အနာဂတ် အိုလံပစ်အားကစားသမားလောင်းလျာ တွေကို AI နည်းပညာနဲ့ ရွေးချယ်လာနိုင်မှာလား

ဖခင်က စောင့်ကြည့်နေတုန်းမှာ ပြေးလမ်းမှာ‌ ပြေးနေတဲ့ လူငယ်လေးတစ်ဦး
ဓာတ်ပုံ ပုံစာ, တိုမိုတစ်ယောက် တာတို အပြေးစမ်းသပ်မှုကို စစ်ဆေးနေချိန်မှာ ဖခင်ဖြစ်သူ တက်ကလည်း သားငယ်ကို အားပေး
    • ရေးသားသူ, ပီတာဘောလ်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှားအသံလွှင့်ဌာန၊
    • ရေးသားပေးပို့သည့်နေရာ, ပဲရစ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်က အိုလံပစ်ပြိုင်ပွဲ ပွဲကြည့်ပရိတ်သတ်တွေကတော့ အနာဂတ်မှာ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ကစားသမားတွေကို ရှာနိုင်ဖို့ ရည်ရွယ်တဲ့ AI ဉာဏ်ရည်တု နည်းပညာသုံး ကိုယ်ရည်ကိုယ်သွေး ထောက်လှမ်းစနစ် အသစ်တစ်ခုကို စမ်းသုံးကြည့်နေကြပါတယ်။ ဒီနည်းပညာကို တီထွင်သူတွေကတော့ ကမ္ဘာတဝန်း ဝေးလံခေါင်သီတဲ့အရပ်ဆီ ဒီနည်းပညာ ပျံ့နှံ့ရောက်ရှိနိုင်အောင် သယ်ရပိုးရ လွယ်တဲ့ပုံစံအဖြစ် ဆန်းသစ်ပြီး အားကစားသိပ္ပံကို အဆင့်မြှင့်ဖို့ ရည်မှန်းထားကြပါတယ်။

အချက်ပေးသံ ထမြည်တဲ့အချိန်မှာပဲ “တက်တို” တစ်ယောက် သူ့ရှေ့မှာ ရှိတဲ့ အနီအောက်ရောင်ခြည်သုံး အာရုံခံစက်ကို အရောင်ပြောင်းအောင် ရုတ်ချည်း ထပြေးပါတယ်။ အဲဒီအချိန်မှာပဲ တချို့ အနီရောင်တွေက အပြာရောင်ကို ချက်ချင်းပြောင်းသွားပါတယ်။

သူနဲ့ မလှမ်းမကမ်းမှာတော့ ညီဖြစ်သူ “တိုမို” တစ်ယောက် ပြေးလမ်းတိုတိုပေါ်မှာ တာတိုပြေးနေပါတယ်။ သူပြေးနေချိန်မှာတော့ ကင်မရာတွေက သူ့လှုပ်ရှားမှုကို ထပ်ချပ်မကွာ ပုံရိပ်တွေ ရိုက်ကူးပါတယ်။

အသက် ၇ နှစ်အရွယ်နဲ့ ၄ နှစ်အရွယ် ဒီညီအကိုနှစ်ယောက်ဟာ ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့က ဖြစ်ပြီး ပဲရစ်မှာ ကျင်းပတဲ့ အိုလဲပစ်အားကစားရုံကြီးအနီးမှာ ကျကျနန တပ်ဆင်ထားတဲ့ အေအိုင် စနစ်သုံး စမ်းသပ်စက်တွေမှာ ပါဝင် ကစားနေတာဖြစ်ပါတယ်။

ဒီနည်းပညာစနစ်ရဲ့ ရည်ရွယ်ချက်က အနာဂတ်မှာ အိုလံပစ် ရွှေတံဆိပ်ဆုရှင်ဖြစ်လာနိုင်ခြေရှိသူတွေကို သိမှတ်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ ဖြစ်ပါတယ်။

ပြေးနိုင်တာ၊ ခုန်နိုင်တာနဲ့ ကြံ့ခိုင်စွမ်းအားစတဲ့ စမ်းသပ်မှု ငါးခုကနေ အချက်အလက်တွေကို စုဆောင်းတာပါ။

အဲဒီနောက် အဲဒီအချက်အလက်တွေကို မူတည်ပြီး လူတစ်ယောက်ရဲ့ စွမ်းရည်၊ အချိန်တိုအတွင်း လုပ်ဆောင်နိုင်စွမ်း၊ ခံနိုင်ရည်၊ ခွန်အား၊ လျှင်မြန်မှုနဲ့ ရတဲ့အချိန်မှာ တုန့်ပြန်နိုင်စွမ်းစတဲ့ အချက်အလက်တွေ သိနိုင်အောင် ခွဲခြမ်းစိတ်ဖြာပါတယ်။

