ဝန်ကြီးပြီးတော့ သူပုန်၊ သူပုန်ပြီးတော့ ဝန်ကြီး- မြန်မာ့နိုင်ငံရေး ဝင်္ကပါခရီး

ဓာတ်ပုံ ရင်းမြစ်, Fox Photos
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ မြတ်သက်မော် ဝတ္ထုမှာ နိုင်ငံရေးရည်မှန်းချက်ကြီးတဲ့ ဦးလူမော် ဆိုတဲ့ ဝန်ကြီးဟာ သူလိုတာမရလို့ တောခို သူပုန်ထတယ် ဆိုပြီး ပါရှိပါတယ်။ မြတ်သက်မော်ကိုရေးတဲ့ ၁၉၅ဝ ပြည့်လွန်နှစ်တွေဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်းမှာ အဆိုးဆုံး ဆယ်စုနှစ်ဖြစ်ပြီး နိုင်ငံရေးအုပ်စုတွေ ကွဲပြား ကာ ဖဆပလအစိုးရကို ပုန်ကန်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ ဒါကြောင့် အပြင်မှာ ရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပုန်ကန်တာကို ပုံရိပ်ယူပြီး တောခိုတဲ့ ဝန်ကြီး အကြောင်း ရွှေဥဒေါင်းက စာဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်ကြုံတွေ့ရတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာလည်း အလားတူ တောခိုတဲ့ ဝန်ကြီးဟောင်းတွေ ထပ်တွေ့ရတဲ့အပြင် တောထဲက ပြန်လာပြီး ဝန်ကြီး ဖြစ်တဲ့ သူပုန်ဟောင်းတွေပါ ရှိလာခဲ့ပါတယ်။
ဗိုလ်တွန်လမ်းစဉ်
ပဒေသရာဇ်သမိုင်းတလျှောက် နန်းလုတဲ့ ဖြစ်ရပ်များစွာ ရှိတဲ့အထဲမှာလည်း ဘုရင်ရဲ့ အထူးယုံကြည်ကိုးစားရတဲ့ ရဲဘက်ဗိုလ်ပါ ဝန်ကြီးတွေ ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။ ကုန်းဘောင်ခေတ်ကို အလောင်းဘုရားနဲ့ ယှဉ်တွဲ တည်ထောင်ခဲ့ကြတဲ့ မြင်းရည်တက် ခြောက်ကျိပ် ရှစ်ယောက် လူယုံတွေထဲက မင်းခေါင်နော်ရထာ ဘွဲ့ခံ မုဆိုးချုံ ဗိုလ်တွန်ဟာ အလောင်းဘုရား မရှိတဲ့နောက်မှာ ပုန်ကန်လို့ နှိမ်နင်းသတ်ဖြတ်ခံရပါတယ်။ ဘုရင်သတ်ရင် ဘုရင်ဖြစ်တယ် ဆိုပြီး ယုံကြည်တဲ့ ဓလေ့ကြောင့် ပုန်ကန် လုပ်ကြံမှုတွေ များတဲ့အတွက် မြန်မာမင်းအုပ်ချုပ်ရေးဟာ ဖိနှိပ်သတ်ဖြတ်မှုတွေ များပြီး မညီညွတ်ခဲ့ဘူးလို့ သမိုင်းပညာရှင်တွေက ယူဆပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလုပ်ကြံသတ်ဖြတ်တဲ့အလေ့ဟာ လွတ်လပ်ရေး ရခါနီးထိ ပျောက်မသွားခဲ့ဘဲ ဂျပန်ခေတ်မှာ ဝန်ကြီးဟောင်း စောဖေသာ မိသားစုကို မြောင်းမြ ကရင်-ဗမာ အဓိကရုဏ်း မှာ သတ်ဖြတ်မှု၊ အဓိပတိ ဒေါက်တာဘမော်ကို လုပ်ကြံရန် ကြံစည်မှု၊ ဂျပန်တော်လှန်ရေးအတွင်း ဒေါက်တာဘမော်အစိုးရဝန်ကြီး ဦးလှမင်းကို တော်လှန်ရေးသမားတွေ သတ်ဖြတ်မှု၊ ဒုတိယကမ္ဘာစစ် ပြီးစမှာ နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောကို သေနတ်နဲ့ လိုက်ပစ်မှုနဲ့ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးတွေ သတ်ဖြတ်ခံရတဲ့ နိုင်ငံတော်လုပ်ကြံမှုထိ ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာလည်း ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်တင်ထွဋ် ကားဗုံးခွဲ အသတ်ခံရမှုနဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို လုပ်ကြံရန် ကြိုးစားမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက် ပြည်တွင်းစစ် ရပ်စဲရေးအတွက် ရွှေပြည်အေးအဖွဲ့ မှာပါတဲ့ ဝန်ကြီးဟောင်း အမရပူရ ဦးဘသီကိုလည်း ရဲဘော်ဖြူ သူပုန်တွေက သတ်ဖြတ်ခဲ့ပါတယ်။
