ဒီဇင်ဘာလအတွင်း ထားဝယ်ဘက်မှာ ဖမ်းဆီး ထောင်ချမှုတွေ ပိုများလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ဒေသမှာ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ/MPA

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ဒေသမှာ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်

ဒီဇင်ဘာလ ပထမ သီတင်းနှစ်ပတ်အတွင်း ထားဝယ်တက္ကသိုလ် ကျောင်းသားတွေ၊ သမဂ္ဂ အဖွဲ့ဝင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေ ဖမ်းဆီးခံရ၊ ထောင်ဒဏ် အပြစ်ပေးခံရတာတွေဟာ ပြီးခဲ့တဲ့လတွေနဲ့ယှဥ်ရင် ပိုများလာတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

နိုင်ငံ တစ်ဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားကြတဲ့ အင်အား အကောင်းဆုံး ဒေသတွေထဲမှာ တနင်္သာရီတိုင်း ထားဝယ် ခရိုင်လည်း ပါဝင်ပါတယ်။

အခု ဒီဇင်ဘာ ပထမသီတင်း နှစ်ပတ်အတွင်း ထားဝယ်တက္ကသိုလ်က ကျောင်းသား ၁၀ ယောက်ကျော် ဖမ်းဆီးခံခဲ့ရသလို သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် ထောင်ချခံရသူ ၈ ယောက်လောက် ရှိတယ်လို့ ထားဝယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကိုရင်ငြိမ်း (အမည်လွှဲ) က ပြောပါတယ်။

အခုလအတွင်း ထောင်ချခံရသူတွေထဲက နှစ်ဦးဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁၁ နှစ်စီ ချခံခဲ့ရပါတယ်။

တစ်ဦးက ထားဝယ် တက္ကသိုလ်က အသက် ၁၉ နှစ် အရွယ် ပထဝီ ဘာသာ ပထမနှစ် ကျောင်းသား ကိုချစ်နိုင် ဖြစ်ပြီး ထားဝယ်မှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ် စစ်ကြောင်းကို ဦးဆောင်ခဲ့သူ ဖြစ်တယ်လို့ ထားဝယ် နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ဘီဘီစီကို ပြောပါတယ်။

သူ့မိဘတွေက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေကြပြီး သူက သက်ကြီးရွယ်အို အဘွားနဲ့ နေနေရကြောင်း၊ သူ့ကိုပြစ်ဒဏ် ချမှတ်တယ်ဆိုတာကို မိဘတွေ သိချင်မှတောင် သိမယ်လို့ ထားဝယ် ထောင်ထဲမှာ အကျဉ်းသား အဖြစ် နေခဲ့ရစဉ်က သူနဲ့ ခင်မင်ခဲ့ဖူးသူ အကျဉ်းသားဟောင်း တစ်ယောက်က ပြန်ပြောပြပါတယ်။

ထားဝယ်ဒေသမှာလည်း ကျောင်းသားတက်ကြွလှုပ်ရှားသူတွေ ဉီးဆောင်ပါဝင်

ဓာတ်ပုံ ရင်းမြစ်, CJ/MPA

ဓာတ်ပုံ ပုံစာ, ထားဝယ်ဒေသမှာလည်း ကျောင်းသားတက်ကြွလှုပ်ရှားသူတွေ ဉီးဆောင်ပါဝင်

ထားဝယ် ထောင်တွင်း တရားရုံးမှာ ဒီဇင်ဘာလ အတွင်း ကိုချစ်နိုင်လိုပဲ ထောင်ဒဏ် ၁၁ နှစ် အမိန့် ချမှတ်ခဲ့ရသူ နောက်တစ်ယောက်ကတော့ အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အသက် ၂၀ အရွယ် ကိုဇင်မျိုးမင်းပါ။ သူ့ကို မူလက ပုဒ်မ ၅၀၅ (က)၊ လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉ (စ) တို့နဲ့သာ စွဲဆို ထားပေမဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အရ လူတချို့ ပြန်လွတ် သွားပြီးနောက်မှာမှ အကြမ်းဖက်မှု ပုဒ်မ ပုဒ်မ ၅၂ (က) နဲ့ ထပ်မံ စွဲဆိုခဲ့တာ ဖြစ်တယ်လို့ သူနဲ့ ထောင်ထဲမှာ ဆုံခဲ့တဲ့ အကျဉ်းသား ဟောင်း ကိုတီရာဂို (အမည်လွှဲ) က ပြန်ပြောပါတယ်။

သူတို့ နှစ်ယောက်စလုံးကို အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) အတွက် ထောင် ၇ နှစ်၊ ပုဒ်မ ၅၀၅ (က) အတွက် ထောင် ၃ နှစ်၊ လက်နက်ကိုင်ဆောင်မှု ၁၉ (စ) အတွက် ထောင် ၁ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ် ခဲ့ပါတယ်။

