နှစ် ၅၀ ပြည့် Pride - မြေအောက်ခန်းထဲက စခဲ့တဲ့ LGBT တော်လှန်ရေး

၁၉၇၁ က လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားတဲ့ Stuart Feather ကို ရဲကားပေါ်ကို ဖမ်းခေါ်နေစဉ်

ဓာတ်ပုံ ရင်းမြစ်, Alamy/Mirrorpix

ဓာတ်ပုံ ပုံစာ, ၁၉၇၁ က လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားတဲ့ Stuart Feather ကို ရဲကားပေါ်ကို ဖမ်းခေါ်နေစဉ်
    • ရေးသားသူ, လော်ရာမော့စ်၊ LGBT ဆိုင်ရာသတင်းထောက်၊ ဂျော့်ရှ်ပယ်ရီ၊ LGBT ဆိုင်ရာ ထုတ်လုပ်သူ
    • ရာထူးတာဝန်, ဘီဘီစီသတင်း

ပျော်ရွှင်စရာ ၆၀ ပြည့်နှစ်များရဲ့ အလွန် ၁၉၇၂ က ဗြိတိန်မှာ သတ္တုတွင်း လုပ်သားတွေရဲ့ သပိတ်တွေကြောင့် အမှောင်တိုက်ကျနေခဲ့သလို Donny Osmond ရဲ့ Puppy Love သီချင်းက အရောင်းရဆုံး ဓာတ်ပြား ဖြစ်နေခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ လိင်တူချစ်ခြင်းကို ရာဇဝတ်မှုမဟုတ်ဘူးလို့ သတ်မှတ်ခဲ့ပေမယ့် လိင်ကွဲတွေအတွက် အသက်စေ့ပြီလို့ သတ်မှတ်ထားတဲ့ အရွယ်ထက်တော့ ၅ နှစ်ပိုပြီး နောက်ဆုတ်ပေးထားပါတယ်။ လိင်တူချင်း စိတ်တိမ်းညွှတ်မှုကို စိတ်ရောဂါတခု မဟုတ်ဘူးလို့ ပြောင်းလဲ သတ်မှတ်ခြင်းတွေလုပ်ဖို့ အဲဒီအချိန်ကနေ နောက်ထပ် နှစ်ပေါင်း ၂၀ လောက် စောင့်ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လန်ဒန်မြို့က နာမည်ကျော် London School of Economics တက္ကသိုလ်ရဲ့ မြေအောက်ခန်း တခုထဲမှာတော့ တော်လှန်ရေး တခုဟာ စတင်ဖို့ အားယူနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က လိင်တူချစ်သူတွေအတွက် သတ်မှတ်တဲ့ ခွင့်ပြု အသက်အရွယ်ကို ချပေးဖို့ အတွက် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လိင်တူချစ်သူ လွတ်မြောက်ရေး တပ်ဦးGay Liberation Front ရဲ့ အဖွဲ့ဝင်တွေဟာ ချီတက်ဆန္ဒထုတ်ဖော်ပွဲ နောက်တခု ကျင်းပဖို့ စီစဉ်နေခဲ့ကြပါတယ်။ ဒီတခါ ချီတက်ကြရင်တော့ သူတို့ဟာ အပြောင်းအလဲလုပ်ပေးဖို့ နဲ့ သာတူညီမျှမှုတွေ ရဖို့ အတွက် တောင်းဆိုရုံတင်မက သူတို့ ဘယ်သူဘယ်ဝါဆိုတဲ့ အပေါ်မှာပါ ဂုဏ်ယူဝံ့ကြွားစွာ ဖော်ထုတ်ပြသကြဖို့ စီစဉ်ထားကြပါတယ်။

အဲဒီအချိန်ကတော့ ဒီကနေ တဆင့်ဘာတွေ ဖြစ်လာမလဲ ဆိုတာ သူတို့ တွေးမိချင်မိကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ ချီတက်ပွဲက ချန်ခဲ့တဲ့ ဂယက်လှိုင်းသံဟာ နောင် ဆယ်စုနှစ်များစွာ ကြာသည်အထိ ဆက်လက်ရှင်သန်နေပါတော့တယ်။

