အိုလံပစ်မှာ အားကစားသမားတွေ ပြိုင်ပွဲမရှိချိန် ဘာလုပ်ကြပါသလဲ

အားကစားရွာထဲက အလှပြင်ခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြိုင်ပွဲမဝင်ခင်နဲ့ ဝင်ပြီးချိန်တွေမှာ အားကစားသမားတွေ အလှအပပြင်နိုင်ဖို့လည်း စီစဥ်ပေးထားပါတယ်။

Britt Yip, Peter Ball, Riham Eldeeb နဲ့ Laura Garcia တို့ စုပေါင်းရေးသားသည်။

၂၀၂၄ ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲကြီးမှာ နိုင်ငံအသီးသီးက အားကစားသမားတွေ ဆုတံဆိပ်တွေအတွက် အကြိတ်အနယ်ပြိုင်ပွဲဝင်နေကြပါပြီ။ အားကစားသမားတွေ ပြိုင်ပွဲမဝင်ရတဲ့ အချိန်တွေမှာ ဘာတွေလုပ်နေကြသလဲဆိုတာလည်း ပြင်ပကလူတွေက သိချင်ကြပါတယ်။ အဲဒီအမေးကို ဖြေနိုင်ဖို့ ပဲရစ်ရောက် ဘီဘီစီသတင်းအဖွဲ့က လိုက်စုံစမ်းကြည့်တဲ့အခါ သိလာရတဲ့ ငါးချက်အကြောင်း ပြောပြပါမယ်။

မော်ရိုကိုအသင်းက အားကစားသမားတွေ ပြိုင်ပွဲမရှိချိန် အပန်းဖြေနေကြပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မော်ရိုကိုအသင်းက အားကစားသမားတွေ ပြိုင်ပွဲမရှိချိန် အားကစားရွာမှာ အပန်းဖြေကစားနေကြပုံ

စားစရာကောင်းကောင်း လိုက်ရှာတာ

ရွှေဆုရှင် အမေရိကန် အမျိုးသမီးဂျွမ်းဘားအသင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရွှေဆုရှင် အမေရိကန် အမျိုးသမီးဂျွမ်းဘားအသင်း

"အိုကေ ကျွန်မပြောပြမယ်၊ ကျွန်မတို့ ဒီအားကစားရွာထဲမှာတော့ ရှင်တို့ စားနေရသလို တကယ့် ပြင်သစ်အစားအစာကောင်းကောင်း မစားရဘူးလို့ထင်တယ်။ ရှင်တို့က အပြင်မှာဆိုတော့ စားရတယ်လေ။"

ဒါကတော့ အမေရိကန် အမျိုးသမီးဂျွမ်းဘားအသင်း အသင်းလိုက်ရွှေတံဆိပ်ဆုရပြီးချိန် သတင်းစာရှင်းလင်းပွဲမှာ စူပါစတားဂျွမ်းဘားမယ် ဆီမွန်ဘိုင်းလ်က သတင်းသမားတွေရဲ့ အမေးကို ဖြေသွားတာပါ။ သတင်းသမားတစ်ယောက်က သူတို့ ပြင်သစ်စာတွေ ကောင်းကောင်းစားနေရလား ကြိုက်လားလို့ မေးခဲ့တာပါ။

"အားကစားသမားတွေအတွက်ကတော့ နည်းနည်း .. အင်း .. ပိုပြီး ကျန်းမာရေးနဲ့ညီတာကို စားရတာပေါ့" လို့ ဆီမွန်ဘိုင်းလ်က သံတမန်ဆန်ဆန် ဆက်ပြောပါတယ်။

သူ့အသင်းဖော် ဟက်ဇလေ ရီဗားရားကလည်း ပြင်သစ်အစားအစာက ကောင်းပါတယ်၊ "ဒါပေမဲ့ အားကစားရွာမှာ ကျွန်မတို့ စားရတာကတော့ အကောင်းဆုံးမဟုတ်ဘူးထင်တယ်" လို့ ဖြည့်ပြောပါတယ်။

