နောက်ဆုံး ရေးသားချိန် 27 ဧပြီလ 2010 - 18:18 GMT

မိုဘီဂျီနို နဲ့ မြေကမ္ဘာနေ့

မီဒီယာ ပလေးယား

မိုဘီ ဂျီနိုကဏ္ဍကနေ ကြိုဆိုပါတယ်။

ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation ကို ရည်ရွယ်ပြီး Mobi-Geno ကဏ္ဍကို အပတ်စဉ် တနင်္ဂနွေနဲ့ အင်္ဂါနေ့ညတိုင်း ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ဒီတစ်ပတ်အစီအစဉ်မှာ . . . .

earth day

ဝါရှင်တန်ဒီစီက မြေကမ္ဘာနေ့ အထိမ်းအမှတ် ဂီတပွဲတော်မှာ အဆိုတော် Sting ဖျော်ဖြေ

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ဟာ International Earth Day နိုင်ငံတကာ မြေကမ္ဘာနေ့ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းနိုင်ငံအများအပြားမှာ ကမ္ဘာမြေရဲ့ ဂုဏ်ကျေးဇူးတွေကို ဖော်ထုတ်ပြီး ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ကြဖို့ သတိပေးတဲ့ နေ့တစ်နေ့ အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ် အခန်းအနားတွေ ကျင်းပကြပါတယ်။

နယူးယော့ခ်မြို့မှာ အခန်းအနားတွေ ကျင်းပခဲ့သလို ဝါရှင်တန်ဒီစီမြို့တော်မှာဆို လူထောင်နဲ့ချီပြီးတက်တဲ့ ဂီတပွဲတော်တစ်ခုကို ဧပြီလ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။

earth day

မြေကမ္ဘာနေ့မှာ တချို့က Avatar လိုဝတ်စားပြီး ကမ္ဘာမြေကျေးဇူးကို ထုတ်ဖော်

မြန်မာနိုင်ငံမှာလည်း Earth Day ကို ကြီးကြီး ကျယ်ကျယ်မလုပ်ကြပေမယ့် သံရုံးအသိုင်းအဝိုင်းတချို့နဲ့ လူငယ်တချို့ ကတော့ အထိမ်းအမှတ်တွေ လုပ်တယ်လို့ Green Knights အဖွဲ့က ကိုဖုန်းအောင်ဟိန်းက မိုဘီ ဂျီနို အစီအစဉ်ကို ပြောပြပါတယ်။

ဒီနေ့ဖြစ်လာပုံကတော့ ပြီးခဲ့တဲ့ နှစ် ၄၀ က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားခဲ့တဲ့ အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် ဂေးလော့ဒ် နယ်လ်ဆင်က ဦးဆောင်ပြီး အတည်ပြုပေးခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

အဲဒီအချိန်ကစလို ကမ္ဘာတစ်ဝန်း လှုပ်ရှားမှုတွေရှိခဲ့သလို လူတွေဟာ ကမ္ဘာမြေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းသင့်မှန်း ပိုသိလာကြတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောကြပါတယ်။

earth day

မြေကမ္ဘာနေ့မှာ တချို့က သစ်ပင်စိုက်

နှစ် ၄၀ အတွင်း ကမ္ဘာ့လူဦးရေလည်း နှစ်ဆ တိုးလာသလို လူတွေရဲ့ဘဝ ရေရှည်ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ဖို့ဆိုရင် လူတွေရဲ့ တစ်ခုတည်းသော နေထိုင်စရာ ကမ္ဘာမြေကြီးကို ညစ်နွမ်းအောင်မလုပ်ကြဖို့ ၊ ကမ္ဘာကြီး အစဉ်စိမ်းလမ်းစိုပြေအောင်လုပ်ကြဖို့ အရေးကြီးတယ်လို့ ပညာရှင်တွေက သတိပေးနေကြပါတယ်။

အခုခတ်လူငယ်တွေကိုလည်း သဘာဝပတ်ဝန်းကျင် ကို တန်ဖိုးထားတတ်တဲ့ Green Generation အစိမ်းရောင်မျိုးဆက်ဖြစ်လာဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုးပမ်းနေကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း Green Generation မျိုးဆက်တွေ စပြီး တွေ့လာနေရပါပြီ။

earth day

ပူတဲ့နေရာပိုပူ၊ အချိန်အခါမဟုတ် ရေကြီး၊ မုန်တိုင်းတွေထန်၊ ဒါတွေကို ပညာရှင်တွေက ထောက်ပြပြီး သတိပေးနေကြတယ်

Green Knights အဖွဲ့က ကိုဖုန်းက လူတွေ အနေနဲ့ ဒေသခံတွေရဲ့ အကြံဉာဏ်နဲ့ ပူးပေါင်း ပါဝင်မှုယူပြီး သစ်ပင်စိုက်တာတွေ လုပ်သင့် ကြောင်းနဲ့ ကျောင်းပညာရေးကစ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်ခန်းစာတွေ ပါဝင်သင့်ကြောင်း အကြံပြုပြောပါတယ်။

နောက်ပြီး ဆွေးမြေ့ဖို့ နှစ်ပေါင်း ရာဂဏန်းစောင့်ရတဲ့ ကြွတ်ကြွတ်အိတ်လို ပလက်စတစ်အိတ်တွေ မသုံးသင့်ပဲ အကြိမ်ကြိမ် ပြန်လည် အသုံးပြုနိုင်တဲ့ (recycle လုပ်နိုင်တဲ့) အိတ်တွေ၊ ထည့်ခွက်တွေ အသုံးပြုသင့်တဲ့ အကြောင်းလည်း ပြောပြပါတယ်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်က မအားနန်ကလည်း ကချင်ပြည်နယ်တွင်းမှာ သစ်တောတွေပြုန်းတီးမှု၊ ရွေတူးဖော်မှုတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသလို ကျောက်စိန်းအလွန်အကျွန်တူးဖော်ပြီး မြေစာတွေ စနစ်တကျမထိန်းသိမ်းနိုင်တဲ့အတွက် ရေကြီးတာတွေ မြေပြိုတာတွေလည်း ဖြစ်လာခဲ့တယ်လို့ ထောက်ပြပါတယ်။

နောက်ပြီး မြစ်ချောင်းတွေမှာ ရေကာတာတွေဆောက်လုပ်မယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုစေနိုင်မှုရှိမရှိ ကြိုတင်အကဲဖြတ် ဆန်းစစ်တာတွေ လုပ်သင့်သလို ဒေသခံတွေရဲ့ သဘောထားတွေလည်း ကောက်ခံလုပ်ဆောင် သင့်တဲ့အကြောင်း အကြံပြုပြောပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်

BBC navigation

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။