၂၀၂၅ မှာ ဘာတွေဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြသလဲ

- ရေးသားသူ, ဂရေဟမ်ဖရေဆာ
- ရာထူးတာဝန်, နည်းပညာသတင်းထောက်
နောင်နှစ်ပေါင်း ၃၀ ကြာတဲ့အခါ ကမ္ဘာကြီး ဘယ်လိုပုံစံရှိလာလိမ့်မယ်ဆိုတာကို ဘီဘီစီရဲ့ "မနက်ဖြန် ကမ္ဘာ"အစီအစဥ်က ၁၉၉၅ မှာ ခန့်မှန်းခဲ့ပါတယ်။ အဲဒီနှစ် ၃၀ က အခုကျရောက်နေတဲ့ ၂၀၂၅ ခုနှစ်အတွက် ဖြစ် ပါတယ်။
အခုတော့ ရပ်သွားပြီဖြစ်တဲ့ အဲဒီအစဥ်မှာ အကျော်ကြားဆုံး သိပ္ပံညာရှင်တစ်ဦးဖြစ်တဲ့ ပါမောက္ခ စတီဗင်ဟော့ကင်း ပါဝင်ခဲ့ပြီး သူက နှစ် ၃၀ အကြာ "၂၀၂၅ ခုနှစ်မှာ ကြီးကြီးမားမားပြောင်းလဲမှုတွေကို မျှော်လင့်ထားနိုင်တယ်" လို့ ခန့်မှန်း ပြောဆိုခဲ့ပါတယ်။
ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် ဆန်းသစ်တီထွင်မှုမျိုးတွေ ဖြစ်လာနိုင်တယ်လို့ အစီအစဥ်မှာ ပါသူတွေက တူညီတဲ့သဘောထား ရှိခဲ့ကြပါတယ်။
ကျန်းမာရေးကဏ္ဍမှာ သုံးဘက်မြင်ပုံရိပ်တွေသုံးတဲ့ ဟိုလိုဂရမ်ခွဲစိတ်မှုကနေ အာကာသက အမှိုက်ရှင်းတဲ့ဂျယ်တွေ စတဲ့အရာတွေ ဖြစ်လာကြမယ်လို့ ယူဆခဲ့ကြပါတယ်။
ဒီတော့ ကျွမ်းကျင်သူတချို့ရဲ့ အကူအညီရယ်၊ နှစ်ပေါင်း ၃၀ ပြန်သုံးသပ်ထားတာရယ်တို့နဲ့အတူ လက်ရှိ ကမ္ဘာရဲ့ ဘယ်လောက်အထိကို မနက်ဖြန်ကမ္ဘာအစီအစဥ်က အောင်အောင်မြင်မြင် ကြိုတင်ခန့်မှန်းနိုင်ခဲ့လဲဆိုတာကို ကြည့်ကြရအောင်ပါ။
၂၀၀၅ ခုနှစ် ဆိုင်ဘာ အုံကြွမှု

၁၉၉၅ ခုနှစ်မှာ ကမ္ဘာမှာ အင်တာနက် ဝက်ဘ်ဆိုက်ဟာ တကယ်ကို အရှိန်အဟုန်နဲ့ တိုးတက်လာနေတာဖြစ်ပြီး အဲဒီတိုးတက်မှုက အနာဂတ်မှာ ပြဿနာတွေ ယူဆောင်လာမယ်လို့ "မနက်ဖြန် ကမ္ဘာ" အစီအစဥ်က ထင်မြင်ခဲ့ပါတယ်။
သူတို့က ၂၀၀၀ ပြည့်နှစ် မှာ "စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ" နဲ့ ဘဏ်တွေက အင်တာနက်ကို ထိန်းချုပ်ပြီး အသုံးပြုခွင့် အကန့်အသတ်လုပ်ထားတဲ့ "စူပါနက်" တစ်ခုကို တည်ထောင်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
အဲဒီလို ထိန်းချုပ်မှုကြောင့် ဟက်လုပ်တာတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ကမောက်ကမတွေအထိ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။