"ဒါပေမဲ့ အလုပ်တော့ဖြစ်ပါတယ်" လို့ သူက ရယ်ရင်း ပြောပါတယ်။

ဘိုင်းလ်ကလည်း ပီဇာကတော့ စားကောင်းတယ်လို့ ဝင်ပြောပါတယ်။

ဗြိတိန်အသင်းအတွက် ချက်ပြုတ်ဖို့ပြင်ဆင်နေတဲ့ စားဖိုမှူး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပြိုင်ပွဲဝင်အသင်းတွေ အားကစားရွာထဲကို သူတို့ စားချင်တာကိုယူလာခွင့်ပေးထားသလို စားဖိုမှူးလည်း ခေါ်လာနိုင်ပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အိန္ဒိယအားကစားသမားတွေလည်း အိုလံပစ်ရွာထဲမှာ သူတို့လျှာနဲ့တွေ့တဲ့ စားစရာ ရှာမရဖြစ်နေတယ်လို့ အိန္ဒိယမီဒီယာတွေက ရေးပါတယ်။

ယီမင်က မီတာ ၁၀၀ အပြေးသမား ဆာမီယာ အယ်လ်ယာဖေးက သူတို့စားချင်တဲ့ အသီးတွေ ဖောဖောသီသီမရဘူးလို့ ဘီဘီစီ အာရဗီဘာသာစကားဌာနကို ပြောပါတယ်။

"ပထမရက်ပိုင်းတွေမှာ အားကစားသမားတစ်ယောက်ကို အသီးနှစ်မျိုးပဲရတယ်၊ ကျွန်တော့် အာဟာရအတွက်က ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ်ပိုလိုတာဗျ။ အခုတော့ အစားအသောက်တွေ နည်းနည်းပိုကောင်းလာပါပြီ" လို့ သူကဆိုပါတယ်။

ပြင်သစ် အိုလံပစ်ကျင်းပရေးကော်မီတီက ဒီနှစ်မှာ အစားအသောက်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အထောက်အကူပြုစေမယ့် စားစရာတွေ ပြင်ဆင်ကျွေးမွေးတယ်လို့ ဆိုပါတယ်။ အရင့်အရင်က လုပ်ခဲ့တဲ့ အိုလံပစ်ပွဲတွေထက်စာရင် ကာဘွန်တွေထုတ်တာလျော့အောင် ဒေသတွင်းထွက်၊ ရာသီစာနဲ့ အသီးအရွက်အခြေပြုတဲ့ စားစရာတွေ ကျွေးတာလို့ ပြောပါတယ်။

ပါလက်စတိုင်းကိုယ်စားပြု ရေကူးအားကစားသမား ယာဇန် အယ်လ် ဘာဝပ်ကတော့ အိမ်ရှင်တွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ချင်တော့ အဲဒါက စားသောက်စရာတွေအပေါ် လာသက်ရောက်တယ်လို့ ဆိုပါတယ်။

"ကျွန်တော် တိုကျိုအိုလံပစ်လည်း ပြိုင်ခဲ့ပါတယ်၊ ဒီမှာတော့ စားစရာကညံ့တယ်ဗျာ။"

ဖိလစ်ပိုင်က ဂျွမ်းဘားမယ် အာလီယာ ဖင်နီဂန်က စားစရာတွေက ကောင်းတော့ကောင်းပါတယ်။ သူ့အတွက်ဆိုရင်တော့ အပေါ့အငန် မမျှဘူး။ ဟင်းခတ်မုန့်တွေ ထည့်ပေးရင်တော့ ပိုစားကောင်းမယ်လို့ သူ့အကြိုက်ကို ပြောပြပါတယ်။

ဗြိတိန်အသင်းကတော့ သူတို့ရဲ့ လှေလှော်အားကစားသမားတွေအတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုအားဖြည့်စေတဲ့ အစားအသောက်တွေ ပြင်ဆင်ပေးတတ်တဲ့ စားဖိုမှူး ဘရိုင်ယိုနီဂျွန်ဆင်ကို ငှားထားပါတယ်။

အားကစားသမားတချို့က ခန္ဓာကိုယ်အလေးချိန်လျှော့ချင်ပြီး တချို့ကတော့ ဝိတ်တက်ချင်တဲ့ ဆန္ဒတွေရှိကြတော့ သူ့အနေနဲ့ အားလုံးအတွက်မျှတအောင် စဥ်းစားချက်ပြုတ်ရတယ်လို့ မစ္စဂျွန်ဆင်က ပြောပြပါတယ်။

နော်ဝေးက ရေကူးအားကစားသမား ဟန်းရစ် ခရစ်တီယန်ဆင် တမ်းတနေတာကတော့ ချောကလက် မပ်ဖင်ကိတ် muffin ပါ။ သူ့ရဲ့ တစ်တော့ကနေ ၁၁ မှတ်မှာ ၁၀ မှတ် ပေးခဲ့ပါတယ်။

