စိန်စိန် ၊ ခွဲခြားမှုတောင်အထပ်ထပ်ဖြိုခဲ့တဲ့ စာဆိုမယ်
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
သာယာဝတီ စိန်စိန်၊ သခင်မစိန်စိန်လို့ သိကြတဲ့ စာရေးဆရာမ စိန်စိန် ကွယ်လွန်တာ အနှစ် ၅ဝ ပြည့်ခဲ့ပါပြီ။ စိန်စိန်ဟာ ရိုးမတောင်ကြီးကို ဖြိုလိုက်ချင်တော့၊ လွမ်းသစ္စာတိုင်၊ သားလိမ္မာ စတဲ့ နာမည်ကြီး ဝတ္ထုတွေ ရေးခဲ့သူအဖြစ် လူသိများခဲ့သလို ခရီးဝင်္ကပါ နာမည်နဲ့ သူ့ရဲ့ ဘဝဒုက္ခတွေကို ရေးဖွဲ့ပြခဲ့လို့လည်း ကျော်ကြားခဲ့ပါတယ်။ စိန်စိန်ကို လူသိအများဆုံး အချက်ကတော့ ကိုယ်ရေပြားရောဂါသည်ဘဝ ခွဲခြားမှုတွေကြားက အောင်မြင်တဲ့ ကလောင်ရှင်ဘဝကို တက်လှမ်းနိုင်ခဲ့လို့ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Print Collector
သာယာဝတီက မိန်းမကလေးများ
စိန်စိန်ဟာ သားသမီးရှစ်ယောက်ရှိတဲ့ လယ်သမားမိသားစုမှာ သမီးထွေးအဖြစ် ၁၉၂၈ မှာ မွေးဖွားခဲ့သူမို့ တမိသားစုလုံးရဲ့ အသည်းအညှာဖြစ်ပါတယ်။ ခင်ခင်၊ ဖွားဖွား၊ မြင့်မြင့်၊ အုန်းအုန်း၊ သန်းသန်း၊ ထားထား စတဲ့ ညီအစ်မတွေကြားမှာ အပုဆိုတဲ့ အမည်ရခဲ့တဲ့ စိန်စိန်ဟာ ကလေးဘဝက အေးဆေး တည်ငြိမ်ပြီး လူကြောက်တတ်ကြောင်း စိန်စိန်ရဲ့ အတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။ ဒါပေမဲ့လည်း ငယ်စဉ်ကတည်းက ပုံနားထောင်ရတာ ဝါသနာပါပြီး အဲဒီကနေ စာဖတ် ဝါသနာဘက် ရွှေ့လာခဲ့ပါတယ်။
စိန်စိန် ကလေးဘဝ ကြီးပြင်းခဲ့ရတဲ့ ၁၉၃ဝ ပြည့်လွန်နှစ်တွေဟာ မြန်မာနိုင်ငံသမိုင်းမှာ လှုပ်ခတ်မှုတွေ ပြန်ပေါ်လာတဲ့ ဆယ်စုနှစ်ကြီး ဖြစ်ပြီး လက်ရှိ မတည်ငြိမ်မှုတွေ မြစ်ဖျားခံခဲ့တဲ့ ခေတ်လည်း ဖြစ်ပါတယ်။ သူ့ချက်မြှုပ်ဇာတိ သာယာဝတီနယ်ဟာလည်း ဆရာစံသူပုန်ကြီး ထခဲ့တဲ့နယ်ဖြစ်လို့ နိုင်ငံရေး အင်မတန်နိုးကြားသလို အာဇာနည်ခေါင်းဆောင်ကြီး ဖြစ်လာမယ့် သခင်မြရဲ့ မြို့ ဖြစ်ပါတယ်။ သူ့ဖခင် ကိုယ်တိုင်နှိုက်က လယ်သမားအရေး တက်ကြွသူ သခင်တယောက် ဖြစ်လို့ စိန်စိန်ဟာ နိုင်ငံရေးနဲ့ ကြီးပြင်းလာသူ တယောက် ဖြစ်ပါတယ်။