ဒီလို လက်နက်နဲ့ သတ်ဖြတ်တဲ့ ဓလေ့ ကြီးစိုးခဲ့တဲ့အတွက် နိုင်ငံရေးကို နိုင်ငံရေးနဲ့ မရှင်းဘဲ လက်နက်ကိုင် လူစုပြီး ပုန်ကန်တိုက်ခိုက်တဲ့နည်း၊ နိုင်ငံရေး ပြိုင်ဘက်ကို တောထဲ မောင်းပို့တဲ့နည်းတွေလည်း လွတ်လပ်ရေး ခေတ်ဦးကတည်းက အပြိုင်အဆိုင် ကျင့်သုံးခဲ့ကြတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ဂဠုန်၊ ကွန်မြူနစ်နဲ့ ရောင်စုံသူပုန်ခေတ်
မြန်မာပြည်ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နိုင်ငံရေးပုံစံဟာ ဒုတိယကမ္ဘာစစ်အတွင်း လက်နက်ကိုင်တပ်တွေ ပေါ်လာပြီးနောက် ပိုပြီး ဆိုးရွားလာပါတယ်။ မြေပြန့်က ဘုန်းတော်ကြီးတွေ၊ ကျောင်းသားနဲ့ သခင်တွေ၊ လယ်သမားတွေပါတဲ့ ဂျပန်ဖွဲ့ပေးတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် ပေါ်လာသလို တောင်ပေါ်ဒေသတွေမှာလည်း ဗြိတိသျှ စုဖွဲ့ပေးခဲ့တဲ့ ကရင်၊ ကချင်၊ ချင်း စတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာပါတယ်။ ရခိုင်၊ မြစ်ဝကျွန်းပေါ် နဲ့ ကရင်၊ ကချင်ဒေသတွေမှာ လူမျိုးရေး အဓိကရုဏ်းပုံစံ နှစ်ဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အသေအပျောက် များခဲ့ပါတယ်။ ရခိုင်မှာ အဲဒီခေတ် နိုင်ငံရေးအကျိုးဆက်ကို ကနေ့ထိ ဆက်ခံစားနေရပြီး ကရင်နဲ့ ကချင် လူမျိုးစု လက်နက်ကိုင် လှုပ်ရှားမှုတွေလည်း အားကောင်းနေဆဲ ဖြစ်ပါတယ်။
စစ်ပြီးစ ရခိုင်မှာ အလံနီကွန်မြူနစ်တွေရဲ့ ပုန်ကန်မှုတွေ ပေါ်လာပြီး မကြာခင်မှာ အာဇာနည် လုပ်ကြံမှု ဖြစ်ပွားပါတယ်။ ဒီလုပ်ကြံမှုကြောင့် စစ်မဖြစ်ခင်က နန်းရင်းဝန် ဖြစ်ခဲ့တဲ့ ဂဠုန်ဦးစောနဲ့ အပေါင်းအပါတွေကို လိုက်လံဖမ်းဆီးရာမှာ ရန်ကုန်နဲ့ နယ်တွေမှာ သိမ်းထားတဲ့ လက်နက်တွေကိုပါ ဖမ်းမိခဲ့ပါတယ်။ နောက် ဂဠုန်ဗိုလ်ချုပ် ဆိုတဲ့ စောရန်နောင်လည်း ပဲခူးနားမှာ ဖမ်းမိပြီး ပစ်သတ်ခံရပါတယ်။ ဒီလက်နက်တွေကို မသိမ်း မိခဲ့ရင်၊ ဦးစောအဖမ်းမခံရဘဲ လွတ်သွားခဲ့ရင် နိုင်ငံအခြေအနေဟာ အတော်ဆိုးသွားနိုင်စရာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
ဒါပေမဲ့ ပြည်တွင်းစစ် တကယ်ဖြစ်တာကတော့ အလံဖြူလို့ ခေါ်တဲ့ သခင်သန်းထွန်းတို့ အုပ်စု တောခိုချိန်မှ ဖြစ်ပါတယ်။ သူတို့ကို မြေပေါ်မနေနိုင်အောင် မောင်းထုတ်တယ် ဆိုသလို ဖဆပလယူခဲ့တဲ့ လွတ်လပ်ရေးကို အယုံအကြည်မရှိဘဲ ဂိုရှယ်စာတမ်းအရ တိုက်ခိုက်ဖို့ ပြင်ခဲ့တယ်လို့ စွပ်စွဲမှုလည်း ရှိပါတယ်။ ၁၉၄၈ မတ်လ ၂၈ မှာ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုပြီးနောက် တိုက်ပွဲတွေ စဖြစ်လာပါတယ်။ ဂျပန်ခေတ်က လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဖြစ်ခဲ့တဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မယားညီအစ်ကို တော်ပေမယ့် နိုင်ငံရေးမှာတော့ ကွဲပြားပြီး ၁၉၄၆ ကတည်းက ဖဆပလထဲက ကွန်မြူနစ်တွေ အထုတ်ခံခဲ့ရပါတယ်။ ၁၉၄၈ မှာ တောခိုပြီးနောက်မှာလည်း ကွန်မြူနစ်တွေ ပြန်လာဖို့၊ အစိုးရထဲပါဖို့ ဖဆပလဘက်က ကမ်းလှမ်းခဲ့ပေမယ့် သခင်သန်းထွန်းတို့ ငြင်းဆိုခဲ့ကြပါတယ်။ အနှစ် ၂ဝ တောခို တိုက်ခိုက်တဲ့ ကာလတွေအတွင်း စေ့စပ်ဆွေးနွေးမှု တွေ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ နောက်ဆုံး စစ်သားဟောင်းတယောက်က လုပ်ကြံလို့ သခင်သန်းထွန်း ပဲခူးရိုးမမှာ ကျဆုံး ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
