၁၉၄၇ ပင်လုံညီလာခံတက်ခဲ့သူ စော်ဘွားသမီးရဲ့ ပျောက်သွားတဲ့ကမ္ဘာ

ဓာတ်ပုံ ရင်းမြစ်, Shan Artist in England
၁၉၄၇ ခုနှစ် ပင်လုံညီလာခံကို မီခဲ့သူဟာ ၇၅ နှစ်ပြည့်ချိန်မှာ အတော်ရှားနေပြီဖြစ်ပါတယ်။ ဒီထဲက သက်ရှိထင်ရှား ဗြိတိန်မှာ နေထိုင် ကြတဲ့ စော်ဘွားသမီးတော်နှစ်ပါးကတော့ ညောင်ရွှေစော်ဘွားသမီး စဝ်စန္ဒာနဲ့ ရပ်စောက်စော်ဘွားသမီး စဝ်နွမ်ဦးခေါ် နဲလ်အဒမ်စ်တို့ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လုံးရဲ့ ပင်လုံအတွေ့အကြုံတွေကို အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ သူတို့ကိုယ်ရေးမှတ်တမ်း လစန္ဒာမင်းသမီးနဲ့ ကျွန်မရဲ့ ပျောက်ကွယ်သွားတဲ့ ကမ္ဘာ စာအုပ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။
ဒီမင်းသမီးနှစ်ပါးမှာ သက်တော် ၉ဝ ရှိပြီဖြစ်တဲ့ စဝ်နွမ်ဦးက ပင်လုံနဲ့ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်သုံးသပ်ချက်တချို့ကို ဘီဘီစီနဲ့ ဖလှယ်ခဲ့တာကို အင်္ဂလိပ်ဘာသာ ကနေ ပြန်ဆိုဖော်ပြလိုက်ပါတယ်။
ဘီဘီစီ။ သမိုင်းဝင်ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ အဖြစ်ဆုံးက ဘာတွေလဲ။
စဝ်နွမ်ဦး။ အဲဒီတုန်းက စဝ်က ၁၅ နှစ်သမီး ကျောင်းသူပဲ ရှိသေးပေမယ့် လူကြီးတွေ ပြောတာတွေကို စိတ်ဝင်တစား နားထောင်တတ်နေပြီ။ ပင်လုံကို မိဘတွေနဲ့ လိုက်သွားတော့ တည်းတဲ့ ယာယီဧည့်ဆောင်တွေက ညီလာခံခန်းမနဲ့ ကပ်နေတာ။ အထဲမှာ ပြောဆိုနေတဲ့အသံတွေ အကုန်နီးပါး ကြားနေရတယ်။ တောင်တန်းခေါင်းဆောင်တွေကို ချော့မော့စည်းရုံးဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာအဖွဲ့ ဖေဖော်ဝါရီလ ၈ ရက်မှာ ရောက်ပါတယ်။ အဲဒီညီလာခံမှာ ဘာတွေ ပြောကြ၊ ဆွေးနွေးကြတယ်ဆိုတာကို ခမည်းတော် (စဝ်ခွန်ဆာ)က ရှင်းပြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ စကားကို တည့်တိုးနဲ့ ထိမိအောင် ပြောတတ်တယ်လို့ သူက ယူဆပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
