အိုလံပစ်မှာရွှေတံဆိပ်ဆွတ်ခူးရင်ဘယ်လောက်ရမလဲ

Gold, silver and bronze medals from the Paris Olympics

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုလံပစ်ပွဲတော်က အားကစား ၂ မျိုးမှာ ဆုတံဆိပ်ရရင် ငွေသားချီးမြှင့်တာလည်း ခံရမှာဖြစ်

ခေတ်သစ်အိုလံပစ်အားကစားပွဲတော်ကို ၁၈၉၆ မှာ စတင်ဆင်နွှဲခဲ့စဥ်က ဆုကြေးစားအားကစားသမားတွေ ပါဝင်ခွင့်ပြုတာ၊ ဆုကြေးပေးတာ စတာမျိုးတွေမရှိဘဲ အပျော်တမ်းအားကစားသမားတွေ သက်သက်ကိုသာ ယှဥ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။

ဒါပေမဲ့ ပဲရစ် အိုလံပစ်မှာတော့ ပါဝင်ဆင်နွှဲကြတဲ့ အားကစားသမားတွေထဲ တစ်နှစ်ကို ဒေါ်လာ သန်းများစွာရတဲ့ မီလျံနာ အားကစားသမားတွေကနေ အားကစားပွဲတော်ကို လာပြိုင်နိုင်ဖို့အတွက် အနိုင်နိုင်ရုန်းကန်ခဲ့ကြရတဲ့ အားကစားသမားတွေ အထိ ပါဝင် တာကို တွေ့ရပါတယ်။

အိုလံပစ်အားကစားသမားတွေအနေနဲ့ ဝင်ငွေရလမ်းက အမျိုးမျိုးရှိပါတယ်။ အဲဒါတွေကတော့ အားကစားလေ့ကျင့်မှု၊ ပြိုင်ဆိုင်မှုအတွက် ကုန်ကျစရိတ်ကို ပုဂ္ဂလိကဆိုင်ရာ အဖွဲ့တွေ၊ ကုမ္ပဏီတွေဘက်ကစပွန်ဆာပေးတာတွေ၊ သက်ဆိုင်ရာနိုင်ငံတွေက ထောက်ပံ့တာတွေပါ။

ဒါတွေအပြင် အခုအိုလံပစ်မှာ ဆုကြေးငွေပေးတော့ အဲဒါကလည်း ဝင်ငွေရလမ်းတခု ဖြစ်လာပါတယ်။

ဒါပေမဲ့ အိုလံပစ်ပွဲတော်မှာ ယှဥ်ပြိုင်ကြတဲ့ အားကစားတိုင်းအတွက်ဆုကြေးသတ်မှတ်တာမဟုတ်တော့ပွဲတော်ကနေ ဘယ်အားကစားကဖြင့် ဆုကြေးရစေ၊ ဘယ်သူတွေက မရနိုင်ဆိုပြီး ရှိလာတဲ့အပေါ် အငြင်းအခုံ ဖြစ်လာပါတယ်။

လက်‌ဝှေ့နဲ့ ပြေးခုန်ပစ်အတွက်သာ

Julien Alfred celebrates after crossing the finishing line in a race

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီး မီတာ ၁၀၀ ပြေးပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်တာနဲ့ အတူ အပြေးမယ် ဂျူလီယံ အဲဖရက်က ဒေါ်လာ ၅၀,၀၀၀ ဆုကြေးငွေရရှိ

ပဲရစ် ၂၀၂၄ အိုလံပစ်မှာ အားကစား အမျိုးအစားပေါင်း ၃၂ မျိုးရှိတဲ့အနက် ဆုကြေးပေးတဲ့ အားကစားက ၂ မျိုးထဲသာပါ၊ ပြေးခုန်ပစ်နဲ့ လက်ဝှေ့ပါ။

နိုင်ငံတကာပြေးခုန်ပစ် အဖွဲ့ (The World Athletics) က ပဲရစ်အိုလံပစ်မှာရွှေတံဆိပ်ရသူတွေအနေနဲ့ ဆုကြေး ဒေါ်လာ ၅၀,၀၀၀ ရမယ်လို့ ဧပြီလတုန်းက ရုတ်တရက် ကြေညာခဲ့ပါတယ်။

နောက်တစ်လ အကြာမှာ နိုင်ငံတကာ လက်ဝှေ့ အသင်း (International Boxing Association - IBA) ကလည်း အိုလံပစ်ချန်ပီယံအတွက်ပေးမယ့်ဆုကြေးကို ဒေါ်လာ ၁၀၀, ၀၀၀ လို့ ကြေညာလိုက်ပြီး အဲဒီငွေရဲ့ ၄ ပုံ ၁ ပုံက သက်ဆိုင်ရာနိုင်ငံရဲ့ လက်ဝှေ့ အဖွဲ့ချုပ်၊နောက် ၄ ပုံ ၁ ပုံက အားကစားသမားရဲ့ နည်းပြတွေအတွက် လို့ သတ်မှတ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီ အားကစား ၂ မျိုးစလုံးမှာ ငွေနဲ့ ကြေး တံဆိပ်ဆွတ်ခူးမယ့်သူတွေ အတွက် လည်း ဆုကြေးတွေ သတ်မှတ်ထားပြီး ပမာဏက ရွှေရသူထက် နည်းပါတယ်။ လက်ဝှေ့ မှာ ပဥ္စမ အဆင့် ရတဲ့ အားကစားသမားအတွက်လည်း ဆုကြေး ချီးမြှင့် မှာပါ။

ဆုကြေးငွေတွေက နိုင်ငံတကာ အိုလံပစ်ကော်မတီ ဆီက လာတာမဟုတ်ပါဘူး၊ သက်ဆိုင်ရာ နိုင်ငံတကာ အားကစား အဖွဲ့ချုပ်တွေက ပေးတာပါ။

နိုင်ငံတကာ အိုလံပစ် ကော်မတီ (International Olympic Committee - IOC) က အိုလံပစ်ပွဲတော် ဝင်ငွေထဲကနေ နိုင်ငံတကာအားကစား အဖွဲ့တွေကို ဝေစုခွဲပေးပြီး နိုင်ငံတကာ ပြေးခုန်ပစ် အဖွဲ့ (The World Athletics) ဆိုရင် ဆုရ အားကစား သမားတွေကို သူတို့ပေးမယ်ဆိုတဲ့ ဆုကြေးငွေ တချို့က အဲဒီကနေ ဖြစ်လာတာပါ။

အရင်တုန်းကတော့ ဒီအိုလံပစ်ဝင်ငွေကို ကမ္ဘာ့အားကစားလောကတိုးတက်စေရေးအတွက် သုံးကြတာဖြစ်ပြီး အခုလို ဆုကြေးအဖြစ် သုံးလာကြတဲ့အပေါ် မှန်ကန်တဲ့ ရွေးချယ်မှု ဟုတ်ရဲ့လားလို့ အများက အမေးထုတ်နေကြပါတယ်။

“ဒီငွေတွေက အနိုင်ရတဲ့သူတွေအတွက် ဖြစ်သွားမယ်ဆိုရင် ဝင်ငွေရပြီးသား ထိပ်တန်း အားကစား သမားတွေကို ထပ်ပြီးဆုချသလို ဖြစ်သွားမယ်” လို့ အားကစားပွဲကြီးတွေကို လေ့လာတဲ့သူ၊ ကွန်ဗင်ထရီ တက္ကသိုလ်၊ Centre for Business in Society က ဒေါက်တာ တွမ်ဘက်ဆန်က ပြောပါတယ်။

“ပြေးခုန်ပစ်မှာ ရွှေတံဆိပ်ရနိုင်တဲ့ သူတွေက အရင်ကတည်းက စပွန်ဆာတွေ အများကြီး ရထားတဲ့သူတွေ၊ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ တပုံကြီး ရထားတဲ့ သူတွေပါ။”

