လားရှိုးနဲ့ မိုးကုတ်က တိုက်ပွဲတွေကြောင့် မြို့ကိုစွန့်ခွာချိန် လမ်းမှာပိတ်မိတဲ့စစ်ရှောင်တွေ နဲ့ မြို့မှာကျန်ခဲ့သူတွေရဲ့ မလုံခြုံမှု

အိမ်ပြင်ထွက်မရ၊ လမ်းမနဘေးပိတ်မိနေတဲ့ လားရှိုးနဲ့ မိုးကုတ်က စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဇူလိုင် (၈) ရက် လားရှိုးမြို့အထွက်မြင်ကွင်း

“တနေ့လုပ် တနေ့စား သာမန်ပြည်သူတွေ အငတ်ဘေးရင်ဆိုင်ရတော့မယ်ဗျာ”

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ်တိုက်ပွဲပြင်းထန်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်ရော တအာင်းတပ် TNLA နဲ့ပူးပေါင်းအဖွဲ့ကပါ အဝင်အထွက်ပိတ်ထားတာ သီတင်းတစ်ပတ်တင်းတင်းပြည့်ချိန်မှာတော့ အရပ်သားတွေရဲ့ အခြေအနေကို ပိတ်မိမြို့ခံတစ်ဦးကပြောလာတာပါ။

မြို့ အဝင်/အထွက်မပိတ်ခင် က မြို့ကို စွန့်ခွာပြီး မန္တလေးမြို့ မှာ စစ်ရှောင်ဖို့ ဦးတည်ခဲ့တဲ့ မိုးကုတ်က စစ်ရှောင်တွေလည်း မန္တလေး - မြစ်ကြီးနားလမ်းမကြီးပေါ်မှာ ရှေ့တိုးမသာ နောက်ဆုတ်မရ အခြေအနေကိုရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီ နဲ့ ကိုးကန့်တပ်- MNDAA တို့ တိုက်ပွဲဖြစ်နေတဲ့ နောက်ထပ်စစ်မျက်နှာပြင် လားရှိုးမြို့ မှာလည်း မြို့ကိုစွန့်ခွာတဲ့ ယာဉ်တန်းရှည်ကြီးက လမ်းမပေါ် ပြည့်နေသလို ခိုင်ခန့်မယ့် အဆောက်အဦမှာစုဝေးနေထိုင်ပြီး ကျန်ရစ်ခဲ့မယ်ဆိုတဲ့ မြို့ခံတွေလည်းရှိနေပါတယ်။

ရမခ ရှိတဲ့ လားရှိုးကို စွန့် ခွာသူတွေနဲ့ ကျန်ရစ်ခဲ့သူတွေ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးတိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, MNDAA တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

ဇူလိုင်လ ဒုတိယအပတ်မှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှိရာ လားရှိုးမြို့က မြို့စောင့်တပ် အမှတ် (၅၀၇) ခြေမြန်တပ်ရင်းကို အရယူဖို့ ထိုးစစ်ဆင်တဲ့ ကိုးကန့်တပ်နဲ့ လားရှိုးကို လက်မလွှတ်ရရေးကြိုးစားနေတဲ့ စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲပြင်းထန်လာပါတယ်။

တိုက်ပွဲတွေနဲ့ အတူ ပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ်တွေပေါ် လက်နက်ကြီး ကျရောက်တာတွေ လည်း ခပ်စိပ်စိပ်ဖြစ်လာပါတယ်။

“မနေ့ (ဇူလိုင် ၇ ရက်) တုန်းကပဲ ဂျိန်းဖောသူ စားသောက်ဆိုင်ပေါ် လက်နက်ကြီးကျပြီး လူထိတယ်လေ” လို့ လားရှိုးမြို့ ရပ်ကွက် (၅) မှာနေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီလို မလုံခြုံမှုတွေကြောင့် ယာဥ်အသီးသီးနဲ့ လားရှိုးမြို့ ကိုစွန့်ခွာကြသူတွေရှိလာပါတယ်။