သူပုန်နောက်ဆက်တွဲ ဆင်းရဲကျပ်တည်းမှု၊ ပညာရေးနဲ့ လူနေမှု ချို့တဲ့မှုတွေကို သူကိုယ်တိုင် ကလေးဘဝကတည်းက သိကြုံခဲ့ပါတယ်။ မိဘတွေရဲ့ အိမ်ကြီး ကို ရောင်းချပြီး အိမ်သေးလေးမှာ ငှားနေရတာ၊ ရပ်ကွက်ထဲက မြန်မာစာသင်ကျောင်းမှာ မူလတန်းအောင်ပြီးနောက် အလယ်တန်းကျောင်း တက်ဖို့ အခက်အခဲရှိလို့ ခဲအို ကျောင်းဆရာရှိရာ ရွာကိုသွားပြီး နေရတာ စတဲ့ ဘဝအခက်အခဲတွေကို ဆယ်နှစ်သမီး အရွယ်ကတည်းက စိန်စိန် တွေ့ကြုံ ခဲ့ပါတယ်။ ရောက်တဲ့နေရာမှာ ပျော်အောင် နေတတ်တဲ့ စိန်စိန်ဟာ ဇီးကုန်း ကျေးလက်မှာလည်း သူငယ်ချင်းသစ်တွေရပြီး ဖတ်စရာ စာကို ရအောင် ရှာဖတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone
အာရှလူငယ်နဲ့ စာပေပွင့်သစ်
ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်ကို ကူးချိန်မှာတော့ စိန်စိန် ဆယ်ကျော်သက်အရွယ် ရောက်နေပါပြီ။ အပျိုဖော်ဝင်ချိန် ဖြစ်ပေမယ့် စာပေနဲ့ နိုင်ငံရေးဘက် အားသန်တဲ့ စိန်စိန်ဟာ တို့ဗမာအစည်းအရုံး၊ အာရှလူငယ် စတဲ့ အဖွဲ့အစည်းပေါင်းစုံမှာ ပါဝင်ပြီး လှုပ်ရှားတက်ကြွသူ ဖြစ်နေပါတယ်။ အသက် ၁၈ နှစ် မပြည့်သေးပေမယ့် တို့ဗမာမမှူး ရာထူးနဲ့ အမျိုးသမီးဌာနခွဲမှာ ပါဝင်ခဲ့ရပြီး ရဲရဲတောက် စိန်စိန်လို့ ကျော်ကြားခဲ့ပါတယ်။ ဂျပန်ခေတ် ချွေးတပ်ဆွဲခံရသူ တွေကို ဝန်ထမ်းတပ်သားကြီးတွေ ဆိုပြီး မြှောက်ပင့် ဟောပြောမိခဲ့လို့ စိတ်မကောင်း ဖြစ်ရကြောင်း နောက်ပိုင်းမှာ စိန်စိန် ရေးခဲ့ပါတယ်။
စစ်အတွင်း မဟာမိတ်နဲ့ ဖက်ဆစ်တပ်တွေကြား ကပ်ကြီးသုံးပါး မြေစာပင် ဖြစ်ရတဲ့ မြန်မာတွေရဲ့ဘဝကို စိန်စိန် ကိုယ်တိုင် စစ်ပြေးအဖြစ် ကြုံတွေ့ခဲ့ ပါတယ်။ တော်လှန်ရေး သမားတွေကို ကူလို့ ဆိုပြီး သခင်ခေါင်းဆောင်တချို့နဲ့ မြန်မာအရာရှိတချို့ကို ဖက်ဆစ်တွေ ဖမ်းဆီးသတ်ဖြတ်တာကိုလည်း သူမြင်တွေ့ ကြားသိခဲ့ပါတယ်။ စစ်ပြီးစ သာယာဝတီမြို့ပေါ်မှာ မဟာမိတ် တပ်ပေါင်းစုံ တန်ခိုးထွားနေချိန်မှာ မြို့စွန်က ရွာကလေးတွေမှာ ငှက်ဖျား တက်ရင်း လယ်ပုစွန်လုံး ဖမ်းစားနေရတဲ့ မျိုးချစ်ဗမာ့တပ်မတော်သားတွေအတွက်လည်း သူ ရင်ထုမနာ ဖြစ်ခဲ့ပါတယ်။
စစ်ပြီးစ လွတ်လပ်ရေးရဖို့ တာစူနေချိန်မှာပဲ ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ပါတယ်။ သူ့ရင်ထဲက ခံစားမှု ဝေဒနာကို ချုပ်ထိန်းမထားနိုင်တဲ့ စိန်စိန်ဟာ ခရီးဆက်ကြပါစို့ ဆိုတဲ့ လေးချိုးကြီးတစောင်ရေးပြီး တိုင်းရင်းသူဂျာနယ်မှာ ဂနိုင်မေ အမည်နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Topical Press Agency