ကွန်မြူနစ်တွေနောက် ဆက်ပြီးတောခိုတာကတော့ ဗိုလ်ချုပ်အောင်ဆန်းထားခဲ့တဲ့ ပြည်သူ့ရဲဘော်အဖွဲ့က ရဲဘော်ဖြူတွေ ဖြစ်ပါတယ်။ အာဏာရ ဆိုရှယ်လစ်ပါတီထဲက ခေါင်းဆောင်တွေနဲ့ မသင့်မြတ်မှုကြောင့် လက်ဝဲ ပိုယိမ်းတဲ့ ရဲဘော်ဖြူတွေ တောခိုပြီး ရဲဘော်ဝါတွေ နေရစ်ခဲ့ကြပါတယ်။ ရဲဘော်ဖြူ ခေါင်းဆောင် ဗိုလ်မှူးဖိုးကွန်းဟာ ပထမ တက္ကသိုလ် ကျောင်းသားသပိတ်ခေတ်က ခေါင်းဆောင်တယောက် ဖြစ်ပြီး တောင်ငူက အမျိုးသား ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။ တပ်မတော်ပြန်ဖွဲ့ဖို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကန္ဒီမှာ သွားဆွေးနွေးစဉ် သူ့ကို ယာယီစစ်သေနာပတိ ခန့်ခဲ့ပြီး နောက်ပိုင်း ပြည်သူ့ရဲဘော်အဖွဲ့မှာ ပါခဲ့ပါတယ်။ လွတ်လပ်ရေးရစ သခင်နု အစိုးရမှာ ပညာရေးဝန်ကြီး ဖြစ်ခဲ့ပေမယ့် ရဲဘော်ဖြူတွေ တောခိုချိန်မှာ လိုက်ပါသွားခဲ့ပါတယ်။ ၁၉၅၈ မှာ ရဲဘော်တွေ လက်နက်ချပြီးနောက် ပြည်သူ့ရဲဘော်ပါတီ တည်ထောင်ရာမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၆၂ အာဏာသိမ်းပြီးနောက် ထိုင်းနဲ့ ဆိုဗီယက်ကို သံအမတ်အဖြစ် ဗိုလ်ဖိုးကွန်း စေလွှတ်ခံခဲ့ရကာ နောက်ပိုင်းမှာ ရာထူးဝန်အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
အဲဒီနောက် တောခိုပုန်ကန်သူတွေကတော့ ကရင်အမျိုးသားကာကွယ်ရေးတပ်တွေ ဖြစ်ပါတယ်။ ခေါင်းဆောင် စောဘဦးကြီးဟာ ဗြိတိန်မှာ ပညာသင်ခဲ့တဲ့ မြေပိုင်ရှင် သူဌေးသား ဖြစ်ပြီး ဗြိတိသျှနဲ့ နီးစပ်သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအစိုးရမှာ ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့ပေမယ့် တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး အစောပိုင်းကပဲ နုတ်ထွက်ခဲ့ပါတယ်။ ၁၉၄၈ က စပြီး မြစ်ဝကျွန်းပေါ်နဲ့ တနင်္သာရီတိုင်းမှာ ကရင်တပ်တွေ လှုပ်ရှားလာတဲ့အချိန် အခြေအနေ ထိန်းဖို့ သူနဲ့ သခင်နုတို့ ကြိုးစားခဲ့ပေမယ့် မရဘဲ ၁၉၄၉ ဇန်နဝါရီလကုန်မှာ ကရင့်တော်လှန်ရေး စခဲ့ပါတယ်။ စောဘဦးကြီးကို ၁၉၅ဝ မှာ မော်လမြိုင်နားမှာ အစိုးရတပ် က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး သူကျဆုံးတဲ့နေ့ကို ကနေ့ထက်ထိ ကရင့်အာဇာနည်နေ့ အဖြစ် ကျင်းပဆဲ ဖြစ်ပါတယ်။
ကရင်တော်လှန်ရေးမှာ နောက်ထပ်ပါဝင်ခဲ့တဲ့ ဝန်ကြီးတယောက်ကတော့ အမေရိကန်နဲ့ ဗြိတိန်မှာ ပညာသင်ခဲ့တဲ့ စောစံဖိုးသင် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံမှုမှာ ခရီးလွန်နေလို့ ကပ်လွတ်သွားတဲ့ သယ်ယူ ပို့ဆောင်ရေးဝန်ကြီး စံဖိုးသင်ဟာ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့အိမ်မှာ မိသားစုနှစ်စု ပေါင်းနေခဲ့ရပါတယ်။ လွတ်လပ်ပြီးနောက် ကရင်ရေးရာဝန်ကြီး၊ အထူးတိုင်းမင်းကြီးဘဝကနေ အဖမ်းခံရသလို လွတ်ပြီးနောက် တောခိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ထိုင်းမှာ အင်္ဂလိပ်စာဆရာ လုပ်နေရာက ၁၉၅၈ မှာ အလင်းပြန်ဝင်လာခဲ့ပါတယ်။
