အိမ်ပြန်ခွင့်ရခဲ့တဲ့ LGBT တော်လှန်ရေးတပ်သား

 ချိပ်ပိတ်ထားတဲ့ စဉ့်ကူး၊ နွယ်ရုံရွာက နေအိမ်ထဲ ဇူလိုင် ၁၃ ရက်တုန်းမှာပြန်လည်ဝင်ရောက်ချိန်

ဓာတ်ပုံ ရင်းမြစ်, Wai Moe Kyaw

ဓာတ်ပုံ ပုံစာ, ချိပ်ပိတ်ထားတဲ့ စဉ့်ကူး၊ နွယ်ရုံရွာက နေအိမ်ထဲ ဇူလိုင် ၁၃ ရက်တုန်းမှာပြန်လည်ဝင်ရောက်ချိန်

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးမကြာခင်မှာပဲ စစ်ကောင်စီအခိုင်အမာနေရာယူထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အပိုင် နွယ်ရုံရွာမှာရှိတဲ့ ချိပ်ပိတ်ခံထားရတဲ့ နေအိမ်ကို ကိုယ်တိုင် သော့ဖျက် ပြန်ဝင်နိုင်ခဲ့သူ ကိုဝေမိုးကျော်အကြောင်းက တော်လှန်ရေးအင်အားစုတွေအတွက် အားတက်စရာ နမူနာဖြစ်လာပါတယ်။

တကျော့ပြန်တိုက်ပွဲဟာ “အိမ်ပြန်မယ့်လှိုင်း” လို့ တော်လှန်ရေးအင်အားစုတွေ ကြွေးကြော်ခဲ့ကြပြီး အခုတော့ မိုးကုတ်ဗျူဟာက စစ်ဦးစီးအဖွဲ့ဝင်တဖြစ်လဲ ရဲဘော်နွယ်နီ အိမ်ပြန်ခွင့်ရခဲ့တာပါ။

အသက် (၃၂) နှစ်အရွယ် ကိုဝေမိုးကျော်ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပါဝင်တဲ့ ကျောင်းဆရာတစ်ဦးအဖြစ်ကနေ လက်နက်ကိုင်တော်လှန်ရေးသမား “နွယ်နီ” အဖြစ် ရှင်သန်နေပါတယ်။

လိင်စိတ်ခံယူမှုကွဲပြားသူ LBGT တစ်ဦးလည်းဖြစ်တဲ့ နွယ်နီ ရဲ့ မွေးရပ်မြေ စဉ့်ကူးမြို့နယ်ရဲ့ အစိတ်အပိုင်း အများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါပြီ။

အိမ်သားတွေမရှိတော့တဲ့ “အိမ်”

အိမ်သားတွေမရှိတော့တဲ့ “အိမ်”

ဓာတ်ပုံ ရင်းမြစ်, Wai Moe Kyaw

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၁၃ ရက်တုန်းက ချိပ်ပိတ်ထားတဲ့ စဉ့်ကူး၊ နွယ်ရုံရွာက နေအိမ်ထဲ ပြန်လည်ဝင်ရောက်စဉ်

မိုးကုတ် - မန္တလေး အမြန်လမ်းမကြီးဘေးမှာတည်ရှိတဲ့ နွယ်ရုံရွာဟာ စဉ့်ကူးမြို့နယ်အပိုင်မှာပါဝင်ပေမဲ့ စစ်ကောင်စီတပ် စခန်းအများစုအခြေစိုက်ရာ သပိတ်ကျင်းမြို့နယ်နဲ့ အနီးကပ်ဆုံးရွာတွေထဲက တစ်ရွာပါ။

တော်လှန်ရေးအားနည်းခဲ့တဲ့ ဒေသ၊ စစ်ကောင်စီခြေကုပ်ယူထားတဲ့ ဒေသမှာ အာဏာသိမ်းမှုဆန့်ကျင်ရေး ဦးဆောင်ခဲ့တဲ့ ကို‌ဝေမိုးကျော် ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေက မနည်းလှပါဘူး။

