာဘွဲ့ရတဲ့ စော်ဘွား ဖြစ်လာပါတယ်။ သူ့သားတော် စဝ်အုန်ကြာက အောက်စဖို့ဒ်တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ရခဲ့သလို သူ့တူတော်တဲ့ သီပေါရဲ့ နောက်ဆုံး စော်ဘွား စဝ်ကြာဆိုင် ကလည်း အမေရိကန် ဒန်ဗာတက္ကသိုလ်ကနေ သတ္တုတွင်းတူးအင်ဂျင်နီယာဘွဲ့ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
သီပေါက သားတော်တွေကို အင်္ဂလန်ပို့သလို သမီးတော်တွေနဲ့ တူမတော်တွေကိုလည်း ဆွစ်ဇာလန်ပို့ပြီး စာသင်စေခဲ့တာပါ။
နောက် သီပေါဟာ တချိန်က ရှမ်းပြည်မှာ အခွန်အများဆုံးရတဲ့ နယ်တနယ် ဖြစ်သလို သီပေါက ရှမ်းပြည်မှာ အကြီးဆုံးမြို့လည်း ဖြစ်ခဲ့တယ်လို့ ဒုတိယကမ္ဘာစစ် မဖြစ်ခင်က သူရိယမဂ္ဂဇင်းပါ ကမ္ဘာလှည့် မောင်ခင်မှတ်တမ်းမှာ ပါပါတယ်။ ဒါကြောင့် သီပေါစော်ဘွားတွေဟာ မြန်မာပြည် နိုင်ငံရေးမှာ ဩဇာကြီးခဲ့ပြီး ဥပဒေပြုကောင်စီအမတ်တွေ ဖြစ်ခဲ့ကြသလို ၁၉၃၁ က လန်ဒန်မှာ ကျင်းပတဲ့ အိန္ဒိယပြည် ကနေ မြန်မာကို ခွဲထုတ်ဖို့ ဆွေးနွေးပွဲတွေကိုလည်း တက်ခွင့်ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jean-Michel COUREAU
စခန်းသာမြင်းပွဲ
သီပေါနယ်ဟာ ရှမ်းပြည်မြောက်ပိုင်းက တောင်ပိုင်၊ သိန္နီစတဲ့ နယ်ကြီးတွေနဲ့ ထိစပ်နေသလို မြန်မာပြည်ဘက်က ပြင်ဦးလွင်ခေါ် မေမြို့နယ်နဲ့လည်း နယ်ချင်းစပ်ပါတယ်။ မေမြို့ဟာ ဗြိတိသျှခေတ်က ဘုရင်ခံရဲ့ နွေရာသီ မြို့တော်ဖြစ်တဲ့အတွက် သီပေါနယ်ဟာလည်း ဗြိတိသျှဘုရင်ခံနဲ့ အရာရှိတွေအတွက် စခန်းချရာနယ်မြေဖြစ်ပါတယ်။
ဒါကြောင့် သီပေါနားက စခန်းသာမှာ မြင်းပွဲကျင်းပပြီး ပြည်မက သူဌေးသူကြွယ်နဲ့ အရာရှိတွေ အပန်းဖြေတာတွေ ရှိခဲ့တယ်လို့ လူထုဦးလှရဲ့ ကျွန်တော်မြင်းသမား စာအုပ်မှာ ဖော်ပြပါတယ်။
စခန်းသာက နွေရာသီဟော်နန်းရဲ့ ခမ်းနားမှုဟာလည်း မီးလောင်ပျက်စီးသွားတဲ့အထိ ကျန်ရှိနေခဲ့ပါတယ်။ ရောမပုံစံတိုင်မြင့်ကြီးတွေနဲ့ အလှဆင်ထားတဲ့ စခန်းသာဟော်ဟာ ရှမ်းစော်ဘွားတွေရဲ့ ဥရောပ ဆန်ဆန် နေထိုင်မှု ကို ထင်ဟပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thweep Ake Rittinaphakorn
ဒါပေမဲ့ သီပေါစော်ဘွားတွေဟာ မြန်မာဘုရင်တွေရဲ့ ယဉ်ကျေးမှုအနုပညာကို မြတ်နိုးထိန်းသိမ်းသူတွေ ဖြစ်လို့ မြန်မာသီချင်းကြီးတွေထဲမှာ နောက်ဆုံးစပ်တဲ့ မိုးဒေဝါပတ်ပျိုးကိုလည်း ဒီစခန်းသာဟော်မှာပဲ စော်ဘွားကတော်တပါးဖြစ်တဲ့ ဒေါ်စောမြအေးကြည်က စပ်ဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