ကရင်၊မွန် ပုန်ကန်မှုတွေနဲ့အတူ ပအိုဝ်းလူမျိုးတွေလည်း သထုံနဲ့ ရှမ်းပြည်ဘက်မှာ ပဒေသရာဇ် တော်လှန်ရေးနွှဲခဲ့ကြပါတယ်။ ပအိုဝ်းခေါင်းဆောင် ဦးလှဖေဟာ ကမ္ဘာစစ် မဖြစ်ခင်က အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး မြန်မာမဟုတ်တဲ့ တိုင်းရင်းသားတွေထဲက ပထမဆုံး ဒီနေရာရသူ ဖြစ်ပါတယ်။ စစ်အတွင်း ဒေါက်တာ ဘမော် အစိုးရမှာလည်း ဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၄၈ မှာ တောခိုပြီးနောက် ၁၉၅၈ မှာ ဦးလှဖေ အလင်းပြန်ဝင်လာပြီး ၁၉၆ဝ မှာ လွှတ်တော်အမတ် ဖြစ်လာသလို ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၆၂ အာဏာသိမ်းပြီးနောက် ၁၉၆၆ မှာ သူတောပြန်ခိုပြီး တောထဲမှာပဲ ၁၉၇၅ မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
၁၉၅၄ မှာတော့ ဘီအိုစီရေနံကုမ္ပဏီအကူအညီနဲ့ အာဏာသိမ်းဖို့ ဗိုလ်ချုပ်ကြီးနေဝင်းကို စည်းရုံးတယ် ဆိုပြီး ဝါရင့်နိုင်ငံရေးသမား ဦးဘဘေနဲ့ ဝန်ကြီးဟောင်းတချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီထဲက အမေရိကန်မှာ စာသင် ခဲ့တဲ့ ဦးသာယာဝတီမောင်မောင်ဟာ အာမခံနဲ့ အမှုရင်ဆိုင်နေစဉ်မှာ ကွယ်လွန်ခဲ့ပြီး ဘကြီးဘဘေကိုတော့ အသက်အရွယ်ကြီးရင့်လို့ ဆိုပြီး သခင်ကိုယ်တော်မှိုင်း စတဲ့ လုပ်ဖော်ကိုင်ဘက်တွေ တောင်းဆိုမှုကြောင့် နိုင်ငံတော်ပုန်ကန်မှုကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။
၁၉၅၈ အိမ်စောင့်အစိုးရခေတ်မှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတချို့ တောခိုခဲ့ပါတယ်။ ဒီထဲက သထုံအမတ် သခင်သိန်းမောင် တိုက်ပွဲကျခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, John Preito
ဗိုလ်ချုပ်ကြီးခေတ်က ပုန်ကန်ကြသူများ
၁၉၆၂ အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားနဲ့ စစ်ဗိုလ်တွေကို ဖမ်းဆီးထောင်ချခဲ့သလို တချို့လည်း အဖမ်းမခံဘဲ ရှောင်တိမ်းခဲ့ကြပါတယ်။ တချို့လည်း ထောင်က လွတ်ပြီးနောက် လက်နက်ကိုင် လှုပ်ရှားမှုအတွက် ပြည်ပကို ထွက်ပြီး ပုန်ကန်ခဲ့ကြပါတယ်။ ဒီထဲမှာ ထင်ရှားသူတွေကတော့ ညောင်ရွှေမဟာဒေဝီ၊ ဦးနု၊ ဗိုလ်လက်ျာ၊ ဗိုလ်စကြာ၊ ဗိုလ်မှူးချုပ် စောကြာဒိုးနဲ့ တီကလစ်၊ ဗိုလ်မှူးအောင်၊ ဦးဝင်း စတဲ့သူတွေ ဖြစ်ကြပါတယ်။
ဒီတခါမှာတော့ လွတ်လပ်ရေးခေတ်တလျှောက် ကောင်းစားခဲ့ကြတဲ့ သမ္မတဟောင်းကတော် ၊ ဝန်ကြီးချုပ်ဟောင်း၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း၊ လေတပ်ဦးစီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီး စတဲ့ လူကြီးပိုင်းထဲက ပဲ့ထွက်လာသူတွေရဲ့ ပုန်ကန်မှု ဖြစ်ပါတယ်။ ပုန်ကန်ရာမှာလည်း နဂိုရှိရင်း လူမျိုးစု ပုန်ကန်မှုထဲ ပူးပေါင်းသူ၊ ကိုယ်တိုင် ပုန်ကန်မှုအသစ် စတင်သူ စသဖြင့် ထွေပြားပါတယ်။ နောက်ပြီး ကမ္ဘာစစ် အတွင်းက