တောင်တန်းဒေသတွေကို ပြည်မနဲ့ တန်းတူဆက်ဆံတာမခံရကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံမှာ ဝန်ခံပါတယ်။ မြန်မာမဟုတ်တဲ့ လူမျိုးစုတွေဟာ အင်္ဂလိပ်မသိမ်းခင် ဘုရင်နိုင်ငံရဲ့ လက်အောက်ခံတွေ မဟုတ်လို့ သူတို့လွတ်လပ်ရေးနဲ့ အချုပ်အချာအာဏာကို ရယူခွင့် ရှိတယ်လို့လည်း သူက အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ တောင်တန်းသားတွေနဲ့ မြန်မာသွေးချင်းတွေ တကွဲစီဖြစ်အောင် ထားခဲ့တဲ့ ဗြိတိသျှရဲ့ သွေးခွဲအုပ်ချုပ်ရေးကိုလည်း ဗိုလ်ချုပ်က ဝေဖန်ပါတယ်။ နောက် ပြည်မလွတ်လပ်ရေးမှာ တောင်တန်းသားတွေ မပါရင် ဆားမပါတဲ့ဟင်းလို ဖြစ်နေမယ်လို့လည်း သူက ပြောပါတယ်။ တောင်တန်းသားတွေ မလွတ်လပ်ခဲ့ရင် အမှောင်ထဲ အမြဲ နေရမယ်လို့လည်း ဆိုပါတယ်။ ဗမာ တကျပ်ရရင် ခင်ဗျားတို့လည်း တကျပ် ရရမယ်လို့ သူ ပြောခဲ့တာပါ။
တောင်တန်းသားတွေ သူတို့နယ်မြေတွေကို သူတို့စိတ်ကြိုက် အုပ်ချုပ်ခွင့် ရှိရမယ်လို့လည်း ဗိုလ်ချုပ်က ပြောပါတယ်။ မြန်မာတွေ ဒါကို ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ရှမ်းတွေမှာ သူတို့ကိုယ်ပိုင် ဖွဲ့စည်းပုံကို ရွေးချယ်ခွင့် ရှိတယ်လို့လည်း ပြောပါတယ်။
တခါတလေ စဝ်တို့တည်းတဲ့နေရာနဲ့ မနီးမဝေးက ဗြိတိသျှတွေ ထွက်ထွက် ဆိုပြီး အော်သံတွေ၊ လက်ခုပ်တီးသံတွေကြားရပါတယ်။ စဝ်တို့ကလေးတွေ အတွက် တော်တော် လန့်စရာကောင်းပါတယ်။ ဒီလိုနဲ့ ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ရှမ်း ကချင် ချင်း ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ကြား သဘောတူညီမှု ရပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကို တန်းတူညီတူ ပူးတွဲ ထူထောင်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒီထဲမှာ ပြည်နယ်အားလုံး အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ပြဋ္ဌာန်းခွင့်တွေပါပါတယ်။ ရှမ်းနဲ့ ကရင်နီပြည်နယ်တွေမှာတော့ ဆယ်နှစ်အကြာမှာ ခွဲထွက်ခွင့် ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shan Artist in England