ယူကေရဲ့ ပထမဆုံး Pride ဂုဏ်သိက္ခာချီတက်ဆန္ဒပြပွဲကြီးကို သူတို့ မွေးဖွားပေးခဲ့ကြပါတယ်။

Pride ဂုဏ်သိက္ခာချီတက်ပွဲအတွက် လက်ကမ်းကြော်ငြာ

ဓာတ်ပုံ ရင်းမြစ်, Hall-Carpenter Archives, LSE Library

ဓာတ်ပုံ ပုံစာ, Pride ဂုဏ်သိက္ခာချီတက်ပွဲအတွက် လက်ကမ်းကြော်ငြာ

ဘီဘီစီ သတင်းဌာနက အဲဒီ ၁၉၇၂ က ကျင်းပခဲ့တဲ့ ပထမဆုံး Pride ဂုဏ်သိက္ခာချီတက်ပွဲမှာ ပါဝင်ခဲ့ကြသူတွေနဲ့ နောက်ပိုင်း မျိုးဆက်သစ် လိင်တူချစ်သူ လိင်ပြောင်းသူများကို တွေ့ဆုံပြီး အဲဒီ အချိန်ကနေ ယနေ့ ကာလအကြား ဘာအပြောင်းအလဲတွေ ရှိခဲ့သလဲ ဘာတွေ ဆက်ပြီး ပြောင်းလဲဖို့ လိုနေသလဲ ဆိုတာကို တွေ့ဆုံ မေးကြည့်ခဲ့ပါတယ်။

အနမ်းတွေချွေပြီး လှည့်ကြည့်လိုက်တော့ ရဲတွေတယောက်မှ မရှိတော့ဘူး - Stuart Feather ရဲ့ ပုံပြင်

Stuart Feather ဟာ အဲဒီတုန်းက အသက် ၃၂ နှစ် ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်များရဲ့ အစောပိုင်းက ကျင်းပတဲ့ ပထမဆုံး အကြိမ် GLF တွေ့ဆုံပွဲကို သူလည်း တက်ရောက်ခဲ့ပါတယ်။

သူတို့က အားလုံးကို ရဲရဲဝံ့ဝံ့ဖွင့်ဟကြဖို့၊ ကိုယ့်ရပိုင်ခွင့်တွေကို အသိအမှတ်ပြုရေး တောင်းဆိုဖို့၊ သတင်းဌာနတွေ၊ စိတ်ရောဂါကု ဆရာဝန်တွေနဲ့ တခြားလူတွေ ပြောနေကြသလို ကြောက်လန့်စရာ သတ္တဝါမျိုးတွေ မဟုတ်ဘူးဆိုတာ ပြသဖို့ ဘယ်လောက်အရေးကြီးတယ် ဆိုတာတွေကို ပြောပြီး တိုက်တွန်းနေခဲ့တာ ဖြစ်တယ်လို့ Stuart Feather က ပြောပါတယ်။

တကယ်လည်း အဲဒီတုန်းက သူ့မှာ သိမ်ငယ်မှုတွေ ရှိနေခဲ့ကြောင်း၊ လိင်တူချစ်သူ ဂုဏ်သိက္ခာ မျိုးလည်း သူ့မှာ မရှိခဲ့ဘဲ သူ့ကိုယ်သူ ဘာဆိုတာ လူသိမခံဘဲ ဖုံးကွယ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီနောက်ပိုင်း များမကြာမီမှာပဲ Stuart ဟာ လိင်တူချစ်သူ အခွင့်အရေး ချီတက်ပွဲတွေမှာ ပါဝင်လာခဲ့သလို အမျိုးသမီးဝါဒီ တွေရဲ့ Miss World မယ်ကမ္ဘာရွေးပွဲ တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာပါ ပါဝင်လာခဲ့တော့တယ်။

