ပဲရစ်အိုလံပစ် မီးရှူးတိုင်ကို ခေတ်သစ်ကျွန်ဘဝက လွတ်လာသူကိုင်ဆောင်မယ်

ဓာတ်ပုံ ရင်းမြစ်, BBC/Anna O'Neill
- ရေးသားသူ, အန်နာ အိုနေးလ်
- ရာထူးတာဝန်, ဘီဘီစီသတင်း
- ရေးသားပေးပို့သည့်နေရာ, လန်ဒန်
ဗြိတိန်နိုင်ငံမှာ နေထိုင်ခွင့်ရဖို့ ၁၉ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီး အခုတော့ အဲဒီ အခွင့်အရေးရလို့ ပျော်ရွှင်နေတဲ့ လူတယောက်ဟာ နောက်လ ပဲရစ်မှာ အိုလံပစ် မီးရှူးတိုင် သယ်ဆောင်နိုင်ဖို့လည်း ပြင်ဆင်နေပါပြီ။
ဘင်္ဂလားဒေ့ရှ်ကနေ မိုဟာမက် ဇမ်မင်တယောက် ၂၀၀၅ ခုနှစ်မှာ လန်ဒန်ကို ရောက်လာခဲ့ပါတယ်။အလုပ်ဗီဇာနဲ့ပါ။ ဒါပေမဲ့ သူဟာ ခေတ်သစ် ကျွန်စနစ်ထဲက သားကောင် ဖြစ်သွားရပါတယ်။
သူ့ကို အလုပ်ဗီဇာ စပွန်ဆာပေးသူ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဗီဇာ သက်တမ်း ကုန်ဆုံးသွားတဲ့အခါ သူ့ပတ်စ်ပို့ အသိမ်းခံလိုက်ရပြီး သူဟာ ယူကေမှာ တရားမဝင်နေထိုင်သူ ဖြစ်သွားရပါတယ်။
မကြာခင်ကပဲ သူ ဗြိတိန်နိုင်ငံမှာ နေထိုင်ခွင့်ရတဲ့အတွက် လာမယ့်လ မသန်စွမ်း အိုလံပစ် အားကစားပွဲတော်(ပါရာလမ်ပစ်) မှာ ကမ္ဘာကျော် မီးရှူးတိုင်ကို သယ်ဆောင်ခွင့်ရဖို့ မျှော်မှန်းနေပါတယ်။
ဆယ်စုနှစ် ၂ ခုကြာ စောင့်မျှော်ခဲ့ရ
ယူကေကို မစ္စတာ ဇမ်မင် ၂၀၀၅ ခုနှစ်မှာ ရောက်လာတုန်းက သူ့ကို အလုပ်ဗီဇာ စပွန်ဆာပေးပြီး ခေါ်သူဟာ သူ့ကို လုပ်ခနည်းနည်းလေးသာ ပေးပြီး တနေ့ တနေ့ နာရီပေါင်းများစွာ အလုပ်လုပ်ခိုင်းပါတယ်။
“ကျွန်တော်တို့ နေ့တိုင်းအလုပ်လုပ်ရတယ်၊ တနေ့ကို ၁၆ နာရီ၊ ၁၇ နာရီ၊ တပတ်ကို ၆ ရက်၊ တခါတလေ ၇ ရက် စလုံးလုပ်ရတာ’’ လို့ သူက ဘီဘီစီကို ပြောပါတယ်။ “အခန်း ၂ ခန်းထဲမှာ လူတွေ ၉ ယောက်၊ ၁၀ ယောက် စုပြီးနေရတယ်’’
သူ့ကို အကြမ်းဖက်တဲ့နည်းတွေနဲ့ ခြိမ်းခြောက်ကြပြီး သူ့ နာမည်နဲ့ သူ့ အသေးစိတ်အချက်အလက်တွေကို သုံးကာ ဖိနှိပ်တဲ့ အလုပ်ရှင်က ဘဏ်ကနေ ငွေတွေ ချေးယူပါတယ်။
တဖြည်းဖြည်းနဲ့နောက်ပိုင်းမှာ သူ လွတ်မြောက်လာပြီး ရဲတပ်ဖွဲ့ဆီကို သွားတွေ့ပါတယ်။ ဒါပေမဲ့ သူ့ ပြည်ဝင်ခွင့်က တရားဝင်ဖြစ်ဖို့ သူ အနှစ် ၂၀ စောင့်ဆိုင်းလိုက်ရပါတယ်။
ဗီဇာလည်းမရှိ၊ အလုပ်လုပ်ခွင့်လည်း မရှိတဲ့ သူဟာ လန်ဒန်က အားကစားပွဲကြီးတွေမှာ စေတနာ့ဝန်ထမ်း လုပ်အားပေးလုပ်ပေးပြီး သူ့အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။