မဟာဒေဝီနဲ့ ဇာတ်မင်းသား
စော်ဘွား စဝ်အုန်ကြာလက်ထက် ၁၉၃၅ မှာ ဇာတ်မင်းသား စပယ်ဒင်နောက် မဟာဒေဝီ စဝ်သုနန္ဒာ လိုက်ပြေးသွားပါတယ်။ ဒီဖြစ်ရပ်ဟာ ရှမ်းပြည်မှာ ရိုက်ခတ်ရုံမက ပြည်မအထိပါ ရိုက်ခတ်ခဲ့ပါတယ်။
စော်ဘွားနဲ့ မဟာဒေဝီဟာ မောင်နှမတဝမ်းပဲကွဲတဲ့သူတွေ ဖြစ်သလို မဟာဒေဝီငယ်စဉ်က ခမည်းတော် နတ်ရွာစံသွားလို့ ဘကြီးတော် ဆာစဝ်ချယ်က မွေးစားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စော်ဘွားကို လိုချင်တဲ့ ဟော်အမှုထမ်း အမျိုးသမီးတယောက်က မဟာဒေဝီကို ပြုစားတယ်ဆိုပြီး တူမတော်တဲ့ စဝ်ခေမာဝတီက စိမ်းနေဦးမယ့် ကျွန်မရဲ့ချယ်ရီမြေ စာအုပ်မှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
တဘက်ကလည်း စော်ဘွားထက် အသက်ပိုငယ်တဲ့ ဇာတ်မင်းသားကို မဟာဒေဝီက ကြိုက်တာ မဆန်းဘူးလို့ ဆိုကြပါတယ်။ ဒီသတင်းဟာ မြန်မာသတင်းစာလောကမှာလည်း အရေးတယူရေးခဲ့ကြပြီး ဒီသတင်းထည့်လို့ ပုလိပ်မင်းကြီးက ခေါ်ယူခြိမ်းခြောက်တာတွေ ရှိခဲ့တယ် ဆိုပြီး အဲဒီအချိန်က မြန်မာနေ့စဉ်သတင်းစာ လက်ထောက်အယ်ဒီတာ ဖြစ်ခဲ့တဲ့ စာရေးဆရာ ဇဝနရဲ့ ဇဝန စာအုပ်မှာ ပါရှိ ပါတယ်။
အဲဒီအချိန်က သီပေါမြို့မှာ ထုတ်ဝေတဲ့ ရတနာသီဟဂျာနယ်မှာလည်း မြန်မာ့နေ့စဉ်ရဲ့ အရေးအသားတွေ မှားယွင်းကြောင်း၊ စော်ဘွားအနေနဲ့ မဟာဒေဝီနဲ့ စပယ်ဒင်ကို ဖမ်းပြီး သီပေါခေါ်သွားတယ် ဆိုတာ မဟုတ်ကြောင်း စော်ဘွားရဲ့ အပါးတော် အတွင်းဝန်က ကြေညာချက် ထုတ်ခဲ့ပါတယ်။
နောက်ဆုံး စပယ်ဒင်နဲ့ မဟာဒေဝီတို့ ရန်ကုန်မှာ သားသမီးအမြွှာပူး မွေးတဲ့အထိ သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။
ဒီလိုကွဲသွားပြီးနောက် စော်ဘွားစဝ်အုန်ကြာ ဒုတိယကမ္ဘာစစ် မဖြစ်မီမှာပဲ နတ်ရွာစံသွားပါတယ်။ သူ့ဖခင် ဆာစဝ်ချယ်လက်ထက် ဇနီး ၄ဝ ကျော် ရှိခဲ့ပေမယ့် သူ့လက်ထက်မှာ စဝ်သုနန္ဒာတပါးပဲ အထင်အရှား ရှိခဲ့ပြီး သားသမီး မထွန်းကားခဲ့တဲ့အတွက် သူ့အရိုက်ရာဆက်ခံရေး ပြဿနာ တက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bo Bo/ BBC Burmese
စံပြမယ်
စဝ်အုန်ကြာနဲ့ စဝ်သုနန္ဒာတို့ လန်ဒန်သွားစဉ်က အတူပါသွားတဲ့ ခယ်မတော် စဝ်အုန်းညွန့်ဟာ ဗြိတိသျှ ပန်းချီဆရာ ဆာဂျယ်ရယ်ကယ်လီအတွက် စံပြမယ် ဖြစ်ခဲ့ပြီး ဒီပန်းချီကားတွေဟာ အခုထက်ထိ နာမည်ကြီးဆဲ ဖြစ်ပါတယ်။