CDM ကျောင်းဆရာတစ်ဦးဖြစ်သလို စစ်ကောင်စီဖမ်းဝရမ်းထုတ်ခံထားရတဲ့ စဉ့်ကူးမြို့သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်လာချိန်မှာတော့ နွယ်ရုံရွာက နေအိမ်ကို စစ်ကားတွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။

“အဖေ့ကို အရင်ဖမ်းတယ်။ အဖေပြန်လွတ်လာပေမဲ့ ထပ်ဖမ်းချင်တယ်။ အမြဲစောင့်ကြည့်နေတယ်” လို့ တမိသားစုလုံး နေအိမ်မှာဆက်မနေ ဖြစ်တော့တဲ့အကြောင်းအရင်းကို ကိုဝေမိုးကျော်က ရှင်းပြပါ တယ်။

“အိမ်ကို စစ်ကားတွေ သုံးကြိမ်လောက် လာဝိုင်းပြတယ်လေ၊ အိမ်မှာမနေရဲတော့တာမဟုတ်ဘူး။ အိမ်မှာ မနေချင်ကြတော့တာပါ”

စစ်ကောင်စီကလည်း နွယ်ရုံရွာမှာရှိတဲ့ကိုဝေမိုးကျော်ရဲ့ နေအိမ်ကို ချိပ်ပိတ်ကြောင်း သော့ခတ် စာတန်းကပ်ခဲ့ပါတယ်။

“အဖေနဲ့ အမေက လွတ်မြောက်နေရာတစ်ခုမှာ၊ ညီမလေးက ဘေးကင်းရာတစ်နေရာမှာ ရှိနေတယ်။ ကျွန်တော်ကလည်း တနေရာပေါ့”

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုဝေမိုးကျော်က အသံချဲ့စက်ကိုင်ကာ မိန့်ခွန်းပြောနေစဉ်

ဓာတ်ပုံ ရင်းမြစ်, Wai Moe Kyaw

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုဝေမိုးကျော်က အသံချဲ့စက်ကိုင်ကာ မိန့်ခွန်းပြောနေစဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် မိသားစုတကွဲတပြားဖြစ်ခဲ့ရပြီး အိမ်ရှင်မရှိတဲ့ နေအိမ်လည်း သုံးနှစ်ကျော်အကြာမှာတော့ ချုံနွယ်ပိတ်ပေါင်းထူထပ်နေတဲ့ စွန့်ပစ်ခံအိမ်တစ်လုံးအသွင်ဖြစ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၃ ရက်မှာ နေအိမ်ကို ပြန်မြင်တွေ့ရချိန်မှာတော့ နွေးထွေးမှုနဲ့ပြည့်နှက်နေတဲ့ ဒီအိမ်ဟာ မမှတ်မိလောက်အောင်ပြောင်းလဲခဲ့ပါပြီ။

သုံးနှစ်ခွဲကြာ‌အောင် ချိပ်ပိတ်ခံထားရတဲ့ နေအိမ်သော့ကို ကိုယ်တိုင်ရိုက်ဖျက် ဝင်ခွင့်ရတဲ့ခံစားချက် ဘယ်လိုရှိခဲ့လဲလို့ ဘီဘီစီကို မေးမြန်းကြည့်ရာမှာတော့ “အရင်ဆုံးစစ်ကောင်စီကို သတိရတာပဲ” လို့ ကိုဝေမိုးကျော်က အခုလိုဖြေကြားပါတယ်။

“ငါအိမ်ပြန်ရောက်ပြီ၊ ငါတို့နယ် ငါတို့ပြန်ရပြီ။ မင်းတို့ဘာတတ်နိုင်သေးလဲလို့ အရင်ဆုံး တွေးမိတာပါပဲ”

ပြန်ခွင့်ရခဲ့တဲ့ အိမ်မှာ ခပ်ကြာကြာ ကိုဝေမိုးကျော်တစ်ယောက်မနေနိုင်ခဲ့ပါဘူး။ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ မိုးကုတ်ဗျူဟာရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တာကြောင့် တာဝန်ရှိရာကို ပြန်ခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုဝေမိုးကျော်ဟာ တအာင်းတပ်(TNLA)မှာ စစ်ပညာသင်ယူခဲ့တဲ့ မိုးကုတ်ဗျူဟာကို ဦးစီးသူတွေထဲက တစ်ယောက်ဖြစ်နေတာကြောင့်ပါ။