ဇူလိုင် (၈) ရက်မနက်မှာတော့ လားရှိုးကိုစွန့်ခွာကြတဲ့ ယာဉ်တန်းက ပိုရှည်လာပြီး မြို့ လယ်ခေါင်မှာရှိတဲ့ ပန်းခြံကနေ တစ်မိုင်ကျော် အကွာ မြို့ ပြင်မှာရှိတဲ့ ဝင်/ထွက် စစ်ဆေးရေးဂိတ်အထိ ရောက်ခဲ့ပါတယ်။

လားရှိုးစစ်ရှောင်တွေဟာ မြို့ အရှေ့ဘက်က တန့်ယန်းမြို့၊ တောင်ဘက်က တောင်ကြီးမြို့ ဆီသာမက မြေပြန့်ဒေသ မန္တလေးမြို့အထိပါ အသီးသီး ဦးတည်တိမ်းရှောင်ကြဖို့ ရည်ရွယ်ထားကြပါတယ်။

ဒါပေမဲ့ မယ်ဟန်ဂိတ်အကျော် နောင်မွန်ကျေးရွာနားမှာ တိုက်ပွဲထပ်ဖြစ်နေတာကြောင့် ထွက်ခွာကြသူတွေ လမ်းမှာ ပိတ်မိနေကြပါတယ်။

လားရှိုး မြို့တွင်းမှာ ကျန်ခဲ့သူတွေကလည်း ခိုင်ခန့် မယ့်အဆောက်အဦထဲ စု‌ဝေးနေထိုင်ကြဖို့ နေရာရွှေ့ပြောင်းနေကြပါပြီ။

ပြည်သူအချင်းချင်း ဖေးမကူညီတဲ့ပုံစံနဲ့ လားရှိုးမြို့တွင်းနီးစပ်ရာ စုဝေးနေထိုင်ကြတာဖြစ်ပြီး အများစုက အခြားမြို့ရွာရွှေ့ပြောင်းဖို့ ငွေကြေးမတတ်နိုင်သူတွေပါ။

“မိသားစုငါး‌ယောက်အတွက်ဆို ကားငှားမှာနဲ့ နေစရိတ်စားစရိတ်က သိန်း ၅၀၊ ၁၀၀ ရှိမှ အဆင်ပြေမှာ၊ ကျွန်မမှာမရှိဘူးလေ” လို့ လားရှိုးမြို့နေအိမ်မှာ ဆက်နေထိုင်နေဆဲ အိမ်ရှင်မတစ်ဦး က ပြောပါတယ်။

လက်နက်ကြီးကျပြီးနောက် လားရှိုးမြို့ကစားသောက်ဆိုင်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကျပြီးနောက် လားရှိုးမြို့ကစားသောက်ဆိုင်မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီရဲ့ မေးမြန်းစုံစမ်းကြည့်ချက်အရ လည်း လားရှိုးမြို့ကနေ မန္တလေးအထိ ကားခနှုန်းထားက ပုံမှန်ထက် သုံးဆနီးပါးမြင့်တက်နေပြီး လူတစ်ယောက်ကို မြန်မာငွေ ကျပ် ငါးသိန်းကုန်ကျမှာပါ။

ဒါကြောင့် ငွေကြေးမတတ်နိုင်သူ၊ ကိုယ်ပိုင်ကားမရှိသူတွေဟာ မြို့မှာပဲဆက်နေဖို့ ရွေးချယ်ကြပြီး မြို့တွင်းအထိတိုက်ပွဲပြင်းထန်လာတဲ့ နောက်ဆုံးအခြေအနေရောက်မှ ထွက်ခွာမယ်လို့ ပြောပါတယ်။

ရက်ပိုင်းအတွင်း အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေကြား လားရှိုးမြို့မှာဆက်နေထိုင်မယ်ဆိုရင် လုံခြုံရေး အတွက် ဘယ်လိုဆောင်ရွက်ထားလဲလို့ ဘီဘီစီစကားပြောခွင့်ရခဲ့တဲ့ ဒေသခံသုံးဦးထက်မနည်းကို မေးမြန်းကြည့်ခဲ့ပါတယ်။

“ဗုံးခိုကျင်းလည်း မရှိပါဘူး။ လက်နက်ကျလာရင် နီးစပ်ရာ ခိုင်မယ့်အဆောက်အဦကို ပြေးမယ်လေ” လို့ လားရှိုးမြို့ခံ အိမ်ရှင်မတစ်ဦးက ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

စစ်ရေးအသိပညာပေးနေသူတွေကတော့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားရင် ပြည်သူတွေအပြင်မထွက်ဖို့အရေးကြီးပြီး အထပ်မြင့်အဆောက်အဦတွေ၊ သာမန်မြေအောက်ခန်း တွေဟာ လက်နက်ကြီးဒဏ်ကြောင့် ပြိုကျနိုင်လို့ လုံခြုံမူမရှိနိုင်ဘူးလို့ သတိပေးထားပါတယ်။

ပြတင်းပေါက်မရှိတဲ့ အခန်းတွေမှာခိုလှုံသင့်ပြီး ခိုင်ခန့်တဲ့နံရံတွေနား ခန္ဓာကိုယ်ကပ်ကာ ခပ်နိမ့်နိမ့်ထိုင်နေရမှာပါ။ မြေအောက်ခန်းပါတဲ့ လုံးချင်းတိုက်တွေမှာဆိုရင် မြေအောက်ခန်းထဲ ပုန်းအောင်းရမှာဖြစ်ပေမဲ့ လက်နက်ကြီးကြောင့် မြေအောက်ခန်းပြိုကျနိုင်တာကိုလည်း သတိပြုရပါတယ်။

ဒါကြောင့် လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရမယ့် ဗုံးခိုကျင်းတည်ဆောက်ဖို့လိုအပ်ပြီး နည်းစနစ် ကျကျ မှန်မှန်ကန်ကန်တူးဖို့လိုတယ်လို့ အသိပေးထားပါတယ်။

“ဗုံးခိုကျင်းလည်း မတူးထားဘူး။ ဒုက္ခရောက်နေတာပဲ သိတယ်။ မြန်မြန်ပြီးချင်ပြီ” လို့ လားရှိုးမြို့၊ ရပ်ကွက် (၅) နေ အမျိုးသမီးတစ်ဦးက အနီးမှာရှိတဲ့ ကလေးငယ်ကို မဆူညံဖို့ ဟန့်တားရင်း ဘီဘီစီရဲ့ မေးခွန်းကို ခပ်တိုတို ပြန်ဖြေပါတယ်။

စစ်မျက်နှာပြင်ကျယ်လာတဲ့ မန္တလေး - ရှမ်းမြောက်တခွင်
ဓာတ်ပုံ ပုံစာ, စစ်မျက်နှာပြင်ကျယ်လာတဲ့ မန္တလေး - ရှမ်းမြောက်တခွင်

မြို့ထဲပိတ်မိနေတဲ့ မိုးကုတ်ပြည်သူတွေရဲ့ သောက

လားရှိုးလိုပဲတကျော့ ပြန် ၁၀၂၇ စစ်ဆင်ရေးအရှိန်ကောင်းနေတဲ့ ရှမ်းပြည်နယ်အစပ် မန္တလေးတိုင်းက မိုးကုတ်မြို့ မှာလည်း မြို့တွင်းပိတ်မိသူတွေနဲ့ မြို့ကို စွန့်ခွာသူတွေရှိနေပါတယ်။

မိုးကုတ်မြို့ အဝင်/အထွက်ကို နှစ်ဖက်တပ်တွေက သွားလာခွင့်မပေးတာ ခုနှစ်ရက်ရှိလာတာကြောင့် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး စားနပ်ရိက္ခာရှားပါးလာပါတယ်။

စက်သုံးဆီ တစ်လီတာကို မြန်မာငွေကျပ်ငါးသောင်းအထိ ပေးဝယ်နေရသလို ဆန်တွေလည်း လိုသလောက်ဝယ်ယူလို့မရတဲ့ အခြေအနေပါ။