ဗြိတိသျှနဲ့ ဂျပန်တပ်တွေကို တိုက်ခဲ့သူတွေ ပါသလို တိုက်ခိုက်ရေးအတွေ့အကြုံ မရှိသူတွေလည်း ပါပါတယ်။ သူတို့အားလုံးရဲ့ တူညီချက်ကတော့ ဘုံရန်သူ ဗိုလ်ချုပ်ကြီးနေဝင်းကို ဖြုတ်မချနိုင်ခဲ့တာပဲ ဖြစ်ပါ တယ်။ ခေါင်းဆောင်တချို့ နယ်စပ်မှာ ခေါင်းချသွားရသလို တချို့လည်း တတိယနိုင်ငံတွေဆီ ထွက်သွားရပါတယ်။ တချို့ကတော့ ဦးနေဝင်းဖိတ်ခေါ်မှုနဲ့ ၁၉၈ဝ မှာ မြန်မာနိုင်ငံထဲ ပြန်သွားကြပါတယ်။

ဒီအုပ်စုထဲမှာ အစောဆုံး တော်လှန်ရေးနယ်ထဲ ဆင်းသွားသူကတော့ ညောင်ရွှေမဟာဒေဝီ စဝ်ဟိန်ခမ်း ဖြစ်ပါတယ်။ မဟာဒေဝီ လန်ဒန်မှာ ရောက်နေတုန်း ရန်ကုန်မှာ အာဏာသိမ်းလို့ ခင်ပွန်း သမ္မတဟောင်း စော်ဘွားကြီး စဝ်ရွှေသိုက် အဖမ်းခံရကာ ထောင်ထဲမှာတင် နတ်ရွာစံခဲ့ပါတယ်။ နောက် အာဏာသိမ်းတပ်တွေ ကုက္ကိုင်းလမ်းထောင့်က အိမ်တော်ကို လာဝိုင်းချိန်မှာ သားတော် စဝ်မီမီသိုက် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါကြောင့် ခင်ပွန်းသည် မရှိတဲ့နောက် ကျန်တဲ့ သားတော်သမီးတော်တွေကို အပါခေါ်ပြီး ထိုင်းနယ်စပ်မှာ ရှမ်းတပ်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ အကွဲကွဲအပြားပြား ဖြစ်နေတဲ့ ရှမ်းတပ်တွေကို စုစည်းပြီး အက်စ်အက်စ်အေ ခေါ် ရှမ်းပြည် တပ်မတော်ကို မဟာဒေဝီနဲ့ သားတော် ယူဂျင်းသိုက် တို့ ခေါင်းဆောင်ခဲ့ကြပါတယ်။ အဲဒီအချိန်က ဗကပခေါင်းဆောင် သခင်သန်းထွန်းကိုယ်တိုင် တောခိုနေတဲ့ မဟာဒေဝီကို အစ်မတော်ဆိုပြီး တရိုတသေ ခေါ်ဆိုဆက်ဆံ ခဲ့ရတာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကနေဒါကို ထွက်ခွာပြီး အဲဒီမှာပဲ သူခေါင်းချခဲ့ပါတယ်။ နွံစစ်ဟန်ခေါ် ရှမ်းလက်နက်ကိုင် အဖွဲ့ ပေါ်ခါစကတည်း က မဟာဒေဝီနဲ့ စော်ဘွားတချို့က ထောက်ပံ့ခဲ့တယ် ဆိုပြီး စစ်အစိုးရထုတ် ပြည်တွင်းသောင်းကျန်းမှုသမိုင်း စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bert Hardy
၁၉၆၆ နောက်ပိုင်း နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်က ပြန်လွှတ်ပေးချိန်မှာ ဦးနုနဲ့ ဗိုလ်လက်ျာတို့ အိန္ဒိယကို ဆေးကုသွားမယ် ဆိုပြီး ထွက်သွားရာကနေ ပီဒီပီခေါ် ပြည်ချစ် လှုပ်ရှားမှု ပေါ်ပေါက်ခဲ့ပါတယ်။ ဗိုလ်နေဝင်း စစ်အစိုးရကတော့ ပြည်ပြေးလှုပ်ရှားမှု ဆိုပြီး ပြည်ချစ်ကို ပုတ်ခတ်ခဲ့ပါတယ်။ ဗိုလ်နေဝင်းနဲ့ သဘောကွဲပြီး တပ်ကထွက်ကာ အကျဉ်းကျခံရရာက ပြန်လွတ်လာတဲ့ ဗိုလ်မှူးချုပ်အောင်ကြီးက ဦးနုကို တောမခိုဖို့ လေဆိပ်ထိ လိုက်တားတယ်လို့လည်း သိရပါတယ်။ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းဖို့ လိုက်လာတဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးဝင်းကတော့ နယ်စပ်မှာ အမောဆို့ပြီး ကွယ်လွန်ခဲ့ပါတယ်။ နောက် ဗိုလ်နေဝင်းကို တော်လှန်ဖို့ ၁၉၆၅ ကတည်းက ထိုင်းမှာရောက်နေတဲ့ ဂျပန်ခေတ် ကာကွယ်ရေး ဒုဝန်ကြီးဟောင်း ဗိုလ်စကြာလည်း ဦးနုနဲ့ ပူးပေါင်းခဲ့ပေမယ့် ဘန်ကောက်မှာ နှလုံးရောဂါနဲ့ ၁၉၆၉ က ကွယ်လွန်ပါတယ်။