သူဦးစီးတဲ့ မိုးကုတ်ဗျူဟာအောက်မှာ သူ့လို CDM ကျောင်းဆရာတွေနဲ့ ဖွဲ့စည်းထားတဲ့ ၁၂၂၂ တပ်ရင်း အပါအဝင် ၁၂၂၁၊ ၁၂၂၃ နဲ့ ၁၂၂၄ စတဲ့ တပ်ရင်းတွေ ပါဝင်ပါတယ်။

မြေဖြူကိုင်တဲ့လက်တွေစုစည်းထားတဲ့ ၁၂၂၂ တပ်ရင်း

မြေဖြူကိုင်တဲ့လက်တွေစုစည်းထားတဲ့ ၁၂၂၂ တပ်ရင်း

ဓာတ်ပုံ ရင်းမြစ်, ၁၂၂၂ တပ်ရင်း

ကိုဝေမိုးကျော်ရဲ့ ကျောင်းဆရာလုပ်သက် (၅) နှစ်ပြည့်တဲ့နှစ်မှာပဲ စစ်အာဏာသိမ်းတာနဲ့ကြုံတွေ့ခဲ့ရပါတယ်။

ဇာတိဖြစ်တဲ့ နွယ်ရုံရွာနဲ့ ၁၅ မိုင်ခန့်အကွာ ညောင်ဝန်းရွာမှာရှိတဲ့ အထက်တန်း (ခွဲ) မှာ အထက်တန်းပြဆရာ တာဝန်ထမ်းဆောင်နေတုန်း အာဏာသိမ်းခဲ့တာကြောင့် CDM ဦးဆောင်ပါဝင်သူဖြစ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားတဲ့ နွယ်ရုံရွာထဲကို ကျည်တောက်ပေါက်ကျေးရွာဘက်ကနေ စက်သေနတ်တပ်ဆင်ထားတဲ့ စစ်တပ်ကားတွေဝင်လာပြီး ဆက်တိုက်ပစ်ခတ်ခဲ့တာကို ကြုံခဲ့ရအပြီးမှာ လက်နက်ကိုင် တော်လှန်ရေး လုပ်ဆောင်ဖို့ ကိုဝေမိုးကျော် ဆုံးဖြတ်ခဲ့ပါတယ်။

“နံရံကို ပေါက်ဝင်သွားတဲ့ ကျည်ပေါက်ရာက နည်းတာမဟုတ်ဘူး။ ဒါနဲ့ဆို ငါတို့သေသွားနိုင်တယ်၊ ဆန္ဒပြရုံနဲ့ မရတော့ဘူး” လို့ အဲဒီအချိန်က ဆုံးဖြတ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်လို့ သူက ဆက်ပြောပြပါတယ်။

၂၀၂၁ ခုနှစ် မေလမှာ လူ (၂၅) ဦးပါတဲ့ စစ်သင်တန်းတစ်ခုကို ကိုဝေမိုးကျော် ဦးဆောင်ဖွင့်ခဲ့ပြီးနောက် လက်နက်လိုအပ်ချက်ကြောင့် ပိုပြီးထိရောက်နိုင်ဖို့ စက်တင်ဘာလမှာတော့ တောင်ပေါ်လို့ပြောကြတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တအာင်းတပ် (TNLA) ဆီကို သွားရောက်ခဲ့ပါတယ်။

TNLA ရဲ့ ခေါင်းဆောင်အသီးသီးက အလေးထားကြိုဆိုခဲ့ပြီး မထင်မှတ်ထားခဲ့တဲ့ ပမာဏကို ကူညီခဲ့တဲ့ အကြောင်း “ကျွန်တော်တို့လို မြို့နယ်ခေါင်းဆောင်ငယ်လေးတွေကိုတောင် အလေးထားပြီး ဆက်ဆံခဲ့တာပါ” လို့ ကိုဝေမိုးကျော်က ပြောပြပါတယ်။