အနားယူတာ

အားကစားရွာထဲက အခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကတ်ထူပြားနဲ့လုပ်တဲ့ ကုတင်မှာအိပ်ရတာရယ်၊ အဲယားကွန်းမရှိတာရယ်ကို တချို့အားကစားသမားတွေက စိတ်ပျက်

အားကစားသမားတွေ အကောင်းဆုံးစွမ်းရည်ပြနိုင်ဖို့က ညတွေမှာ ကောင်းကောင်း အိပ်စက်အနားယူနိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ အခုပဲရစ်မှာတော့ အပူလှိုင်းတွေရှိချိန် အခန်းတွေဟာ ပူလွန်းလို့ အိပ်လို့မရဘူးလို့ ပြိုင်ပွဲဝင်တချို့က ပြောကြပါတယ်။

အိုလံပစ်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဦးတည်ကျင်းပဖို့ စီစဥ်မယ်လို့ ပြင်သစ်ဘက်က ကတိပြုထားတဲ့အတွက် အားကစားရွာမှာ အဲယားကွန်း လျှပ်စစ်လေအေးစက်တွေ မသုံးပါဘူး။ အဲဒီအစား မြေအောက်ကရေကို စုပ်ထုပ်ပြီး သဘာဝလေအေးစက်ပုံစံမျိုးဖြစ်အောင် ဖန်တီးထားပါတယ်။

ပြီးတော့ အခန်းတွေမှာ ပန်ကာတစ်လုံးစီ ထည့်ပေးထားပါတယ်။

ဒါပေမဲ့ အဲဒီအစီအမံတွေက လုံလောက်ပုံမရပါဘူး။

ရိုမေးနီးယားအသင်းက စားပွဲတင်တင်းနစ်မယ် ဘားနဒက် ဇော့စ်က ညဆို ပူလို့ အိပ်မပျော်ဘူးလို့ပြောပါတယ်။

"ပန်ကာလေက အားမကောင်းဘူး၊ ဒါကြောင့် ညဆို အခန်းတံခါးဖွင့်အိပ်ရတယ်" လို့ သူက ပြောပါတယ်။

ဒီလို အပူဒဏ်အကြောင်း ပြောတာတွေရှိလာတော့ ပြင်သစ်အိုလံပစ်ကျင်းပရေးကော်မီတီက ယာယီ လေအေးပေးစက်လေး အလုံး ၂၅၀၀ တပ်ပေးပါတယ်။

ရာသီဥတုက ပူတဲ့အပြင် အိပ်ရတဲ့ အိပ်ရာတွေကလည်း ကတ်ထူပြားတွေနဲ့ လုပ်ထားတာမျိုး သက်သောင့်သက်သာမရှိဘူးလို့ အိုလံပစ်ရွာမှာနေကြသူ တော်တော်များများက ပြောကြပါတယ်။

အိပ်ရာက မာတော့ သူခါးနာနေတယ်လို့ သြစတြေးလျက ဝါတာပိုလို အားကစားမယ် တီလီ ကာန်းစ်က ပြောပါတယ်။

သူတို့ အသင်းမန်နေဂျာက အသင်းသားအားလုံးအတွက် ထပ်ဝယ်လာပေးတဲ့ မွေ့ရာအခင်းကို ကာန်းစ် က ဗီဒီယိုရိုက်ပြီး ပို့စ်တင်ခဲ့ပါတယ်။

ကတ်ထူပြားတွေနဲ့လုပ်ထားတဲ့ ကုတင်နဲ့ စွန့်ပစ်ပစ္စည်းတွေကိုသုံးပြီး အသစ်ပြန်လုပ်ထားတဲ့ မွေ့ရာတွေကို ၂၀၂၁ တိုကျိုအိုလံပစ်မှာ စ သုံးခဲ့တာပါ။

လိင်ဆက်ဆံတာမျိုး မလုပ်နိုင်အောင် ကုတင်ကို တမင်ပဲ မခိုင်အောင်လုပ်ထားတာဆိုတဲ့ အပြောတွေကို ချေဖျက်ဖို့ အားကစားသမားတချို့က ကုတင်ပေါ်မှာ တက်ပြီး ခပ်ကြမ်းကြမ်းခုန်ပြကြပါတယ်။ ကုတင်က အတော်ကြီးခိုင်ခန့်တာကို သူတို့တင်တဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