ဒါ့အပြင် ကိုဝေယံကျော် ဆိုသူလည်း ဒီဇင်ဘာလ ၉ ရက်နေ့က ထောင်ဒဏ် ၉ နှစ် ချမှတ် ခံခဲ့ရပါတယ်။ မူလက ပုဒ်မ ၅၀၅ (က) တစ်ခုတည်းနဲ့ စွဲဆို ခံရပေမဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အရ ထားဝယ်ထောင်က အကျဉ်းသားတွေ ပြန်လွှတ် ပေးခဲ့ပြီး နောက်မှာ အကြမ်းဖက်မှု ဆိုင်ရာ ပုဒ်မ ၅၂ (က) နဲ့ ထပ်တိုး တရားစွဲတယ်လို့ သိရကြောင်း သူနဲ့ ထောင်ထဲမှာ ဆုံခဲ့တဲ့ ကိုတီရာဂိုက ပြန်ပြောပြပါတယ်။

မူလစွဲဆိုထားတဲ့ အမှုဖြစ်တဲ့ ပုဒ်မ ၅၀၅ (က) ကိုပယ်ဖျက်ပြီး ကျန်တဲ့ အမှု တစ်ခုတည်းနဲ့ တရားစွဲဆို ထောင်ချ ခံခဲ့ကြရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီလို ပယ်ဖျက် လိုက်တဲ့ အတွက် ပုဒ်မ ၁၉ (စ) တစ်ခုတည်းနဲ့ ပြစ်ဒဏ် ၁ နှစ်စီ ချခံကြရသူ တွေက ကိုသူရဇော်၊ ကိုစိုးသက်ဇော်နဲ့ ကိုခန့်ညီညီသန့်တို့ ဖြစ်တယ်လို့လည်း ကိုတီရာဂိုက ပြောပါတယ်။

ထောင်ဒဏ်ကျသူတွေနဲ့ အဖမ်းခံရသူ အမျိုးသမီးတွေ

ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် တရားစွဲခံခဲ့ရတဲ့ အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ဖြစ်ပြီး ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ တစ်ယောက်ဖြစ်တဲ့ မညိုမာဦးကို ထားဝယ် ထောင်တွင်း တရားရုံးက ဒီဇင်ဘာလ ၁ ရက်နေ့ ကပဲ ထောင်ဒဏ် ၂ နှစ်နဲ့ ၆လ အမိန့် ချမှတ်ခဲ့ ပါတယ်။

ပုဒ်မ ၅၀၅ (က) အပြင် တခြား ဆက်စပ်ပုဒ်မတွေ အတွက် ချမှတ်ခံခဲ့ရတာလို့ အောက်တိုဘာလက ထားဝယ်ထောင်က ပြန်လွတ်လာတဲ့ ကိုတီရာဂိုက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက ပုဒ်မတွေ အများကြီးတပ် ထောင်ချခံ ထားရပြီး လက်ရှိလည်း အမှု ရင်ဆိုင်နေရတဲ့ လူငယ် တက်ကြွလှုပ်ရှားသူ ကိုဇေလင်းဦးရဲ့ ဇနီး မနှင်းစုလှိုင်ကို လည်း အခု ဒီဇင်ဘာလထဲမှာ ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် တက်ကြွ လှုပ်ရှားသူ မလွင်လွင်ကျော် ကတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့က ထားဝယ် အကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။

အခုလ အတွင်း ထားဝယ် တက္ကသိုလ်က ကျောင်းသူတွေနဲ့ တက်ကြွ လှုပ်ရှားသူ အမျိုးသမီးတွေ ဖမ်းဆီး ခံခဲ့ကြရတာတွေလည်း ရှိပါတယ်။

တက္ကသိုလ် ကျောင်းသူ မဇူးဇူး ပြည့်စုံဝင်း၊ မစံပယ်ဖြူ တို့အပြင် ရင်းနှီးသူတွေက မဇင်၊ မမိုနာ လို့ ခေါ်ကြတဲ့ ကျောင်းသူဟောင်း တွေလည်း ဖမ်းဆီး ခံခဲ့ကြရတယ်လို့ ထားဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကိုရင်ငြိမ်း (အမည်လွှဲ) က ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာပါတဲ့ တက္ကသိုလ် ကျောင်းသားတွေရဲ့ နာမည်စာရင်း အားလုံးကို အတိအကျ မသိရသေးပေမဲ့ ကျောင်းသားဟောင်းတွေထဲက ကိုအောင်ကိုလွင်၊ ကိုကောင်းမင်းခန့် တို့ ဖမ်းဆီး ခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးကုသမှု လိုအပ်သူတွေရှိနေ