အကဲဖြတ်ချက် - အင်တာနက်ဟာ အများအားဖြင့် ပွင့်နေဆဲဖြစ်ပြီး ရုတ်ရုတ်သဲသဲတွေ မဖြစ်ခဲ့ပေမဲ့ ဟက်ကာတွေရဲ့ လုပ်ရပ်တွေကြောင့် လူအများ ဒုက္ခရောက်ခဲ့ရတာတော့ သေချာပါတယ်။
အစီအစဉ်က မခန့်မှန်းနိုင်ခဲ့တဲ့အရာတစ်ခုကတော့ ဘီဘီစီ ရဲ့ Lazarus Heist ပေါ့ဒ်ကတ်စ်မှာ တင်ဆက်ထားတဲ့ မြောက်ကိုရီးယားလို နိုင်ငံပိုင် ဟက်ကာတွေရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။
အစိုးရတွေနဲ့ ကုမ္ပဏီတွေအတွက် ဆိုင်ဘာလုံခြုံရေးဟာ အလွန်အရေးကြီးသလို ဘဏ်တွေကို မယုံကြည်သူတွေက ဘစ်ကွိုင်လို ခရစ်ပတိုငွေကြေးတွေကို ထောက်ခံလာကြပါတယ်။
ဂြိုဟ်တွေမှာ သတ္တုတူးဖော်တာနဲ့ အာကာသ အမှိုက်ရှင်းဂျယ်
အာကာသမှာ သတ္တုတူးဖော်တဲ့လုပ်ငန်းက အကျိုးအမြတ် အများအပြားရမယ့် လုပ်ငန်းမျိုးဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ ကုမ္ပဏီတွေဟာ အာကာသထဲက ကမ္ဘာအနီးအနားမှာရှိနေတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေထဲကနေ တန်ဖိုးရှိတဲ့ ဓာတ်သတ္တုတွေကို ရှာဖွေတူးဖော်တာမျိုး ဖြစ်ပါတယ်။
အာကာသအမှိုက်တွေကြောင့် အာကာသယာဉ်မှူးတွေအတွက် အန္တရာယ်ရှိလာနိုင်တယ်လို့ ဒီအစီအစဥ်က ဖော်ပြခဲ့ပြီး အဲဒီ ပြန့်ကျဲနေတဲ့ အမှိုက်သရိုက်တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ ဧရာမ ဂျယ်အမြှုပ်တွေကို သုံးဖို့ အကြံပြုခဲ့ပါတယ်။
အကဲဖြတ်ချက် - ဒါပေမဲ့ စူပါ ဂျယ်အမြှုပ်ဆိုတာ မရှိသလို အာကာသအမှိုက်ပြဿနာကတော့ အတော်လေး ဆိုးရွားပါတယ်။
အာကာသ သတ္တုတူးဖော်ရေးလုပ်ငန်းတွေလည်း မရှိသေးပေမဲ့ ဒါက ပြောင်းလဲသွားနိုင်ပါတယ်။ အနာဂတ်အကြောင်း လေ့လာသူ တွမ် ချိစ်ရိုက်ကတော့ ကမ္ဘာ့ပြင်ပ သတ္တုတူးဖော်ရေးကို အကောင်းမြင်သူဖြစ်ပါတယ်။
"ရနိုင်တဲ့ အကျိုးအမြတ်တွေက မခန့်မှန်းနိုင်လောက်အောင် များသလို နည်းပညာကလည်း ကျွန်တော်တို့ လက်တစ်ကမ်းမှာပါ" လို့ ပြောပါတယ်။
ကျွမ်းကျင် ခွဲစိတ်ဆရာဝန်တွေနဲ့ စက်ရုပ်တွေ

မနက်ဖြန် ကမ္ဘာအစီအစဥ် ရဲ့ ခန့်မှန်းချက်အရ ၂၀၀၄ ခုနှစ်မှာ ဗြိတိန်နိုင်ငံက ဆေးရုံအားလုံးဟာ ခွဲစိတ်ဆရာဝန်တွေရဲ့ အောင်မြင်မှုနှုန်းကို ဖော်ပြတဲ့ ဇယားတစ်ခုကို ထုတ်ပြန်ရမယ့် ဥပဒေ ပေါ်ပေါက်လာမယ်လို့ ဆိုပါတယ်။
ထိပ်တန်း ခွဲစိတ်ဆရာဝန်တွေဟာ နာမည်အင်မတန်ကြီးပြီး ကုသခလည်း အများကြီးပေးရတော့ သူတို့အနေနဲ့ လူနာဆီ အပင်ပန်းခံ သွားစရာ မလိုတော့ဘူးလို့ ယူဆခဲ့ကြပါတယ်။
အဲဒီအစား လူနာတွေရဲ့ သုံးဖက်မြင် သရုပ်ဖော်ပုံရိပ်တွေကို သူတို့ဆီ ပို့ပေးပြီး ခွဲစိတ်ဆရာဝန်က "လေထဲက လက်အိတ်" တွေနဲ့ ခွဲစိတ်မှာပါ။ လူနာဘက်မှာတော့ စက်ရုပ်တစ်ရုပ်က ခွဲစိတ်ဆရာဝန်ရဲ့ လှုပ်ရှားမှုအတိုင်း အတိအကျ လိုက်လုပ်ပေးမှာ ဖြစ်ပါတယ်။
အကဲဖြတ်ချက် - သူတို့ ခန့်မှန်းချက် အတိအကျ မမှန်ပေမဲ့ စက်ရုပ်တွေက ခွဲစိတ်မှုတွေကို ကူညီနေကြပါပြီ။
လေထဲ လွင့်နေတဲ့ဦးခေါင်းနဲ့ စမတ်စပီကာ

ဒီအစီအစဉ်မှာ အပျံစား VR ခေါင်းစွပ်နဲ့ အနာဂတ်က လူတစ်ယောက်၊ သူ့ဇနီးနဲ့ ခေတ်သစ် လန်ဒန်မြို့ပုံစံ နေရာမှာ မိန်းကလေးငယ်တစ်ဦးကို ဖော်ပြခဲ့ပါတယ်။
အစီအစဥ် အပိုင်းတစ်ခုမှာ "စမတ်စပီကာ" ကနေ အမျိုးသမီးတစ်ဦးရဲ့ လေထဲလွင့်နေတဲ့ ဦးခေါင်းပုံရိပ် ပေါ်လာပြီး သူ့ရဲ့ "အင်ဒိုဒစ္စနီ" ခရီးစဉ် တစ်နှစ်ပြည့်တဲ့အကြောင်း ပြောပါတယ်။ ပြီးတော့ မိနစ် ၄၀ နဲ့ ရောက်မယ့်၊ "ဘန်ဂလောကို အမြန်ယာဉ်" နဲ့ သွားတဲ့ခရီးကို ထပ်သွားဖို့ တိုက်တွန်းပါတယ်။
အကဲဖြတ်ချက် - အလွန်လျင်မြန်တဲ့နှုန်းနဲ့ ခရီးသွားနိုင်မယ့် အခြေအနေက အများကြီး အလှမ်းဝေးနေသေးပေမဲ့ ဟိုလိုဂရမ် ပုံရိပ်ယောင်၊ စမတ်စပီကာနဲ့ VR ခေါင်းစွပ်တွေကတော့ ပိုပြီး တွင်ကျယ်လာနေပါတယ်။
လက်မောင်းချစ်ပ်ပြားနဲ့ ဘဏ်စနစ်

အစီအစဉ်ရဲ့ တခြားတစ်ပိုင်းမှာ ဘဏ်လုပ်ငန်းရဲ့ အနာဂတ်ပုံစံကို ပြသခဲ့ပါတယ်။ ဘဏ်ကို လူမရှိလို့ စောဒကတက်နေတဲ့ အမျိုးသမီးတစ်ယောက်က "ယူရို ငွေမှတ် ၁၀၀" ထုတ်ယူတဲ့ပုံကို ပြထားပါတယ်။ ဘဏ်က သူရဲ့ လက်မောင်းထဲက ချစ်ပ်ကို စကင်ဖတ်ပြီး ငွေထုတ်ပေးလိုက်ပါတယ်။
အကဲဖြတ်ချက် - ဘဏ်လုပ်ငန်းတွေက အလိုအလျောက်စနစ် ပိုသုံးလာတာ မှန်ပါတယ်။ ခန္ဓာကိုယ်ထဲက ချစ်ပ်နဲ့ ငွေပေးချေမှုတချို့ ရှိလာပေမဲ့ လက်ဗွေနဲ့ မျက်နှာစကင်ဖတ်တာကို ပိုကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပါတယ်။
အစီအစဥ်တင်ဆက်သူတွေရဲ့ အမှတ်တရများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လွန်ခဲ့တဲ့ အနှစ် ၃၀ က "မနက်ဖြန်ကမ္ဘာ အစီအစဥ်"မှာ "ဥယျာဥ်မှူးတို့ ကမ္ဘာ" အစီအစဥ်က မွန်တီဒွန်က မျိုးဗီဇအင်ဂျင်နီယာနဲ့ အထပ်မြင့် စိုက်ပျိုးရေးတွေကြောင့် ဗြိတိန်က သစ်တောတွေ ပြန်စိမ်းလန်းစိုပြည်ပြီး ဝက်ဝံညိုတွေလို တိရစ္ဆာန်တွေ ပြန်လာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
အခု ပြန်တွေးကြည့်တော့ အဲဒီအစီအစဉ်မှာ သူ့အပိုင်းက စိတ်ကူးယဉ်ဆန်ပြီး မသိနားမလည်လွန်းရာရောက်တယ်လို့ ဘီဘီစီကို သူက ပြောပါတယ်။
နောက် အနှစ် ၃၀ ကို ကြည့်ရင်တော့ လက်ရှိလူငယ်တွေဟာ ရာသီဥတုပြောင်းလဲမှုကို ပိုဂရုစိုက်တာကို သူက ဝမ်းသာနေပြီး ၂၀၅၅ လောက်မှာ လူတွေ ကိုယ်တိုင် စားနပ်ရိက္ခာတွေ ပိုစိုက်လာကြမယ်လို့ ထင်တယ်လို့ ဆိုပါတယ်။
သူက ဆက်ပြီး "မနက်ဖြန် ကမ္ဘာ" အစီအစဉ်ရဲ့ ရည်ရွယ်ချက်က လူသားတွေအနေနဲ့ ကမ္ဘာကြီးကို ဘယ်လို ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်နိုင်မလဲဆိုတာကို အဓိကထား တင်ဆက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ကျွန်တော်တို့ တကယ်သိလာရတာက လူသားတွေဟာ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ကို ပိုပြီး ဆိုးရွားတဲ့ဘက်ကို ရောက်အောင် လုပ်လေ့ရှိတဲ့ သဘောရှိတယ်။ သဘာဝကို ပြုပြင်ထိန်းချုပ်ဖို့ ကြိုးစားမယ့်အစား သဘာဝနဲ့ လိုက်လျောညီထွေ လုပ်သင့်တယ်ဆိုတာပါပဲ" လို့ ပြောပါတယ်။

ဗီဗီယန် ပယ်ရီကတော့ အဲဒီခန့်မှန်းအစီအစဥ်မှာ ဆေးပညာအပိုင်းကို ပြောခဲ့ပါတယ်။
သူက အဲဒီရိုက်ကူးရေးကို သဘောကျ အမှတ်တရ ပြန်ပြောပြပါတယ်။
"ကျွန်မ လုံးဝ မလှုပ်ရဘူး။ ကင်မရာလေးတပ်ထားတဲ့ မျက်မှန်ကို အမည်းရောင်ကော်နဲ့ မျက်နှာမှာ ကပ်ထားရတာ" လို့ ပြောပါတယ်။
"အရမ်းပူတော့ အမည်းရောင်ကော်တွေ မျက်နှာပေါ် စီးကျလာပြီး ဘာမှ မလုပ်နိုင်တော့ဘူး။ မိတ်ကပ်အဖွဲ့က ဂွမ်းနဲ့ လာတို့ ပေးရတယ်။"
ဗီယီယန် ဟာ ၂၀၁၃ ကစပြီး Genomics England မှာ လုပ်ကိုင်နေပြီး ၁၉၉၅ ခုနှစ်က မနက်ဖြန်ကမ္ဘာအစီအစဥ် ရဲ့ မျိုးရိုးဗီဇ စိစစ်မှု ခန့်မှန်းချက်တချို့ အမှန်တကယ် ဖြစ်လာတာကို ထောက်ပြပါတယ်။ သူကိုယ်တိုင်လည်း မျိုးရိုးဗီဇရောဂါတွေကို ရှာဖွေကုသပေးမယ့် သုတေသနမှာ ပါဝင်နေပါတယ်။

ဒီတော့ ၂၀၅၅ ခုနှစ် ကမ္ဘာကြီးက ဘယ်လိုပုံစံဖြစ်နိုင်မလဲ