မိုးကုတ်ဗျူဟာ စစ်ဦးစီးအဖွဲ့ဝင် ကိုဝေမိုးကျော်

ဓာတ်ပုံ ရင်းမြစ်, Wai Moe Kyaw

ဓာတ်ပုံ ပုံစာ, မိုးကုတ်ဗျူဟာ စစ်ဦးစီးအဖွဲ့ဝင် ကိုဝေမိုးကျော်

နှစ်ဝက်နီးပါးအကြာ စစ်သင်တန်းပြီးတဲ့နောက်မှာတော့ စဉ့်ကူးက ဆန္ဒပြပွဲသပိတ်တွေမှာကတည်းက အတူပါဝင်ခဲ့တဲ့ CDM ကျောင်းဆရာ၊ အစိုးရဝန်ထမ်းတွေ စုစည်းထားတဲ့ တပ်ရင်းတွေပါဝင်တဲ့ “မိုးကုတ်ဗျူဟာ” ပေါ်ပေါက်လာခဲ့ပါတယ်။

၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃ နဲ့ ၁၂၂၄ တပ်ရင်းလေးရင်းထဲက ၁၂၂၂ တပ်ရင်းမှာဆိုရင် ကျောင်းဆရာအများစုနဲ့ ဖွဲ့စည်းခဲ့ပြီး “ဝမ်းတူးထရွိုင် (1222)” လို့ခေါ်ကြပါတယ်။

စာသင်ခန်းမှာ မြေဖြူကိုင်ခဲ့သူတွေကနေ တိုက်ပွဲကြားမှာ မောင်းပြန်သေနတ်ကိုင်ဆောင်သူတွေဖြစ်လာတဲ့ အခါမှာတော့ တောတောင်ဖြတ်သန်းရတာကအစ ခြင်ကျားကိုက်တာအထိ စိန်ခေါ်ချက်တွေဖြစ်ခဲ့ပါတယ်။

“ကျောင်းဆရာဘဝက စကားပြော နူးညံ့ဟန်မရှိတော့ဘူး။ စစ်ပုံကျလာပြီး တဖြည်းဖြည်းမာကျော လာကြတယ်။ စကားပြောကအစ ခပ်ပြတ်ပြတ်ပဲပေါ့” လို့ အပြောင်းအလဲတွေအကြောင်း ကိုဝေမိုးကျော် တဖြစ်လဲ နွယ်နီက ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားချိန်မှာ “နွယ်နီ” လို့ ခေါ်ဝေါ်အသုံးပြုပါတယ်။ နွယ်နီဟာ မိုးကုတ်ဗျူဟာရဲ့ အလုပ်အမှုဆောင် (၆) ယောက်ထဲအပါအဝင်ဖြစ်ပြီး စစ်ဦးစီးတစ်ယောက်လည်းဖြစ်ပါတယ်။

စာသင်ကြားသူတွေဖြစ်တာကြောင့် စစ်ရေးဆောင်ရွက်တဲ့အခါ စည်းကမ်းပိုင်းဆိုင်ရာ၊ ခေါင်းဆောင်မှု စွမ်းရည်တွေမှာ အားသာချက်ရှိခဲ့ကြပါတယ်။

ဒီတပ်ရင်းတွေဟာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းကစလို့ စစ်မြေပြင်တိုက်ပွဲတွေ စတင်ပါဝင်တိုက်ခိုက်ခဲ့ကြပြီး မိုးကုတ်မြို့နယ်၊ ပြောင်ခေါင်းလေးရွာတိုက်ပွဲက အောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာစတင်လာတဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကစလို့ တအာင်းတပ်(TNLA)နဲ့အတူ စစ်မြေပြင်တိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာပါတယ်။

LGBT စစ်ဦးစီး ခေါင်းဆောင်တဲ့ မိုးကုတ်ဗျူဟာ

LGBT စစ်ဦးစီး ခေါင်းဆောင်တဲ့ မိုးကုတ်ဗျူဟာ

ဓာတ်ပုံ ရင်းမြစ်, Wai Moe Kyaw

ဓာတ်ပုံ ပုံစာ, မိုးကုတ်ဗျူဟာ စစ်ဦးစီးအဖွဲ့ဝင် ကိုဝေမိုးကျော်

၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမလှိုင်းမှာတော့ မိုးကုတ်ဗျူဟာအောက်က တပ်ရင်း ၁၂၂၁ နဲ့ ၁၂၂၃ က အဓိက တိုက်ခိုက်ခဲ့ကြပါပြီး ၁၂၂၂ တပ်ရင်းရဲ့ တပ်ခွဲအချို့က တပ်ကူအဖြစ် ပါဝင်ခဲ့ပါတယ်။