အဲဒီအချိန်က အမျိုးသား နှစ်ဦး လူမြင်ကွင်းမှာ နမ်းရှုံခြင်းကို ပိတ်ပင်ထားတာကြောင့် ဆန္ဒပြပွဲတွေရဲ့ သရုပ်လက္ခဏာ တခုအဖြစ် အနမ်းတွေ ချွေပြကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hall-Carpenter Archives, LSE Library

ဓာတ်ပုံ ပုံစာ, အဲဒီအချိန်က အမျိုးသား နှစ်ဦး လူမြင်ကွင်းမှာ နမ်းရှုံခြင်းကို ပိတ်ပင်ထားတာကြောင့် ဆန္ဒပြပွဲတွေရဲ့ သရုပ်လက္ခဏာ တခုအဖြစ် အနမ်းတွေ ချွေပြကြပါတယ်။

အဲဒီနှစ်က ဇူလိုင်လ ၁ ရက်မှာ ပထမဆုံး Pride ချီတက်ပွဲ ကျင်းပဖို့ လန်ဒန်မြို့က ထရာဖော်လဂါ ရင်ပြင်ကို လူ ရာဂဏန်း ရောက်လာကြပါတယ်။ တော်တော်များများက လက်ကိုင်စာတမ်းတွေ၊ အထူးအဆန်း ဝတ်စုံတွေနဲ့ဖြစ်ကြပါတယ်။

အဲဒီအချိန်က ဘေးပတ်လည်မှာ ရဲတွေမှ အများကြီး သူတို့ကိုတောင် မြင်ရဖို့ မလွယ်ဘူးလို့ Stuart က ပြန်ပြောင်း ပြောပြပါတယ်။ ဒါပေမယ့် Marble Arch ရောက်တဲ့ အထိ ချီတက်ခဲ့ကြအပြီးမှာ အနမ်းချွေ ဆန္ဒပြကြတယ်၊ အဲဒါလည်းပြီးရော လှည့်ကြည့်လိုက်တဲ့အခါ ရဲတွေ တယောက်မှ မရှိတော့ဘူးလို့ ဆိုပါတယ်။

ရဲတွေက သူတို့ ဒီလို နမ်းရှုံ့ပြနေကြတာကို ရွံ့ရှာကြပြီး ဘာမှ ဟန့်တားလို့ မရခဲ့ကြတဲ့ အကြောင်း သူက ဆိုပါတယ်။

အလွန့်အလွန် ကောင်းတဲ့ လွတ်လပ်မှု၊ ကိုယ်ဖြစ်ချင်သလို ဖြစ်ခွင့်ရတဲ့နေ့ - Bruce ရဲ့ ဇာတ်လမ်း

Bruce Bayley သူ့ကိုယ်သူ လိင်တူချင်း စိတ်ဝင်စားသူ ဖြစ်နေမှန်း သိလိုက်ရတာက GLF အကြောင်း စာတမ်းရေးဖို့ စတင်လေ့လာခဲ့ချိန်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, Bruce Bayley သူ့ကိုယ်သူ လိင်တူချင်း စိတ်ဝင်စားသူ ဖြစ်နေမှန်း သိလိုက်ရတာက GLF အကြောင်း စာတမ်းရေးဖို့ စတင်လေ့လာခဲ့ချိန်မှာ ဖြစ်ပါတယ်။

Bruce Bayley အတွက် လိင်တူချစ်သူတွေရဲ့ ချီတက်ပွဲဟာ အရင်က ကျင်းပခဲ့ကြတဲ့ နိုင်ငံရေး ဆန္ဒပြချီတက်ပွဲတွေနဲ့ အယူအဆပိုင်းမှာ မတူကွဲပြားလို့ နေပါတယ်။

သူက ဒီချီတက်ပွဲက ပျော်ရွှင်စရာလည်း ကောင်းတယ်၊ ကိုယ့် ခံယူချက်အတွက် ဆန္ဒဖော်ထုတ်နေတယ်ဆိုပေမယ့် တဖက်မှာဒါက စိတ်ပျော်စရာဖြစ်နေတာဆိုပြီး သူက ပြောပါတယ်။