စိန်နဲ့တိုးတဲ့ စိန်
တကယ်က စိန်စိန်ဟာ စစ်ပြီးစမှာကတည်းက အနာကြီးလို့ခေါ်တဲ့ ကိုယ်ရေပြား ရောဂါ စွဲကပ်စပြုနေပြီ ဖြစ်လို့ လူထဲမသွားရဲအောင် ဖြစ်ခဲ့ပါတယ်။ ဒီရောဂါကြောင့်ပဲ မပြီးဆုံးသေးတဲ့ ဆယ်တန်းစာမေးပွဲ ဆက်မဖြေနိုင်သလို သူဝါသနာသန်တဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စာပေအလုပ်တွေကနေ နားခဲ့ရ ပါတယ်။ ရောဂါသည်တွေ အများပြည်သူသုံးတဲ့ ရေတိုင်တွေမှာ ရေမချိုးဖို့ စည်ပင်က သတိပေးတဲ့စာကို သူရခဲ့ဖူးသလို အရင်က သိကျွမ်းခဲ့သူတွေက မမြင်ယောင်ဆောင်တာ၊ လမ်းသွားရင် သူများကို စေ့စေ့မကြည့်ရဲတာ စတဲ့ စိတ်ဝေဒနာတွေ ခံစားခဲ့ရပါတယ်။
အဲဒီခေတ်က ဒီရောဂါစွဲကပ်လာရင် ကုရာနတ္ထိလို့ ရှုမြင်ကြပြီး ဆရာဝန်နဲ့ တိုင်ပင်ကုသတာလည်း ရှားပါတယ်။ ရောဂါသည်တွေကို သီးသန့်ခွဲ ကုသပေးတဲ့ ခရစ်ယာန်သာသနာပြု ဆေးရုံတွေကိုလည်း မိသားစုနဲ့ခွဲပြီး မသွားလိုကြပါဘူး။ ဒါကြောင့် ဆရာရမ်းကုနဲ့ ပျောက်စေဆရာတွေလက်ချက်နဲ့ ရောဂါကျွမ်း ဆေးမှားပြီး သေဆုံးသူတွေ ရှိသလို ငွေအလိမ်ခံရသူတွေ များခဲ့ပါတယ်။ ဒီနားမလည်မှုရဲ့ သားကောင်တွေထဲမှာ စိန်စိန်လည်း ပါဝင် ခဲ့ပါ တယ်။
စိန်စိန်ကိုယ်တိုင် သမားတုတွေဘေးကြောင့် အဲဒီခေတ်က ငွေရာချီကုန်ခဲ့ရုံသာမက သေဘေးနဲ့ တိုးခဲ့ဖူးပါတယ်။ ကျေးလက်ဆရာတယောက်က စိန်ပါတဲ့ ဆေး သောက်ခိုင်းလို့ သေမတတ်ဖြစ်ခဲ့သလို ရန်ကုန်မြို့ပေါ်မှာ မပျောက်ရင်ငွေမယူဘူးဆိုပြီး ကြော်ငြာလိမ်နဲ့ ဆေးခန်းဖွင့်စားတဲ့ ဆေးဆရာမိသားစုရဲ့ နှိပ်စက်မှုကိုလည်း ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်း ထောက်မစွာနဲ့ သူနဲ့ခင်တဲ့ လူထုပညာရေးမှူးတယောက်ကတဆင့် အနာကြီးရောဂါ တိုက်ဖျက်ရေး ဌာနဲ့ ဆက်သွယ်မိပြီး စနစ်တကျ ကုသနိုင်ခဲ့ပါတယ်။ ၁၅ နှစ်လောက် စွဲကပ်ခဲ့တဲ့ ဝေဒနာကို မိသားစုနဲ့ မိတ်ဆွေတွေရဲ့ ဖေးမမှု၊ စိတ်ခွန်အားတွေနဲ့ ကြံ့ကြံ့ခံခုခံပြီး ပျောက်ကင်းခဲ့ရုံမက စာပေဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