၂၀၂၂ က ဓနသဟာယ အားကစားပွဲတော်က မီးရှူးတိုင်ကို သယ်ရတဲ့ အဖွဲ့ထဲမှာပါဖို့ မစ္စတာ ဇမ်မင် အရွေးခံရပါတယ်။ သူဟာ ၂၀၁၂ လန်ဒန် အိုလံပစ်ပွဲတော်အတွက် လည်း လုပ်အားပေးခဲ့ပါတယ်။
အောက်တိုဘာလတုန်းက ဘီဘီစီ လန်ဒန်ကနေ မစ္စတာ ဇမ်မင် အကြောင်းကို ပြောခဲ့ပါတယ်။ အဲဒီနောက် ပြည်ထဲရေးဝန်ကြီးဌာနက သူ့ကို ယူကေမှာ နေထိုင်ခွင့် ပေးလိုက်ပါတယ်။
“ကျွန်တော်အလုပ်လုပ်မယ်၊ ကျွန်တော် နေထိုင်နိုင်ပြီ။ ကျွန်တော် လွတ်လပ်ရေးလည်း ရပါပြီ’’ လို့ မစ္စတာ ဇမ်မင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/Mohammed Zaman
သူ့ရဲ့ စေတနာ့ဝန်ထမ်း အလုပ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပဲရစ် အိုလံပစ်မှာ သူ့ကို မီးရှူးတိုင် သယ်တဲ့သူ တယောက်အဖြစ် လုပ်ဆောင်ပေးဖို့ ဖိတ်ကြား ခံရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ပဲရစ်မှာ အိုလံပစ်ပွဲတော် မီးရှူးတိုင်ကို သူ သယ်ဖို့ စီစဉ်ထားကြပါတယ်။
ဒါပေမဲ့ သူ့ ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့က ဟိုးအရင်ကတည်းက သက်တမ်းကုန်သွားပြီ ဖြစ်သလို၊ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အရေးပေါ် ခရီးသွားလက်မှတ်ကို အချိန်မီ ထုတ်မပေးနိုင်ခဲ့ပါဘူး။
အဲဒီတော့ ပဲရစ်က အိုလံပစ်ပွဲတော် စီစဉ်သူတွေက သူ့ မီးရှူးတိုင် သယ်ရမယ့် ရက်အသစ်ကို သြဂုတ်လ ၂၈ ရက်မှာ သတ်မှတ်ပေးခဲ့ပြီး သူ ပါရာလံပစ်ပွဲတော် ဖွင့်ပွဲအတွက် မီးရူးတိုင်သယ်မယ့်သူတွေထဲမှာ ပါဝင်ပါလိမ့်မယ်။
အဲဒီကို အချိန်မီရောက်ဖို့ မစ္စတာ ဇမ်မင် တယောက် ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ရှ် သံရုံးကဖြစ်ဖြစ် အရေးပေါ် ခရီးသွားခွင့် လက်မှတ်ရဖို့လိုပါတယ်၊ နောက်ပြီး ပြင်သစ် ဗီဇာပေါ့။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗြိတိန်ပြည်ထဲရေး ဝန်ကြီးဌာနက အရေးပေါ် ခရီးသွားခွင့်လက်မှတ် ထုတ်ပေးဖို့ ဖြစ်နိုင်ခြေတွေကို ကြည့်မယ်လို့ ဆိုတဲ့အတွက် မစ္စတာ ဇမ်မင် မျှော်လင့်နေပါတယ်၊ သူ့ရဲ့ ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့ကို ပြန်ပြီး အသက်သွင်းဖို့လည်း အချိန်ရနိုင်ပါတယ်။
“အိုလံပစ်ပွဲတော် မီးရှူးတိုင် သယ်ဆောင်ဖို့ ကမ္ဘာတလွှားက လူပေါင်း ၁၀၀, ၀၀၀ အဆိုပြုခံရပြီး အဲဒီထဲက လူပေါင်း ၁၀, ၀၀၀ ကို ရွေးချယ်ကြတာပါ’’လို့ သူက ပြောပါတယ်။
“ကျွန်တော် သိပ်ကို ကံကောင်းပါတယ်၊ ကျွန်တော့ကို အဆိုပြုကြတဲ့သူတွေကို သိပ်ကျေးဇူးတင်ပါတယ်၊ သူတို့ကို သိပ်ကျေးဇူးတင်ပါတယ်။’’









