ဦးနေဝင်းရဲ့လူယုံ၊ သံအမတ်များရဲ့ဆရာနဲ့ သမိုင်းဖြစ်ရပ်မှန်

ဓာတ်ပုံ ရင်းမြစ်, Bo Bo BBC Burmese
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဒေါက်တာခင်မောင်ညွန့်ကို ကျွန်တော်မစ္စတာဘားမား စာအုပ်နဲ့ တွဲသိကြပါတယ်။ ၁၉၅ဝ ကျော်က ဗြိတိန်ပညာတော်သင်ခရီးကို ဟာသနှော ပြီး သွက်လက်စွာ ရေးချယ်ခဲ့တဲ့ ဒီမှတ်တမ်းအပြင် ဒေါက်တာခင်မောင်ညွန့်ရဲ့ သုတေသနစာတမ်းတွေလည်း ရှိပါတယ်။ နောက် မန္တလေး တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနကို ထူထောင်ခဲ့တဲ့ ဒေါက်တာခင်မောင်ညွန့်နဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကြား ဆက်ဆံရေးကလည်း အရပ်သား နဲ့ စစ်နိုင်ငံတော်ကြား သွယ်ယှက်မှုရဲ့ ပြကွက်ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
အာဇာနည် မဖြစ်ခဲ့သူ
မန္တလေး တရုတ်တန်း ရှေ့တော်ပြေးဝင်းသား ဖြစ်တဲ့ မောင်ခင်မောင်ညွန့်ဟာ အမရပူရက ထိုင်းတရုတ်အနွယ် ကျောက်စိမ်းနဲ့ ပိုးကုန်သည်မျိုးရိုးက ဖွားမြင်ခဲ့ပြီး ဘုရင် ယုံစားခံရတဲ့ အဝယ်တော်မျိုးရိုးဖြစ်ကြောင်း မြန်မာနှုတ်ပြောသမိုင်း စီမံကိန်းဝဘ်ဆိုက်မှာ ဒေါက်တာခင်မောင်ညွန့် ပြောကြား ခဲ့ပါတယ်။ သူ့ဖခင်ကတော့ တရုတ်ပြည် ကမ်းရိုးတန်းကလာတဲ့ ကျောက်စိမ်းတွင်းပိုင် ဖြစ်ပြီး ငှက်ဖျားနဲ့ သူငယ်ငယ်မှာပဲ ဆုံးပါးခဲ့ပါတယ်။
၁၉၄၇ မှာ အာဇာနည် ဖြစ်လာတဲ့ အမျိုးသားကျောင်းအုပ်ကြီး ဦးရာဇတ်နဲ့ မောင်ခင်မောင်ညွန့်တို့ ရပ်ဆွေရပ်မျိုးဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း မင်းကွန်းမှာ စစ်ပြေးရင်း သူတို့ ခင်မင်ခဲ့ကြပါတယ်။ ၁၉၄၇ ဦးရာဇတ် ဝန်ကြီးဖြစ်ချိန်မှာတော့ သူ့ကိုယ်ရေးအရာရှိအဖြစ် မောင်ခင်မောင်ညွန့် ကို ရန်ကုန် ခေါ်သွားချင်ပါတယ်။ မိဘတွေက သဘောတူ ပေမယ့် ဆယ်တန်းဖြေချင်တဲ့အတွက် မလိုက်ဖြစ်ခဲ့တာလို့ ၂ဝ၁၈ က ဘီဘီစီနဲ့ တွေ့ဆုံရာမှာ ဒေါက်တာခင်မောင်ညွန့်က ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ သက်တော်စောင့်အဖြစ် မန္တလေးက ပါသွားတဲ့ ကိုထွေးဟာ ဦးရာဇတ်နဲ့အတူ ကျဆုံးခဲ့ပြီး မလိုက်ဖြစ်ခဲ့တဲ့ မောင်ခင်မောင်ညွန့်ကတော့ ပါရဂူ ဖြစ်လာခဲ့ပါတယ်။ သူနဲ့ မန္တလေး စိန်ပီတာကျောင်းက ၁၉၄၈ မှာ တက္ကသိုလ်ဝင်တန်း အောင်သူတွေ ထဲမှာ ရန်ကုန် ဆေးတက္ကသိုလ်( ၁) ဆေးပညာ ပါမောက္ခ ရယ်ဂျီဘဖေလည်း ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, F. Brooks
လေမျိုးရှစ်ဆယ်ခရီး
ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာ ကိုခင်မောင်ညွန့် နည်းပြ လုပ်ရင်း မဟာဘွဲ့ယူသလို ပညာတော်သင်ဆု ရပြီး လန်ဒန်တက္ကသိုလ် ဘောဂဗေဒနဲ့ နိုင်ငံရေး သိပ္ပံကျောင်းမှာ ဘွဲ့လွန်တက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တက္ကသိုလ်မှာ အသစ်တိုးချဲ့မယ့် နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးပညာတွေအတွက် ပညာသင်စေလွှတ်တာ ဖြစ်ပါတယ်။ ပညာထူးချွန်သူဖြစ်တဲ့အတွက် ကိုခင်မောင်ညွန့်ကို ပါရဂူတန်း တက်ပြီး ကျမ်းပြုခွင့်ပေးကာ နိုင်ငံတကာ ဆက်ဆံရေး ပါရဂူ ဖြစ်လာခဲ့ပါတယ်။၁၈၈၆ က စပြီး မြန်မာ တရုတ် နယ်နိမိတ်အကြောင်း ကျမ်းပြုရေးသားခဲ့ပါတယ်။ ၁၉၆၁ မြန်မာတရုတ် နယ်နိမိတ်စာချုပ် မချုပ်ခင်ထိ ဖြစ်ပေါ်တိုးတက်မှုတွေကို လေ့လာရေးသားခဲ့ပါတယ်။
ဒီလန်ဒန်နှစ်ကာလတွေအကြောင်းကို မစ္စတာ ဘားမားနာမည်နဲ့ စာတအုပ်ရေးထုတ်ခဲ့ပြီး လေမျိုးရှစ်ဆယ်လျက်ဆား အကြောင်း ဗြိတိသျှအကောက် အရာရှိတွေရှေ့မှာ ရှင်းပြရတဲ့ ဒုက္ခ၊ ဗြိတိန်မှာ အနောက်တိုင်းအက၊ ဖက်ရှင်တွေကို လိုက်စားတဲ့ မြန်မာ ကျောင်းသား ဘူးယိုတွေ အကြောင်းကို ကလောင် ရွှင်ရွှင်နဲ့ ရေးဖွဲ့ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mirrorpix
နောက်ပြီး လန်ဒန်မှာ အချိန်ပိုင်း အသံလွှင့်သူအဖြစ် ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှာ သူထမ်းဆောင်ခဲ့ပါတယ်။ သူ့အသံက မာန်ပါတဲ့အတွက် တော်လှန်ရေး၊ စစ်ရေးသတင်းလို ခပ်ထန်ထန် ဖတ်ရမယ့် နေရာမျိုးမှာ သူ့ကို ဖတ်စေပြီး အသံအေးအေးနဲ့ ဖတ်ရမယ့် နေရာမှာတော့ အရှေ့တိုင်းဌာနက ပညာတော်သင် ကိုတင်လွင်ကို ဖတ်ခိုင်းတယ်လို့ ဒေါက်တာ ခင်မောင်ညွန့်က ၂ဝ၁၈ မှာ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
သွက်လက်ပြီး လူမှုဆက်ဆံရေးကောင်းတဲ့ ကိုခင်မောင်ညွန့်ဟာ လန်ဒန်မှာ နေရင်း မြန်မာနဲ့ ဆိုင်တဲ့အခမ်းအနားတွေမှာ ပါဝင်ခဲ့ရာက လစ်ဗာပူးမှာ အင်္ဂလိပ်မြန်မာကပြား စုံတွဲတတွဲကို ဘိသိက်သွန်း လက်ထပ်ပေးခဲ့ရဖူးပါတယ်။ အဲဒီအဆက် မြန်မာပြည် ပြန်ရောက်တော့လည်း ဘိသိက်ဆရာအလုပ်ကို ဆက်လုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
လူငယ်တွေကြားက ဆရာ
၁၉၆ဝ မှာ ပါရဂူဘွဲ့ယူပြီး မြန်မာပြည် ပြန်ရောက်လာပြီးနောက် ရန်ကုန်၊ မော်လမြိုင်၊ မန္တလေး စတဲ့ တက္ကသိုလ် ကောလိပ်တွေမှာ သမိုင်းဌာန ဆရာ အဖြစ် အမှုထမ်းခဲ့ပါတယ်။ ၁၉၆၂ ဆဲဗင်းဇူလိုင် အရေးအခင်းတွင်း ကျောင်းသားတွေ ပစ်ခတ်နှိမ်နင်းခံရချိန်မှာ ၃၃ အဓိပတိလမ်းအိမ်ရှေ့ကနေ ကိုယ်တိုင်မျက်စိနဲ့ မြင်ခဲ့သလို ကျောင်းသားတွေကို သူ့အိမ်မှာ နှစ်ည ထမင်းကျွေးပြီး