ထောင်ထဲမှာ ကျန်းမာရေး ဆိုးနေကြတဲ့ မိန်းကလေးတွေနဲ့ ဆေးကုသခွင့် မရကြတဲ့ ကျောင်းသားတွေလည်း ရှိနေရာမှာ မစုလှိုင်နွေး ဆိုရင် ကျောက်ကပ်နဲ့ သားအိမ် ရောဂါ ခံစားနေရပြီး ကျန်းမာရေး စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

ထားဝယ် တပ်ပေါင်းစု သပိတ် ကော်မတီဝင် ကိုစိုးပြည့်အောင် ဆိုရင်လည်း ခြေထောက်ဒဏ်ရာ မျက်စိ ဒဏ်ရာတွေ ရှိနေလို့ ဆေးကုသခွင့် လိုအပ်နေတယ်လို့ ကိုရင်ငြိမ်းက ပြောပါတယ်။

တရားရင်ဆိုင်ရတဲ့ အခြေအနေ

ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့အပြီး စစ်အာဏာရှင် ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်လို့ ဖမ်းဆီး ခံကြရသူတွေ အတွက် အခမဲ့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ကွန်ရက်က ရှေ့နေတွေကို အားပေး ကူညီမှုနဲ့ တရားစွဲ အမှုဖွင့်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိလာတယ်လို့ ကြားခဲ့ကြရပြီး နောက်ပိုင်း ရှေ့နေတွေက အမှူ လိုက်မပေးရဲတော့ တာတွေ ရှိလာတယ်လို့ ကိုတီရာဂိုက ပြောပါတယ်။

ဒါကြောင့် မိသားစုက ရှေ့နေ ငှားပေးနိုင်သူ တွေသာ ဥပဒေကြောင်း အရ ခုခံ ကာကွယ်ပေးမယ့် သူ ရှိကြပြီး ထားဝယ်ထောင်ထဲက ဖမ်းဆီးခံ အတော်များများက မိသားစုနဲ့ အဆက်အသွယ်မရသူတွေ၊ ရှေ့နေခ မတတ်နိုင်သူတွေ ဖြစ်နေလို့ အမှု ကြာနာ စစ်ဆေးခံရတဲ့အခါ ကိုယ်တိုင်ပဲ ထွက်ဆို ခုခံကြရတာတွေ များနေတယ်လို့ သူ ထောင်ထဲမှာ ရှိခဲ့ချိန်က ရင်းနှီးခဲ့ သူတွေရဲ့ မိသားစုတွက တစ်ဆင့် သိရတယ် လို့ ကိုတီရာဂိုက ပြောပါတယ်။

ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် မရတော့ ထောင်ထဲမှာ အကျဉ်းသားတွေရဲ့ လိုအပ်ချက်တွေကို မိသားစုသိအောင် ပြန်ပြောပြပေးမယ့်သူ မရှိလို့ ရုံးထုတ်တာ၊ ထောင်ချခံရတာတွေကို မိသားစုက မသိလိုက်တဲ့ အကျဉ်းသားတွေလည်း အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

အဖမ်းအဆီးတွေကြားက အံတုလှုပ်ရှားမှုများ

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ဦးစီး ဦးဆောင် ပြုနေကြတဲ့ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တွေ၊ တပ်ပေါင်းစု သပိတ် ကော်မတီဝင်တွေနဲ့ လူငယ် တက်ကြွ လှုပ်ရှားသူတွေကို စစ်ကောင်စီက အပြင်းအထန် ဖမ်းဆီး ထောင်ချ အရေးယူမှုတွေကြောင့် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အပေါ် သက်ရောက်မှုတွေတော့ ရှိတယ်လို့ တက်ကြွ လှုပ်ရှားသူ တွေက ပြောပါတယ်။

လုံခြုံရေး အရ မြေပြင်ကို တိုက်ရိုက် ဆင်းလို့ မရပေမဲ့ ရတဲ့ အခြေအနေမှာ အကောင်းဆုံး လုပ်ဆောင်နေတယ်၊ ဘူး သပိတ်လို စစ်တပ် ထုတ်ကုန်တွေ မသုံးဘဲ သပိတ်မှောက်ဖို့ ဆော်သြတာ၊ တစ်နိုင်ငံလုံး သပိတ်အတွက် ပါဝင်လှုပ်ရှား တာတွေ အပြင် လူမှုကွန်ရက် ကနေ လည်း တတ်နိုင် သလောက် လှုပ်ရှားနေတယ်လို့ ထားဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်က ပြောပါတယ်။

အခုလို လက်နက်ကိုင်တော်လှန်ရေး အင်အား ကြီးလာတာနဲ့ အမျှ အကြမ်း မဖက် လူထုလှုပ်ရှားမှုကို သူတို့ ဆက်လုပ်သွား မယ်၊ နှစ်ခုလုံး တစ်ပြိုင်တည်း လုပ်ဆောင်နိုင်ရင် ပိုကောင်းတယ်လို့ ယူဆကြောင်း ထားဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကိုရင်ငြိမ်းက ပြောပါတယ်။