အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ကတော့ ပြီးသွားပါပြီ။ အပိုင်း ၃ ကို တနင်္ဂနွေ မှာလုပ်ဖို့ ကျန်ပါသေးတယ်။
ပြီးသွားတဲ့နှစ်ပိုင်းလုံးမှာ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ရှိနေပါတယ်။
အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။
ကြိုတင်မဲဆိုင်ရာအငြင်းပွားမှုတွေ၊ ကိုယ်စားလှယ်လောင်းတွေ မဲရုံထဲ ဝင်ရောက်ခွင့်မရတာ၊ အခုရွေးကောက်ပွဲမှာ မှ စတင်အသုံးပြုတဲ့ မဲပေးစက်တွေ ပျက်တာ၊ မဲပေးစက် အလုပ်မလုပ်တာတွေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဥ် သတင်းရယူခွင့်တွေမှာ သတ်မှတ်ချက်နဲ့မညီတဲ့ အကန့်အသတ်တွေ များစွာရှိခဲ့ပါတယ်။
ကြိုတင်မဲအငြင်းပွားမှုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ရပ်ကျေးကြိုတင်မဲပုံးတွေ မနက် ၆ နာရီမတိုင်ခင် မဲရုံမှူးကို အပ်တဲ့အခါ ကြိုတင်မဲပေးထားသူတွေရဲ့ စာရင်း ပုံစံ ၁၃ (က) ပါမလာဘူး။ အဲ့ဒီ ပုံစံ ၁၃ (က) က ညနေ (၄)နာရီအထိ ရောက်မလာဘူး။ အဲဒါက ကြိုတင်မဲပေးပြီးသူစာရင်းနဲ့ မဲပေးနိုင်သူစာရင်းထဲက နာမည်တွေကို တိုက်ပြီး ဖျက်ထားရမှာ။ နို့မို့ဆို အဲ့ဒီလူက မဲလာထပ်ပေးလို့ ရမနေဘူးလား" လို့ ပြည်သူရှေ့ဆောင်ပါတီကိုယ်စားလှယ်လောင်းတစ်ဦးက ရွေးကောက်ပွဲအပိုင်း (၁) အပြီးမှာ ဘီဘီစီကို ပြောပါတယ်။
ရပ်ကျေးကြိုတင်မဲပုံးတွေဟာ ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ အကြောင်းအမျိုးမျိုးနဲ့ မဲရုံလာမဲပေးဖို့အခက်အခဲရှိသူတွေ ပေးထားနိုင်တဲ့ ကြိုတင်မဲအမျိုးအစားဖြစ်ပါတယ်။ အဲဒီမဲပုံးတွေဟာ ရွေးကောက်ပွဲနေ့မှာ မနက် ၆ နာရီမတိုင်ခင် ရောက်တာမျိုးရှိပေမဲ့ အထက်ပါ ပြဿနာတွေကြုံခဲ့တာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားတဲ့ အမှတ်အသားမပါတဲ့ ကြိုတင်မဲလက်မှတ်၊ ကော်မရှင်အဖွဲ့ခွဲရဲ့ တံဆိပ်မပါတဲ့ ကြိုတင်မဲလက်မှတ် ၊ တာဝန်ခံလက်မှတ်ထုတ်ပေးသူရဲ့ အမည်နဲ့ လက်မှတ်မပါတဲ့ ကြိုတင်မဲလက်မှတ်တွေကို ပယ်ဖျက်ရမယ်လို့ ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၇၅ (ဃ) မှာ ဖော်ပြထားပါတယ်။
ပြည်ပရောက်ကြိုတင်မဲလို ရေတွက်ပြီးသားဖြစ်ရမယ့် ကြိုတင်မဲရလဒ်တွေဟာလည်း ရွေးကောက်ပွဲနေ့ ရောက်တဲ့အထိ မဲရုံတချို့ က ကပ်ထားနိုင်တာမရှိပါဘူး။ ဒါ့အပြင် ကြိုတင်မဲလက်မှတ်နောက်ကျောမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ လက်မှတ်မပါတာတွေလည်း ရှိခဲ့တယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါက ရွေးကောက်ပွဲအပိုင်း (၁) မှာ နိုင်ငံရေးပါတီတော်တော်များများ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေပါ။ ဒီအချက်တွေကို ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဇန်နဝါရီ ၄ ရက်နေ့က တိုက်ရိုက်စာပေးပို့ခဲ့တယ်လို့ ပြည်သူ့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်လင်းက ပြောပါတယ်။ ဒါပေမဲ့ တပ်ချုပ်ရုံးဘက်ကတော့ ဇန်နဝါရီ ၁၆ ရက်အထိ အကြောင်းပြန်တာမရှိခဲ့ပါဘူး။