ရလာတဲ့ ရလဒ်အဖြေတွေကိုတော့ ပရောဖက်ရှင်နယ်အားကစားသမားတွေနဲ့ အိုလံပစ်ကစားသမားတွေရဲ့စံချိန်နဲ့ နှိုင်းယှဥ် ချိန်ဆ ကြည့်ပါတယ်။

တက်ကိုနဲ့ သူ့မိခင် နာမီတို့ကတော့ သူတို့ရဲ့ တုံ့ပြန်နိုင်စွမ်းအပိုင်းကို စမ်းကြပါတယ်
ဓာတ်ပုံ ပုံစာ, တက်ကိုနဲ့ သူ့မိခင် နာမီတို့ကတော့ သူတို့ရဲ့ တုံ့ပြန်နိုင်စွမ်းအပိုင်းကို စမ်းကြပါတယ်

"ကျွန်မတို့ အခုလုပ်နေတာက ကွန်ပျူတာခွဲခြမ်းစိတ်ဖြာပေးမှုနဲ့ သမိုင်းဝင်အချက်အလက်တွေကို ချိန်ထိုးကြည့်တာပေါ့"လို့ Intel’s ရဲ့ အိုလံပစ်နဲ့ ပါရာလန်ပစ် (မသန်စွမ်းအိုလံပစ်) ပြိုင်ပွဲအစီအစဉ်တွေအတွက် နည်းပညာအဖွဲ့ ခေါင်းဆောင် ဆာရာဗစ်ကာစ် က ပြောပါတယ်။ “ပျမ်းမျှလူတစ်ယောက်ကို လက်ရွေးစင်အားကစားသမားတွေရဲ့စံချိန်နဲ့ နှိုင်းယှဉ်နိုင်ပြီး ဒီလူအတွက် ဘယ်အားကစားက ရုပ်ပိုင်းအရ ဘယ်လိုကိုက်ညီနေသလဲဆိုတာ ကြည့်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။

စမ်းသပ်မှုပြီးသွားရင်တော့ စာရင်းရှိ အားကစားအမျိုးအစား ၁၀ မျိုးထဲက ဘယ်တစ်မျိုးက ပါဝင်သူ တစ်ယောက်ချင်းစီနဲ့ သင့်တော်တဲ့ အားကစားဆိုတာမျိုး ရလဒ်ထွက်ပါတယ်။

အင်တဲလ်ဘက်ကတော့ စမ်းသပ်မှုမှာပါဝင်ကြတဲ့သူတွေဆီကနေရယူထားတဲ့အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့လုပ်ငန်းစဥ်ပြီးတာနဲ့ ဖျက်ပစ်လိုက်တယ်လို့ဆိုပါတယ်။

နည်းပညာဆိုတဲ့အပိုင်းကလွဲရင် တက်တိုတို့လို ညီအကိုတွေကတော့ အပျော်စမ်းရလို့ ဒီစနစ်ကို ကြိုက်ကြပါတယ်။

“ကျွန်တော်တော့ သဘောကျတယ်” လို့ တက်တိုက ပြောပါတယ်။ “ဘယ်သူက တာတိုအပြေးနိုင်ဆုံးလဲဆိုပြီး အမြန်ပြေးရတဲ့အပိုင်းကို ပိုကြိုက်တယ်”

သယ်ရပိုးရလွယ်တဲ့ AI

ဆီနီဂေါက ကလေးငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး အကဲဖြတ်သူတွေကတော့ ကလေးတွေရဲ့ အရှိန်နဲ့ လုပ်နိုင်စွမ်းတွေကို သိနိုင်ဖို့ အဲဒီကလေးတွေ ကစားနေချိန် တက်ပလက်တွေနဲ့ရုပ်သံရိုက်ကူး၊ တက်ဘလက်ထဲက AI အသုံးပြုပြီးတော့ပဲ အကဲဖြတ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Intel