စိန်စိန်ဟာ စာရေးဆရာ တင့်တယ် ဘာသာပြန်တဲ့ ပန်းရောင်ဝတ္ထုကို ဖတ်ပြီး အမေရိကန်တောင်ပိုင်းက လူဖြူ လူမည်းခွဲခြားမှုမှာ သားကောင်ဖြစ်ခဲ့ရတဲ့ လူမည်းကပြား မိန်းကလေးနဲ့ သူ့ဘဝကို နှိုင်းစာအားယူခဲ့သလို ဒီဝတ္ထုကို သူနဲ့အတူ ဆေးကုခဲ့ကြတဲ့ အမျိုးသမီးတွေကို ဖတ်ပြပြီး အတူငိုမိကြတယ်လို့ သိရပါတယ်။ နောက်ဆုံး စာရေးဆရာမန်းတင် ပြန်ဆိုတဲ့ သွေးဆိုးသွေးညစ် ဝတ္ထုကို ဖတ်ပြီး ကိုယ်ရေရောဂါ ပျောက်ကင်းခဲ့ရင် သူ့ဘဝအဖြစ်ကို လူသိအောင် ရေးပြမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
မီးရောင်အောက်က မိတ်ဆွေများ
၁၉၅၄ မှာ သားလိမ္မာဝတ္ထုနဲ့ ရှုမဝတထောင်ဆု ရခဲ့ပါတယ်။ ကျေးလက်ပညာရေးကို အားပေးတဲ့ လှုံ့ဆော်တဲ့ သားလိမ္မာဟာ သူကိုယ်တိုင် ငယ်ဘဝက ဆင်းရဲချို့တဲ့မှုကြောင့် ပညာလိုချင်ပါရက်နဲ့ ကျောင်းကောင်းကောင်းမနေခဲ့ရတဲ့အဖြစ်က စေ့ဆော်ရေးသားပုံရသလို သူ့အစ်မဝမ်းကွဲ နတ္တလင်း တင်ပြင်ခွေ ရွာက စာမတတ်တဲ့ မအေးမှိန်ကို အကြောင်းပြု ရေးခဲ့တာလို့ စိန်စိန်က ဆိုပါတယ်။ ဒီလိုဆုရပေမယ့် စိန်စိန် မပျော်နိုင်ခဲ့ပါဘူး။ အနူဆိုတဲ့ ရိုင်းစိုင်းတဲ့ စကားလုံးနဲ့ ခွဲခြားခံရတဲ့ သူ့ဘဝကြောင့် လူကြားသူကြားထွက်ပြီး ဆုမယူရဲပါဘူး။ ရှုမဝပိုင်ရှင်တွေ နဲ့ စာပေလူကြီးတွေရဲ့ စာနာအားပေးမှုနဲ့ နောက်ဆုံး ဆုယူဖို့ ဆုံးဖြတ်ပြီး လူကြားထဲ ဝင်လာခဲ့ပါတယ်။ ရှုမဝ ဦးကျော်၊ တင့်တယ်၊ ငွေဥဒေါင်း၊ မောင်ထင်၊ ဒဂုန်နတ်ရှင်၊ ဂျာနယ်ကျော်တင့်ဆွေ စတဲ့ ပွဲခင်း ထဲမှာ သူ့ကို မိတ်လာဖွဲ့ကြတဲ့ စာရေးဆရာကြီးတွေမျက်နှာမှာ ငြိုငြင်တာ၊ မနှစ်လိုတာတွေ ကင်းစင်ပြီး အများသူငါကို ဆက်ဆံသလို ပေါ့ပါး လန်းရွှင်စွာ ဆက်ဆံပြောဆိုကြတဲ့ ကျေးဇူးကို သူမမေ့နိုင်အောင် ရှိရကြောင်း စိန်စိန်က အမှတ်တရ ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဆုရပြီးနောက်ပိုင်း ခင်မျိုးချစ်၊ သန်းဆွေ ၊ ရန်အောင် စတဲ့ စာပေနယ်က မိတ်ဆွေသစ်တွေက စိန်စိန်ကို အရင်းအချာလို အားပေးစောင့်ရှောက်ကြပါတယ်။ ခင်မျိုးချစ်နဲ့ သူ စာရှည်ကြီးတွေ ရန်ကုန်နဲ့ သာယာဝတီကြား အပြန်အလှန်ရေးကြသလို စွန်းလွန်းတရားရိပ်သာဝင်ဖို့လည်း စိန်စိန့်ကို ခင်မျိုးချစ်က အားပေးခဲ့ပါတယ်။ စိန်စိန် စတရားအားထုတ်စ ပင်ပန်းတဲ့ စွန်းလွန်းနည်းကြောင့် အော့အန်မိတဲ့ အညစ်အကြေးတွေကို ခင်မျိုးချစ်ကိုယ်တိုင် မရွံမရှာ ဆေးကြော သန့်စင်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၂ လောက်က စာရေးဆရာ မောင်နေဝင်း၊ သန်းဆွေနဲ့ မောင်သိင်္ခတို့ စိန်စိန့်အိမ်လာလည်ကြတော့ စိန်စိန် က စပါးလင်ဖူးသုပ် လုပ်ကျွေးပါတယ်။ ကိုယ်ရေရောဂါခံစားခဲ့ရသူတယောက် သုပ်ကျွေးတာကို သာမန်အနေနဲ့ စားဖို့ ခက်ပေမယ့် နှစ်ပေါင်းများစွာ ဝေဒနာခံစားခဲ့ရတဲ့ စာပေသမားတယောက်ကို စိတ်ဓာတ်မကျစေချင်တာရော၊ ခင်မင်မှုကို ပြချင်တဲ့အတွက်ပါ စားခဲ့ကြတယ်လို့ မောင်နေဝင်းက စိန်စိန် ကွယ်လွန်ချိန် မိုးဝေ မဂ္ဂဇင်းမှာ အမှတ်တရ ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bert Hardy
မြန်မာပြည်ရဲ့ မသန်စွမ်းစာဆို
စိန်စိန်ဟာ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ ကြည်အေး စတဲ့ ခေတ်ပြိုင် စာရေးဆရာမတွေလို လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ မဟုတ်သလို လက်ရာ ထူးခြားဆန်းသစ်ပြီး ဂန္ထဝင်မြောက်လှတယ်ဆိုတဲ့ အဆင့်အတန်းမှာလည်း မပါခဲ့ပါဘူး။ ဒါပေမဲ့ သူတွေးမြင်သိခံစားမိသမျှကို သူနိုင်တဲ့ ကလောင်စွမ်းနဲ့ စေတနာပါပါ ရေးဖွဲ့ခဲ့သူ ဖြစ်ပါတယ်။ ဒီလိုရေးဖွဲ့ရာမှာလည်း ဒုက္ခတွေကို အိုင်ကျင်းဖွဲ့ပြီး ထွက်ပေါက်မဲ့ ခံစားမှုကို ဖွဲ့တာထက် ဘဝကို ဟာသနှောပြီး သောတတ်ပါတယ်။ နောက်ပြီး နွမ်းပါးသူချင်း ကူညီရိုင်းပင်းကြတဲ့ မြန်မာဓလေ့ကို သူ့စာတွေမှာ တွေ့ရပါတယ်။
စိန်စိန်ရဲ့ အနုပညာသည်၏အလောင်း၊ ထိုသူတဦး၏ စုံဆယ်ဖြာ၊ ဂျောက်ပေါက်ထဲက ရသာတခဲ စတဲ့ နာမည်ကြီး ဝတ္ထုတိုတွေကို သူ ရောဂါ ရှင်းရှင်း မပျောက်ခင်မှာပဲ ရှုမဝစင်မြင့်ကနေ စာဖတ်သူတွေဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီဝတ္ထုတွေဟာ အဲဒီခေတ်က ပြည်တွင်းစစ်နဲ့ ပါလီမန်နိုင်ငံရေးခေတ်ကို ထင်ဟပ်ခဲ့သလို ရုံးစာရေး၊ လယ်သမား စတဲ့ လူမှုအောက်လွှာက နွမ်းပါးသူတွေရဲ့ ပုံရိပ်တွေကို နိုင်ငံရေး စကားလုံးကြီးကြီးတွေ မပါဘဲ အမျိုးသမီး တယောက်ရဲ့ အမြင်နဲ့ ရေးခြယ်ခဲ့တာပါ။ တွေ့မြင်ချင်ရေးငယ်နှင့်ကတော့ ပါတီစုံနိုင်ငံရေးဝဲဂယက်မှာ လူသတ်မှု ဖြစ်ခဲ့ကြတဲ့ ကျေးလက်မိသားတစု အကြောင်း ဖြစ်ပါတယ်။ ဒါကြောင့် စိန်စိန်ဟာ ရောဂါကြောင့် အိမ်ထဲမှာ နေရပေမယ့် လူတွေအကြောင်းကို စေ့စေ့စပ်စပ် ရေးဖွဲ့နိုင်တယ် ဆိုပြီး သူ့မောင်ဝမ်းကွဲတော်တဲ့ စာရေးဆရာ မောင်သိင်္ခက ငါမယုံဘူးဟေ့ ဆောင်းပါးမှာ အမှတ်တရ ရေးသားခဲ့ပါတယ်။ စာရေးဆရာဖြစ်ပြီးမှ သင်္ဘောနဲ့ မြစ်ကို မမြင်ဖူးလို့ ၁၉၆၆ ကျမှ ရန်ကုန် ကီလီဆိပ်ကမ်းသွားကြည့်ရတယ်လို့လည်း စိန်စိန်က ခရီးဝင်္ကပါမှာ ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ရွှေနှင်းဆီ၊ နှင်းသက်ဆယ်ပြန်နဲ့ မြေစာပြုန်းမှ ဆုံးမှာလားရှင် စတဲ့ ဝတ္ထုရှည်တွေကတော့ မေတ္တာဖွဲ့တွေ ဖြစ်ပါတယ်။ နှင်းသက်ဆယ်ပြန်ဟာ ဆရာစံ သူပုန်မှာ သေဒဏ်ပေးခံခဲ့ရတဲ့ ကျောင်းသားဗိုလ်လှအုံးအကြောင်း ရေးဖွဲ့တာ ဖြစ်ပြီး ဝိဓူရသခင်ချစ်မောင်က အမှာရေးပါတယ်။ ရိုးမတောင်ကြီးကို ဖြိုလိုက်ချင်တော့ လို ချင်းတောင်နောက်ခံ ဝတ္တုတွေကိုလည်း စိန်စိန်ရေးဖွဲ့ခဲ့ပြီး ချင်း၊ ဗမာ သွေးစည်းရေးကို ရည်ညွှန်းရေးဖွဲ့ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
မွန်းတည့်ချိန်တွင် အိမ်ပြန်သူ
စိန်စိန်ဟာ စာရေးဆရာအဖြစ် အောင်မြင်ခဲ့ပေမယ့် ၁၉၆၂ နောက်ပိုင်း မြန်မာပြည် နိုင်ငံရေး စီးပွားရေး ကျပ်တည်းမှုဒဏ်ကို အများနည်းတူ ခံခဲ့ရပါတယ်။ သူ့ဘဝတလျှောက် ထီးလိုမိုးပြီး ကာကွယ်ပေးခဲ့တဲ့ မိဘတွေ ကွယ်လွန်ပြီးနောက် သူ့အစ်မတွေလည်း တယောက်ပြီး တယောက် ဆုံးပါးကြပါတယ်။ တသက်လုံး ရောဂါသည်ဘဝနဲ့ ကလေးသဖွယ် အိမ်မှာ နေခဲ့ရတဲ့ စိန်စိန်ဟာ နောက်ဆုံး ကျန်တဲ့အစ်မနှစ်ယောက်ကို သူက ဦးဆောင်ပြီး ရှာကျွေးခဲ့ရပါတယ်။ တခါတလေ တိုင်းကျော်ပြည်ကျော် မောင်းတီးဝင်လာပေမယ့် လေးငါးလ ငွေမဝင်ဘဲ နေရတာတွေ ရှိတယ်လို့လည်း သူ့ဘဝကို အထုပ်ဖြေ ပြခဲ့ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