အနာဂတ်လေ့လာသူ ထရေစီ ဖောလိုးစ်က ၁၉၉၅ အစီအစဉ်မှာ အရေးကြီးတဲ့ အချက်အလက်တွေ မှန်ပေမဲ့ အနှစ် ၃၀ အတွင်း အဓိကဖြစ်လာတဲ့ နည်းပညာကုမ္ပဏီကြီးတွေနဲ့ ဆိုရှယ်မီဒီယာတွေအကြောင်းကိုတော့ လွဲချော်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၅၅ လောက်မှာ လူတော်တော်များများက ဆာဗာတွေကနေ လူသားနဲ့ နည်းပညာ ချိတ်ဆက်ထားတဲ့ "သိမှုဆိုင်ရာ ပေါင်းစည်းမှု" အဖြစ် ပျားအုံလို အသိဥာဏ်မျိုးတွေ ဖြစ်လာမယ်လို့ သူက ထင်ပါတယ်။ အဲဒါက အတွေးအမြင်တွေ မျှဝေရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
"ဦးနှောက်မုန်တိုင်းဆင်တယ်ဆိုတာ စဉ်းစားရုံနဲ့ အတွေးတွေကို မျှဝေနိုင်တဲ့ တကယ့် ဦးနှောက်မုန်တိုင်းဆင်တာတွေ ဖြစ်လာပါလိမ့်မယ်။"
တွမ် ချိစ်ရိုက်ကတော့ နောက် အနှစ် ၃၀ အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးတွေက ဒြပ်ပစ္စည်းသိပ္ပံနဲ့ ဇီဝအင်ဂျင်နီယာပညာရပ်တွေပဲလို့ ထင်ပါတယ်။
ဒြပ်ဝတ္တုတွေကို ပိုခိုင်ခံ့၊ ပေါ့ပါးပြီး ပါးလွှာတဲ့ ပစ္စည်းတွေအဖြစ် ဖန်တီးနိုင်ရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဇီဝအင်ဂျင်နီယာဆိုင်ရာမှာလည်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပေါင်းစပ်လိုက်ရင် ဆေးပညာကို ပြောင်းလဲနိုင်တဲ့အပြင် လူသားတွေရဲ့ အဓိကစိန်ခေါ်မှုတွေဖြစ်တဲ့ ကာဗွန်လျှော့ချရေး၊ သန့်ရှင်းတဲ့ရေနဲ့ စားနပ်ရိက္ခာပြဿနာတွေကိုပါ ဖြေရှင်းနိုင်ပါတယ်။
ဒါဆိုရင် နောက် အနှစ် ၃၀ မှာ ကမ္ဘာကြီး ဘယ်လိုဖြစ်လာမယ် ထင်ပါသလဲ။
ဘယ်လိုအဖြေတွေပဲ ရှိပါစေ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက "မနက်ဖြန်ကမ္ဘာ အစီအစဥ်"မှာ ပါမောက္ခ စတီဗင်ဟောကင်း ပြောခဲ့တဲ့စကားကို နားထောင်သင့်ပါတယ်။
"ဒီအပြောင်းအလဲတချို့က စိတ်ဝင်စားစရာကောင်းသလို တချို့ကတော့ စိုးရိမ်စရာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အတိအကျ ပြောနိုင်တာတစ်ခုကတော့ အရာအားလုံးဟာ အရင်နဲ့ တခြားစီဖြစ်သွားမှာ သေချာပြီး ကျွန်တော်တို့ ထင်ထားသလိုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး" လို့ ဆိုပါတယ်။
BBC မှတ်တမ်းအဖွဲ့ကို ကျေးဇူးတင်ပါတယ်။