နွယ်နီ တဖြစ်လဲ ကိုဝေမိုးကျော်ဦးဆောင်တဲ့ ၁၂၂၂ တပ်ရင်းရဲ့ အဓိကတာဝန်က မန္တလေးမြေပြန့်ဒေသမှာရှိတဲ့ ကျေးရွာ (၃၀) ကျော်ကို ကာကွယ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပါ လုပ်ဆောင်ခဲ့ပါတယ်။

“မျက်နှာချင်းဆိုင်တွေမှာ ပျူရွာတွေရှိတယ်၊ စစ်ကောင်စီအထိုင်စခန်းတွေရှိတော့ မကာကွယ်လို့မရဘူး” လို့ သူက ပြောပြပါတယ်။

ပျူရွာဆိုတာဟာ စစ်ကောင်စီထောက်ခံသူတွေကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးထားသူတွေ ရှိတာကိုဆိုလိုပြီး ပြည်သူ့စစ်ရွာ ဒါမှမဟုတ် အရပ်အခေါ် လက်နက်ကိုင် ပျူစောထီးရွာ လို့ သိကြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကို တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှု ဟိုင်ဂင်သဘောတူညီချက်နဲ့ ရပ်တန့်ခဲ့ပေမဲ့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေကတော့ ဒုတိယလှိုင်းပြန်စဖို့ မျှော်လင့်ခဲ့ကြပါတယ်။

စုဖွဲ့ပြင်ဆင်မှု၊ လက်နက်အင်အားဖြည့်တင်းမှုတွေလုပ်ဆောင်ခဲ့ပြီး မိုးကုတ်ဗျူဟာအောက်မှာ ၁၂၂၄ ဆိုတဲ့ တပ်ရင်းအသစ် ထပ်တိုးဖွဲ့စည်းထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, MDY PDF

ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်

၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်မှာ ပြန်စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းမှာတော့ တပ်ရင်း ၁၂၂၁၊ ၁၂၂၃ နဲ့ ၁၂၂၄ ဟာ မဟာမိတ် တအာင်းတပ်(TNLA)နဲ့အတူ မိုးကုတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပါတယ်။

“ကျွန်တော်ဦးဆောင်တဲ့ ၁၂၂၂ တပ်ရင်းကတော့ ဖြတ်တောက်ရေးနဲ့ ကျေးရွာကာကွယ်ရေး တာဝန်ကျတယ်” လို့ လက်ရှိ စဉ့်ကူးမြို့နယ်က တာဝန်အကြောင်း ကိုဝေမိုးကျော်က ရှင်းပြပါတယ်။

ထင်သာမြင်သာရှိအောင်ပြောရရင် မိုးကုတ်မြို့ကို တအာင်းတပ်(TNLA)က ဦးဆောင်ပြီး မိုးကုတ်ဗျူဟာရဲ့ တပ်ရင်းအများစုက ပါဝင်တိုက်ခိုက်နေသလို စဉ့်ကူး - မတ္တရာ တကြောကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF)က ဦးဆောင်ပြီး ၁၂၂၂ တပ်ရင်းက ဖြတ်တောက်ရေးတာဝန်ယူထားတာပါ။

လိင်စိတ်ခံယူမှုကွဲပြားသူ LBGT အဖြစ်ခံယူထားသူဖြစ်တာကြောင့် စစ်သားတစ်ယောက်ဖြစ်လာချိန်သာမက စစ်ဆင်ရေးတွေမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ဦးဆောင်ပါဝင်လာရတဲ့အခါ ခွဲခြားဆက်ဆံမှုတွေကြုံရလားလို့ ဘီဘီစီက ထပ်မံမေးခွန်းထုတ်ခဲ့ပါတယ်။