ခေါ်ဝှက် ထားပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ ဖိနှိပ်အုပ်ချုပ်မှု ကို မကြိုက်ပေမယ့် ကျောင်းသားတွေနဲ့ အနီးစပ်ဆုံးက ဆရာတွေ ဖြစ်လို့ ကျောင်းသား တွေကို ရတဲ့နည်းနဲ့ သွန်သင်ပေးဖို့ လိုတဲ့အတွက် မြန်မာပြည်ထဲမှာ ဆက်နေခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီလိုစုတ်ပြတ်သတ်နေတဲ့ဘဝမှာ ကျောင်းသားကို ရတဲ့နည်းနဲ့ မျက်စိဖွင့်ပေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ဂျူးလီးယက်ဆီဇာကို သတ်သူဟာ သူ့လူယုံ ဘရူးတပ်စ်ဖြစ်လို့ အနီးဆုံးဟာ ကိုယ့်ရန်သူ ဖြစ်တတ်တယ်ဆိုတဲ့ သမိုင်းသင်ခန်းစာကိုလည်း ပို့ချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN
ဒေါက်တာခင်မောင်ညွန့် လမ်းစဉ်ပါတီအတွက် တိုင်းရင်းသားလူမျိုးစု ဓလေ့ထုံးစံတွေအကြောင်း ပြုစုရေးသားခဲ့သလို အစိုးရသတင်းစာတွေမှာ မြန်မာ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ သူသင်လာခဲ့တဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးသိပ္ပံပညာတွေကို မြန်မာလို သင်လို့ မရတဲ့အတွက် သင်ခွင့်မရခဲ့ဘဲ သမိုင်းကိုသာ သင်ခဲ့ရပါတယ်။ ကျောင်းသုံးသမိုင်းစာအုပ်တွေကိုလည်း ရေးခဲ့ပါတယ်။
၁၉၈၃ မှာ သူ့ကို မန္တလေးတက္ကသိုလ်ပို့ပြီး နိုင်ငံတကာဆက်ဆံရေးနဲ့ အုပ်ချုပ်ရေးဘာသာဌာနကို ဖွင့်လှစ်စေပါတယ်။ နိုင်ငံရေးသိပ္ပံကို နိုင်ငံတကာ ဆက်ဆံရေးအဖြစ် ပြောင်းသင်ပေးခဲ့ပြီး ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာမောင်အောင်မျိုး စတဲ့ လူတော်တွေကို မွေးထုတ်ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။ တောခိုသွားသူ၊ ဘုန်းကြီးဝတ်သွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann
ဗိုလ်ချုပ်ကြီးရဲ့ သံတမန်
ဒေါက်တာခင်မောင်ညွန့်ဟာ ယဉ်ကျေးမှု ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ အနုပညာဦးစီး၊ နိုင်ငံသမိုင်းသုတေသန၊ ရှေးဟောင်းသုတေသန ဌာနတွေမှာ ညွှန်ကြားရေးမှူးချုပ် လုပ်ရင်း ပြည်ပ ခရီးတွေကို သွားရပါတယ်။ တရုတ်ပြည်သွားခရီးတခုမှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းက တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ဆီ စကားမေးခိုင်းတာကို ကပွဲအတွင်းမှာ မေးခဲ့ရပါတယ်။ မေးခဲ့တဲ့အကြောင်းအရာကိုတော့ နိုင်ငံအကျိုးအတွက် ဘယ်သူမှမပြောပါဘူးလို့ ကျမ်းကျိန်ထားခဲ့လို့ ပြန်မပြောပြခဲ့ပါဘူး။ တိန့်ရှောင်ဖိန်ဆီက အိုကေ တခွန်းပြန်ပြောလို့ ချက်ချင်း သံရုံးကနေ ဦးနေဝင်းရှိတဲ့ ဆွစ်ဇာလန်ကို မိုးရွာတယ် ဆိုတဲ့ စကားဝှက်နဲ့ အကြောင်းကြားခဲ့ပါတယ်။ ဦးနေဝင်းဆီက ကိုခင်မောင်ညွန့် You've done very well! Thank you. ဆိုတဲ့ ချီးမွမ်း စကား ကလွဲပြီး ဘာဆုလာဘ်မှ မရခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ဒါမျိုး စေခိုင်းတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