“‌ဝေဖန်ရမယ်ဆိုရင် ဒီငွေတွေကို ဟိုးထိပ်ဆုံးက အောင်မြင်ပြီးသား အားကစား သမားတွေအတွက် ပေးမယ့်အစား အားကစားသမားတွေကို မြေတောင်မြှောက်ပေးဖို့၊ လူငယ်အားကစားသမားတွေအတွက် ပံ့ပိုးဖို့ စတဲ့နေရာတွေမှာ ပိုအသုံးချသင့် တာပေါ့။”

ဒါပေမဲ့ အိုလံပစ် ချန်ပီယံဖြစ်တာတောင် ဆုကြေးငွေ လိုအပ်နေတဲ့သူတွေလည်း ရှိပါတယ်၊ ဘာလို့လဲ ဆိုတော့ တချို့က အရင်ကတည်းက ဘဏ္ဍာရေး အခြေအနေ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတာပါ။

သူ့ အားကစားမယ် သက်တမ်း ကာလအတွင်း အိုလံပစ် ရွှေတံဆိပ် ၄ ခု၊ ‌ငွေတံဆိပ် ၂ ခု ရခဲ့တဲ့ ဆိုဗီယက်ဂျွမ်းဘားမယ်အော်ဂါ ကောဘတ် ဆိုရင် သူ့ရဲ့ ဆုတံဆိပ် ၃ ခုကို ၂၀၁၇ ခုနှစ်က ဒေါ်လာ ၃၃၃,၅၀၀ နဲ့ ရောင်းခဲ့ရပါတယ်။

အိုလံပစ် လက်‌ဝှေ့ အတွက်ပေးတဲ့ ဆုကြေးငွေက ဘယ်ကရသလဲဆိုတာက သိပ်မရှင်းလင်းလှပါဘူး။ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC)က မကြာခင်ကာလမှာပဲ နိုင်ငံတကာ လက်ဝှေ့ အသင်း (IBA)နဲ့ ကင်းကင်းရှင်းရှင်း နေလိုက်ပါတယ်။

သူတို့ပြောတာကတော့ IBA ရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ “ဘဏ္ဍာရေး ကိစ္စတွေဟာ ရှင်းရှင်းလင်းလင်း မရှိဘူး” လို့ဆိုပါတယ်။

“IBA နဲ့ဆိုရင် ငွေတွေက ဘယ်က လာသလဲဆိုတာက မရှင်းလင်းလှဘူး၊ အဲဒါက အမြဲပဲ” လို့ IOC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။

ဒေါက်တာ ဘက်ဆန်က “IBA ဟာ အိုလံပစ်မှာ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်တယ်၊ အိုလံပစ်လို သူတို့လည်း အရေးပါ ပါတယ် ဆိုတာကို ပြချင်ပုံ ရတယ်” လို့ ဆိုပါ တယ်။

နိုင်ငံ့ ဂုဏ်သိက္ခာ

A fencer in mask with a Singapore flag on it competes with an athletes with a US flag on his mask

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုယ့်နိုင်ငံသားတွေ ပဲရစ် ၂၀၂၄ အိုလံပစ် ချန်ပီယံ ဖြစ်လာရင် ဆုကြေးချီးမြှင့်တဲ့ ပမာဏက အမေရိကန်ထက် စင်ကာပူက ပိုများ

အိုလံပစ်မှာ ဆုတံဆိပ်ရလို့ ဝင်ငွေရတဲ့ တခြားနည်းလမ်းတွေလည်း အများအပြားပါ။

အားကစားသမား အများအပြားဟာ အောင်ပွဲရတဲ့အတွက် သူတို့ သက်ဆိုင်ရာနိုင်ငံတွေက ဆုကြေးချီးမြှင့်တာကို ရကြပါတယ်။

စင်ကာပူက ချီးမြှင့်တာ အများဆုံးလို့ ဆိုကြပါတယ်၊ ပဲရစ်အိုလံပစ် ချန်ပီယံဆိုရင် ဒေါ်လာ ၇၅၀,၀၀၀ ဆုကြေးပေးမှာပါ (ဒါဟာ စင်ကာပူ ဒေါ်လာ တသန်း နီးပါး လောက် ရှိပါတယ်)။

အိမ်ရှင် ပြင်သစ်ကတော့ သူတို့ ချန်ပီယံကို (အမေရိကန် ဒေါ်လာနဲ့ ဆိုရင် ၈၇,၀၀၀ ရှိတဲ့) ယူရိုငွေ ၈၀,၀၀၀ ချီးမြှင့်မှာဖြစ်ပြီး မော်ရိုကိုကတော့ သူတို့ ချန်ပီယံကို ဒေါ်လာ ၂၀၀,၀၀၀ ပေးမှာပါ။

အဲဒါတွေက အမေရိကန် ထက်များပါတယ်၊ သူ့ရဲ့ “ရွှေ စီမံချက်” အစီအစဥ်က ချန်ပီယံဆု ရသူကို ဒေါ်လာ ၃၇,၅၀၀ ပေးမှာပါ။

ဗြိတိန်အပါအဝင် တခြားနိုင်ငံတွေကတော့ ဘာ ဆုကြေး မပေးပါဘူး။ ဒါပေမဲ့ ဗြိတိန်ဟာ အိုလံပစ် ရွှေတံဆိပ် ရနိုင်ခြေရှိတဲ့ အားကစားသမား တယောက် ကို ဒီပွဲတော်ကို လာပြိုင်နိုင်ဖို့ လေ့ကျင့်စဥ်မှာတနှစ်ကို စတာလင်ပေါင် ၂၈,၀၀၀ ထောက်ပံ့ထားပါတယ်။

ဒါပေမဲ့ ဒီဆုကြေးငွေပမာဏတွေဟာ ကမ္ဘာ့ နာမည်အကျော်ဆုံး အားကစားသမား တွေရဲ့ ဝင်ငွေနဲ့ နှိုင်းစာရင် ပြောပလောက်စရာ ဘာမှ မရှိပါဘူး။

“(ပွဲတော်မှာ) ဥပမာ အမေရိကန် ဘက်စကက်ဘော အသင်းက ကစားသမားတွေလို ဝင်ငွေ အများကြီး ရှိတဲ့သူတွေကနေ အားကစားလုပ်နိုင်ဖို့ အချိန်ပိုင်း အလုပ်လုပ်ကြ ရတဲ့ အားကစားသမားတွေအထိ ပါဝင်ပါတယ်” လို့ ဒေါက်တာ ဘက်ဆန်က ပြောပါ တယ်။

ကြယ်ပွင့်တို့ရဲ့ စွမ်းအား

LeBron James on court playing for the USA

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, NBA ဆူပါစတား လက်ဘရွန် ဂျိမ်းစ်ဟာ အိုလံပစ်ကိုလာပြိုင်တဲ့ ဝင်ငွေ အကောင်းဆုံး အားကစားသမားတွေထဲက တယောက်ဖြစ်

ဖော့ဘ် (Forbes) မဂ္ဂဇင်းက ထုတ်ပြန်တဲ့ နှစ်စဥ် ဝင်ငွေအကောင်းဆုံး အားကစား သမား စာရင်း အရ ပဲရစ် ၂၀၂၄ မှာလာပြိုင်တဲ့ အားကစားသမားတွေထဲ စပိန်ဂေါက်သီးသမား ဂျွန်ရမ်က ဝင်ငွေအရဆုံး အားကစားသမားပါ။

မနှစ်က သူ့ရဲ့ ဝင်ငွေက အမေရိကန် ဒေါ်လာ ၂၁၈ သန်း ရှိတယ်လို့ အဲဒီမဂ္ဂဇင်းက ခန့်မှန်းထားပြီး အဲဒီထဲက အများစုက ဆော်ဒီရန်ပုံငွေစိုက်ထုတ်တဲ့ လစ်ဗ်ဂေါက်သီး ခရီးစဥ် (LIV Golf tour) က ရတဲ့အတွက် အငြင်းပွားစရာတွေလည်း ဖြစ်နေပါတယ်။

ဒုတိယ ဝင်ငွေအများဆုံး အိုလံပစ်အားကစားသမား ကတော့ အမေရိကန် စတား ဘက်စကက်ဘောသမား လက်ဘရွန် ဂျိမ်းစ်ဖြစ်ပြီး သူဟာ ဒေါ်လာ ၁၂၈ သန်း ဝင်ငွေ ရထားပြီးပြီလို့ ခန့်မှန်းကြ ပါတယ်။

ဂေါက်သီးနဲ့ ဘက်စကက်ဘောမှာ နိုင်ငံတကာ အဆင့်ရှိသူတွေဖြစ်တဲ့ ရမ်နဲ့ ဂျိမ်းစ်လို လူတွေအဖို့ အိုလံပစ်မှာ ရတဲ့ငွေက သူတို့အတွက် ဘာမှ မထူးခြားလှပါဘူး။

ဒါပေမဲ့ နာမည်မကြီးသေးတဲ့ အားကစားသမားတွေအဖို့ ဆုတံဆိပ်ဆွတ်ခူးနိုင်တာဟာ သူတို့ ဝင်‌ငွေတိုးလာစေဖို့ အတွက် လိုအပ်တဲ့ အရာတခုပါ။

သူတို့ ဆုပေးစင်မြင့်ပေါ် တက်ရောက်နိုင်မယ်ဆိုရင် သူတို့ကို စပွန်ဆာလုပ်သူက ဘယ်လောက် ချီးမြှင့်မယ်ဆိုတဲ့ ကတိကဝတ်တွေ သူတို့ရထားပါတယ်။

များသောအားဖြင့် အဲဒါတွေက အတွင်းရေး လျှို့ဝှက်ချက်တွေဖြစ်ပေမယ့် ၂၀၁၆ မှာ နိုက်ခ် (Nike) နဲ့ နယူးဘဲလင့်စ် (New Balance) ကုမ္ပဏီတို့ ဥပဒေကြောင်း အငြင်းပွားမှုကနေ ပေါ်ထွက်လာတဲ့ အချက်အလက်အရ အဲဒီတုန်းက အိုလံပစ်ပွဲတော်မှာ ဘောရစ်ဘာရိန်း ရွှေတံဆိပ် ရမယ်ဆိုရင် သူ ဒေါ်လာ ၁၅၀,၀၀၀ ရမယ် ဆိုတာကို သိရပါတယ်။

“လူတွေက အားကစားသမားတွေကို ကြည့်ရင် အမေရိကန်အားကစားသမား တွေလို၊ ဥရောပ ‌ဘောလုံးအသင်းတွေမှာ ကစားကြတဲ့ ကမ္ဘာ့အဆင့် ဘောလုံး သမားတွေလို တပတ် တပတ်ကို ဒေါ်လာ ၁၀၀,၀၀၀၊ ၂၀၀,၀၀၀ ရနေကြတဲ့သူတွေလို့ ထင်ကြတယ်၊ တကယ်က အဲဒီလို မဟုတ်ပါဘူး” လို့ ဒေါက်တာ ဘက်ဆန်က ပြော ပါတယ်။

“ဖူလုံလောက်ငှဖို့ ရုန်းကန်နေကြရတဲ့ အားကစားသမားတွေ အများကြီးပါ။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်က သြစတြေးလျမှာလုပ်တဲ့ သုတေသနတခုဆိုရင် ၂၀၃၂ အိုလံပစ်မှာ ဝင်ပြိုင်ဖို့ လေ့ကျင့်နေကြတဲ့ အားကစားသမားတွေရဲ့ ၄၀ ရာခိုင်နှုန်း ဟာ အချိန်ပိုင်း ဒါမှမဟုတ် အချိန်ပြည့် အလုပ်လုပ်ကြရတဲ့သူတွေဖြစ်တယ်ဆိုတာကို တွေ့ရှိထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးအားကစားသမား စတားတွေ ရှိရာ အမေရိကန်မှာတောင် အိုလံပစ်ပွဲတော်ဝင် အားကစားသမား အများအပြားဟာ ရုန်းကန်နေရတာပါ။

အမေရိကန် အိုလံပစ် နဲ့ ပါရာလံပစ်ကော်မတီရဲ့ မကြာခင်က လုပ်တဲ့ ဆန်းစစ်မှုအရ လက်ရှိ သူတို့ အိုလံပစ်အားကစားသမားတွေရဲ့ ၂၆ ဒသမ ၅ ရာခိုင်နှုန်း ဟာ တနှစ်ကို ဒေါ်လာ ၁၅,၀၀၀ အောက် ဝင်ငွေကိုသာရကြတဲ့သူတွေပါ။

အနာဂတ်မှာ ဖြစ်လာနိုင်တာတွေ

The Eiffel Tower seen from below with Olympics rings on it

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပဲရစ်အိုလံပစ်ပွဲတော်မှာ ပေးတဲ့ ဆုတံဆိပ်တိုင်းမှာ အီဖယ်မျှော်စင်က သံစလေး အနည်းငယ်ပါဝင်

အိုလံပစ်ကော်မီတီ ရန်ပုံငွေကို ဆုရတဲ့ ထိပ်တန်းအားကစားသမားတွေကို ပေးတာက အကျိုးရှိမှုများပါရဲ့လား ဆိုတဲ့အပေါ် အငြင်းအခုံဖြစ်တာက ပိုပြင်းလာနိုင်ပါတယ်။

ဒါအပြင် ဆုကြေးငွေပေးတာကိုလည်း ပြေးခုန်ပစ်နဲ့ လက်‌ဝှေ့အားကစားတွေ အပြင် တခြားအားကစားတွေမှာ ပိုပြီး ချဲ့ထွင် လာနိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်။

“ဆုကြေးငွေ ပိုပြီး ချီးမြှင့်ပေးဖို့အတွက် အိုလံပစ်ကော်မတီဆီကို ဖိအားတွေ ပိုပြီး ရောက်လာနိုင်ပါတယ်” လို့ ဒေါက်တာ ဘက်ဆန်က ပြောပါတယ်။

ဒါပေမဲ့ မီဒီယာမှာ ဖော်ပြမှု နှိုင်းယှဥ်ချက်အရ နည်းပါးတဲ့ အားကစားတွေအဖို့ ဝင်ငွေက နည်းမှာဖြစ်တဲ့အတွက် ပြဿနာက ရှိနေပါတယ်။

“ပြေးခုန်ပစ်နဲ့ လက်ဝှေ့ကို ကမ္ဘာမှာ လူကြိုက်ပိုများကြပါတယ်” လို့ ဒေါက်တာ ဘက်ဆန်က ပြောပြီး “ဒီအားကစား နှစ်ခုက ဘဏ္ဍာရေးထောက်ပံ့မှုအတွက် စပွန်ဆာ ရတာ ပိုလွယ်တယ်” လို့ ဆိုပါတယ်။

“တခြား အားကစားတွေ ဥပမာ - ကနူးလှေပြိုင်ပွဲဆိုပါတော့၊ အဲဒီအားကစား သမားတွေကို ဆုကြေးပေးဖို့ ဆိုရင် (အိုလံပစ်ကော်မတီအဖို့) သိပ် မလွယ်လှဘူး။”

ဘာပဲဖြစ်စေ အနည်းဆုံးတော့ ပဲရစ် ၂၀၂၄ အိုလံပစ်မှာ အောင်ပွဲရရင် ရွှေတံဆိပ်ဆု ရမှာပါ။

အဲဒါရဲ့ တန်ဖိုးက ဘယ်လောက်ရှိပါသလဲ။

ဒီနှစ် ရွှေတံဆိပ်က ငွေသား ၅၀၅ ဂရမ်နဲ့ ရွှေသား ၆ ဂရမ် ပါပါတယ် (၁၉၁၂ နောက်ပိုင်း ကတည်းက ရွှေသား အတိပြီးတဲ့ ရွှေတံဆိပ်ဆိုတာ မရှိတော့ပါဘူး)၊ ဆိုတော့ တန်ဖိုးက ဒေါ်လာ ၉၅၀ ပါ။

ဒါပေမဲ့ ပဲရစ် အိုလံပစ် ချန်ပီယံတွေအဖို့ ‌အောင်ပွဲကို ရယူလိုက်နိုင်တဲ့ အဖြစ်က အဖိုး မဖြတ်နိုင်တဲ့အရာလို့ မှတ်ယူကြမှာပါ။