Bruce တယောက် GLF အဖွဲ့ဝင် ဖြစ်လာတာက အသက် ၂၄ နှစ်အရွယ်ပါ။

သူဟာ အိန္ဒိယမှာ ကြီးပြင်းလာခဲ့တာဖြစ်ပြီး လန်ဒန်မြို့မှာ လူမှုရေး သိပ္ပံပညာ ဘာသာရပ်ကို လာရောက်သင်ယူနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ သူ့ကို နိုင်ငံရေး စံသွေမှုတွေနဲ့ ပတ်သက်လို့ လေ့လာသုတေသန ပြုဖို့ ထောက်ပံ့ကြေး ရခဲ့ပါတယ်။ သူ့ ဆရာ အကြံပေးခဲ့သလိုပဲ Bruce ဟာ GLF အဖွဲ့အကြောင်း စာတမ်းရေးဖို့ လုပ်ခဲ့ပါတယ်။

အဲဒီကစလို့ သူ့ဘဝဟာ အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတော့တယ်။

GLF တွေအကြောင်း လေ့လာဖို့ စတင်ခဲ့ပြီးနောက် သူတို့ရဲ့ တွေဆုံပွဲကို သွားရင်းကနေ ကိုယ်လည်း သူတို့လိုပါပဲလားဆို သိခဲ့ရတာပဲလို့ သူက ဆိုပါတယ်။ အလွန့်အလွန် လွတ်လပ်ပြီး ကိုယ်နေချင်သလို နေခွင့် ရတဲ့ စိတ်လှုပ်ရှားမှု၊ ကိုယ့်ကိုယ်ကိုယ် လိင်တူချစ်သူပါလို့ ရဲရဲဝံ့ဝံ့ ထုတ်ပြောနိုင်တာတွေက စွဲမက်စရာပါပဲလို့ Bruce Bayley က ပြောပါတယ်။

စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ် လို့ ဆိုလာတဲ့ Rebecca

Rebecca Bullamore ဟာ သူငယ်ချင်းတွေနဲ့ အတူ လန်ဒန်မှာ ကျင်းပမယ့် Pride ချီတက်ပွဲမှာ ပထမဆုံးကြိမ် ပါဝင်ချီတက်ဖို့ စီစဉ်နေပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC News

ဓာတ်ပုံ ပုံစာ, Rebecca Bullamore ဟာ သူငယ်ချင်းတွေနဲ့ အတူ လန်ဒန်မှာ ကျင်းပမယ့် Pride ချီတက်ပွဲမှာ ပထမဆုံးကြိမ် ပါဝင်ချီတက်ဖို့ စီစဉ်နေပါတယ်

Rebecca Bullamore ဟာ အသက် ၂၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဇူလိုင်လ ၂ ရက်နေ့မှာ လန်ဒန်မြို့မှာ ကျင်းပမယ့် London Pride parade ချီတက်ပွဲမှာ သူငယ်ချင်းတွေနဲ့ အတူ ပါဝင်ဆင်နွှဲဖို့ စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း တော်တော်ခရီးရောက်ခဲ့ပြီး ပါပြီ၊ ဒါပေမယ့် ကမ္ဘာတဝန်းမှာ ဒီလို အခွင့်အရေး မရသေးတဲ့ သူတွေအများကြီး ရှိသေးတယ်၊ ဒီနိုင်ငံမှာတောင် ကိုယ်ဘာလဲ ဆိုတာ ထုတ်ပြောဖို့ စိတ်မသက်မသာ ဖြစ်နေတဲ့သူတွေ အများကြီး ရှိနေသေးတယ်လို့သူက ပြောပါတယ်။

အခု မီဒီယာတွေကလည်း အကောင်းဘက်က ဖော်ပြကြတယ်။ ကလေးစာအုပ်တွေမှာတောင် ဒီလို ဇာတ်ကောင်မျိုးတွေ ပါဝင်လာကြပြီ အပြုသဘော ဇာတ်လမ်းတွေကို မြင်လာရပြီလို့ သူက ပြောပါတယ်။ ဒါပေမယ့် အခုထက်ထိ စိန်ခေါ်မှုတွေ အများကြီး ရှိသေးတယ်၊ လူတွေက သူတို့တွေကို အလေးထား နားလည်ပေးတာမျိုးမရှိဘဲ ခွဲထုတ်ချင်နေကြတုန်း ဖြစ်တယ်လို့ Rebecca Bullamore က ပြောပါတယ်။