မြို့ထဲပိတ်မိနေတဲ့ မိုးကုတ်ပြည်သူတွေရဲ့ သောက

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သပိတ်ကျင်းမြို့နယ် လိပ်ကျရွာအနီးပိတ်မိနေတဲ့ မိုးကုတ်စစ်ရှောင်တွေ

မိုးကုတ်တိုက်ပွဲစဖြစ်တဲ့ ဇွန်လလယ် ကစလို့ လကုန်ပိုင်းအထိ မြို့ပြင်ကိုစစ်ဘေးရှောင် ထွက်ခွာခွင့်ရှိခဲ့ပေမဲ့ ဇူလိုင်လဆန်းမှာတော့ မန္တလေးသွားရာလမ်းမကြီးတလျှောက်တိုက်ပွဲ ဖြစ်နေတာကြောင့် နှစ်ဖက်တပ်တွေက မြို့ပြင်ထွက်ခွင့်ပိတ်ခဲ့ပါတယ်။

“လက်ရှိ မိုးကုတ်ကနေလမ်းဖွင့်ပေးရင် မြို့က ထွက်ချင်သူတအားများလို့ မြို့လူဦးရေ ၇၀ ရာခိုင်နှုန်း လောက် ထွက်ကြမယ်ထင်တယ်ဗျာ။ ဆန်၊ ဆီ၊ ဆား လည်း ပြတ်တော့မယ်ဗျာ” လို့ မိုးကုတ်မြို့ခံ တစ်ဦးက ဆိုပါတယ်။

တော်လှန်‌ရေးအင်အားစုတွေရှိမယ်လို့ ယူဆတဲ့နေရာတွေကို စစ်ကောင်စီက လက်နက်ကြီး နဲ့ အချိန်မလပ် ပစ်ခတ်နေတာကြောင့် လူနေအိမ်တွေပေါ်ကျရောက်မှာ စိုးထိတ်နေရတယ်လို့ လက်နက်သံတွေကြားကနေ အဲဒီမြို့ခံက ဘီဘီစီကိုပြောပြပါတယ်။

မိုးကုတ်အနောက်ပိုင်းလို့သိကြတဲ့ ကျပ်ပြင်ရွာတကြောကို တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မိုးကုတ်အရှေ့ပိုင်းလို့ ဆိုတဲ့ မိုးကုတ်မြို့မှာတော့ စစ်ကောင်စီတပ်တွေက နေရာယူထားပါတယ်။

ဇူလိုင် ၈ ရက်မှာ မိုးကုတ်မြို့ခံတချို့ရဲ့ ပြောပြချက်အရ မိုးကုတ်အရှေ့ပိုင်းက စစ်ကောင်စီတပ် ရဲ့ ၅ မိုင်စခန်း တဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့သလို အဲဒီနေရာကို စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်ပြီး ဗုံးကြဲနေတယ်လို့ဆိုပါတယ်။

လိပ်ကျရွာအနီးပိတ်မိနေတဲ့ မိုးကုတ်စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လိပ်ကျရွာအနီးပိတ်မိနေတဲ့ မိုးကုတ်စစ်ရှောင်တွေ

ဒီလိုပိတ်ဆို့တာတွေမကြုံရခင် မြို့ကထွက်ခွာနိုင်ခဲ့တဲ့ မိုးကုတ်ကစစ်ရှောင်တွေလည်း သီတင်းတစ်ပတ် ကုန်ဆုံးသွားပြီဖြစ်ပေမဲ့ သူတို့ ရည်ရွယ်ရာ မန္တလေးမြို့ကို မရောက်ကြသေးပါဘူး။

မိုးကုတ်ကနေ မန္တလေးကိုသွားရင် မဖြစ်မနေဖြတ်သန်းရတဲ့ မန္တလေး - မြစ်ကြီးနားလမ်းပိုင်းမှာ အပိုင်းလိုက်ဖြတ်သန်းသွားလာခွင့် အပိတ်ခံထားရတာကြောင့်ပဲ ဖြစ်ပါတယ်။