အဲဒီနှစ် ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီထဲက လူကြီးတချို့ လုပ်ကြံခံရပါတယ်။ ဒီသတင်းကြား ကတည်းက မအီမသာအတွေးတွေ စဝ်မိဘတွေ၊ အထူးသဖြင့် မယ်တော်ဆီကို ရောက်လာပါတယ်။ နောက်တက်လာတဲ့ နန်းရင်းဝန်ကြီး သခင်နုက ဗိုလ်ချုပ်ဆွဲထားခဲ့တဲ့မူကြမ်းထဲက တချို့အပိုဒ်တွေကို ပြင်ဖို့ ဦးချန်ထွန်းကို အမိန့်ပေးပါတယ်။ ဒီအတွက် ရှမ်းတွေကြားမှာ မကျေနပ်တာတွေ ရှိလာပါတယ်။
ဘီဘီစီ။ အခု ၇၅ နှစ်ပြည့်ချိန်မှာ စာချုပ်ချုပ်ခဲ့တာကို ဘယ်လို ယူဆပါသလဲ။ နောက် စဝ်ရဲ့ ခမည်းတော်နဲ့ ခေတ်ပြိုင်လူကြီးတွေ ဒီမှာ ပါခဲ့ကြတဲ့ အတွက်ရော ဘယ်လို သဘောထားရှိပါသလဲ။
စဝ်နွမ်ဦး။ သူတို့ စာချုပ်လက်မှတ်မထိုးခဲ့ရင် ကောင်းမှာပဲလို့ ဆုတောင်းမိပါတယ်။ စော်ဘွားကြီးတွေ စိတ်ပျက်ခဲ့ကြပေမယ့် မှန်မှန် မှားမှား စေတနာကောင်းနဲ့ ဆုံးဖြတ်ခဲ့ကြတာမို့ အဆုံးသတ်မှာ အကောင်းရလဒ်ရမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီသဘောတူညီမှုကို သိက္ခာရှိရှိ သူတို့လိုက်နာခဲ့ကြပါတယ်။
ပင်လုံစာချုပ်ဟာ ရှစ်ပြည်နယ်ပါတဲ့ မြန်မာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ဖို့ သမိုင်းအရ နိုင်ငံရေးအရ အရေးကြီးဆုံး တခုတည်းသော နှောင်ကြိုးဖြစ်ပါတယ်။
အဲဒါ မရှိရင် ပြည်ထောင်စု မြန်မာနိုင်ငံမရှိပါဘူး။ ပြည်နယ်တိုင်းမှာ သူတို့နိုင်ငံ တည်ထောင်ဖို့ ဆုံးဖြတ်ခွင့်ရှိပါတယ်။ ပြည်ထောင်စု တည်ရှိစေချင်ရင် ဒီစာချုပ်ကို ဘယ်သူမှ ဖျက်ဆီး ဖျောက်ဖျက်လို့ မရပါဘူး။ နှစ်ဖက်လုံးက ဒီသဘောတူချက်ကို လေးလေးစားစား လိုက်နာကြရမှာပါ။ မြန်မာ စစ်ဗိုလ်ချုပ်တွေကတော့ တယောက်ပြီးတယောက် ဒီသဘောတူညီချက်ကြီးကို လက်မခံနိုင်ကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP Contributor
၁၉၆၂ မှာ ဖက်ဒရယ်ကိစ္စဆွေးနွေးဖို့ စော်ဘွားတွေက ပါလီမန်ခေါ်ဖို့ တောင်းဆိုပါတယ်။ ဒီအတွက် ပြင်ဆင်တဲ့ အနေနဲ့ တခြား လူမျိုးစု ခေါင်းဆောင်တွေနဲ့အတူ သူတို့ ရန်ကုန်သွားကြပါတယ်။ အဲဒီမှာ မနက်အစောကြီး နေဝင်းစစ်တပ်က အမတ်တွေကို အိမ်တွေမှာ လိုက်ဖမ်းပြီး ထောင်ကို ပို့ပစ်ပါတယ်။ ဘာအကြောင်း ပြစ်ချက်မှ မရှိဘဲ သူတို့ ထောင်ထဲမှာ ခြောက်နှစ်နေခဲ့ရပြီး ကျန်တဲ့နှစ်တွေမှာ ရန်ကုန်မှာ အိမ်အကျယ်ချုပ် နေခဲ့ကြရပါတယ်။