တကယ်တမ်းမှာတော့ သတင်းစာဆရာဟောင်း နေးရှင်းဦးလောရုံ အကူအညီနဲ့ ဗြိတိန်နဲ့ အမေရိကန်ဘက်မှာ ရန်ပုံငွေရှာပြီး သူပုန်ထခဲ့တဲ့ ဦးနုဟာ တကယ်တမ်းမှာတော့ တိုက်ပွဲတခုကို ဘယ်လိုစရမှန်းမသိတဲ့ နိုင်ငံရေး ခေါင်းဆောင်သာဖြစ်လို့ ပြည်ချစ်တပ် အကွပ်အကဲပျက်ပြီး ကျရှုံးခဲ့ပါတယ်။ သူနဲ့အတူ ခေါင်းဆောင်ခဲ့ကြတဲ့ ဗိုလ်လက်ျာ၊ တီကလစ်၊ စောကြာဒိုး၊ ဗိုလ်မှူးအောင် စတဲ့ စစ်ဗိုလ်ဟောင်းကြီးတွေက အသက် ၆ဝ တွင်း ရောက်လာတာအပြင် ဗဟိုက စုစည်းမှု မရှိဘဲ သူတလူငါတမင်း ခေါင်းဆောင်မှု မညီညွတ်တာနဲ့ စစ်ရေးတည်ဆောက်မှု မခိုင်မာတာ စတဲ့ အကြောင်းတွေကြောင့် ပြည်ချစ်တပ်ဟာ တည်ထောင်ပြီး နှစ်ပိုင်းအတွင်းမှာ စတင် ပြိုကွဲခဲ့ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Karen National Library
ထိုင်းနယ်စပ်မှာ အင်ဒိုချိုင်းနားနဲ့ မြန်မာဘက်က ဝင်လာမယ့် ကွန်မြူနစ်ရန်ကို ကာကွယ်ဖို့ ကြားခံတပ်လိုချင်တဲ့ ထိုင်းအစိုးရက အစပိုင်းမှာ လက်ခံထားပေမယ့် နောက်ပိုင်းမှာ ငြိုငြင်လာတဲ့အတွက် ဦးနုလည်း အိန္ဒိယ ထွက်သွားကာ ဦးလောရုံက အမေရိကန် ထွက်သွားခဲ့ပါတယ်။ ဗိုလ်နေဝင်းရဲ့ လေတပ်ဦးစီးချုပ်ဘဝကနေ နိုင်ငံခြားသူ ယူထားလို့ ဆိုလို့ ထွက်လာတဲ့ တီကလစ်ကတော့ သြစတြေးလျကို ပြောင်းအခြေချပါတယ်။ အဲဒီမှာ မှောင်ခိုလမ်းကြောင်းကို မှီခိုရပ်တည် နေရတဲ့ ဒုဝန်ကြီးချုပ်ဟောင်း ဗိုလ်လက်ျာနဲ့ ကာကွယ်ရေး ဒုဦးစီးချုပ်ဟောင်း စောကြာဒိုးတို့လည်း အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေ ရှိလာပြီး ဗိုလ်လက်ျာတို့ သားအဖ ကေအန်ယူ သတ်ဖြတ်တာ ခံခဲ့ရပါတယ်။ ဂျပန်ခေတ် အဓိပတိဟောင်း ဒေါက်တာဘမော်ရဲ့ မြေးအမြွှာ နှစ်ယောက်လည်း ဖခင် ဗိုလ်ရန်နိုင်နောက် လိုက်လာရင်း နယ်စပ်မှာ ကျဆုံးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
၁၉၈ဝ မှာ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အထမြောက်တဲ့အထိမ်းအမှတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အတွက် လွှတ်တော်ဥက္ကဋ္ဌနဲ့ နောက်ဆုံး အရပ်သား ကာကွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်မှူးအောင်၊ ဗိုလ်ရန်နိုင်၊ စောကြာဒိုး စသူတွေ မြန်မာပြည် ပြန်သွားကြပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဟောင်း ကျိုက်မရောဦးသွင်ကတော့ မပြန်ဘဲ ထိုင်းမှာ နေထိုင်ရင်း ၁၉၈၈ နောက်ပိုင်း လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၈၈ အရေးအခင်း အတွင်း မဆလအစိုးရဖွဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်မှာ စောကြာဒိုး ပါဝင်ခဲ့ပြီး နဝတလက်ထက်ထိ သက်ဆုံးတိုင် ကော်မရှင်အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ ဦးနုကတော့ ၁၉၈ဝ မှာ ပြည်တော်ပြန်ပြီး ပိဋကတ် ဘာသာပြန်အဖွဲ့ လုပ်ပါတယ်။ ၁၉၈၈ နိုင်ငံရေးမှာ တကျော့ပြန် ပြန်ပါလာပြီး စင်ပြိုင်အစိုးရ ဖွဲ့တဲ့အတွက် တခြား အတိုက်အခံတွေ အထင်လွဲတာလည်း ခံခဲ့ရပါတယ်။