ဓာတ်ပုံ ပုံစာ, ဆီနီဂေါက ကလေးငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး အကဲဖြတ်သူတွေကတော့ ကလေးတွေရဲ့ အရှိန်နဲ့ လုပ်နိုင်စွမ်းတွေကို သိနိုင်ဖို့ အဲဒီကလေးတွေ ကစားနေချိန် တက်ပလက်တွေနဲ့ရုပ်သံရိုက်ကူး၊ တက်ဘလက်ထဲက AI အသုံးပြုပြီးတော့ အကဲဖြတ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပဲရစ် အိုလံပစ်မှာ ပွဲထုတ်ခဲ့တဲ့ အဲဒီအေအိုင်စနစ်ကတော့ ကင်မရာတစ်လုံးပါပြီး ကွန်ပြူတာလောက် လုပ်ဆောင်ချက်ရှိတဲ့ဘယ်ဖုန်းနဲ့ တက်ဘလက်အမျိုးအစားနဲ့မဆို စမ်းသပ်လို့ရတဲ့အထိ သယ်ရပိုးရလွယ်ကူတဲ့စနစ်ဖြစ်အောင် လုပ်ထားပါတယ်။

“ကိုယ့်ဆီမှာ မိုဘိုင်းဖုန်းတစ်လုံး၊ တစ်ဘလက်တစ်ခု၊ ကွန်ပြူတာတစ်လုံးရှိပြီဆိုတာနဲ့ အရင်က သွားလို့မရတဲ့နေရာတွေအထိ သွားပြီး စမ်းသပ်အကဲဖြတ်တာတွေလုပ်နိုင်ပြီလေ” လို့ ဆာရာက ပြောပါတယ်။

ဒီ AI နည်းပညာဟာ အာရုံခံစက်ကိရိယာတွေ တပ်ထားစရာမလိုဘဲနဲ့ ကင်မရာကနေရိုက်ကူးထားတဲ့ ရုပ်သံ ဗွီဒီယိုကို ဆန်းစစ်လိုက်တာနဲ့ လူတွေရဲ့ စွမ်းဆောင်ရည်တွေကို အကဲဖြတ်နိုင်တာပါ။

နိုင်ငံတကာအိုလံပစ်ကော်မတီဟာ ဒီ AI နည်းပညာစနစ်ကိုသုံးပြီး စီနီဂေါနိုင်ငံက ကျေးရွာ ၅ ရွာအထိ ကွင်းဆင်းပြီး ကလေးတစ်ထောင်ကျော်ရဲ့ အားကစားစွမ်းရည်ကို အကဲဖြတ်ခဲ့ကြပါတယ်။

ဆီနီဂေါ အမျိုးသား အိုလံပစ်ကော်မတီနဲ့ပူး‌ပေါင်းပြီး ဆောင်ရွက်ခဲ့တဲ့ ဒီစစ်ဆေးမှုမှာ ပိုပြီးအဆင့်မြင်တဲ့ ဆန်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာတော့ ကလေးငယ် ၄၈ ယောက်ဟာ အိုလံပစ် အားကစားသမားကောင်း “ဖြစ်နိုင်ခြေအမြင့်ဆုံး”သူတွေအဖြစ် ခွဲခြားနိုင်ခဲ့သလို နောက်တစ်ဦးကတော့ အိုလံပစ်အားကစားသမားကောင်းတစ်ယောက် “ချွင်းချက်မရှိဖြစ်လာနိုင်သူ”လို့ ဆန်းစစ်ချက် ထုတ်နိုင်ခဲ့ပါတယ်။

ကလေးငယ်တွေ ဆန္ဒရှိတယ်ဆိုရင် သူတို့အရည်အသွေးနဲ့ ကိုက်ညီတဲ့ အားကစားလေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်ဖို့ ကော်မတီက ကမ်းလှမ်းပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီကလေးငယ်တွေ အိုလံပစ်အထိ လျှောက်လှမ်းနိုင်မလားဆိုတာကို သိနိုင်ဖို့ပါ။

ကော်မတီ ဘက်ကတော့ ဒီစနစ်ကို နောက်ထပ် ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်ဖို့ မျှော်လင့်ခဲ့သလို အားကစားသမားကောင်းတစ်ယောက် ဖြစ်လာနိုင်၊ မဖြစ်လာနိုင်ဆိုတဲ့အထိ ဆန်းစစ်မှုတွေ ပြည့်ပြည့်စုံစုံမလုပ်နိုင်တဲ့ အလှမ်းဝေးတဲ့အရပ်တွေနဲ့ လူတွေဆီမှာလည်း အသုံးပြုပြီး အခွင့်အလမ်းတွေ ဖန်တီး နိုင်ဖို့ အသုံးပြုနေပါတယ်။