အဲဒီကစပြီး ကြောက်စရာကျိန်စာတွေ သင့်ကြတော့တာပါပဲ။ ပြည်သူတွေဟာ နေ့စဉ်ကြောက်လန့်မှုတွေနဲ့ ခုထိ နေနေကြရပါတယ်။ ၁၉၉၇ နဲ့ ၂ဝဝဝ ကြားဟာ ရှမ်းပြည်သမိုင်းမှာ အဆိုးဆုံးအချိန်ပါ။ လူတွေ အကြောင်းမရှိ အသတ်ခံရပြီး ထိုင်းကို ဒုက္ခသည်တွေ အများကြီး ထွက်ပြေးခဲ့ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shan Artist in England
စဝ်ကိုယ်တိုင်လည်း လှုပ်ရှားတက်ကြွသူဖြစ်လို့ ဇာတိမြေ မပြန်နိုင်ခဲ့သလို ခမည်းတော်နဲ့ အစ်မတော်တွေရဲ့ မသာတော်တွေကိုလည်း မတက်ရောက်နိုင် ခဲ့ပါဘူး။ မယ်တော်ကတော့ ပင်လုံစာချုပ်ချုပ်ပြီး မကြာမီမှာပဲ နတ်ရွာစံခဲ့ပါတယ်။
ဘီဘီစီ။ အနာဂတ် ပြည်ထောင်စုနဲ့ ရှမ်းပြည်နယ်စုရဲ့ လက်ရှိအကျပ်အတည်းအတွက် ဘယ်လို လမ်းညွှန်ချက် ပေးချင်ပါသလဲ။ စဝ်ချစ်မြတ်နိုးတဲ့ ရှမ်းပြည် အတွက် လာမယ့် ဆယ်စုနှစ်တွေမှာ ဘယ်လိုမျှော်မှန်းချက် ထားပါသလဲ။
စဝ်နွမ်ဦး။ မြန်မာစစ်ဗိုလ်တွေနဲ့ တခြားလူမျိုးစုတွေ စစ်ဖြစ်နေကြတာ ဆယ်စုနှစ်တွေ များလှပါပြီ။ ရာစုတစုရဲ့ လေးပုံသုံးပုံ နီးပါပြီ။ ငြိမ်းချမ်းရေးနဲ့ စစ်ရေး ဒီနှစ်ခု လုံးက စစ်ဗိုလ်တွေရဲ့ စိတ်နဲ့ အသည်းနှလုံးမှာပဲ မူတည်နေပါတယ်။ သူတို့ကိုယ်ကိုယ် ငြိမ်းချမ်းအောင် မနေနိုင်ရင်တော့ တခြားလူတွေနဲ့ ငြိမ်းချမ်းရေး ယူလို့မရပါဘူး။ သူတို့တယောက်ချင်း ဗုဒ္ဓဘာသာဝင်ကောင်းတွေလို့ ပြောကြပေမယ့် အစုအစည်းနဲ့ ဖြစ်သွားရင် ဒေါသ၊ သံသယနဲ့ အကြမ်းဖက်မှုတွေ ဘက်ကို လှည့်သွားတတ်ကြပါတယ်။ ဒါမှ သူတို့လိုချင်တဲ့ လူမျိုးစုတွေအပေါ် ထိန်းချုပ်ဖို့ အကြွင်းမဲ့အာဏာကို ရနိုင်မှာပါ။

ဓာတ်ပုံ ရင်းမြစ်, Pictures from History
မြန်မာစစ်တပ်ကို ကိုလိုနီစနစ်ကို အပြင်းအထန်ဆန့်ကျင်တဲ့ တို့ဗမာနိုင်ငံရေးသမားတစုက တည်ထောင်တာပါ။ ဗြိတိသျှရဲ့ သိမ်းပိုက်မှုကြောင့် မြန်မာ တွေရဲ့ မာန ချိုးနှိမ်ခံရပြီး စိတ်ဓာတ်တွေ ထိခိုက်တယ်လို့ သူတို့ မကြာမကြာ ပြောလေ့ရှိပါတယ်။ သူတို့ ဒါတွေကို မမေ့နိုင်ဘဲ ရှေ့ဆက်မသွားနိုင် ဖြစ်နေ ပါတယ်။ နိုင်ငံခြားက သိမ်းပိုက်မှာကို ကြောက်စိတ်က မြန်မာမျိုးချစ်တွေရဲ့စိတ်မှာ အမာရွတ်လို ကျန်ခဲ့ပါတယ်။ ဒီကြောက်စိတ်၊ သံသယ၊ အမုန်းနဲ့ ဒေါသတွေက တခြားလူမျိုးစုတွေအပေါ် လှည့်လာပြန်ပါတယ်။ ဗြိတိသျှတွေ ခြေထိုးလို့ မြန်မာဆန့်ကျင်ရေးစိတ်တွေ ဝင်နေတယ်ဆိုပြီး လူမျိုးစုတွေအပေါ် သူတို့က မြင်သလို လူမျိုးစုတွေရဲ့ စိတ်ပျက်မှုကိုလည်း သူတို့က ထိခိုက်ခံစားကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီစစ်တပ်ကို ထူထောင်သူ တယောက် ဖြစ်ပေမယ့် ၁၉၄၇ ပင်လုံကို လာတဲ့အခါ လူမျိုးစုတွေအပေါ် ထားတဲ့ သူ့ရဲ့ အတွေးအမြင်တွေ ပြောင်းလဲခဲ့ပါတယ်။ မြန်မာပြည်ကို လွတ်လပ်တဲ့ အာဏာပိုင် နိုင်ငံတခုဖြစ်ဖို့ လူမျိုးစုအားလုံး လိုအပ်တယ်ဆိုတာ သူ သဘောပေါက်ခဲ့လို့ပါ။

ဓာတ်ပုံ ရင်းမြစ်, John Drysdale
ဒါပေမဲ့ တခြား မြန်မာနိုင်ငံရေးသမားတွေက ပင်လုံစာချုပ်လက်မှတ်ထိုးခဲ့သူတွေကို သူတို့လမ်းစဉ်အတွက် အဖျက်အမှောင့်လို့ သံသယစိတ်နဲ့ မြင်ပါ တယ်။ ဗိုလ်ချုပ်မရှိတဲ့နောက် သခင်နုနဲ့ လူတွေက ပင်လုံသဘောတူညီမှုတွေကို ပြောင်းလဲခဲ့ပါတယ်။ နောက်ဆယ်နှစ်ကြာတော့ မြန်မာစစ်တပ်က ရှမ်းနဲ့ တခြားလူမျိုးစုတွေအပေါ် စစ်ကြေညာပါတယ်။ ရှမ်းနဲ့ ကရင်နီ ပြည်ထောင်စုက ခွဲသွားမှာကို စစ်တပ်က ကြောက်ပါတယ်။ ရှမ်းနဲ့ တခြား လူမျိုးစု ခေါင်းဆောင်တွေမှာ ခွဲထွက်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ကြပါဘူး။ ပြည်ထောင်စုကို ပိုပြီး ဒီမိုကရေစီဆန်အောင်၊ ညီညွတ်မျှတအောင်ပဲ ကြိုးစားကြတာပါ။
နိုင်ငံကို ပြိုကွဲမှာ စိုးလို့ ဆိုပြီး မရှိတာ အကြောင်းပြကာ အရင် အနှစ် ခြောက်ဆယ်လုံးလုံး မြန်မာစစ်အာဏာရှင်တွေက လူမျိုးစုတွေအပေါ် အင်အားသုံး အကြမ်းဖက်ပြီး လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့ကြပါတယ်။ မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီး ဖြစ်နေတာ ဆန်းသလား။ အင်အား ပိုသုံးလေ၊ ပိုပြီး ခုခံဆန့်ကျင်လေပါပဲ။ ရယ်စရာ ကောင်းတာက တပ်မတော်ရဲ့ မကောင်းတဲ့အမူအကျင့်တွေကို ရှမ်းမြောက်က လူမျိုးစုအဖွဲ့တချို့ လိုက်တုလုပ်နေကြတာပါ။ တပ်မတော်ဟာ တခြားလက်နက်ကိုင်အဖွဲ့တွေအပေါ် နမူနာကောင်းတွေ ပြဖို့ တာဝန်ရှိပါတယ်။
