ဆုတံဆိပ်နဲ့ နိုင်ငံ့အားကစား အချိုးအစား တွက်ကြည့်ရာဝယ်

Medals

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆုများတိုင်း အားကစားတော်တဲ့ နိုင်ငံလို့ ပြောလို့ ရမရ

လန်ဒန် မြို့မှာ ကျင်းပနေတဲ့ အိုလံပစ် အားကစားပြိုင်ပွဲကြီးဟာ တနင်္ဂနွေနေ့မှာ ကိုးရက်မြောက်နေ့ကို ရောက်လာပါပြီ။

တနင်္ဂနွေ နေ့ဝက်လောက်အချိန် ရွှေတံဆိပ် ဆုစာရင်း ဇယား ထိပ်ဆုံးမှာဆိုရင် အမေရိကန်က ၂၇ ခု၊ တရုတ်နိုင်ငံက ၂၅ ခု၊ ဗြိတိန်က ၁၄ ခု ရရှိထား ပါတယ်။

ဒါပေမယ့် ဒီလို ဆုရတဲ့ ဆုအရေအတွက်ကို ကြည့်ပြီး ယေဘုယျအားဖြင့် ဘယ်နိုင်ငံက အားကစား ပိုတော်တယ်လို့ ပြောဖို့တော့ ခက်တယ်၊ စာရင်းဇယားတွေဟာ တကယ်တော့ သူတို့ရဲ့ ကိန်းဂဏန်းတန်ဖိုးတွေထက် ကြည့်တဲ့သူ အပေါ်မှာလည်း မူတည်တတ် ပါတယ်လို့ ဘီဘီစီ သတင်းထောက် မာတင် ပလောက်က ဆိုပါတယ်။

တရုတ်နိုင်ငံဆိုရင် အိုလံပစ်မှာ အစဉ်အလာအားဖြင့် ရွှေအပါအဝင် ဆုတံဆိပ်တွေ အများကြီး ရတတ်ပြီး သူ့ရဲ့ လူဦးရေ သန်းပေါင်း ၁ထောင့် သုံးရာကျော် ထဲကနေ အတော်ဆုံး အားကစားသမားတွေကို ရွေးရတာမို့ တခြားနိုင်ငံတွေထက် တပန်းသားပါတယ်။

အမေရိကန်ဆိုရင်တော့ နိုင်ငံကလည်း ချမ်းသာတယ်၊ ပစ္စည်းပစ္စယ ပြည့်စုံတယ်၊ လေ့ကျင့်မှု နည်းစနစ်တွေ ကောင်းမွန်တဲ့အတွက် ဆုတံဆိပ်တွေ လောလောဆယ် အများဆုံးရနေတာလို့ ယေဘုယျ ကောက်ချက် ချနိုင်ပါတယ်။

ဒါပေမယ့် တခြားနည်းလမ်းတွေနဲ့လည်း တွက်ချက်ကြတာတွေလည်း ရှိလာပါတယ်။

ယူကေအခြေစိုက် ဂါးဒီယန်းတသင်းစာကနေ တော်ဝင်စာရင်းအင်းအဖွဲ့အစည်းကို နည်းလမ်းတမျိုးနဲ့ တွက်ချက်မှု လုပ်စေခဲ့ပါတယ်။

GDP လို့ ခေါ်တဲ့ ကုန်ထုတ်လုပ်မှု အနည်းအများနဲ့ တွက်ရင် ဘယ်နိုင်ငံတွေက ဆုတံဆိပ်ဇယားမှာ ထိပ်ဆုံးက ရှိမလဲဆိုတော့ ငွေတံဆိပ်၊ ကြေးတံဆိပ် ရထားတဲ့ မွန်ဂိုးလီးယားက ထိပ်ဆုံးက ရှိနေပြီး၊ မြောက်ကိုးရီးယားနဲ့ ဂျမေကာတို့ကတော့ ဒုတိယ၊ တတိယ လိုက်မှာပါ။ကုန်ထုတ်လုပ်မှုအနည်းဆုံးနဲ့ ဆုရတဲ့ သူတွေပါ။

လူဦးရေ အချိုးအဆနဲ့ ဆုရမှု အချိုးအစားကို ကြည့်မယ်ဆိုရင်တော့ တရုတ်ဟာ လူများသလောက် ဆုမများဘူးလို့ ဆိုနိုင်ပြန်ပါတယ်။ အဲဒီတွက်ချက်မှု စနစ်မှာ နယူးဇီလန်က ထိပ်ဆုံးမှာ ရှိနေပါတယ်။ လူနည်းပြီး ဆုအများဆုံး ရတဲ့အထဲမှာ နယူးဇီလန်ပြီးရင် ဆလိုဗေးနီးယားနဲ့ ဒိန်းမတ်တို့က နောက်က လိုက်ပါတယ်။

နောက်တွက်ချက်မှုကတော့ တိုက်ကြီးတွေအလိုက် တွက်ချက်မှုပါ။ ဒီနေရာမှာ တွက်ဖို့ နည်းနည်းခက်တာက ရရှားဟာ ဥရောပဘက်ရော၊ အာရှဘက်ရော ပါနေတာပါ။ ဥရောပဘက်ခြမ်းမှာ သူ့လူဉီးရေက အများကြီးနေလို့ ဥရောအနေနဲ့ ထားပြီး တွက်ကြည့်မယ်ဆိုရင်တော့ ဆုအများဆုံးရတာက ဥရောပ တိုက် ဖြစ်ပါတယ်။ ဆု ၅၃ ခု ရထားပါတယ်။ သူ့နောက်မှာတော့ အာရှ၊ အမေရိကနဲ့ အာဖရိကတို့က လိုက်ပါတယ်။