လွတ်မြောက်ခြင်းနဲ့ ချစ်ခြင်း မေတ္တာတွေ အတွက် ထူးကဲတဲ့ စိတ်ခံစားမှုတွေပါ - Angela ရဲ့ ဖြစ်အင်

Angela Mason ဟာ OBE ဘွဲ့နဲ့ သူကောင်းပြုခံခဲ့ရသလို Stonewall ပရဟိတအဖွဲ့မှာလည်း အမှုဆောင်ဒါရိုက်တာ ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC News

ဓာတ်ပုံ ပုံစာ, Angela Mason ဟာ OBE ဘွဲ့နဲ့ သူကောင်းပြုခံခဲ့ရသလို Stonewall ပရဟိတအဖွဲ့မှာလည်း အမှုဆောင်ဒါရိုက်တာ ဖြစ်ပါတယ်

Angela Mason ဟာ ၁၉၇၀ ခုနှစ် အောက်တိုဘာလGLF စတည်ထောင်ချိန်ကတည်းက အဖွဲ့ဝင်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကြောင့် သူဘာလဲ ဆိုတာကို ပေါ်ပေါ်တင်တင်ပဲ နေထိုင်နိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

အရင်က သူဒီလို ပေါ်ပေါ်တင်တင် မနေရဲခဲ့ဘူး၊ စိတ်ဆင်းရဲနေခဲ့ရတာ။ အဲဒီချီတက်ပွဲမှာမှ လွတ်လပ်မှု၊ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးမှုတွေကို ရုတ်ခြည်း ကြုံလိုက်ရတာဟာ သိပ်အံ့သြစရာကောင်းတဲ့ အခိုက်အတန့်ပါလို့ Angela က ပြောပါတယ်။

ပြီးတော့ ဒါဟာ ကိုယ်တဦးတယောက်တည်း ကြုံခဲ့ရတဲ့ ခံစားမှုမျိုးလည်း မဟုတ်ဘူး၊ အားလုံး ဒီလိုပဲ ကြုံခဲ့ ခံစားခဲ့ကြရတာ သူ့ဘဝမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်တခုပါပဲလို့ ဆိုပါတယ်။

အဲဒီ GLF တွေ့ဆုံပွဲတခု မှာပဲ သူ့ရဲ့ လက်တွဲဖော် Elizabeth Wilson နဲ့ ဆုံခဲ့ကြတာဖြစ်ပြီး အခုထက်တိုင် မခွဲမခွာ အတူရှိနေကြဆဲဖြစ်ပါတယ်။ Angela ဟာ Stonewall ပရဟိတအဖွဲ့မှာလည်း ဒါရိုက်တာ တယောက် ဖြစ်လာခဲ့ပြီး လိင်တူချင်း ချစ်ခွင့်ပြုတဲ့ အသက်အရွယ်ကို လျှော့ချပေးရေး လှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေ ရတဲ့ အထိ ဦးဆောင် ပါဝင်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

ခပ်ဆိုးဆိုးလေးပါ လို့ဆိုတဲ့ Shân ရဲ့ ဘဝဇာတ်ကြောင်း

Shân Veillard-Thomas ဟာ သူ့ ချစ်သူမိန်းကလေးနဲ့ ဆုံပြီးနောက်မှာ Gay Liberation Front အဖွဲ့ဝင်ဖြစ်လာသလို အိမ်ကလည်း ထွက်ပြေးလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC JOSH PARRY

ဓာတ်ပုံ ပုံစာ, Shân Veillard-Thomas ဟာ သူ့ ချစ်သူမိန်းကလေးနဲ့ ဆုံပြီးနောက်မှာ Gay Liberation Front အဖွဲ့ဝင်ဖြစ်လာသလို အိမ်ကလည်း ထွက်ပြေးလာခဲ့ပါတယ်။