တပါတီစနစ်ဟာ အာဏာရှင်ဖြစ်နေပြီမို့ ဖျက်ပစ်ရမယ်၊ ကျွန်တော်လည်း အာဏာရှင်ကြီးလို ဖြစ်နေပြီ၊ မကောင်းဘူး လို့လည်း ဦးနေဝင်းက သူ့ကို နှစ်ကိုယ်ချင်း ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ ဆဲဗင်းဇူလိုင် ဖြိုခွဲမှုနဲ့ ၁၉၈၇ က ငွေစက္ကူသိမ်းတာတွေမှာ သူ့အမိန့်မပါဘူးလို့လည်း ဦးနေဝင်းက ပြောခဲ့တယ်ဆိုပါတယ်။ ကျွန်တော်လည်း သခင်ရှုမောင်၊ တကသမဝင်ပေမယ့် တကသမှာ အစည်းအဝေးတက်ခဲ့ရတဲ့အကောင်၊ ကျွန်တော် ဒီလောက် မမိုက်ရိုင်းဘူးလို့ ဦးနေဝင်းက ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ ဘယ်သူ့လက်ချက်လဲလို့ မေးတော့လည်း မသိဘူးလို့ ဦးနေဝင်းက ပြောကြောင်း ဒေါက်တာ ခင်မောင်ညွန့်က ပြောပါတယ်။ ဒီလို ဦးနေဝင်းနဲ့ နီးစပ်ခဲ့ပေမယ့် မဆလနဲ့ နဝတ နှစ်ခေတ်လုံးမှာ ဒေါက်တာခင်မောင်ညွန့်ကို ညွှန်ကြားရေးမှူးချုပ်ရဲ့ အထက်အဆင့်ကို မပေးခဲ့ပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ တာဝန်တခုကို နဝတခေတ်မှာ ပေးအပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
သမိုင်းဖြစ်ရပ်မှန်သလား
၁၉၈၈ အရေးအခင်းအတွင်း ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ လူရာချီသတ်ဖြတ်ပြီး တက်လာခဲ့တဲ့ စစ်အစိုးရဟာ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသား ပြုစုရေးအဖွဲ့ဆိုပြီး ဒေါက်တာခင်မောင်ညွန့်ကို ဥက္ကဋ္ဌခန့်ပြီး ၁၉၈၉ မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီအဖွဲ့မှာ ဒေါက်တာအုံးခိုင်၊ ဒေါ်ခင်စု ၊ မောင်ထင် စတဲ့ ပညာရှင် စာရေးဆရာ တွေ ပါပြီး ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဒေါက်တာ နော်အင်ဂျလင်း၊ ဒေါက်တာ ခင်လှဟန် စတဲ့ အမေရိကန်၊ ဂျပန်နဲ့ ပြင်သစ်ပြန် ပါရဂူတွေ ရေးသားကြပေမယ့် စစ်တပ်နဲ့ စစ်အစိုးရအဆက်ဆက်ကို ခုခံပေးတဲ့ စာအုပ်တွေ ဖြစ်နေတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒီစာအုပ်တွေဟာ သမိုင်းဌာနကထက် ပြန်ကြားရေး ဌာနက ထုတ်သင့်တဲ့ စာအုပ်တွေ ဆိုပြီး မြန်မာနိုင်ငံသမိုင်းအဖွဲ့က ပုံနှိပ်ထုတ်ဝေပြီးသမျှ စာအုပ်တွေ ဆောင်းပါးမှာ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက ရေးခဲ့ဖူးပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ဒီစာအုပ်တွေကို ပြန်လည်ပြင်ဆင်ရေးသားဖို့ ပညာရှင်တချို့ စိုင်းပြင်းခဲ့ကြပြီး ၁၉၅၈ -၁၉၆၂ မြန်မာ့ နိုင်ငံရေး စာအုပ်ကို ထုတ်ဖို့ အသင့် ဖြစ်ကာမှ အာဏာပြန်သိမ်းတဲ့အတွက် ထုတ်မရ ဖြစ်နေပါတယ်။ ဒီစာအုပ်တွေကို ပြန်ရေးဖို့ ပြင်ချိန် ကလည်း ဒါတွေဟာ အမှန်တွေမို့ ပြင်စရာမလိုကြောင်း ဒေါက်တာ ခင်မောင်ညွန့်က မှတ်ချက်ပေးခဲ့ကြောင်း သမိုင်းပညာရှင်တယောက်က ပြောပါတယ်။ ၁၉၅၈ - ၁၉၆၂ မြန်မာ့နိုင်ငံရေး ပထမတွဲ အမှာစာမှာတော့ ပြည်ထောင်စုစစ်စစ် (ဖက်ဒရယ်) မူ ဟူသော ပြဿနာဆိုတဲ့ စကားရပ်ကို ဒေါက်တာ ခင်မောင်ညွန့် သုံးခဲ့ပါတယ်။ ဒီစာအုပ်တွဲ ၄ တွဲမှာ စစ်ကြီးအပြီးမှာ ပြည်ထောင်စု ထူထောင်ရေးကို ရေးရင်း ပြည်ထောင်စု ဘာကြောင့် ပျက်စီးရတယ် ဆိုတာကို ဝတ္ထုသွားကို ပြောပြီး ဝေဖန်ဆွေးနွေးမှု မရှိလို့ ညံ့တယ်လို့လည်း ဒေါက်တာသန်းထွန်းက ရေးပါတယ်။ ပြည်နယ်တွေ ပြည်မက ခွဲထွက်ခွင့်မပြုသင့် ဆိုတဲ့ အမြင်နဲ့ ရေးတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, bhidethescene
တပ်နဲ့ လစ်ဘရယ်ပရိယာယ်
ဒီလို နိုင်ငံတော်အဆက်ဆက်နဲ့ နီးစပ်ခဲ့ပေမယ့် တဘက်မှာတော့ မြန်မာပြည် ပညာရေး တိုးတက်ဖို့ အတွက် လစ်ဘရယ်ပညာရေး ခေါ်တဲ့ သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာ ဆက်ဆံရေး၊ သံတမန် ပညာတွေကို အဆင့်မြှင့် သင်ဖို့ လိုသလို ဝိဇ္ဇာ၊ သိပ္ပံနဲ့ ဆေး၊ စက်မှု စတဲ့ ပညာတွေမှာပါ တိုးတက်အောင် သင်ပေးဖို့ လိုတယ်လို့ ဒေါက်တာ ခင်မောင်ညွန့် မကွယ်လွန်ခင်က ပြောကြားခဲ့ပါတယ်။ မြန်မာပြည်ဟာ အထီးကျန် နေလို့မရဘဲ နိုင်ငံတကာနဲ့ ဝင်ဆံ့ အောင် ပေါင်းသင်းဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ မြန်မာ နိုင်ငံသားတွေဟာ နိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေးဘောဂဗေဒကို နားလည်အောင် သိထားမှ နိုင်ငံအတွက် ဆောင်ရွက်နိုင်မယ်လို့လည်း ပြောကြား ခဲ့ပါတယ်။
တခါ တပ်ထဲမှာ ဒုတိယဗိုလ်မှူးကြီးနဲ့ အထက်အဆင့်တွေကြား တပ်နဲ့ အုပ်ချုပ်လို့မရမှန်း သိကြတယ်လို့လည်း တပ်အရာရှိတွေကို ပို့ချခဲ့တဲ့ ဒေါက်တာ ခင်မောင်ညွန့်က ဆိုပါတယ်။ ဒါပေမဲ့ တပ်က မပါဘဲ နေလို့လည်း မရသေးဘူးလို့ ပြောပါတယ်။ ပရိယာယ်နဲ့ အောင်မြင်တာ ကိုယ့်လူဖြစ်တယ်၊ အကြမ်းနည်းနဲ့ အောင်တာဟာ တရက် ပြန်တုံ့ပြန်မယ်လို့ ကျောင်းသားတွေကို သင်ပေးခဲ့တဲ့ ဒေါက်တာ ခင်မောင်ညွန့် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive








