လက်နက်ကိုင်တော်လှန်ရေးကို ရွေးခဲ့သူ အမျိုးသမီး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, Thri Moe
"ငယ်ငယ်ကတည်းက ရှေ့နေဖြစ်ချင်ခဲ့တာ၊ တက္ကသိုလ် စတက်တဲ့ အချိန်ကတော့ ကျောင်းပြီးရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ တတ်နိုင်တဲ့ဘက်က ပါဝင်မယ်ပေါ့၊ တရားဥပဒေစိုးမိုးရေး တရားမျှတမှုရရှိရေးအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်က ပါဝင်မယ်၊ ရှေ့နေ ဒါမှ မဟုတ် တရားသူကြီး တစ်ယောက်ယောက် ဖြစ်အောင် လုပ်ချင်တယ်ဆိုတဲ့ စိတ်ကူး ရှိတယ်။"
ဒီရည်မှန်းချက် ပြည့်မီ အကောင်အထည်ဖော်ဖို့ အတွက် ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာ ဥပဒေ အထူးပြု ဘာသာသင်ယူခဲ့တဲ့ မသီရိမိုးဟာ သူ့ရဲ့ ငယ်ဘဝ ရည်မှန်းချက်ပြည့်အောင် လုပ်နိုင်ဖို့ နောက်ထပ် ရည်မှန်းချက် အောင်မြင်မှ ဖြစ်မယ်လို့ အခိုင်အမာ ယုံကြည်ထားသူလည်း ဖြစ်ပါတယ်။
ထားဝယ်တက္ကသိုလ်မှာ ဥပဒေပညာ တတိယနှစ် သင်ယူနေတဲ့ အချိန်မှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး သူ့ဘဝ ရည်မှန်းချက် ပြောင်းလဲသွားခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ကိစ္စကို ဘယ်လိုမှ လက်မခံနိုင်တဲ့ မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူတွေလိုပဲ ထားဝယ်မြို့က တက္ကသိုလ် ကျောင်းသူ ကျောင်းသား လူငယ်တွေကလည်း စစ်အာဏာရှင်စနစ်ကို ရတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့ကြပါတယ်။
ဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှု ရှိရေးတို့ အတွက် တတ်နိုင်တဲ့ဘက်က ကြိုးပမ်းဖို့ စိတ်ရင်းရှိသူ မသီရိမိုးဟာ ထားဝယ်တက္ကသိုလ် ကျောင်းသား သမဂ္ဂမှာ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူပါ။
အာဏာသိမ်းမှု ဖြစ်ပြီးနောက် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သပိတ်မှောက် ဆန္ဒပြ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တာ၊ စီဒီအမ် ဆရာမတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေရှာတာ၊ ဆရာ ဆရာမတွေနဲ့ ညှိနှိုင်းပြီး တက္ကသိုလ် ယာယီအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်းရေးမှာ ပါဝင်လှူပ်ရှားတာတွေ လုပ်ခဲ့ပါတယ်။
မြို့ပေါ်က ဆန္ဒပြ လှုပ်ရှားမှုတွေမှာ သပိတ်စစ်ကြောင်း ဦးဆောင်သူ တစ်ယောက်ဖြစ်တဲ့ မသီရိမိုးက မြို့ပေါ်မှာသာမက နယ်ဘက်တွေကိုပါ ထွက်ပြီး ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်တာ၊ သပိတ်စစ်ကြောင်းတွေ အားကောင်းလာအောင် လုပ်တာ စတဲ့ လှုပ်ရှားမှုတွေ အများကြီးကို ကျောင်းသား သမဂ္ဂ အနေနဲ့ရော ပြည်သူ တစ်ယောက်အနေနဲ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်နေတဲ့ လူငယ်တွေနဲ့ပါ စုပေါင်းပြီး ဦးဆောင် ကော်မတီတွေ ဖွဲ့စည်း လှုပ်ရှား ဆောင်ရွက်တာတွေလည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thri Moe
ဒီလှုပ်ရှားမှုတွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်
အာဏာသိမ်းမှု ဆန့်ကျင်တဲ့ သပိတ်လှုပ်ရှားမှုတွေမှာ စတင် ပါဝင်တဲ့ အချိန်ကစပြီး မသီရိမိုး အိမ်ကို မပြန်တော့ဘဲ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တက်ကြွလှုပ်ရှားသူတွေနဲ့ အတူနေထိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူမှုဖြစ်ခဲ့အပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ချိန်ကစလို့ မသီရိမိုးက နေအိမ်ကနေ ဆင်းလာခဲ့တာဖြစ်ပြီး မိသားစုနဲ့ လုံးဝ အဆက်အသွယ် မရှိဘူးလို့ပြောပါတယ်။
ဆန္ဒပြလှုပ်ရှားမှုတွေမှာ ဦးဆောင်ကဏ္ဍကနေ ပါဝင်လှုပ်ရှားခဲ့တဲ့ အတွက် စစ်ကောင်စီရဲ့ အလိုရှိသူ စာရင်းဝင် တစ်ယောက် ဖြစ်သွားခဲ့ပြီး ဧပြီလ ၂၈ ရက်နေ့က မသီရိမိုးကို ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
ဖမ်းဝရမ်း ထုတ်တဲ့အချိန်က သူ့အနေနဲ့ အဓိက ၂ ခုပဲ လုပ်တာ ရှိတယ်၊ စီဒီအမ် ထောက်ပံ့မှုနဲ့ သပိတ်မှောက် ဆန္ဒပြ ဦးဆောင်သူ တစ်ယောက် နေနဲ့ပဲ လှုပ်ရှားမှုတွေ ရှိခဲ့ သေးတယ်လို့ မသီရိမိုးက ပြောပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ ရင်ဆိုင်ရတဲ့ အခြေအနေအတိုင်းပဲ သူ့ကို ဖမ်းမမိတဲ့ အတွက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက် တနင်္လာနေ့ညက မိခင် ဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဒေါ်သက်သက်ထွေးနဲ့ အသက် ၁၆ နှစ်အရွယ် ညီမလေး တို့ကို စစ်ကောင်စီတပ်တွေက နေအိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးပြီးနောက် စစ်ကြောရေးကိုပို့ပြီး စစ်ဆေးတာ ခံခဲ့ကြရတယ်လို့ လည်းဆိုပါတယ်။
ထားဝယ်မြို့နယ် ကနိုင်းဒါရွာက နေအိမ်မှာ စစ်ကောင်စီတပ်သားတွေက မသီရိမိုးကို သွားရောက် ရှာဖွေရာမှာ မတွေ့ခဲ့ဘဲ မိခင်နဲ့ ညီမလေး တို့ကို ဖမ်းဆီး သွားခဲ့တာပါ။
အသက်မပြည့်သေးတဲ့ ညီမလေးကို ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးလိုက်ပေမဲ့ မိခင်ဖြစ်သူကိုတော့ မသီရိမိုးကို တိုက်ရိုက် ဆက်သွယ်ခိုင်းတယ်၊ ခေါ်ပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောပြီး ဆက်သွယ်ခိုင်းတယ်၊ ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ဒါပေမဲ့ အမေက သမီးနဲ့ အဆက်အသွယ် မရှိတဲ့ အတွက် ဆက်သွယ် မပေးနိုင်ခဲ့ဘူးလို့ မသီရိမိုးက ပြောပါတယ်။
မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကို ပုဒ်မ ၅၀၅- က နဲ့ တရားစွဲဆိုပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ထောင် ၂ နှစ် ချမှတ်လိုက်ပါတယ်။