မန္တလေးမြို့နဲ့ မိုင် ၅၀ ကျော်အကွာမှာရှိတဲ့ စဉ့်ကူးမြို့နယ်အပိုင် လက်ပန်လှ၊ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ချောင်းကြီးစတဲ့ ကျေးရွာတန်း တလျှောက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေတာကြောင့်ပါ။

ဒါကြောင့် မိုးကုတ်ကနေ ထွက်လာရင် သပိတ်ကျင်းမြို့နယ်အပိုင် လိပ်ကျရွာနဲ့ ဇရပ်ကွင်းရွာကြားမှာ စစ်ရှောင်ထောင်နဲ့ချီလိုက်ပါလာတဲ့ ယာဉ်အမြောက်အများ ရှေ့တိုးမရ နောက်ဆုတ်မသာတဲ့ အခြေအနေနဲ့ ပိတ်မိနေပါတယ်။

“စစ်ကောင်စီရဲ့ လိပ်ကျဂိတ်ကလည်း ဂိတ်ကထွက်သွားပြီးရင် ပြန်လှည့်မလာနဲ့တဲ့။ နင်တို့မိုးကုတ်ဘက်ပြန်လာရင် PDF တွေမပါလာဘူးလို့ အာမမခံနိုင်ဘူး ပစ်မှာတဲ့”

ဇူလိုင် (၈) ရက်အထိ ဆယ်ရက်ကြာ လိပ်ကျရွာနားမှာ သက်ကြီးမိဘ၊ ကလေးငယ်တွေနဲ့အတူ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးက သူ့ ဖြစ်စဉ်ကို ပြောပြပါတယ်။

မန္တလေးမြို့ကို ဆက်သွားမရသလို မိုးကုတ်ကိုလည်း ပြန်လှည့်မရတာကြောင့် အချို့ယာဉ်တွေဟာ တကောင်းမြို့ကတဆင့် မန္တလေးမြို့ကို သွားဖို့ ကြိုးစားကြပါတယ်။

တကောင်းကနေ ငအိုရွာ၊ ပလက်ရွှေရွာ ဘက်ကို ကားနဲ့သွားပြီး စစ်ကိုင်းတိုင်း ကသာမြို့နယ်ဘက် ကို စက်လှေနဲ့ကူးပြီး ကသာကနေ ရွှေဘိုမြို့ကိုတဆင့်သွားကြမှာလို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

အဆင့်ဆင့်ဖြတ်သန်းကာ ရွှေဘိုကနေ မန္တလေးမြို့ကို စစ်ရှောင်ဖို့ရည်ရွယ်ကြပေမဲ့ အဆက်အသွယ် ပြတ်တောက်နေတာကြောင့် လမ်းကြောင်းနယ်မြေအခြေအနေ အသေးစိတ်မသိရှိနိုင်ဘူးလို့ ဆိုပါတယ်။

တစ်အိမ် စစ်ရှောင်အယောက်နှစ်ဆယ်

တစ်အိမ် စစ်ရှောင်အယောက်နှစ်ဆယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သပိတ်ကျင်းမြို့နယ် လိပ်ကျရွာမှာ စီးတန်းဈေးဝယ်ယူနေတဲ့မိုးကုတ်စစ်ရှောင်တွေ

မန္တလေး - မြစ်ကြီးနားလမ်းမကြီးဘေးမှာရှိတဲ့ သပိတ်ကျင်းမြို့နယ်က လိပ်ကျနဲ့ ဇရပ်ကွင်းရွာက ဒေသခံတွေကတော့ မိုးကုတ်စစ်ရှောင်တွေအတွက် တပိုင်တနိုင်ကူညီစောင့်ရှောက်ပေးနေကြပါ တယ်။

လူစုလူဝေးနဲ့ နေထိုင်လို့ရတဲ့ ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ လူဦးရေထောင်နဲ့ချီ နေထိုင်နေကြသလို ရွာခံတွေကလည်း တစ်အိမ်ကို အယောက်နှစ်ဆယ်အထိ နေထိုင်ခွင့်ပေးထားပါတယ်။