အိုလံပစ်ပွဲကျင်းပသူတွေကတော့ ဒီလိုကုတင်တွေသုံးတာက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့၊ ကာဘွန်ထုတ်လုပ်မှု လျော့နည်းစေဖို့ ရည်ရွယ်ချက်သက်သက်ပဲ ရှိကြောင်း ပြောကြပါတယ်။

တစ်ဖက်မှာတော့ မက္ကဆီကို မြားပစ်အားကစားမယ် အန်နာ ပေါ်လာ ဗတ်စကေးက ဒီကုတင်တွေနဲ့ အိပ်ရတာ "အရင်ကထက် အများကြီး ပိုအိပ်ပျော်တယ်" လို့ သူ့ တစ်တော့ကနေ ပြောခဲ့ပါတယ်။

မိတ်ဆွေသစ်တွေဖွဲ့တာ

ဂျမေကာအပြေးမယ် ရှယ်လီ အန်းဖရေဆာပရိုက်စ် (ဝဲ) နဲ့ နယူးဇီလန်က ရပ်ဂ်ဘီ ကစားသမား မီခဲလ်ကာဘလိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျမေကာအပြေးမယ် ရှယ်လီ အန်း ဖရေဆာပရိုက်စ် (ဝဲ) နဲ့ နယူးဇီလန်က ရပ်ဂ်ဘီ ကစားသမား မီခဲလ်ကာဘလိုက်တို့ အင်စတာဂရမ်မှာ ချိတ်ဆက်လိုက်ပါပြီ။

အားကစားမောင်မယ် ၁၄,၀၀၀ ကျော် တစ်နေရာထဲမှာ နှစ်ပတ်ကြာ စုဝေးမိကြတယ်ဆိုတော့ ဒါက မိတ်ဆွေအပေါင်းအသင်းအသစ်တွေ ဖွဲ့ဖြစ်ဖို့ အခွင့်အလမ်းကောင်းကြီးတစ်ခု ဆိုတာ သေချာပါတယ်။

နယူးဇီလန်က ရပ်ဂ်ဘီ ကစားသမား မီခဲလ်ကာဘလိုက်က ဂျမေကာအပြေးမယ် ရှယ်လီ အန်း ဖရေဆာပရိုက်စ်နဲ့ သိကျွမ်းခင်မင်ရတာကို သူ့ရဲ့ အင်စတာဂရမ်မှာ ပို့စ်တွေရေးတင်ခဲ့ပါတယ်။ ရှယ်လီဟာ သူက "စံပြုအားကျရတဲ့ တော်ဝင်အားကစားသမားတစ်ယောက်ပါ" လို့လည်း ရေးထားပါတယ်။

ဗီဒီယိုတစ်ခုမှာတော့ ဖိနပ်မပါခြေဗလာနဲ့ ဘလိုက်က အိုလံပစ်ရွှေဆုသုံးကြိမ်ရခဲ့ဖူးသူ ရှယ်လီဆီကို အပြေးသွားနေတဲ့ပုံကို တင်ထားပါတယ်။

သူတို့နှစ်ယောက် ပွေ့ဖက်လိုက်ကြပြီး ဘလိုက်က ရှယ်လီကို "သိပ်အံ့သြစရာ ကောင်းသူပါပဲ" လို့ ပြောနေတာကို တွေ့ရပါတယ်။ ရှယ်လီက ရယ်မောရင်း "မင်းလည်း တုန်နေပြီ၊ အသက်လေးဘာလေး ရှူပါဦး" လို့ ပြန်ပြောတာလည်း တွေ့ရပါတယ်။

တချို့တွေကလည်း ချစ်သူရှာတဲ့ အက်ပ်ကို သုံးပြီး မိတ်ဆွေသစ်တွေ ရှာကြပါတယ်။

မက္ကဆီကိုက ကနူးလှေလှော်အားကစားမယ် ဆိုဖီယာ ရေနိုဆိုကတော့ အားကစားရွာထဲမှာ သူ အဲဒီ အက်ပ်ကို သုံးလို့မရဘူးလို့ ပြောပါတယ်။