စစ်ကောင်စီက သူ့ကို ရှာ မတွေ့တော့ အိမ်မှာလာ ဖမ်းတယ်၊ အိမိမှာရှိတဲ့ ပစ္စည်းတွေကို ရှာဖွေ မွှေနှောက်ပြီးတဲ့နောက် သမီးကိုမတွေ့လို့ အမေကို ဓားစာခံ အနေနဲ့ ဖမ်းထားတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ မသီရိမိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thri Moe
လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ် ဘာကြောင့်ရွေးလဲ
မသီရိမိုးဟာ လောလောဆယ် တနင်္သာရီတိုင်း စစ်ဒေသခွဲက ပီဒီအက်ဖ် တပ်ရင်းတစ်ခုမှာ ရဲဘော် တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။
အာဏာသိမ်းပြီး ချက်ချင်း လက်နက်ကိုင်လမ်းစဉ်ကို သူ ရွေးချယ်တာ မဟုတ်ပါဘူး။
စစ်ကောင်စီဖက်က ဖိနှိပ်မှုတွေ အများကြီး လုပ်လာတဲ့ အချိန်မှာ အကြမ်းမဖက် လူထုလှုပ်ရှားမှုနဲ့ပဲ သွားနေလို့လည်း မရဘူး၊ တော်လှန်ရေးက နည်းမျိုးစုံနဲ့ သွားနေရမယ်လို့ ယုံကြည်တယ်၊ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်နဲ့လည်း လုပ်တဲ့သူက လုပ်ရမယ်၊ အကြမ်းမဖက် လူထု လှုပ်ရှားမှုလည်း လိုတယ် လို့ မသီရိမိုးက ပြောပါတယ်။
သူ့စိတ်ထဲမှာ လက်နက်ကိုင် တော်လှန်မှ ဖြစ်တော့မယ် ဆိုတဲ့အတွေး ဖြစ်လာတာက ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက် နေ့က ထားဝယ်မြို့မှာ ဆန္ဒပြလူထုရဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီက ဖြိုခွင်းပြီး ကျည်အစစ်တွေနဲ့ ပစ်ခတ်တဲ့အတွက် ရဲဘော် ၄ ယောက် ကျဆုံးသွားတဲ့ အချိန်မှာ စပြီး ဖြစ်လာတာ၊ လက်နက်ကိုင် လမ်းစဉ်ကို ရွေးဖို့ ဆုံးဖြတ်လိုက်တာလို့ မသီရိမိုးက ပြောပါတယ်။
စစ်ကောင်စီဘက်က သေနတ်တွေ၊ လက်နက်ကြီးတွေ ပစ်လာတဲ့ အခါတွေမှာ ကိုယ့်ဘက်ကနေ ပြန်ခုခံနိုင်ဖို့ နိုင်တဲ့ ဘက်ကနေ လုပ်မှ ဖြစ်မယ်ဆိုပြီး ဒီဘက်ကို ရောက်လာတာလို့ ပြောပါတယ်။
ဆုံးဖြတ်တဲ့ အချိန်နဲ့ တကယ်တမ်း လုပ်ချိန်ကတော့ ၈ လ လောက် ကြာတယ်၊ သူရွေးချယ်တဲ့ လမ်းကြောင်းကို ချက်ချင်း မသွားသေးဘဲ ကြားမှာ ထောက်ပို့ အလုပ် လုပ်တယ်၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေ အဆင်ပြေအောင်၊ လိုအပ်ချက်တွေကို နိုင်သလောက် ဖြည့်ဆည်းပေးဖို့ တတ်နိုင်သလောက် လုပ်ပေးခဲ့သေးတယ်လို့ လည်း မသီရိမိုးက ပြောပါတယ်။
အပြင်မှာ နေဖို့ လုံးဝ အဆင်မပြေတော့ဘဲ ကိုယ်တိုင် ဒီဘက်ကို ဝင်မှ အဆင်ပြေတော့မယ်ဆိုတဲ့ အချိန် အတိုင်းအတာ တစ်ခုရောက်မှ လွတ်မြောက်နယ်မြေကို ရောက်လာပြီး လက်နက်ကိုင်တော်လှန်ရေး ထဲ ခြေစုံပစ် ဝင်လိုက်တာလို့ မသီရိမိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thiri Moe
အမေနဲ့ ပတ်သက်တဲ့အခြေအနေ
မိခင်ဖြစ်သူက အာဏာသိမ်းပြီးခါစ အစပိုင်းက ဆန္ဒပြပွဲမှာ ပါဖူးတယ် ဆိုရုံလောက်ပဲ ရှိခဲ့ပြီး တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားတာ လုံးဝမရှိဘူးလို့ မသီရိမိုးက ပြောပါတယ်။