Shân Veillard-Thomas တယောက် GLF အဖွဲ့ဝင်ဖြစ်လာတော့ သူ့ ချစ်သူမိန်းကလေးနဲ့ ဆုံပြီး အိမ်က ပြေးလာကာစ အချိန်မှာ ဖြစ်ပါတယ်။

ပထမဆုံး Pride ချီတက်ပွဲကို စီစဉ်ခဲ့တဲ့ လူ ၃၀ ထဲမှာလည်း တယောက်အပါအဝင် ဖြစ်ပါတယ်။

အဲဒီတုန်းကသူ့အသက် ၂၁ နှစ်ပဲ ရှိသေးတယ်။ ချီတက်ပွဲက အငြင်းပွားစရာ၊ ထိတ်လန့်စရာ နောက် ရဲဝံ့စွန့်စားတာလို့လည်း ပြောလို့ရပါတယ်။ နောက်ပြီး ဒီလို ခပ်ဆိုးဆိုးလုပ်ချင်တာမျိုး၊ စွန့်စားကြည့်ချင်တာမျိုးတွေက သူ့ကို ဆွဲဆောင်နေခဲ့တာ လို့ ဆိုပါတယ်။

အဲဒီလိုမျိုး လူရှေ့ထွက်လာပြီး လမ်းမတွေပေါ် ချီတက်ပြကြတာကိုက တော်တော်ကို ရဲဝံ့တဲ့ စွန့်စားတဲ့ ကိစ္စတခု ဖြစ်တယ်လို့ Shân က ပြောပြပါတယ်။

Pride ချီတက်ပွဲမှာ လွတ်လပ်မှုရဲ့ အရသာကို ခံစားခဲ့ရပြီး နောက်မှာ Shân Veillard-Thomas ဟာ စစ်တပ်ထဲဝင်ခဲ့ပြီး ဖုံးဖုံးဖိဖိနဲ့ နေခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shan veillard-thomas

ဓာတ်ပုံ ပုံစာ, Pride ချီတက်ပွဲမှာ လွတ်လပ်မှုရဲ့ အရသာကို ခံစားခဲ့ရပြီး နောက်မှာ Shân Veillard-Thomas ဟာ စစ်တပ်ထဲဝင်ခဲ့ပြီး ဖုံးဖုံးဖိဖိနဲ့ နေခဲ့ရပါတယ်။

သူ့ရဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေက ခဏပဲ ခံခဲ့ပါတယ်။ Pride ချီတက်ပွဲပြီး နောက် တနှစ်အကြာမှာ သူဟာ စစ်တပ်ထဲ ရောက်သွားခဲ့ပြီး ဖုံးဖုံးဖိဖိ နေခဲ့ရပြန်ပါတယ်။

အကြောင်းကတော့ အဲဒီအချိန်က စစ်တပ်ထဲမှာ လိင်တူချင်းစိတ်ညွှတ်တာကို တရားမဝင်ဘူးလို့ သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်ထားတာက ၂၀၀၀ ပြည့်နှစ်အထိပဲ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ မပြောပြကြဘူး၊ တချို့ အစီရင်ခံစာတွေထဲမှာ စစ်ဆေးပုံတွေ မြင်ပြီး လန့်တောင် လန့်သွားခဲ့ရတယ်၊ နောက်ထပ် မိန်းကလေး တယောက်နဲ့တောင် ထပ်မဆုံရဲတော့ဘူးလို့ သူက ပြောပြပါတယ်။

Shân ဟာ အမျိုးသားတယောက်နဲ့ လက်ထပ် ခဲ့ပြီး ကလေးတွေလည်း ရခဲ့ပါတယ်။ သူ့အတွက် အင်မတန် ချစ်မြတ်နိုးစရာကောင်းတဲ့ သံယောဇဉ်တခုပါပဲ လို့ ဆိုပါတယ်။

ဒါပေမယ့် နှစ်ကာလ တချို့ကြာခဲ့ပြီး နောက်မှာ Shân ဟာ လိင်တူချင်း ချစ်မြတ်နိုးချင်သူ တယောက်ဖြစ် ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