စဝ်အုန်းညွန့်ဟာ ကျိုင်းတုံစော်ဘွားသားတော် စဝ်ခွန်မိုင်းနဲ့ လက်ထပ်ပြီး စစ်ပြီးစမှာ သီပေါကို သူတို့ အုပ်ချုပ်ခဲ့ကြပါတယ်။ သူ့သမီးတော် စဝ်ခေမာဝတီကတော့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းရဲ့ သားတော်ကြီးနဲ့ လက်ထပ်ပြီး မိုင်းပွန်ရဲ့ နောက်ဆုံးမဟာဒေဝီ ဖြစ်ခဲ့ပါတယ်။
သူတို့ မင်္ဂလာလက်ထပ်ပွဲဟာလည်း အဲဒီခေတ်က မြန်မာ အင်္ဂလိပ်သတင်းစာတွေမှာ တခမ်းတနား ဖော်ပြခဲ့တဲ့ လက်ထပ်ပွဲ ဖြစ်ပါတယ်။ မင်္ဂလာဆောင် ကိတ်မုန့်အဖြစ် ခုနစ်ပေမြင့်တဲ့ ကိတ်မုန့်ဖုတ်ခဲ့သလို လက်ထပ်မယ့် ထီးဖြူရုံပြာသာဒ်ကြီးကိုလည်း သစ်ခွပန်း အမျိုးပေါင်း နှစ်ရာလောက်နဲ့ ဝေဆာနေအောင် ပြင်ခဲ့ကြောင်း မြင်တွေ့ခဲ့ရတဲ့ မန္တလေးမြို့ပြအမတ် ဦးမောင်ကလေးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
ဒီလို ခမ်းခမ်းနားနား လက်ထပ်ခဲ့ပေမယ့် မင်္ဂလာပွဲအပြီး စဝ်အုန်းညွန့်တို့ ဇနီးမောင်နှံမှာ သုံးစရာ ငွေ ၅ဝ ပဲ ကျန်တော့တယ်လို့လည်း သူတို့သမီးတော်က ပြန်ပြောင်းရေးပြခဲ့ပါတယ်။
သတို့သား စဝ်ခွန်မိုင်းဟာ လန်ဒန်မှာ အင်ဂျင်နီယာပညာသင်ခဲ့တဲ့အတွက် ရှမ်းပြည်နယ် ဆောက်လုပ်ရေး ဌာနမှာ အမှုထမ်းခဲ့ပါတယ်။
သြစတြီးယားသူနဲ့ယူ
စစ်အတွင်းမှာ သီပေါ စော်ဘွားလုပ်ခဲ့တဲ့ စဝ်အိုနဲ့ စဝ်ကြာဇုန်တို့ သားအဖကို ပြန်မခန့်ဖို့ နယ်သားတွေနဲ့ စော်ဘွားအမျိုးတွေက ကန့်ကွက်ကြပြီးနောက် စဝ်အိုရဲ့ သားတော်ငယ် စဝ်ကြာဆိုင် စော်ဘွား ဖြစ်လာပါတယ်။ အမေရိကန်မှာ ပညာသင်ရင်း သြစတြီးယားသူနဲ့ နဖူးစာဆုံခဲ့တဲ့ စော်ဘွားလည်း ဖြစ်ပါတယ်။
သူ့လက်ထက်မှာ ပြည်နယ်တွင်း သတ္တုတူးဖော်ရေး အစပျိုးခဲ့သလို စော်ဘွားပိုင် လယ်မြေတွေ ခွဲဝေပေးတာနဲ့ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာလည်း တိုးတက်အောင် ဆောင်ရွက်ခဲ့လို့ စော်ဘွားနဲ့ မဟာဒေဝီကို လူချစ်လူခင်များခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဒါပေမဲ့လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တက်လာတဲ့ လက်ဝဲယိမ်းအစိုးရတွေက စော်ဘွားအုပ်ချုပ်ရေးကို ရှေးဆန်တယ်ဆိုပြီး ဖျက်သိမ်းဖို့ ကြိုးစားသလို ပြည်တွင်းစစ်ကြောင့် ရှမ်းပြည်နယ် မှာ အစိုးရတပ်တွေ ချထားခဲ့တဲ့အတွက် ရှမ်းလူမျိုးတွေကြားမှာ လက်မခံနိုင်တာတွေ ရှိလာသလို လက်နက်ကိုင် လှုပ်ရှားမှုလည်း ပေါ်ပေါက်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုနောက်မှာ စော်ဘွားတွေ ပါတယ်ဆိုပြီး တပ်မတော်က သံသယရှိပါတယ်။ အဲဒီနောက် ဖက်ဒရယ်မူကိစ္စနဲ့ ၁၉၆၂ မှာ စော်ဘွားတွေကို ဖမ်းတာတွေ ဖြစ်ခဲ့ပါတယ်။
အဖမ်းခံရပြီး အကျဉ်းထောင်ထဲမှာ သမ္မတဟောင်း စဝ်ရွှေသိုက် နတ်ရွာစံတာ ရှိခဲ့ပေမယ့် သီပေါစော်ဘွား ဘာဖြစ်သွားတယ်ဆိုတာ ခုထိ တရားဝင် ပြောကြားတာ မရှိခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Keystone
ဗထူးတပ်မြို့မှာ သူအဖမ်းခံနေရရာက ဇနီးဆီကို ခိုးပြီးရေးတဲ့စာကိုတော့ ဇနီးသည်ရေးတဲ့ မြန်မာပြည်က မှောင်ရီဆည်းဆာ၊ ရှမ်းမင်းသမီးဘဝ စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ လေတပ်ဦးစီးချုပ် တီကလစ်၊ ကိုးကန့်စော်ဘွား ဂျင်မီယန်းနဲ့တကွ သူနဲ့ ဆွေမျိုးတော်တဲ့ ဗိုလ်မှူးကြီး လှမိုးဆီကိုပါ စော်ဘွားက စာရေးအကူအညီတောင်းတာတွေလည်း အဟောသိကံဖြစ်ခဲ့ပါတယ်။
တောင်ကြီးမြို့အထွက် ကရင်မရေထွက်ကင်းစခန်းမှာ စဝ်ကြာဆိုင်ကို ဖမ်းခဲ့တာလို့ စဝ်ရွှေသိုက်ရဲ့သမီးတော် စဝ်စန္ဒာဆင်းမ်က မိုးကောင်းကင်ရဲ့ အရှင်သခင်များ၊ မြန်မာပြည်က ရှမ်းစော်ဘွားများ စာအုပ်မှာ ရေးသလို သူ့ဘထွေးတော်ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို ခေါ်သွားတာလို့လည်း တူတော်သူ ခွန်ထွန်းဦးက ဧရာဝတီ သတင်းဌာနကို ၂ဝ၁၅ က ပြောကြား ခဲ့ပါတယ်။
အဖမ်းဆီးခံရချိန်က အရှေ့ပိုင်းတိုင်းမှူးက စည်သူ ဗိုလ်မှူးကြီး မောင်ရွှေ ဖြစ်ပါတယ်။ သူဟာ ၁၉၇၂ မှာ အစိုးရဝန်ကြီးတာဝန်ကနေ အရေးယူခံရပြီး ၁၉၈၈ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်ပြီး ဗဟိုအလုပ်အမှုဆောင်နဲ့ လှိုင်မဲဆန္ဒနယ် အမှတ် (၁) က လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ သီပေါစော်ဘွား ဖမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး မောင်ရွှေကို မေးမြန်းတာတွေလည်း သူသက်ရှိ ထင်ရှားရှိခိုက်မှာ မဖြစ်ခဲ့ပါဘူး။
စဝ်ကြာဆိုင်ကို ဖမ်းချိန်က သူ့နောင်တော် ရှမ်းပြည်နယ် အတွင်းဝန် စဝ်ကြာဇုန်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဖက်ဒရယ်ကိစ္စမှာ တက်တက်ကြွကြွ ပါဝင်သူဖြစ်လို့ ရှစ်နှစ်ကြာအောင် ထိန်းသိမ်း ခံခဲ့ရပါတယ်။
သူပြန်လွတ်လာပြီးနောက် သူ့ညီတော်ကိစ္စ စုံစမ်းဖို့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ တွေ့ခွင့်တောင်းပေမယ့် ငြင်းခဲ့ကြောင်း စဝ်စန္ဒာဆင်းမ်က ရေးပါတယ်။ သူ့ညီတော်ကို ဗထူးတပ်မြို့မှာ စစ်ထောက်လှမ်းရေးက စစ်မေးရင်း နတ်ရွာစံသွားတာကို ၁၉၈၄ ကျမှ စဝ်ကြာဇုန်သိတယ်လို့လည်း ဆိုပါတယ်။ ဒီအတွက် ဦးနေဝင်းကို တရားစွဲဖို့ သူစီစဉ်ပေမယ့် ဦးနေဝင်းသေသွားလို့ မစွဲခဲ့ရဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, JIM WATSON
၂ဝ၁၁ မှာ သက်တော် (၉၃) နှစ်ကျမှ စဝ်ကြာဇုန် ကံကုန်ပါတယ်။ သူမကွယ်လွန်ခင် စဝ်ဦးကြာနဲ့ ခွန်ထွန်းဦး ဆိုတဲ့ သူ့သားတော် နှစ်ပါးကို နိုင်ငံတော်သစ္စာဖောက်မှု၊ တရားမဝင်အဖွဲ့အစည်းနဲ့ဆက်မှု စတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချတာတွေ ကိုလည်း သူတွေ့သွားခဲ့ရပါတယ်။
နောက်ဆုံးဟော်
စော်ဘွားမဲ့နေတာ အနှစ် ၆ဝ နီးနေပေမယ့် ဒီအနှစ် တရာနီးပါးသက်တမ်းရှိနေတဲ့ သီပေါဟော်နဲ့ စော်ဘွားမိသားစုအကြောင်း လူစိတ်ဝင်စားမှုက ကျန်နေဆဲ ဖြစ်တာကိုလည်း တွေ့ရပါတယ်။
ဒါကြောင့် စဝ်ကြာဆိုင်အကြောင်း ရုပ်ရှင်ကို ရန်ကုန်မှာ ပြသခွင့်ပိတ်တာတွေ ဖြစ်ခဲ့ပါတယ်။
သီပေါမဟာဒေဝီဟောင်း အင်ဂ အယ်ဘာဟာ့ ခေါ် စဝ်သုစန္ဒီ ကတော့ စော်ဘွားပျောက်သွားပြီးနောက် မြန်မာပြည်မှာ နှစ်နှစ် အကျယ်ချုပ်ကျနေရာက ၁၉၆၄ မှာ လွတ်မြောက်လာပြီး ပြည်ပထွက်သွား ခဲ့ရပါတယ်။ အခု သက်တော် ၈၈ နှစ်အရွယ်ထိ စဝ်သုစန္ဒီ အမေရိကန်ကနေ မြန်မာပြည် ပြန်မလာနိုင်သေးဘဲ ရှိတာကိုလည်း တွေ့ရပါတယ်။
၁၉၉၄ မှာ သူရေးခဲ့တဲ့ စာအုပ်ကြောင့် သီပေါကို ကမ္ဘာလှည့်ခရီးသွား အများအပြား ရောက်လာခဲ့ကြသလို ဟော်ကိုလည်း စိတ်ဝင်တစား ကြည့်ရှုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီဟော်နန်းကို ၁၉၇၂ ကစပြီး စော်ဘွားရဲ့ တူတော် စဝ်ဦးကြာတို့ ဇနီးမောင်နှံ ထိန်းသိမ်းထားရာက အမေရိကန်ရောက် မဟာဒေဝီရဲ့ ဆန္ဒအရ ရှမ်းပြည် သံဃာ့အဖွဲ့ချုပ်ကို ခွန်ထွန်းဦးက လှူတယ်ဆိုပြီး ၂ဝ၂ဝ မှာ ဖြစ်လာခဲ့ပါတယ်။
၁၉၆၂ နောက်ပိုင်း ရှမ်းပြည်နယ်က စော်ဘွားဟော်အများစု အစိုးရသိမ်းတာ၊ မိသားစုက ကျောင်း၊ ဆေးရုံအဖြစ် လှူတာ၊ ရောင်းချတာတွေဖြစ်ခဲ့တဲ့အပြင် ကျိုင်းတုံဟော်ဟောင်းကို ဖျက်ဆီးပစ်တာလည်း ရှိခဲ့ပါတယ်။ မီးဘေး၊ ရာသီဥတုဘေးတွေနဲ့ ပြိုပျက်သွားတဲ့ဟော်တွေလည်း မနည်းပါဘူး။
ဒီထဲက စော်ဘွားဆွေမျိုးတွေ ဆက်နေတဲ့ ဟော်အဖြစ် သီပေါဟော်က ရှားရှားပါးပါး ကျန်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၆၂ မှာ စော်ဘွားမရှိတဲ့နောက် ခရိုင်မြို့အဖြစ် ကျောက်မဲကို ရုံးတွေ ချက်ချင်း ပြောင်းရွှေ့ခိုင်းတယ်လို့လည်း ကမ္ဘောဇခင်လှိုင်က မနားရသော သမားတစ်ဦး၏ ဘဝခရီးမှာ ရေးသားခဲ့ပါတယ်။ စော်ဘွားကြီးဟာ ငယ်သေးတဲ့အတွက် မဟုတ်မခံဆိုတဲ့ စိတ်ရှိတယ်လို့လည်း သူတွေ့ခဲ့ရတဲ့ စဝ်ကြာဆိုင်အကြောင်း ရေးသားခဲ့ပါတယ်။








