ဒီမီဒီယာကို ဖွင့်၍မရပါ
ဒီတစ်ပတ် မိုဘီ ဂျီနို ကဏ္ဍကတော့

ဒီနေ့ကမ္ဘာပေါ်က အကြီးဆုံး တော်ဝင်မင်္ဂလာ အခမ်းအနားအကြောင်း တင်ဆက်ပေးထား ပါတယ်။
ဗြိတိသျှနန်းတွင်းမှာ နန်းမွေဆက်ခံနိုင်မယ့် စာရင်းမှာ ဒုတိယနေရာမှာရှိတဲ့၊ တနည်း ပြောရရင် နောင်ဆိုရင် ဗြိတိန်ဘုရင်ဖြစ်နိုင်မယ့် မင်းသား ဝီလျံနဲ့ သာမန် အရပ်သူကလေး ကိတ် မစ်ဒယ်တန်တို့ ဧပြီလ ၂၉ ရက်မှာ မင်္ဂလာ ဆောင်တော့မှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်က သူတို့နှစ်ဦး လက်ထက်မယ့်အကြောင်းကို တရားဝင် ကြေငြာခဲ့ကြပါတယ်။
ကျောင်းတော်က ဇာတ်လမ်း

နှစ်ဦးစလုံး အသက် ၂၈ နှစ်အရွယ် ရှိကြတဲ့ ဝီလျံနဲ့ ကိတ်တို့ရဲ့ ဇာတ်လမ်းဟာ ကျောင်း တော်က စခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
စကော့တလန်က စိန့် အင်ဒရူးစ် တက္ကသိုလ်မှာ ၂၀၀၁ ခုနှစ်က စတင်ဆုံ တွေ့ခဲ့ကြတာပါ။ အဲဒီမှာ ဝီလျံက ပထဝီဘာသာရပ်သင်ယူခဲ့ပြီး ကိတ်ကတော့ အနုပညာသမိုင်း ဘာသာရပ်ကို သင်ယူခဲ့ပါတယ်။
ပထမတော့ သူငယ်ချင်းအဖြစ်နဲ့ပေါ့။ အစက ရိုးရိုး နောက်တော့ တမျိုးတိုး ဆိုသလို သူငယ်ချင်းအဖြစ်ကနေ ရင်းနှီးကျွမ်းဝင်လာ ကြပြီးနောက် ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။
ခေတ္တ ပြတ်စဲခဲ့ကြ
၂၀၀၇ နောက်ပိုင်းလောက်မှာ သူတို့နှစ်ဦး ပြတ်စဲသွား သလိုလိုသတင်းတွေ ထွက်လာ ပါတယ်။ အဲဒီအချိန်မှာပဲ ဝီလျံဟာ ဗြိတိသျှတော်ဝင်တပ်ထဲကို ရောက်သွားသလို ကိတ်ကလည်း ဖက်ရှင်နဲ့ဆိုင်တဲ့ အလုပ်တစ်ခုကို လုပ်နေခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ခေတ္တပြတ်စဲခဲ့ပြီးနောက် တကျော့ပြန် ချစ်သူတွေ ပြန်ဖြစ်လာတယ်လို့ နောက်ပိုင်းကျမှ သိရပါတယ်။

စေ့စပ်တဲ့ အကြောင်း ကြေငြာခဲ့တုန်းက
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေနဲ့ အတူ ကင်ညာနိုင်ငံကို အားလပ်ရက် အပမ်းဖြေခရီးထွက်ခဲ့ပါတယ်။ အဲဒီမှာပဲ သူတို့နှစ်ဦးကြား နောက်ထပ် ကြိုးထုံးလေးတစ်ခု ထပ်ချည်ဖို့ ဖြစ်လာပါ တော့တယ်။ ဝီလျံက ကိတ်ကို လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။
လက်ထပ်ခွင့်တောင်း
''ကျွန်မ လုံးဝ အံ့အားသင့်သွားတယ်။ အရမ်းလည်း ရင်ခုန်မိတယ်။ အဲဒီအချိန်က အရမ်းကို ကြည်နူးစရာကောင်းပါတယ်။ စစ်မှန်တဲ့ အချစ် ဇာတ်လမ်းလေးပါပဲ'' လို့ ကိတ်က ပြောပါတယ်။
ဝီလျံဟာ သူ့မိခင် ဒိုင်ယာနာမင်းသမီးကို သူ့ဖခင် အိမ်ရှေ့စံ ချားစ်မင်းသားပေးခဲ့တဲ့ လက်စွပ်ကလေးနဲ့ ချစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တာပါ။ နီလာကို စိန်ချယ်ထားတဲ့ လက်စွပ်လေးပါ။ လက်စွပ်လေးကို ကျောပိုးအိတ်ထဲမှာ သုံးပတ်လောက် ထည့်ထားခဲ့ပြီး အချိန်အခါကောင်း နေရာကောင်းကို စောင့်ဆိုင်းပြီးမှ လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဆုတောင်းလွှာ
တော်ဝင် သတို့သားနဲ့ သာမန်အရပ်သူ သတို့သမီးလေးတို့ရဲ့ ချစ်သူတို့ လျောက်သာလမ်းမှာ ဖြောင့်ဖြူးသာယာချောမွေ့ပါစေကြောင်း မိုဘီ ဂျီနို အစီအစဉ်ကနေလည်း ဆုတောင်ပေး လိုက်ပါတယ်။
မိုဘီ ဂျီနို ပရိသတ်တွေ အနေနဲ့လည်း ချစ်သူနှစ်ဦးအတွက် ဆုတောင်းပေးချင်ရင်၊ အမှတ်တရ ကဗျာလေး စာလေးတွေ ပေးပို့နိုင်ကြပါတယ်။ ကိုယ့်မှာ ထူးခြားတဲ့ အချစ်ဇာတ်လမ်းလေးတွေ ရှိရင်လည်း ဝေမျှ ပြောပြနိုင်ကြပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။