"ကြိုတင်မဲပုံးတွေမှာ ချည်ထားတဲ့ကြိုးတွေက Save မဖြစ်ဘူး။ ရိုးရိုးကြိုးတွေဖြစ်နေတယ်။ ဒါကို အသိအမှတ် မပြုဘူးဆိုပြီး ကန့်ကွက်ခဲ့တာတွေ ရှိတယ်။ ပြီးတော့ ကြိုတင်မဲတွေ ကောက်တဲ့အခါမှာ ရပ်ကျေး ကော်မရှင်တွေက ပါတီတော်တော်များများကို အသိပေးအကြောင်းကြားခဲ့တာမရှိဘူး" လို့ ပြည်သူပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်လင်းက ရွေးကောက်ပွဲအပိုင်း ၁ အပြီး ၆ ရက် အကြာမှာဘီဘီစီကို ပြောပါတယ်။
ရွေးကောက်ပွဲအပိုင်း (၂) အတွက် ရပ်ကျေးကြိုတင်မဲတွေ ကောက်ယူတဲ့အခါ သက်ဆိုင်ရာ ကိုယ်စားလှယ် လောင်းတွေကို ကော်မရှင်က ကြိုတင်အကြောင်းကြားခဲ့ပေမဲ့ နေရာအားလုံးက တစ်ချိန်တည်း ဖြစ်နေတော့ အကုန်လုံးတော့ လိုက်ပါကြည့်ရှုနိုင်ခဲ့ခြင်းမရှိဘူးလို့ ပြည်သူပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ထွေး (ဦးမာကီး) က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါ့အပြင် ကြိုတင်မဲပုံးတွေကို သတ်မှတ်ထားတဲ့ လုံခြုံရေးကြိုးအဝါရောင်တွေနဲ့ ချည်နှောင်တာတွေကို တွေ့ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
ပါတီတွေဘက်က တင်ပြပြောဆိုတာတွေကြောင့် ကြိုတင်မဲပုံးတွေကို နံပါတ်ပါတဲ့ လုံခြုံရေးကြိုးတွေနဲ့ ချည်သွားမှာဖြစ်ပြီး အဲဒီမဲပုံးတွေက ရွေးကောက်ပွဲကျင်းပတဲ့နေ့ မနက်ခြောက်နာရီမတိုင်ခင် မဲရုံကို ရောက်ရှိနေရမယ်ဆိုပြီး UEC က တုံ့ပြန်ခဲ့တယ်လို့ပါတီတွေဘက်က ပြောပါတယ်။
မြိတ်မြို့မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နေရာတွေမှာ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းတွေက အစောပိုင်းမှာ အနိုင်ရနေပြီးမှ ရပ်ဝေးကနေ နောက်ကျမှ ထပ်ရောက်လာတဲ့ မဲတချို့ ကြောင့် ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။
မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်နေရာအတွက် မဲရုံရရှိမဲမှာ အသာရထားတာပါ။ ကြိုတင်မဲတွေရေတွက်ပြီးချိန်မှာတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကို ပြန်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ကြိုတင်မဲတွေက နောက်ကျမှ ရောက်လာတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ သိရတဲ့နောက် ဒီအခြေအနေကို မွန်ညီညွတ်ရေးပါတီကို ဘီဘီစီက မေးမြန်းတဲ့အခါ ဖြေဆိုဖို့ ငြင်းဆိုပါတယ်။
ရှမ်းပြည်နယ်၊မူဆယ်က မဲရုံ ၁၇ ရုံမှာလည်း အနိုင်ရထားတဲ့ ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းဟာ နောက်ဆုံးကျန်တဲ့ မဲရုံမှာ ထပ်ရောက်လာတဲ့မဲတွေကြောင့် ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့တယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခေါင်းဆောင် ဦးမျိုးရှိန်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သီးခြားပြောစရာမရှိဘူးလို့ ဘီဘီစီကိုတုံ့ပြန်ပါတယ်။
"မြေပြင်မှာက လုပ်ငန်းလမ်းညွှန်အတိုင်း အတိအကျပဲဆောင်ရွက်တာ။ သတ်မှတ်ထားတဲ့ လုပ်ငန်းစဥ်အတိုင်း လုပ်တာဖြစ်ပြီး မဲရုံကိုယ်စားလှယ်၊ ပါတီကိုယ်စားလှယ်လောင်းကိုယ်တိုင် ပါဝင်ကြည့်ခွင့်ရှိအောင် စီစဥ်ဆောင်ရွက်ပေးထားတာဆိုတော့ ဒါနဲ့ ပတ်သက်လို့ သီးခြားပြောစရာမရှိပါဘူး" လို့ သူကပြောပါတယ်။
ဧရာဝတီတိုင်း ရေကြည်မြို့ကနေ ပြည်သူလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဥ်ပြိုင်မယ့် သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်က ရွေးကောက်ပွဲအပိုင်း (၁)က ကြိုတင်မဲနဲ့ ပတ်သက်လို့ ဆောင်ရွက်ရာမှာ ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတာတွေ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။ တွေ့ရှိတဲ့အကြောင်းအရာတွေ ကို UEC ထံ တင်ပြမယ်လို့ ပြောပေမဲ့ ဘယ်လိုအချက်အလက်တွေဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။
မဲစာရင်းမှားယွင်းမှုတွေနဲ့ မဲရုံပိတ်ချိန်မှရောက်လာတဲ့မဲတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပထမနဲ့ ဒုတိယအကြိမ်မဲစာရင်းမှာ နာမည်ပါပြီး တတိယအကြိမ်မဲစာရင်းမှာ နာမည်မပါတဲ့ကိစ္စကိုတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီ သွားရောက်တင်ပြဖို့နဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားမယ့်အကြောင်း UEC ဘက်က နိုင်ငံရေးပါတီတွေကို ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ညနေ ၄ နာရီနောက်ပိုင်းမှ ရောက်လာသူတွေကို မဲပေးခွင့်မရှိဘူးလို့လည်း ဥပဒေပါအချက်ကို ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါက ရှမ်းပြည်နယ်မှာ မဲပေးသူနည်းတာကြောင့် လေးနာရီနောက်ပိုင်း လိုက်ခေါ်ပြီး မဲပေးခိုင်းတာတွေ ရှိခဲ့တာကြောင့်လို့ ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းကျော်အုန်းက ပြောပါတယ်။
ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကလည်း ကြိုတင်မဲ ပေးမယ့်သူ အရေအတွက်မသိရတာ အပါအဝင် မြေပြင်မှာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတဲ့ ကိစ္စရပ်တွေကို ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့ထားပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီကလည်း ရွေးကောက်ပွဲအပိုင်း (၂) နဲ့ (၃) ကို အပိုင်း (၁) ထက် ပိုကောင်းအောင်၊ ပွင့်လင်းမြင်သာပြီး မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်အောင် အကြုံပြုချက် (၄) စောင်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ခဲ့ပါ တယ်။