လူမျိုးစုတွေ ခွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး သူတို့မခွဲထွက်ချင်အောင် မြန်မာတွေက တအားကုန် ကြိုးစားဖို့လိုတယ်ဆိုပြီး ၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးပါတယ်။ တပ်မတော်ကတော့ နည်းလမ်းမှားကို သုံးပြီး အားသွန် ကြိုးစားခဲ့ပါတယ်။ အင်အားသုံးခြိမ်းခြောက်ပြီး ဒီစစ်တပ်က လူမျိုးစုတွေကို ဒီတောင်းဆိုချက်တွေနဲ့ ပြန်ပေးဆွဲဖို့လုပ်ပါတယ်။ နောက် မြန်မာ စစ်တပ်နဲ့ နိုင်ငံရေးသမားတွေလည်း လူမျိုးစုတွေအပေါ် ဒီလိုနည်းတွေ ဆက်ကျင့်သုံးနိုင် ပါသေးတယ်။ ဒါတွေကတော့
၁။ လုံးဝ ခွဲမထွက်ရ။
၂။ မပြိုကွဲစေရ။
၃။ စီးပွားရေးနဲ့ မူးယစ်ပပျောက်ရေး စီမံကိန်းတွေမှာ ပူးပေါင်းပါဝင်ရမယ်။
၄။ နိုင်ငံရေးပါတီတွေဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ရမယ်။
၅။ ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်ခံပြီး ဥပဒေနဲ့အညီ လိုအပ်ရင် ပြင်မယ်။
၆။ တခုတည်းသော အမျိုးသား စစ်တပ် ရှိရမယ်။

ဓာတ်ပုံ ရင်းမြစ်, SOPA Images
ဒီလို ခြိမ်းခြောက် အကြမ်းဖက်မယ့်အစား ငြိမ်းချမ်းရေးအတွက် ချစ်ခင်ရင်းနှီးမှုတွေ မေတ္တာတရားတွေနဲ့ ဘာကြောင့် ဗုဒ္ဓဘာသာဝင်အစစ်တွေလို မလုပ်နိုင်ကြတာလဲ။ ဒီနည်းကသာ တပ်မတော်နဲ့ တခြား လူမျိုးစုတွေကြား ပိုကောင်းတဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန် နားလည်မှု၊ ယုံကြည်လေးစားမှုတွေ တည်ဆောက်နိုင်မှာပါ။ တပ်မတော်ဟာ နိုင်ငံခြားမုန်းတာနဲ့ ပင်လုံမုန်းတာတွေကို ရပ်ရပါမယ်။ နောက် သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုထားရင် ငြိမ်းချမ်းရေးမှာ အကြမ်းမဖက်ဘဲ အောင်မြင်နိုင်ပါတယ်။
တောက်လျှောက်ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လူမျိုးစုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံအကျိုးအတွက် စစ်ဗိုလ်ချုပ်တွေ အဆုံးသတ်ဖို့ ကောင်းပါပြီ။ လူမျိုးစု နယ်မြေတွေမှာ နေကြသူတွေနဲ့ ထိတွေ့ဆက်ဆံပုံကိုလည်း ပြောင်းသင့်ပါတယ်။ တပ်မတော်ကို စစ်တပ်ပီပီသသ ဖြစ်အောင်နဲ့ ရွေးကောက်ခံအစိုးရအပေါ် တာဝန်ခံမှု ရှိအောင် ပြုပြင်သင့်ပါတယ်။ ဒါမှပဲ ပြည်သူနဲ့ နိုင်ငံကို တကယ် ကာကွယ်ပေးနေတဲ့ စစ်တပ်လို့ သူတို့ကိုယ်သူတို့ရော ကမ္ဘာကိုပါ ပြနိုင်ပြီး ပျက်နေတဲ့ နာမည်ကို ပြန်အဖတ်ဆည်နိုင်မှာပါ။