သူရတဲ့ စာပေဆုငွေကလေးနဲ့ အိမ်ဟောင်းကို ပြင်ဆောက်ခဲ့ရသလို ရိုးမတောင်ကြီး ဝတ္ထုက အမျိုးသားစာပေ စတုတ္ထဆု ကျပ်ငါးရာ ရတဲ့အခါ မှာလည်း ပျော်ခဲ့ရပါတယ်။ နောက်ဆုံး သူ့ဘဝအကြောင်းကို လက်ကုန်အောင် ဖွဲ့ခဲ့တဲ့ ခရီးဝင်္ကပါစာအုပ်ကို မိတ်ဆွေတွေဆီက ချေးငှားပြီး အုပ်ရေနှစ်ထောင် ရိုက်ရာမှာ တထောင်ပဲ ရောင်းကုန်ခဲ့လို့ စိတ်ဓာတ်အကြီးအကျယ်ကျခဲ့ရတယ်လို့ စာရေးဆရာကြီး ရန်အောင်က စိန်စိန် အဘယ်ကြောင့် ကွယ်လွန် သနည်း ဆောင်းပါးမှာ ရေးပါတယ်။ ခရီးဝင်္ကပါ အမျိုးသားစာပေဆုရမှ ရတဲ့ငွေကလေးသုံးထောင်နဲ့ စာအုပ်ကြွေး၊ စားကြွေးတွေကို ရှင်းပြီးနောက် သူ့လက်ထဲမှာ ငွေ ခြောက်ရာသာ ကျန်ခဲ့ပါတယ်။
ဒီအတောအတွင်း မင်းလွင်ဆိုတဲ့ စာရေးဆရာတယောက်နဲ့ သူအိမ်ထောင်ကျခဲ့ပါတယ်။ ဒီအိမ်ထောင်ရေးမှာလည်း သူမျှော်လင့်တဲ့ စိတ်ချမ်းသာမှု မရခဲ့ဘူးလို့ သူ့မောင်ငယ်လို နေခဲ့တဲ့ စာရေးဆရာတဦးက ပြောပါတယ်။ ခရီးဝင်္ကပါအတွက် ရန်ကုန်မှာ ဆုယူပြီးနောက် ရွှေတိဂုံဘုရားမှာ နားတောင်း ချွတ်လှူတဲ့အထိ အလှူအတန်းရက်ရောတတ်တဲ့ စိန်စိန်ဟာ သူဘယ်လောက်ပဲ ကောင်းအောင်ရေးရေး၊ သူ့စာအုပ်ကို ဝယ်ဖတ်မယ့်သူနည်းတဲ့ အဖြစ် ကြောင့် စိတ်ဓာတ်ကျပြီး စာဆက်မရေးချင် ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံး သူ့ဆုငွေလက်ကျန် ငွေတဆယ်ပဲ ရှိတော့တဲ့အချိန်မှာ သူ့အိမ်အပေါ်ထပ် ငှားနေ သူတွေ ထွက်သွားကြတဲ့အတွက် အိမ်လခ တလ ၇၅ ကျပ်မရတော့တဲ့အဖြစ် ရောက်ခဲ့ပါတယ်။ အဲဒီမှာပဲ အိပ်ဆေးကို မှားမသောက်ဘဲ များသောက် မိခဲ့တယ်လို့ ဆရာရန်အောင်က ရေးပြခဲ့ပါတယ်။
စိန်စိန်ဟာ အဲဒီအချိန်က နိုင်ငံကိုအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကတော် ဒေါ်ခင်မေသန်းနဲ့ အသက်မတိမ်းမယိမ်းဖြစ်ပြီး တနှစ်တည်း ကွယ်လွန် ခဲ့ကြပါတယ်။ ဒေါ်ခင်မေသန်းလို ပညာတတ် အာဏာရလောကမှာ မကျင်လည်ခဲ့ရပေမယ့် စိန်စိန်ဟာလည်း သူ့နည်းသူ့ဟန်နဲ့ နိုင်ငံသိ စာဆိုတယောက် ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် မရှိတာ အနှစ် ၅ဝ ရှိတဲ့အခါမှာတော့ စိန်စိန့်စာပေလက်ရာတွေကို မျိုးဆက်သစ်တွေက ဆက်လက်ဖတ်ရှု အားယူ နေကြဆဲ ဖြစ်ပြီး ဒေါ်ခင်မေသန်းကိုတော့ သူ့ခင်ပွန်းနဲ့အတူ သမိုင်းအမှောင်ဘက်ခြမ်းမှာ ထားခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive








