မုန်တိုင်းကိုဆန်ပြီးပင်လယ်ကိုဖြတ်ခဲ့သူ ပဒိုမန်းငြိမ်းမောင်

Mahn Nyein Maung

ဓာတ်ပုံ ရင်းမြစ်, Mahn Nyein Maung

ဓာတ်ပုံ ပုံစာ, ကိုကိုးကျွန်းကို တကျော့ပြန်ရောက်
    • ရေးသားသူ, စောရန်နိုင်
    • ရာထူးတာဝန်, ဘီဘီစီအကြီးတန်းသတင်းထောက်

ကျွန်းကိုပို့တယ်ဆိုကတည်းက လမ်းဆုံးသွားပြီလေ။ အိမ်ပြန်ဖို့ဆိုတာ ဘာမှမျှော်လင့်လို့ မရဘူးလို့ ကရင်တော်လှန်ရေးသမား ပဒိုမန်းငြိမ်းမောင်က လေးနက်တည်ကြည်တဲ့ မျက်လုံးနဲ့ စိုက်ကြည့်ပြီး ပြောပါတယ်။

ကျွန်းပို့တယ်ဆိုတာ အကျဉ်းသား တယောက်အနေနဲ့ ဘယ်ချိန်ဘယ်အခါမှာ လွတ်မယ်ဆိုတာ မသိရဘူးလေ။ ကျွန်တော်တို့က နိုင်ငံရေးသမား၊ တော်လှန်ရေးသမားဆိုတော့ အလုပ်ဆက်လုပ်ဖို့ လိုတယ်။ အဲဒီအတွက် ဒီကျွန်းကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းကို ကျွန်တော်တို့ စဉ်းစားတယ်။ တကယ်လို့ မသေမပျောက်ဘဲနဲ့ ကမ်းခြေကိုပြန်ရောက်ရင် ကရင့်တော်လှန်ရေးကို ဆက်လုပ်လို့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပဒိုမန်းငြိမ်းမောင် က ဘီဘီစီကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဗဟိုကော်မတီဝင် ခေါင်းဆောင်တယောက်ဖြစ်တဲ့ မန်းငြိမ်းမောင်ဟာ ဇူလိုင်လ ၁၉၆၇ ခုနှစ်က ကရင့်တော်လှန်ရေး မြေအောက်ရဲဘော်အဖြစ်နဲ့ အဖမ်းခံရတာ ဖြစ်ပြီး ၁၉၆၉ ခုနှစ် မှာတော့ နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကျော်နဲ့အတူ ကိုကိုးကျွန်းကို ပို့ခံရတာပါ။

burma

ဓာတ်ပုံ ရင်းမြစ်, Mahn Nyein Maung

ဓာတ်ပုံ ပုံစာ, မြို့ဖြစ်နေတဲ့ ကိုကိုးကျွန်း

အပြန်လမ်းမရှိတဲ့ ဒီကျွန်းမှာနေရင်း အန္တရာယ်များတဲ့ စွန့်စားခန်းတခုကို ပဒိုမန်းငြိမ်းမောင်နဲ့ အဖော်သုံးယောက်က အစီအစဉ်ဆွဲလိုက်ပါတယ်။ အဲဒီအစီအစဉ်ကတော့ ကိုကိုးကျွန်းကနေ ထွက်ပြေး နိုင်အောင် လှေတစင်းကို ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလှေကို ထောင်အာဏာပိုင်တွေ လုံးဝ မသိအောင် ရှစ်လလောက် ဆောက်ခဲ့ရပါတယ်။

ထောင်နဲ့ဝေးပြီး ထောင်အာဏာပိုင်တွေမမြင်တဲ့ ချုံတောတနေရာမှာ အဲဒီလှေကို နေ့တိုင်းလိုလို တယောက်ကင်းစောင့်ပြီး နောက်တယောက်က လှေကိုခိုးစပ်ခဲ့ရတယ်လို့ မန်းငြိမ်းမောင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက်က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။ ပဒိုမန်းငြိမ်းမောင်နဲ့အတူ ကိုကိုးကျွန်းက ထွက်ပြေးဖို့ ကြိုးစားခဲ့သူတွေက မန်းအောင်ကြည်နဲ့ ဦးအောင်ငွေတို့ ဖြစ်ကြပါတယ်။