နိုင်ငံတခု တည်ငြိမ်ဖို့မှာ အစိုးရ၊ စစ်တပ်နဲ့ အရပ်သားတွေ အားလုံး အချိုးညီညီ လုပ်ကြရမှာပါ။ အာဏာအလွဲသုံးတာတွေလည်း မရှိရပါဘူး။ ဘယ်သူမှ လည်း ဥပဒေအထက်က မရှိသင့်ပါဘူး။ ခေတ်မီ ယဉ်ကျေးတဲ့ ကမ္ဘာမှာ ဘုရင်ခေတ်ကလို အကြွင်းမဲ့အာဏာသုံးပြီး အတိုက်အခံတွေကို သတ်တာဟာ ဟန်ချက်ပျက်ပြီး မတည်ငြိမ် မလုံခြုံတာတွေပဲ ဖြစ်စေသလို တပ်မတော် အစိုးရိမ်ဆုံးဖြစ်တဲ့ မကြံ့ခိုင်တဲ့ နိုင်ငံတခု ဖြစ်လာစေပါတယ်။
ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို စိန်ခေါ်နိုင်ဖို့ လူမျိုးစုတွေရဲ့ ကြံ့ခိုင်တောင့်တင်းရေးလုပ်ဖို့ မြန်မာတွေမှာ အရေးတကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ တပ်မတော်သုံးတဲ့ နည်းတွေ သုံးပြီး လူမျိုးစုတွေအပေါ် အနိုင်ယူလို့ မရပါဘူး။ တပြည်ထောင်နိုင်ငံဖြစ်ဖို့ ကောက်ကျစ်တဲ့နည်းတွေ သုံးလို့မရပါဘူး။ အလွန်အကျွံ အင်အားသုံးပြီး သူတို့ထိတွေ့ချင်သူတွေအပေါ် ဆိုးရွားတဲ့ ကျူးလွန်မှုတွေ လုပ်တဲ့ မြန်မာစစ်တပ်ဟာ တပ်ချုပ်မျိုးဆက် ငါးဆက် ခြောက်ဆက်လောက် ပြောင်းသွားပေမယ့် သူတို့ ဖြစ်ချင်တာ မဖြစ်လာပါဘူး။ သူတို့အတိတ်က လုပ်ခဲ့တာတွေ ပြန်ကြည့်ပြီး သူတို့ သင်ခန်းစာ ယူဖို့ အချိန် ရောက်နေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise
ရှမ်းပြည်အတွက် ဒီလိုအဖြစ်ရောက်ရတာ အင်မတန် ဝမ်းနည်းပါတယ်။ တချို့လက်နက်ကိုင်အဖွဲ့တွေ ကိုယ်တိုင် သူတို့ကို ကျူးလွန်စော်ကား ခဲ့သူတွေရဲ့ ပုံစံတူ ပြန်ဖြစ်ကုန်ပါတယ်။ ဒါကြောင့်ပဲ ရှမ်းပြည်ကြီးလည်း အစိတ်စိတ်ပြိုကွဲခဲ့ပါတယ်။ လမ်းပျောက်သူတွေ ရှိပေမယ့် အများစုက ငြိမ်းချမ်းရေး မြတ်နိုး သူတွေ၊ ပြည်သူတွေနဲ့ အမိမြေကို သစ္စာရှိသူတွေမို့ ချိန်ဆ ပြောင်းလဲနိုင်ကြပါတယ်။ တရက်မှာ စဝ်တို့ အချင်းချင်းပေါ်ထားတဲ့ သဘောထားတွေ ပြင်ပြီး ပြန်တည်ဆောက်နိုင်မယ်လို့ ယုံနေပါသေးတယ်။ ဒါကို စဝ် မြင်ချင်မှ မြင်နိုင်တော့မှာပါ။ နောက်လူငယ်မျိုးဆက်တွေက ဆက်လုပ်သွားကြ ပါလိမ့်မယ်။

ဓာတ်ပုံ ရင်းမြစ်, Shan Artist in England