“ဓမ္မာရုံ သုံးခုမှာက တစ်နေရာကို လူတစ်ထောင်ဝန်းကျင်ရှိတယ်။ ရွာထဲနေတာနဲ့ဆို ဇရပ်ကွင်းမှာ တင် စစ်ရှောင် ၃၀၀၀ ဝန်းကျင်ရှိတယ်” လို့ ဇရပ်ကွင်းရွာသားတစ်ဦးက မြေပြင်အခြေအနေကို ပြောပါတယ်။

သူ့ရဲ့ နေအိမ်မှာလည်း ကျပ်ပြင်ရွာနဲ့ မိုးကုတ်မြို့ပေါ်က ဒေသခံနှစ်ဆယ်ခန့်ကို စောင့်ရှောက်ပေးထားတာ သီတင်းတစ်ပတ်နီးပါး ရှိနေပါပြီ။

လမ်းကြောင်းတွေပိတ်လို့ လူအုပ်လိုက်စုဝေးရောက်ရှိလာတဲ့အခါမှာတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးအခက်အခဲတွေပါ တစ်ပါတည်းလိုက်ပါလာပါတယ်။

ဘီဘီစီက မေးမြန်းခွင့်ရခဲ့တဲ့ လိပ်ကျ နဲ့ ဇရပ်ကွင်းက ပြည်သူတွေအပြောအရ ဘုန်းတော်ကြီးကျောင်းတွေမှာ စုဝေးနေထိုင်နေရသူတွေထဲမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူတွေများလာသလို အသက်အရွယ်ကြီးသူတွေ လေဖြတ်တာ၊ သေဆုံးတာတွေလည်းရှိနေပါတယ်။

“သမံတလင်းမှာ အိပ်ရတာလေ၊ ဖျာတစ်ချပ်ပဲပေးနိုင်တော့ လူကြီးတွေဘယ်ခံနိုင်မလဲ” လို့ စစ်ရှောင်ကူညီပေးနေတဲ့ ဇရပ်ကွင်းရွာသားက ဆက်ပြောပါတယ်။

လိပ်ကျရွာမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်သူတွေအတွက် ဓာတ်ဆားထုတ်ကအစ ဝယ်ယူရခက်နေသလို ဇရပ်ကွင်းရွာမှာလည်း စက်သုံးဆီ တစ်လီတာကို တစ်သောင်းခွဲ နဲ့ စားသုံးဆီတစ်ပိဿာကို ငါးသောင်းအထိ ပေါက်ဈေးရှိပါတယ်။

မိုးကုတ်စစ်ရှောင်တွေကို ကူညီနေတဲ့ Mogok Organization ကတော့ '' မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ လက်ပံလှ၊ ကျည်တောက်ပေါက်၊ ချောင်းကြီး၊ လိပ်ကျ၊ ဇရပ်ကွင်းအစရှိတဲ့ရွာတွေကကုန်ကားဆရာတွေအနေနဲ့ ပါလာတဲ့ စားကုန်တွေကို သင့်တင့်တဲ့စျေးနှုန်းနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ပြန်လည်ရောင်းချပေးခြင်းဖြင့် ကူညီပေးစေလိုပါတယ်'' လို့ မေတ္တာရပ်ခံထားပါတယ်။

လမ်းကြောင်းပိတ်ဆို့နေတာကြောင့် ကုန်စည်စီးဆင်းမှုတွေမရှိတဲ့အခါ ဒီရွာတွေမှာပါ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းပြတ်လပ်လာနိုင်ခြေရှိနေတယ်လို့ မိုးကုတ်စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဇရပ်ကွင်းရွာသားက ပြောပါတယ်။

“ဒီအတိုင်းကြာသွားရင် ကျွန်တော်တို့လည်း စစ်ရှောင်တွေနဲ့ အတူတူဖြစ်သွားတာပေါ့” လို့ ဒုက္ခတွေကို ပျက်ရယ်ပြုဟန်နဲ့ သူက ခပ်သဲ့သဲ့ရယ်ကာ ဘီဘီစီကို ပြောပါတယ်။