"မဲရုံမှာ မသက်ဆိုင်သူတွေ ရောက်ရှိနေတာတွေရှိတယ်။ ရှင်းရှင်းလင်းလင်း မဖော်ပြဘူး။ တချို့ဆို စတစ်ကာလေး ကပ်ထားလိုက်တယ်။ မဲရုံအကူဆိုပြီးတော့ အဲဒီလိုမျိုးတွေပေါ့။ ဘယ်သူမှန်းမသိဘူး။ နောက်ပြီး မသက်ဆိုင်တဲ့ အုပ်ကြီးတွေ(ဥက္ကဋ္ဌ) မဲရုံထဲဝင်ထိုင်ပြီးတော့ ကိုယ်စားလှယ်တွေ မောင်းထုတ်တာတွေ ဒါတွေက မဖြစ်သင့်ဘူး။ လွှတ်တော် ကိုယ်စားလှယ်လောင်းကို မောင်းထုတ်လို့မှမရတာ။ ကြိုတင်မဲတွေက မဲရုံကို မနက် ၆ နာရီရောက်ရမှာလေ။ နေ့လယ်မှ ရောက်တာ ညနေမှ ရောက်လာတာတို့ ပေါ့။ ရောက်လာရင် အရေအတွက် မသိရတာတွေ ရှိတယ်။ ဒါကြောင့် အပိုင်း ၂ နဲ့ ၃ ကို ကောင်းကောင်းလုပ်ပေးဖို့ အကြံပြုတာပါ" လို့ ပြည်သူရှေ့ဆောင်ပါတီဒုဥက္ကဋ္ဌ ဦးစောဟန်အေးက ပြောပါ တယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘယ်လိုတုံ့ပြန်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားစရာ ကိစ္စရပ်တွေရှိနေချိန် ရွေးကောက်ပွဲအပိုင်း ၁ အပြီး ၅ ရက်အကြာ ဇန်နဝါရီ ၂ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲကောက်ယူတာနဲ့ ရေတွက်တဲ့အပိုင်းကို ပွင့်လင်း မြင်သာစွာနဲ့ တိတိကျကျဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တဆက်တည်းမှာပဲ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူတွေရဲ့ စာရင်းကိုပါ ကော်မရှင်က ကြေညာပါတယ်။ ရွေးချယ်တင်မြှောက်ခံရသူတွေရဲ့ စာရင်းကို ရွေးကောက်ပွဲတွေအားလုံးကျင်းပပြီးစီးမှသာ ထုတ်ပြန်မယ်လို့ ဘီဘီစီကို ကနဦးတုန်းက ပြောထား ဖူးပါတယ်။
ဒါပေမဲ့ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်လာတဲ့နောက် ကော်မရှင်ကရွေးကောက်ပွဲနိုင်တဲ့ ကိုယ်စားလှယ်တွေစာရင်းကို ရက်ပိုင်းအတွင်းမှာပဲ ချက်ချင်းထုတ်လာခဲ့ပါတယ်။
"ရလဒ်က စောကြေညာတယ်တော့ ပြောမရဘူး။ ပုံမှန်အားဖြင့် ဒီအချိန် အတိုင်းအတာမှာ ရလဒ်က သိရပြီး ဖြစ်လေ့ရှိတယ်။ အခု ဖြစ်နိုင်ခြေရှိတဲ့ တခြားအအကြောင်းအရင်းတွေက တုံ့ပြန်မှုတွေ စောင့်ကြည့်ချင်တာရယ်၊ စောစောစီးစီး အငြင်းပွားမှုတွေ ဖြတ်ထားပြီး လွှတ်တော်အမြန်ခေါ်နိုင်ဖို့၊ အစိုးရအမြန်ဖွဲ့နိုင်ဖို့ သွားချင်တာလည်း ဖြစ်နိုင်ပါတယ်" လို့ လွှတ်တော်နဲ့ ရွေးကောက်ပွဲဖြစ်စဥ်တွေကို လေ့လာသူတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရွေးကောက်ပွဲအပိုင်း (၁) ကို ကော်မရှင်က လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ သူက နိုင်ငံရေးပါတီတွေကိုပြောခဲ့ပါတယ်။
ရပ်ကျေးကော်မရှင်တွေ ကြိုတင်မဲကောက်တဲ့အခါ ပါတီတွေကို အသိမပေးတာ၊ ဒုတိယအကြိမ် မဲစာရင်းမှာ နာမည်ပါပြီး နောက်ဆုံးအကြိမ်မဲစာရင်းမှာ မပါတာ၊ မဲပေးနေချိန် မဲပေးစက်ပျက်တာ၊ ကြိုတင်မဲပုံးချည်တဲ့ကြိုးက Save မဖြစ်တဲ့ ကိစ္စတွေကို UEC ဥက္ကဋ္ဌထံတင်ပြခဲ့တာလို့ တက်ရောက်ခဲ့သူတွေက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"အစကတည်းက ကျန်တဲ့ နိုင်ငံရေးပါတီအားလုံးက အစိုးရဖွဲ့နိုင်တဲ့ အနေအထားမရှိပါဘူး။ ပြည်ခိုင်ဖြိုးတစ်ခုပဲ အစိုးရဖွဲ့နိုင်တဲ့ အနေအထားရှိတဲ့အတွက် အများစုကလည်း ပြည်ခိုင်ဖြိုးပဲ နိုင်မယ်ဆိုတာ ပြောထားပြီးသားလေ။ ပါတီစုံရွေးကောက်ပွဲမှာ ကျန်တဲ့ပါတီငယ်လေးတွေလည်း မြင်ချင်ပါတယ်။ ဒါကြောင့် တစ်ပါတီတည်းနိုင်ပြီး တစ်ပါတီတည်းကြီးစိုးသွားရင် ကြည့်မကောင်းပါဘူး။ ဒါကြောင့် ကြည့်ကောင်းအောင်လုပ်ပါဆိုတာလေးတွေ ပြောတာပေါ့" လို့ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။