ဘာစီလိုနာမြို့က ဖရန်နက်စကာတစ်ယောက် ပဲရစ်မှာ အဲဒီအေအိုင်စနစ်နဲ့ စကန်ဖတ် ခံနေတာဖြစ်ပါတယ်
ဓာတ်ပုံ ပုံစာ, ဘာစီလိုနာမြို့က ဖရန်နက်စကာတစ်ယောက် ပဲရစ်မှာ အဲဒီအေအိုင်စနစ်နဲ့ စကန်ဖတ် ခံနေတာဖြစ်ပါတယ်

ဆက်ဖော့ခ် တက္ကသိုလ်မှာ ဧည့်ကထိကလည်းဖြစ်၊ အင်္ဂလန် ဘောလုံးအဖွဲ့ရဲ့ တက်သစ်စ လူငယ်တွေကို အရည်အသွေးအကဲဖြတ်သူလည်းဖြစ်တဲ့ ပါမောက္ခ ဂျွန်ဘရူးယာ ပြောတာကတော့ “ငယ်ငယ်ကတည်းက အားကစားပိုင်း ကိုယ်ရည်ကိုယ်သွေးကို သိနိုင်အောင် ဖော်ထုတ်နိုင်တာဟာ အားကစားလောကအတွက် ကြီးမားတဲ့အကျိုးဖြစ်ထွန်းစေမှု” လို့ ဆိုပါတယ်။

ဒါပေမဲ့ သူသတိပေးထားတာက ဒီစနစ်ဟာ အရည်အချင်းအနည်းငယ်ကိုသာ တိုင်းတာနိုင်တဲ့ အခြေခံစနစ်တစ်ခုဖြစ်ပြီး ဘောလုံး ဒါမှမဟုတ် ဘတ်စကတ်ဘောတို့လို နည်းဗျူဟာနဲ့ ကစားရတဲ့ အားကစားတွေမှာ လိုအပ်တဲ့ ခံနိုင်ရည်စွမ်းတွေကို တိုင်းတာတဲ့နေရာမှာတော့ အကန့်အသတ်ရှိနေတာပါ။

“တကယ်လို့ ကိုယ်က မာရသွန်အပြေးမှာ ဒါမှမဟုတ် ၁၀ ကီလိုမီတာအပြေးပြိုင်ပွဲမှာ နိုင်ချင်တယ်ဆိုရင် အဲဒါနဲ့ထိုက်သင့်တဲ့ဒဏ်ခံနိုင်မှု၊ အောက်ဆီဂျင်လုံလောက်အောင် ထိန်းသိမ်းနိုင်မှုကို လေ့ကျင့်သား ပြည့် စွမ်းဆောင်ရည်မျိုးရှိရမယ်။ ဒါပေမဲ့ အဲဒီအပိုင်းတွေကိုကျတော့ ရုပ်သံဗီဒီယိုကနေ မမြင်နိုင်သလို အကဲဖြတ်လို့လည်း မရဘူး”လို့ သူက ပြောပါတယ်။

ပါမောက္ခ ဘရူးယာကတော့ အခု AI စနစ်ဟာ အလားအလာကောင်းတဲ့ကစားသမားကောင်းတွေကို ကနဦးဆန်းစစ်မှုပြုလုပ်နိုင်တာကြောင့် အကျိုးကျေးဇူးများတယ်လို့ မြင်ပါတယ်။

“အားကစားတစ်နည်းနည်းမှာ အလားအလာရှိတယ်လို့ဆိုတာမျိုးပြတဲ့ အရည်အသွေးနဲ့ လျင်မြန်ဖျတ်လတ်မှုတွေကို ဒီစနစ်က ပြနိုင်တယ်ဆိုရင်တော့ မြေတောင်မြှောက်ပေးဖို့ ဖြစ်လာစေနိုင်တာပေါ့ ”လို့ သူက ပြောပါတယ်။

“ပြီးတော့ သယ်ရပိုးရလွယ်ပြီး အဆင့်မြင့် အကဲဖြတ် နည်းပညာတွေ လက်လှမ်းမမီတဲ့နေရာမျိုးဆိုရင်လည်း အခု AI နည်းပညာက အားသာချက်ရှိနေပြန်တယ်”လို့ ဆက်ပြောပါတယ်။

“ဒါပေမဲ့လည်း ဒါက ပိုကြီးမားကျယ်ပြန့်တဲ့ အရည်အသေးအကဲဖြတ်စနစ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်မှာပါ”

နောက်ဆုံးရလဒ် ဘယ်လိုထုတ်လဲ

အိုလံပစ် ရေကူးကစားသမားဟောင်းတွေဖြစ်တဲ့ ဟန့်ခ်နဲ့ ဘရွတ်တို့လည်း သူတို့ စွမ်းရည်တွေကို စစ်ဆေးစမ်းသပ်ခံကြပါတယ်
ဓာတ်ပုံ ပုံစာ, ရေကူးအားကစားသမားဟောင်းတွေဖြစ်တဲ့ ဟန့်ခ်နဲ့ ဘရော့တို့လည်း သူတို့ စွမ်းရည်တွေကို စစ်ဆေးစမ်းသပ်ခံကြပါတယ်

အိုလံပစ်အားကစားရုံဘက်မှာ တပ်ထားတဲ့ အေအိုင်စနစ်ကို ပြန်ကြည့်ရင်တော့ အစောပိုင်းတုန်းက အပြေးစမ်းသပ်ခဲ့တဲ့ ကလေးငယ် တက်တိုရဲ့ ရလဒ် ထွက်လာပါပြီ။ သူဟာ အလားအလာရှိတဲ့ အိုလံပစ် တာတိုအပြေးသမားဖြစ်နိုင်တယ်လို့ အဖြေထွက်ပါတယ်။

အခုချိန်မှာ ဘောလုံးနဲ့ တင်းနစ်အားကစားကို သူကြိုက်နေပေမဲ့လည်း အဖြေထွက်လာတဲ့ တာတိုအပြေးသမား ဖြစ်နိုင်တယ်ဆိုတာကိုလည်း သူသဘောကျပါတယ်။

ဒီနည်းပညာကို နောက်ထပ် စမ်းသုံးကြသူ နှစ်ဦးကတော့ ဘရော့နဲ့ ဟန့်တို့ဖြစ်ပါတယ်။ သူတို့ဟာ အမေရိကန် ကောလိပ်တွေပြိုင်ပွဲအဆင့်မှာ ကောလိပ်ကိုယ်စားပြု ယှဥ်ပြိုင်ဖူးတဲ့ ရေကူး အားကစားသမားဘဝ အတွေ့အကြုံအများကြီးရှိသူတွေဖြစ်ကြပါတယ်။ ဒီနည်းပညာကနေတဆင့် ကမ္ဘာ့အဆင့် အားကစားဆိုင်ရာလိုအပ်ချက်ဖြည့်ဆည်းနိုင်မှုတွေနဲ့ အိုလံပစ်အားကစားသမားတွေ မွေးထုတ်ပေးနိုင်တဲ့ဦးတည်လာမယ်လို့ သူတို့အကောင်းမြင်ပါတယ်။

“ကျွန်တော်တို့က အားကစားသမားဟောင်းတွေ။ အခု စမ်းသပ်ပြိုင်ကြည့်တော့ ယှဥ်ရ ပြိုင်ရတဲ့ခံစားချက်ကို ပေးတယ်။ အပြိုင်ကြဲရတယ်ပေါ့။ ပျော်ဖို့လည်း ကောင်းပါတယ်”လို့ ဟန့်ခ်က ပြောပါတယ်။

ဘရော့ကလည်း “လွန်ခဲ့တဲ့ ဆယ်နှစ်၊ ၁၅ နှစ်၊ ကျွန်တော်တို့ ရေကူးနေတုန်းကဆိုရင် ဒီလိုနည်းပညာမျိုးမရှိခဲ့ဘူးလေ”လို့ ပြောပါတယ်။

ဆိုတော့ သူတို့ ရလဒ် ဘယ်လိုထွက်လာပါသလဲ။

“ရက်ဘီ ဘောလုံးအားကစားတဲ့” လို့ ဟန့်က ပြောပါတယ်။

“ကျွန်တော်ကတော့ ဘတ်စကတ်ဘောဆိုပဲ”လို့ ဘရော့က ပြောတယ်။ “တကယ်တော့ ကျွန်တော့် ဘဝမှာ ဘတ်စကတ်ဘော တစ်ခါမှ မကစားဖူးဘူး”

“တကယ်တော့လေ” လို့ ဟန့်က ပြောလိုက်တယ်။ “သူနဲ့တစ်ခါ ဘတ်စကတ်ဘော ကစားတယ်။ အဲနောက်ပိုင်း သူ့ကို ဘယ်တော့မှ မပါခိုင်းတော့ဘူး”လို့ ထပ်ပြောပါတယ်။

ဒါကိုကြည့်ရင် AI နည်းပညာ ဉာဏ်ရည်တုဟာ ကွန်ပြူတာကနေတဆင့် အဖြေထုတ်ပေမဲ့ အမြဲတမ်းတော့ မှန်ပုံမရပါဘူး။