ပဲရစ်မှာ ရောက်နေတဲ့ ဘီဘီစီသတင်းအဖွဲ့က စမ်းကြည့်တဲ့အခါမှာတော့ Tinder နဲ့ Hinge လို အက်ပ်တွေက ပဲရစ်မှာ အလုပ်လုပ်ပေမဲ့ Grindr ကတော့ သူတို့ အက်ပ်ကိုသုံးပြီး အပြင်လူတွေက အားကစားသမားတွေကို လှမ်းချိတ်ကြမှာကို ကာကွယ်ဖို့ ယာယီပိတ်ထားတယ်လို့ ဆိုပါတယ်။

လှပအောင်နေတာ

အားကစားရွာထဲမှာ လုပ်ပေးထားတဲ့ အစီအစဥ်တွေထဲ အမျိုးသမီးအားကစားမယ်တွေအတွက် ဆံပင်နဲ့ မိတ်ကပ်အလှပြင်တာ၊ ခန္ဓာကိုယ်အလှအပအတွက် ပြုပြင်ပေးတာတွေလည်း ပါပါတယ်။

နယ်သာလန်က ရေကူးမယ် ဗယ်လာရီ ဗန်ရွန်းက အားကစားရွာထဲက ဆံပင်အလှပြင်ဆိုင်မှာ ခေါင်းလျှော် ဆံပင်ညှပ်ခံနေတဲ့ သူ့ပုံကို ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။ ညှပ်ပေးလိုက်တဲ့ ဆံပင်ပုံကိုလည်း ကျေနပ်အားရနေတာမျိုး တွေ့ရပါတယ်။

အားကစားရွာထဲမှာ အမျိုးသားရော အမျိုးသမီးတွေအတွက်ပါ လက်သည်းခြေသည်းညှပ်တာ၊ ဆံပင် ပုံသွင်းတာ၊ မျက်နှာဆေး ပေါင်းတင်တာနဲ့ တခြားအလှအပပြုပြင်မှုတွေကို အခမဲ့ လုပ်ပေးနေတဲ့ ဆိုင်လေးတွေ ဖွင့်ပေးထားပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်အောင် နေတာ

သိုးမွေးဆွယ်တာ ထိုးနေတဲ့ တွမ်ဒေလီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတိသျှဒိုင်ဗင်အားကစားသမား တွမ်ဒေလီက သူ ပဲရစ်မှာရောက်နေတုန်း သိုးမွေးဆွယ်တာတစ်ထည် ပြီးအောင်ထိုးခဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

အပြင်းအထန် အာရုံစိုက်ရတဲ့ ပြိုင်ပွဲတွေနဲ့ လေ့ကျင့်ခန်းတွေအကြား အနားရချိန်တွေမှာ အားကစားသမားတွေအတွက် ဒီနှစ် ပဲရစ်က အားကစားရွာမှာ စိတ်အပန်းဖြေရေးခန်းမ တစ်ခုဖွင့်ပေးထားပါတယ်။

အဲဒီမှာ စိတ်ကိုတည်ငြိမ်အောင် ရှုမှတ်နိုင်ဖို့ ပုံရိပ်ယောင်ခေါင်းစွပ်တွေ ရှိပါတယ်။ အပြာရောင် အလင်းတန်းအောက်က ခုံမှာလဲလျောင်းရင်း ပတ်ဝန်းကျင်ကို မေ့ထားလို့ အနားယူနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ချပေးထားတဲ့ ကင်းဘတ်ခုံရှေ့မှာထိုင်ရင်း တစ်ယောက်တစ်လက်ဆွဲလက်စ ပန်းချီကားမှာ ကိုယ့်လက်ရာကိုလည်း ဖြည့်စွက်နိုင်ပါတယ်။

အောက်ထပ် အခန်းကတော့ အားကစားရုံပါ။ လေ့ကျင့်ခန်းလုပ်နိုင်တဲ့ အလေးပြားမျိုးစုံ၊ ကိရိယာအစုံအလင်ရှိပါတယ်။

ဗြိတိသျှ ဒိုင်ဗင်အားကစားသမား တွမ်ဒေလီကတော့ ပြိုင်ပွဲမစခင်မှာ သူ့စိတ်ကို တည်ငြိမ်အောင် ဝါသနာပါတဲ့ သိုးမွေးထိုးတာ၊ ခရိုရှေးထိုးတာတွေ လုပ်တတ်ပါတယ်။ ပွဲစဥ်အပြီးမှာလည်း ထိုးလက်စ လက်ရာကို အပြီးသတ်ပါတယ်။

သူ ပဲရစ်ကို ရောက်ပြီးမှ စထိုးတဲ့ ဆွယ်တာတောင် ပြီးသွားခဲ့ပါပြီ။