ဒီလို ပြည်ပထွက်ပြီး ပုန်ကန်သူတွေ ရှိသလို ပြည်တွင်းမှာပဲ ဗိုလ်နေဝင်းကို အံတုဖို့ ကြိုးစားလို့ ဆိုပြီး စစ်အရာရှိတွေ အများအပြား ၁၉၆၅ မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီထဲက ဗိုလ်မှူးကြီး ဗထူးရဲ့သား ဗိုလ်မြင့်ထူး ရေကြည်အိုင် အကျဉ်းစခန်းမှာ ကွယ်လွန်ခဲ့ပြီး ပြည်ပထွက်ပြေးရတဲ့ ဗိုလ်ကြီးကျော်စွာမြင့်လို တပ်အရာရှိတွေလည်း ရှိခဲ့ပါတယ်။ နောက် တပ်ကထွက်ထားတဲ့ ဗိုလ်မှူးချုပ် အောင်ကြီး၊ ဗိုလ်မှူးကြီး ကြည်မောင် စတဲ့ စစ်အရာရှိငယ်တွေ လေးစားခံရတဲ့ စစ်ကောင်စီဝင်ဟောင်းတွေလည်း နှစ်ချီ ထိန်းသိမ်းခံခဲ့ရပြီး တပ်က ထွက်ကတည်းက အမြဲ စောင့်ကြည့်ခံနေရတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကတော့ ၁၉၇၆ မှာ အရှေ့မြောက်နယ်စပ်ကို မိသားစုလိုက် ထွက်ပြေးပြီး ဗကပနဲ့ ပေါင်းစည်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone
ပြည်ထဲရေး ဝန်ကြီးဟောင်း သခင်သာခင်ကတော့ မဆလသဘောတရားကို ရေးဆွဲတဲ့ ကိုကိုမောင်ခေါ် မောင်ချစ်လှိုင်ရဲ့ ယောက်ဖဖြစ်ပေမယ့် တပ်နဲ့ မပူးပေါင်းဘဲ သုံးနှစ်လောက် တိမ်းရှောင်နေခဲ့ပြီးမှ ဖမ်းဆီးခံခဲ့ရ ပါတယ်။ သြစတြေးလျရောက်နေတဲ့ သူ့သမီး ဒေါ်ခင်ပြုံးနဲ့ သမက် ဒေါက်တာခင်မောင်ကြွယ်တို့ဟာလည်း ၁၉၈၈ လှုပ်ရှားမှုမှာ ထိုင်းနိုင်ငံမှာ တက်ကြွစွာ ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။
အိမ်စောင့်အစိုးရမှာ ချင်းရေးရာဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးရာလ်မှုန်းကတော့ ၁၉၆၄ မှာ ဖြစ်တဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ်မတော် ပုန်ကန်မှုမှာ ပါဝင်ခဲ့ပြီးနောက် အလင်းပြန်ဝင်ပြီး ထန်တလန်ဘက်မှာ လယ်စိုက်ခဲ့ ပါတယ်။
၁၉၅၈ က ဦးနုရဲ့ သန့်ရှင်းအစိုးရမှာ ကျန်းမာရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ စူလတန်မာမွတ်ကတော့ ၁၉၆၂ အာဏာသိမ်းပြီးနောက် ဘင်္ဂလားဒေ့ရှ်ဖြစ်လာမယ့် အရှေ့ပါကစ္စတန်ဘက် ရှောင်တိမ်းကာ ၁၉၇ဝ မှ အလင်းပြန်ဝင် ခဲ့ပါတယ်။ မစ္စတာ မာမွတ်ဟာ စစ်အတွင်းကလည်း အိန္ဒိယလွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပါဝင်လို့ စစ်အပြီးမှာ ဗြိတိသျှဘက်က ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
၁၉၈၈ နောက်ပိုင်းမှာတော့ ဦးနေဝင်းနဲ့ သဘောကွဲပြီး ထွက်လာကြတဲ့ စစ်အရာရှိဟောင်းတွေ နယ်စပ်မှာ လာပြီး ကျောင်းသားတွေကို စစ်ပညာသင်ပေးကြပါတယ်။ ဒီထဲက ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်မှူးကြီး စိန်မြနဲ့ ဖဆပလခေတ်က ဝန်ကြီးဟောင်း သံမဏိဗိုလ်ခင်မောင်ဟာ ပြည်ပြေးလက်ဟောင်း ဝန်ကြီး ကျိုက်မရော ဦးသွင်လိုပဲ ထိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။
နဝတ-နအဖ ခေတ်တလျှောက်မှာတော့ ရာထူးက ထုတ်ပယ်ခံရ၊ အကျဉ်းချခံရတဲ့ ဗိုလ်ချုပ်ကြီး တွေ၊ စစ်ကောင်စီဝင်နဲ့ ဝန်ကြီးတွေ ရှိခဲ့ပေမယ့် ပြန်လည် ပုန်ကန်မှု တော့ မရှိခဲ့ပါဘူး။ ဗိုလ်ချုပ် သိန်းဆွေ၊ ဗိုလ်မှူးချုပ် အောင်ကို စတဲ့ စစ်ဗိုလ်ဝန်ကြီးဟောင်း တချို့ကတော့ ၂ဝ၁၂ အပြောင်းအလဲ နောက်ပိုင်းမှာ ဒေါ် အောင်ဆန်းစုကြည်နဲ့ နီးစပ်သွားပြီး ၂ဝ၁၆ အစိုးရမှာ ပါဝင်ခဲ့ပါတယ်။

အလင်းဝင် ဝန်ကြီးဖြစ်
တခြားဘက်မှာတော့ ၁၉၅၈ သန့်ရှင်းဖဆပလခေတ် မှာ အလင်းဝင်လာတဲ့ မွန်ပြည်သူ့ညီညွတ်ရေးတပ်ဦးက ဥက္ကဋ္ဌ နိုင်အောင်ထွန်းကို ၁၉၆၁ မှာ မွန်ရေးရာ ဝန်ကြီး ခန့်အပ်ခဲ့ပါတယ်။ မွန်နဲ့ ရခိုင်ပြည်နယ် အသစ်တွေ ပေးဖို့ စီစဉ်ချိန်မှာ ခန့်တာ ဖြစ်ပါတယ်။ ၁၉၆၂ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်အောင်ထွန်း ခြောက်နှစ် အဖမ်းခံခဲ့ရပါတယ်။ နိုင်အောင်ထွန်းဟာ အလင်းဝင်တုန်းကလည်း လက်နက်အားလုံးကို ယုံယုံကြည်ကြည်နဲ့ အပ်ခဲ့သူလို့ သိရပါတယ်။
တခြားဘက်မှာတော့ ၁၉၆၂ မှာ တက်လာတဲ့ တော်လှန်ရေးကောင်စီနဲ့ စေ့စပ်ပြီး အလင်းဝင်လာတဲ့ ကရင်လက်နက်ကိုင်တွေ ရှိပါတယ်။ သူတို့ထဲက ကေအန်ယူတပ်ဦးပါတီ အထွေအထွေအတွင်းရေးမှူး ဆရာ သာမြိုင် ခေါ် မန်းသာမြိုင်ကို ၁၉၇၂ မှာ တော်လှန်ရေးကောင်စီဝင်အဖြစ် ဦးဘညိမ်၊ ဒေါက်တာမောင်မောင်၊ ဦးဘငြိမ်းတို့နဲ့အတူ စစ်အစိုးရက ခန့်အပ်ခဲ့ပါတယ်။ ၁၉၇၄ ဆိုရှယ်လစ်နိုင်ငံ ပေါ်ထွန်းချိန်မှာ တခြား မြန်မာ စစ်ကောင်စီဝင်တွေ နိုင်ငံတော်အဆင့် ရာထူးတွေ ဆက်ရကြပေမယ့် မန်းသာမြိုင်ကတော့ သီရိလင်္ကာဆိုင်ရာ မြန်မာသံအမတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR
၂ဝ၂၁ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ကေအန်ယူ ဗဟိုကော်မတီဝင်ဟောင်း မန်းငြိမ်းမောင်ကို စစ်ကောင်စီဝင် အဖြစ် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ စတဲ့ တချိန်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့အတူ ခန့်ခဲ့ ပါတယ်။ မန်းငြိမ်းမောင်ဟာ ၁၉၆၇ မှာ မြေအောက်လှုပ်ရှားမှုနဲ့ ဆက်စပ် ဖမ်းဆီးခံရပြီး ၁၉၆၉ မှာ ကိုကိုးကျွန်း အပို့ခံခဲ့ရ ပါတယ်။ အဲဒီကနေ တခြားအကျဉ်းသားနှစ်ယောက်နဲ့အတူ လှေစပ်ပြီး ပင်လယ်ကို ဖြတ်သန်း ကျော်ဖြတ်ပြီးမှ တနင်္သာရီဘက်မှာ ထပ်မံဖမ်းဆီးခံခဲ့ရဖူးပါတယ်။ အဲဒီအတွေ့အကြုံကို ယူကာ သူနဲ့အတူ ကျွန်းမှာ နေခဲ့ဖူးတဲ့ စာရေးဆရာမြသန်းတင့်က ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဝတ္ထုကို ရေးခဲ့တာပါ။
စစ်ကောင်စီဘက်က လက်နက်ကိုင် သူပုန်ဟောင်းတွေကို ရာထူးပေးသလိုပဲ NLD ဘက်ကလည်း လူမျိုးစု လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်ဟောင်း တွေကို အမျိုးသား ညီညွတ်ရေး အစိုးရမှာ ဝန်ကြီး ရာထူးတွေ ပေးခဲ့ပါတယ်။ ချင်းအမျိုးသားတပ်ဦးက ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကို ဖက်ဒရယ်ရေးရာဝန်ကြီးနဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက ဦးချစ်ထွန်းကို ဒုဝန်ကြီး နေရာ ပေးခဲ့တာ ဖြစ်ပါတယ်။ မွန်ပြည်သစ် ပါတီက ဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းရွက်ကိုလည်း ကာကွယ်ရေး ဒုဝန်ကြီး ပေးခဲ့ကာ လွတ်လပ်ပြီးခေတ်မှာ ပထမဆုံး သူပုန်ဟောင်းထဲက ကာကွယ်ရေး ဌာနမှာ ခန့်အပ်ခံရသူ ဖြစ်ပါတယ်။
နောက်ထပ် ဝန်ကြီးနေရာအသစ်တွေလည်း ထပ်ချဲ့ပေးရင် ဘယ် လက်နက်ကိုင်ခေါင်းဆောင်တွေ အစိုးရထဲ ပါလာမလဲ ဆိုတာကိုလည်း မြန်မာပြည်ရဲ့ အာဏာချိန်ခွင် အလှုပ်အရမ်းကို မူတည် ခန့်မှန်းကြည့်ရမှာ ဖြစ်ပါ တယ်။