ဗီဒီယို ပုံစာ, ထောင်ဖောက်ပြီး ပင်လယ်ခရီးကြမ်း နှင်ခဲ့သူ

လှေကိုဆောက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တုန်းကတော့ လုပ်ဖော်ကိုင်ဘက်တွေ တော်တော်များများက အန္တရာယ်အလွန်ကြီးတဲ့ စွန့်စားခန်းပဲလို့ မှတ်ချက်ပေးကြသလို တချို့ကတော့ အလွန်ကြမ်းတမ်းမယ့် တိုက်ပွဲပဲလို့ ပြောကြတာလည်း ရှိပါတယ်။ အသက်ရှင်လွတ်မြောက်ဖို့လည်း မျှော်လင့်ချက် အလွန်နည်းတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ မန်းငြိမ်းမောင် လက်မလျှော့ခဲ့ပါဘူး။ တော်လှန်ရေးဆက်လုပ်ဖို့ အတွက်ဆိုရင် ဒီကျွန်းကနေလွတ်မှဖြစ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။

burma
ဓာတ်ပုံ ပုံစာ, ဒီကျွန်းကနေလွတ်မှဖြစ်မယ်

ထောင်အာဏာပိုင်တွေမသိအောင် လှေကို ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း ဆောက်ခဲ့ရပါတယ်။ ထောင်စောင့်တွေမသိအောင် သူတို့သွားလာတဲ့လမ်းကြမ်းက ခြေရာတွေကိုဖျောက်ပြီး လှေကို ခိုးဆောက် ခဲ့ပါတယ်။ ကျွန်းကနေ လှေနဲ့ ပင်လယ်ပြင်ထဲ ထွက်ပြေးတဲ့အခါမှာ စားဖို့အတွက် သခွားသီးတွေ၊ ကန်စွန်းဥတွေနဲ့ ပင်လယ်လိပ်တွေကိုရှာ၊ အခြောက်လှန်းပြီး ရိက္ခာအဖြစ် သိုလှောင်ခဲ့ပါတယ်။

လှေဆောက်ပြီးလို့ အားလုံးအဆင်သင့်ဖြစ်တဲ့ ညတညမှာတော့ လုပ်ဖော်ကိုင်ဖက်တွေကို တိတ်တဆိတ် နှုတ်ဆက်ခဲ့ပြီး တော်လှန်ရေးသမားသုံးယောက် ခရီးကြမ်းစတင်ပါတော့တယ်။ ကိုကိုးကျွန်းက ထွက်ခွာမယ့် ညမှာ လရောင်အောက်က လှိုင်းတွေကမ်းခြေကို ပြေးဆော့ရိုက်ခတ်သံဟာ မန်းငြိမ်းမောင်ရဲ့ ခံစားချက်ကို ရှုပ်ထွေးစေခဲ့ပါတယ်။ လွတ်မြောက်သူတယောက် ဖြစ်တော့မယ် ဆိုတာကိုတွေးပြီး ဝမ်းသာရမလို၊ ကိုကိုးကျွန်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခွဲခွာရမှာကို ဝမ်းနည်းရ မလိုလို ဖြစ်စေခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Mahn Nyein Maung

ဓာတ်ပုံ ပုံစာ, ကျွန်းပေါ်က အဆောက်အအုံပျက်

ကျွန်းကနေ ထွက်ခဲ့ပြီး ဒုတိယနေ့မှာပဲ ကံမကောင်း အကြောင်းမလှစွာနဲ့ မုန်တိုင်းမိပါတယ်။ မုန်တိုင်းမိတဲ့အခါမှာ လှိုင်းလုံးတွေက အတော်ကြီးပြီး လှေကိုရိုက်ခတ်ခဲ့တယ်။ ရေတွေလည်း လှေထဲကို ဝေါခနဲ ဝေါခနဲဝင်ပြီး လှေပျက်မှာကို အတော်စိုးရိမ်ခဲ့တယ်လို့ မန်းငြိမ်းမောင်က ပြောပါ တယ်။ ဒါပေမဲ့ လှေရဲ့ဘေးတွေမှာ ဝါးလုံးဖောင်နဲ့ တွဲချည်ထားတဲ့အတွက် လှေကမြုပ်တာ၊ ကွဲသွားမဖြစ်ဘဲ မုန်တိုင်းဒဏ်ကို ခံနိုင်ခဲ့ပါတယ်။

ပင်လယ်ထဲမှာ ၁၄ ရက် ဖြတ်ကျော်ခဲ့ပြီးနောက် ထားဝယ်အထက်က ရေးချောင်းအဝကို မန်းငြိမ်းမောင်နဲ့ အဖော်နှစ်ယောက် ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ မြန်မာစစ်တပ် ပြန်လည်ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ သက်စွန့်ဆံဖျား မုန်တိုင်းကိုဆန်ပြီး ပင်လယ်ကို ဖြတ်ကျော်ခဲ့ရတဲ့ ခရီးကြမ်းဟာ ပဒိုမန်းငြိမ်းမောင် အတွက်တော့ မှန်းချက်နဲ့နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပါတယ်။

burma
ဓာတ်ပုံ ပုံစာ, ဘီဘီစီကို အတွေ့အကြုံတွေ ပြန်ပြောပြ