ကိုယ်ဘာလဲဆိုတာ ပွင့်ပွင့်လင်းလင်း ဖော်ပြတာပါ - Sam ရဲ့ အကြောင်း

Sam Stevens smiles at the camera

ဓာတ်ပုံ ရင်းမြစ်, BBC News

ဓာတ်ပုံ ပုံစာ, Sam Stevens ဟာ ပထမဆုံးအကြိမ် Pride မှာ ပါဝင်မှာ ဖြစ်ပါတယ်

အသက် ၂၃ နှစ်ရှိပြီ ဖြစ်တဲ့ Sam Stevens ကတော့ Pride ကို ဦးဆောင်ကြသူတွေက လိင်တူချစ်သူ လိင်ပြောင်းသူတွေကို ပိတ်ပင်တဲ့ ဥပဒေတွေရှိကြတဲ့ ဆော်ဒီအာရေဗျနဲ့ တရုတ်တို့လို နိုင်ငံတွေ အပါအဝင် ကမ္ဘာ့တဝန်းက တခြားလူတွေနဲ့ ဘယ်လိုဘယ်ပုံကူးလူး ဆက်ဆံ သင့်တယ်ဆိုတာကို လေ့လာသင့်တယ်လို့ ပြောပါတယ်။

Pride က ဆန္ဒဖော်ထုတ်ပွဲ တခုလို့ ဆိုရင်လည်း ရနိုင်ပေမယ် အတိုင်းအတာ တခုအထိပဲ မှန်ပါတယ်။ တကယ်တမ်းမှာ အချင်းချင်း နားလည်မှု ရှိဖို့ အတွက် ကိုယ်ဘာလဲ ဆိုတာကို ဖွင့်ဆို ပြသတာလည်း ဖြစ်ပါတယ်။

သူငယ်ငယ်ကဆို 'gay'ဆိုတဲ့ စကားလုံးက စော်ကားတဲ့ အသုံးအနှုန်းလို့ ရှုမြင်ကြပေမယ့် အခုနောက်ပိုင်းတော့ ဒီလို မဟုတ်တော့သလို အဲဒီသဘောမျိုး သုံးနှုန်းတာကိုလည်း လက်မခံကြတော့ဘူး၊ ဒီလိုဖြစ်လာတာ ကောင်းပါတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အခုထက်ပိုပြီး ဒါမျိုးတွေ မြင်ရဖို့လိုတယ်။ ဥပဒေပိုင်းနဲ့ပါ ထိထိရောက်ရောက် လုပ်နိုင်ဖို့ လိုတယ်လို့ Sam Stevens က ဆိုပါတယ်။

လိင်တူချစ်သူတို့ရဲ့ ကြေညာစာတမ်း - Roz ရဲ့ ဇာတ်လမ်း

Roz Kaveney ဟာ ရဲ့ GLF ပထမဆုံး ကြေညာစာတမ်း ရေးသားရာမှာ ပါဝင်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC NEWS

ဓာတ်ပုံ ပုံစာ, Roz Kaveney ဟာ ရဲ့ GLF ပထမဆုံး ကြေညာစာတမ်း ရေးသားရာမှာ ပါဝင်ခဲ့ပါတယ်

Roz Kaveney ဟာ ၁၉၇၁ ခုနှစ်ရဲ့ ဆောင်းဦးကာလ GLF နဲ့ ထိတွေ့စအချိန်က အသက် ၂၈ နှစ်အရွယ်ဖြစ်ပြီး လိင်ပြောင်းထားသူအဖြစ် လူသိခံခဲ့ပြီး ဖြစ်ပါတယ်။ တော်တော် ထိတ်လန့်စရာ အချိန်တွေပါလို့ သူက ပြောပါတယ်။

သူပါဝင် ရေးသားခဲ့တဲ့ သူတို့ရဲ့ ကြေညာစာတမ်းမှာ ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့ အတွက် တောင်းဆိုချက်တွေကို လည်း ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီထဲမှာ LGBT လူသားတွေအတွက် ထုတ်ထားတဲ့ ဥပဒေတွေနဲ့ လူထုရဲ့ အမြင်တွေကို အပြောင်းအလဲ လုပ်ဖို့ တောင်းဆိုထားခဲ့ပါတယ်။