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဆီ ပါဝင်လာသူတွေဟာ လူအခွင့်အရေးနားလည်သူတွေဖြစ်တာ ကြောင့် စစ်သင်တန်းတွေမှာ ခွဲခြားတာမကြုံခဲ့ရဘူးလို့ သူက အခုလိုတုံ့ပြန်ဖြေပါတယ်။

“ဒါပေမဲ့ စစ်ဆင်ရေးတွေမှာတော့ Gender Discriminate (လိပ်ပိုင်းဆိုင်ရာအရ ခွဲခြားဆက်ဆံတာ) ကြုံဖူးတယ်”

တိုက်ခိုက်ရေး၊ စစ်ရေးဖော်ဆောင်တဲ့အချိန်မှာ LGBT တစ်ဦးဖြစ်တာကြောင့် ယုံကြည်မှုနည်းကြတယ်လို့ ခံစားမိတဲ့အကြောင်း သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။

တဖက်မှာတော့ စစ်စည်းကမ်း၊ မူဝါဒချမှတ်ရေးတွေမှာတော့ ပိုမိုယုံကြည်ပေးတာကြောင့် အဆင်ပြေပြေနဲ့ ပူးပေါင်းဆောင်ရွက်နေကြတာပါ။

နွယ်ရုံရွာက ဒေသခံတွေကြိုဆိုတဲ့သပြေပန်း

ဓာတ်ပုံ ရင်းမြစ်, Wai Moe Kyaw

ဓာတ်ပုံ ပုံစာ, နွယ်ရုံရွာက ဒေသခံတွေကြိုဆိုတဲ့သပြေပန်း

ကိုဝေမိုးကျော်အနေနဲ့ ကျောင်းဆရာကနေ စစ်ဦးစီး၊ တော်လှန်ရေးကာလ နေအိမ်ကိုပြန်နိုင်ခဲ့သူပါ ဖြစ်လာခဲ့ချိန်မှာတော့ စစ်အာဏာရှင်အမြစ်ပြတ်ရေး အဆုံးတိုင်ပါဝင်ပြီးမှ နေအိမ်မှာ ပြန်နေမယ်လို့ ဆိုလာပါတယ်။

“ရွာကိုပြန်ဝင်တော့ ဝိုင်းကြိုဆိုကြတာလေ နတ်ဘုရားတွေကို ကြိုကြသလိုပဲ” လို့ လက်နက်ကိုင်တော်လှန် ရေးသမားတစ်ဦးရဲ့ နေရပ်ပြန်ခဲ့ရတဲ့ ခံစားချက်အကြောင်း ဘီဘီစီကို ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

တချိန်က လေသံပျော့ပျောင်းခဲ့သူဟာ ခပ်ပြတ်ပြတ်စကားပြောဟန်ပြောင်းခဲ့ပေမဲ့ ရွာမှာကျန်ရစ်ခဲ့တဲ့ သူငယ်ချင်းတွေက မပြောင်းလဲပဲ အရင်လိုပြောဆိုဆက်ဆံပေးခဲ့တာကြောင့်လည်း ဝမ်းသာပျော်ရွှင်ခဲ့ရ ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်သူ နွယ်နီရဲ့ တာဝန်တွေပြီးဆုံးခဲ့ရင် အထမမြောက်သေးတဲ့ သူ့ရဲ့ အဆိုတော်အိပ်မက်ကို ကိုဝေမိုးကျော် တစ်ယောက် ပြန်လည်အကောင်အထည်ဖော်ချင်သူပါ။

၁၀၂၇ စစ်ဆင်ရေးပြန်လည်စတင်တာ ရက်ပေါင်း ၃၀ ကပ်လာချိန်မှာတော့ ကိုဝေမိုးကျော်လို နေရပ်ပြန်နိုင်သူအချို့ရဲ့ ဓာတ်ပုံတွေလူမှုကွန်ရက်စာမျက်နှာမှာ ဆက်တိုက်တွေ့လာရသလို အာဏာသိမ်းမှုကြောင့် နေအိမ်နဲ့ ဝေးကွာခဲ့ရသူတွေအတွက် အိမ်ပြန်ဖို့စိတ်ဆန္ဒတွေ ပိုမိုပြင်းပြနေကြပါပြီ။