အမေက ဥယျာဉ်ခြံ စိုက်တယ်။ အေးအေးဆေးဆေး နေတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သိပ်စိတ်ဝင်စားတာမဟုတ်တဲ့အတွက် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားတာ မရှိဘူးလို့ မသီရိမိုးက ပြောပါတယ်။
ဒါပေမဲ့ သမီးလုပ်တာကိုတော့ တားတာမရှိဘဲ မှန်တယ် ထင်ရင်လုပ်နိုင်တယ်၊ ဆုံးဖြတ်ပြီးရင် လမ်းဆုံးအထိလျှောက် ဆိုပြီး ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။
ညီမလေးကိုတော့ လုံခြုံတယ်လို့ ထင်ရတဲ့ နေရာမှာပို့ထားပြီး အဆက်အသွယ်မလုပ်ဘူး လို့ သူက ပြောပါတယ်။
မိခင်ရယ် ဖခင်ရယ် သမီး နှစ်ယောက်ရယ်သာ ရှိတဲ့ မသီရိမိုးတို့ မိသားစုဟာ အခုတော့ တစ်ယောက် တစ်နေရာစီမှာ ရှိနေကြပြီး တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံလို့ မရတဲ့ အခြေအနေဖြစ်နေပါတယ်။
မိသားစု အတွက် ပြည်ပနိုင်ငံတစ်ခုမှာ သွားရောက် စီးပွားရှာနေတဲ့ ဖခင်ဖြစ်သူ ဦးဇော်မိုးလွင်ဟာ ထောင်ကျနေတဲ့ ဇနီး၊ ဘယ်မှာ ရှိနေမှန်း မသိတဲ့ ဆယ်ကျော်သက်ရွယ် သမီးငယ်တို့နဲ့ လုံးဝ အဆက်အသွယ် မရှိပါဘူး။
လွတ်မြောက်နယ်မြေရောက် သမီးကြီး မသီရိမိုးနဲ့သာ အဆက်အသွယ် ရှိတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thiri Moe
အဝေးရောက် ဖခင်ရဲ့ သောက
သားသမီးတွေကို ပညာတတ်စေချင်လို့၊ ပြည့်ပြည့်စုံစုံ ထားနိုင်ချင်လို့ ပြည်ပထွက် အလုပ်လုပ်ပြီး ရုန်းကန်နေတာလို့ မသီရိမိုးရဲ့ ဖခင် ဦးဇော်မိုးလွင်က ပြောပါတယ်။
အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် သားသမီးကို ပညာတတ်ဖြစ်စေချင်တဲ့ မျှော်လင့်ချက်တွေ ဆွံ့အ သွားခဲ့ရတယ်လို့ လည်း သူက ဆိုပါတယ်။
မိသားစုကို ထားခဲ့ပြီး ပြည်ပမှာ သွားရောက် စီးပွားရှာနေတဲ့ ဖခင်ဖြစ်သူက "သမီး ဘွဲ့ယူတဲ့ အချိန် မြန်မာနိုင်ငံကို ပြန်လာဖို့ အားခဲထားတာ၊ အခု အဲဒီ မျှော်လင့်ချက်တွေ အကုန်လုံး ပျက်စီးပြီပေါ့။" လို့ ပြောပါတယ်။
"ဇနီး အဖမ်းခံရတော့ ဘယ်လောက် ပူပင်သောက ရောက်မိတယ် ဆိုတာ ပြောပြလို့တောင် မရဘူး။ စိတ်ထဲမှာ ဘယ်လို ဖြစ်သွားမှန်း မသိ၊ ရူးပဲ ရူးသွားသလို သုံးလေးရက်လောက်က ဘာမှ လုပ်လို့ကိုင်လို့ မရအောင်ကို ဖြစ်သွားခဲ့တယ်။" လို့ ဦးဇော်မိုးလွင်က ပြောပါတယ်။
"သမီးတွေ ဘွဲ့ရပြီး ကျွန်တော့ဇနီး အေးအေးချမ်းချမ်း နေရမယ့် အချိန်မှာအခုလို အခြေအနေဖြစ်လာတာ။" လို့လည်း သူက ပြောပါတယ်။
ပြီးတော့ ပေါက်ကွဲတဲ့ စိတ်ဖြစ်မိတယ်။ သမီးကြီးက သူ့ဟာသူ လူငယ် တစ်ယောက်အနေနဲ့ နိုင်ငံအတွက် သူ့ခံယူချက် သူ့ဆုံးဖြတ်ချက်နဲ့ သွားနေတဲ့ အချိန်မှာ အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုကို သူက ပြည်ပကနေ ပံ့ပိုး ရှာကျွေးနေတဲ့ အချိန်မှာ ဘာမှ မဆိုင်တဲ့သူကို ဖမ်းသွားတော့ စိတ်ထဲမှာ ခံပြင်းဆုံး ခံစားချက် ဖြစ်မိတယ်လို့ ဆိုပါတယ်။
သူ့ သမီးကြီး မသီရိမိုး အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ပြီး အိမ်က ထွက်သွားတဲ့ အချိန်မှာ သူက သမီးကြီးကို မဆက်သွယ်တော့ဘဲ အိမ်မှာ ကျန်တဲ့ ဇနီးနဲ့ သမီးငယ်ကို ကောင်းကောင်းနေဖို့နဲ့ လိုအပ်တာတွေ ပို့ပေးမယ်လို့ အားပေးခဲ့ကြောင်း ပြောပါတယ်။
မသီရိမိုးက လူငယ်ကျောင်းသား အနေနဲ့ လက်ရှိ ကျောင်းမှာ တာဝန်ယူထားတဲ့ အခန်း ကဏ္ဍတွေလည်း ရှိတယ်၊ အိမ်ကနေ ထွက်သွားတော့ အဖေတစ်ယောက်အနေနဲ့ မသွားဖို့ တားမယ် စိတ်ကူးသေးတယ်၊ ဒါပေမဲ့ မတားတော့ဘူးလို့ ဆိုပါတယ်။
သူ့ သမီးကြီး အခု လုပ်ဆောင်နေတာဟာ ကိုယ့်တစ်ယောက်၊ ကိုယ့်မိသားစု အတွက် လုပ်တာ မဟုတ်ဘူး၊ နိုင်ငံအတွက် လုပ်တာဖြစ်တယ်၊ ဒါကြောင့် သမီး ရှေ့တည့်တည့်လျှောက်ပါ၊ နိုင်သလောက် အားနဲ့ လျှောက်ပါ၊ ဆူးတွေ့တဲ့ အချိန်မှာ ဆူးကို နင်းပြီးသွား၊ မနိုင်တဲ့ အချိန်မှာ နား ဆိုပြီး ဆုံးမတယ်လို့ ဦးဇော်မိုးလွင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ /MPA
မိသားစု ဆုံစည်းဖို့ ရည်မှန်းချက်တွေ ပြည့်မီဖို့ မျှော်လင့်ချက်
မသီရိမိုးရဲ့ ဖခင်က သူ့ ရည်မှန်းချက်တွေ ပျက်စီးသွားပြီလို့ တော့ မထင်ဘူး၊ တနေ့နေ့မှာ သူတို့ ရည်မှန်းချက် ပန်းတိုင် ရောက်ရမယ်လို့ သံန္နိဋ္ဌာန် ချကြောင်းပြောပါတယ်။
မသီရိမိုးကလည်း လက်နက်ကိုင် တော်လှန်ရေး လုံးဝ အောင်မြင်မယ်လို့ ယုံကြည်ထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်လောက်ကြာမယ် ဆိုတာ တပ်အပ်ခန့်မှန်း ပြောလို့ မရပါဘူးတဲ့။
လက်ရှိ အနေအထားအရ မြေပြင်မှာ တိုက်ပွဲ ဖြစ်ပြီဆိုရင် စစ်ကောင်စီဘက်က အကျအဆုံး အများကြီးရှိတယ်၊ နိုင်ငံတကာကလည်း ဖိအားတွေ ပေးနေတယ်လို့ ပြောပါတယ်။
ပီဒီအက်ဖ်ရယ်လို့ စဖြစ်လာခဲ့ချိန်က ခုခံစရာ လက်နက် ဘာမှ မရှိခဲ့ပေမဲ့ အခုဆိုရင် အတိုင်းအတာ တစ်ခု အထိတော့ ရှိနေပြီလို့ ဆိုပါတယ်။
ပြည်သူလူထု ထောက်ခံမှုကလည်း အရေးကြီးတယ်၊ လူထုထောက်ခံမှု မရှိရင် ဘယ်လို လူမျိုးမှ ရပ်တည်လို့ မရဘူး။ အခုဆို စစ်ကောင်စီဘက်ကို ထောက်ခံသူက အနည်းအကျဉ်းပဲ ရှိတယ်၊ ပီဒီအက်ဖ် တွေကို ထောက်ခံသူ လူထုက အများကြီး ရှိတယ်၊ ဒီအရာတွေပေါ်မှာ ချိန်ဆပြီး ပြောမယ် ဆိုရင် စစ်ကောင်စီဘက်က ကျရှုံးဖို့ သိပ်မကြာတော့ပါဘူး၊ အားလုံး ညီညွတ်ဖို့တော့ လိုတယ်။ မပြည့်စုံသေးတဲ့ အရာတွေကိုလည်း တဖြည်းဖြည်းချင်း ဖြည့်သွားလို့ ရတယ် လို့ မသီရိမိုးက ခံယူပါတယ်။
သူ့ရဲ့ ငယ်ဘဝ ကတည်းက ရည်မှန်းချက် ဖြစ်တဲ့ တရားဥပဒေ စိုးမိုးနိုင်ရေးမှာ တတ်နိုင်တဲ့ နေရာက ပါဝင် နိုင်ဖို့ ဆိုတာက တော်လှန်ရေး အောင်မြင်မှ ရမယ်လို့ မသီရိမိုးက ယုံကြည်နေပါတယ်။
သူ့ဖခင် ဦးဇော်မိုးလွင်ကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပျော်ရွှင်မှုရတဲ့ အချိန်ဟာ သူ့မိသားစု ပျော်ရွှင်ကြမယ့် အချိန်လို့ ပြောပါတယ်။