ဥပဒေရေးနဲ့ လူ့အသိုင်းအဝိုင်းမှာ LGBT တွေအပေါ် ရှုမြင်ပုံတွေ ပြောင်းလဲဖို့ တောင်းဆိုထားတဲ့ The Gay Liberation Front ရဲ့ ကြေညာစာတမ်း

ဓာတ်ပုံ ရင်းမြစ်, BBC news

ဓာတ်ပုံ ပုံစာ, ဥပဒေရေးနဲ့ လူ့အသိုင်းအဝိုင်းမှာ LGBT တွေအပေါ် ရှုမြင်ပုံတွေ ပြောင်းလဲဖို့ တောင်းဆိုထားတဲ့ The Gay Liberation Front ရဲ့ ကြေညာစာတမ်း

ဒါက အားလုံးအတွက်ပါ။ ဖြူဖြူ၊ မည်းမည်း၊ လိင်တူ၊ လိင်ပြောင်း၊ မပြောင်း အားလုံးအတွက် လုပ်ခဲ့တာပါ။ လိင်တူချစ်သူတွေရော လိင်ကွဲချစ်သူတွေရော အတူတကွ တောက်ပပြီး လွတ်လပ်တဲ့ အနာဂတ် တခုဆီကို ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်လို့ Roz က ပြောပါတယ်။

အဲဒီစာတမ်းက စိတ်ကူးယဉ်ဆန်တဲ့ စာတမ်းတခုလို ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဲဒီအချိန်ကတော့ သူတို့အတွက် ဒီဟာက တကယ့် ကြေညာစာတမ်းဖြစ်ပါတယ်လို့ ဆိုပါတယ်။

အဲဒီထဲက တချို့ အချက်တွေဟာ ယနေ့ထက်တိုင် မှန်ကန်နေဆဲ လို့လည်း ဆိုနိုင်ပါတယ်။

GLF အဖွဲ့ဝင် တော်တော်များများလိုပဲ Roz ဟာလည်း ဆက်လက် လှုပ်ရှားနေခဲ့ပါတယ်။ ကျောင်းတွေမှာ လိင်တူချင်း စိတ်ဝင်စားမှုအကြောင်း သင်ပြမှုကို တားမြစ်ထားတဲ့ ဒေသအစိုးရ အက်ဥပဒေ ၁၉၈၈ ရဲ့ အပိုင်း ၂၈ ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာလည်း သူပါခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အဲဒီ အပိုင်းကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာလည်း လိင် အသိအမှတ်ပြုခြင်း ဆိုင်ရာ အက်ဥပဒေမှာ လိင်ပြောင်းထားသူတွေကို သူတို့ မွေးစာရင်းမှာ ရေးသွင်းခဲ့တဲ့ လိင်ကို တရားဝင် ပြောင်းလဲခွင့် ပြုလုပ်နိုင်ဖို့ လှုပ်ရှားပေးခဲ့ပါတယ်။

Peter Tatchell sits on the grass wearing purple flares and a black jacket

ဓာတ်ပုံ ရင်းမြစ်, Jamie Gardiner

ဓာတ်ပုံ ပုံစာ, လူ့အခွင့်အရေးလှုပ်ရှားသူ Peter Tatchell (ရှေ့တန်းအလယ်) ဟာ အသက် ၁၉ နှစ်အရွယ်က GLF အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ယူကေရဲ့ ပထမဆုံး Pride ချီတက်ပွဲမှာ ပါဝင်ခဲ့ပါတယ်

GLF အဖွဲ့က လာမယ့် သောကြာနေ့ နေ့လယ် ၁ နာရီမှာ ထရာဖော်လ်ဂါ ရင်ပြင်အနီး St Martin's in the Fields ကနေ ပထမဆုံး Pride ချီတက်ပွဲကို ပြန်လည် ပုံဖော်အသက်သွင်းကြမှာ ဖြစ်ပါတယ်။