UEC ဘက်ကတော့ လာမဲ့ရွေးကောက်ပွဲ အပိုင်း ၃ အတွက် ရပ်ကျေး ကြိုတင်မဲလိုက်ကောက်တဲ့အခါ နိုင်ငံရေး ပါတီတွေလိုက်ပါခွင့်ရမယ့်အကြောင်း၊ ကြိုတင်မဲလက်မှတ်ရဲ့နောက်ကျောမှာ ရပ်ကျေးကော်မရှင်လက်မှတ် မပါရင် ပယ်မဲအဖြစ်သတ်မှတ်ရမယ့်အကြောင်း တုံ့ပြန်တယ်လို့ ဦးကျော်စွာစိုးက ပြောပါတယ်။
ပြည်သူတွေမဲသွားပေးချိန် မဲစာရင်းနံပါတ်ရှာရာမှာ အချိန်ကြန့်ကြာမှုရှိခဲ့တာကြောင့် လာမယ့်အပိုင်းတွေမှာတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ပြည်သူတွေဆီကို မဲစာရင်းနံပါတ်ပါတဲ့ မဲပေးခွင့်လက်မှတ်တွေ ကြိုတင်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
ရွေးကောက်ပွဲအပိုင်း (၁) မှာ ပါတီတွေဘက်က ထောက်ပြခဲ့တဲ့ ကြိုတင်မဲကောက်ယူရာမှာ ပါတီကိုယ်စားလှယ်တွေကို ကြိုတင်အကြောင်းကြားခေါ်ယူတာကိုတော့ အပိုင်း (၂) မှာ UEC က လုပ်ဆောင်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ရွေးကောက်ပွဲအပိုင်း (၂)မှာ မဲလာပေးမယ့်သူတွေအတွက် မဲစာရင်းနံပါတ်ပါတဲ့ စလစ်တွေ ကြိုပေးထားမယ်ဆိုပေမဲ့ နေရာတိုင်းမှာ ဆောင်ရွက်နိုင်တာမျိုးတော့ မတွေ့ရပါဘူး။
အသက် ၆၀ အထက် သက်ကြီးရွယ်အိုနဲ့ နာမကျန်းဖြစ်သူတွေ ရပ်ကျေးကြိုတင်မဲပေးဖို့ မိသားစုက သတ်မှတ်ပုံစံနဲ့ လျှောက်ထားပြီးမှ ရပ်ကျေးကော်မရှင်ခွဲက လိုက်လံကောက်ယူရမှာပါ။ ဒါပေမဲ့ ဥပဒေ နည်းဥပဒေနဲ့ အညီလုပ်တာမျိုးကို မတွေ့ရတာကြောင့် ရွေးကောက်ပွဲအပိုင်း (၁) နဲ့ (၂) က အတူတူပါပဲလို့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအထွေအထွေအတွင်းရေးမှူး ဦးစောသန်းမြင့်က ပြောပါတယ်။
ကြံ့ခိုင်ရေးက အစိုးရဖွဲ့နိုင်တဲ့အထိနိုင်ထားပြီ

ဓာတ်ပုံ ရင်းမြစ်, USDP
ရွေးကောက်ပွဲ ၂ ပိုင်းလုံးကို ကြံ့ခိုင်ရေးပါတီကပဲအများဆုံးနိုင်ထားပါတယ်။
ကြံ့ခိုင်ရေးပါတီကရတဲ့ ကြိုတင်မဲအရေအတွက်ကို မယှဥ်နိုင်တာ၊ ဝန်ထမ်းတွေက ဖိအားနဲ့ မဲပေးရတာ၊ ပြည်သူတွေ မဲထွက်မပေးကြတာက ဒီမိုကရက်တစ်ပါတီတွေ ရှုံးနိမ့်ရတဲ့ အဓိကအချက်တွေလို့ ဦးစောသန်းမြင့်က ပြောပါတယ်။
မဲပေးစက်ခလုတ်နှိပ်ချိန် မဲပုံးထဲကျသွားတဲ့လက်မှတ်နဲ့ ပရင်တာကထွက်လာတဲ့ အရေအတွက်တိုက်စစ်ဖို့ တောင်းဆိုတာကိုတော့ UEC ဘက်ကငြင်းပယ်ခဲ့ပြီး သံသယရှိရင်ကန့်ကွက်လွှာတင်ဖို့သာ တုံ့ပြန်တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ (UPUP) ဒုဥက္ကဋ္ဌ ဦးညီညီလွင်က ပြောပါတယ်။
ကြိုတင်မဲနဲ့ ပတ်သက်ပြီး အငြင်းပွားတွေရှိခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁) နဲ့ (၂) ကတော့ ပြီးသွားပါပြီ။ နိုင်ငံရေးပါတီတွေအနေနဲ့ မကျေလည်တဲ့ကိစ္စရပ်တွေကို ကန့်ကွက်လွှာတင်ဖို့ UEC က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေးပါတီတွေက မဲရုံတိုင်းမှာ မဲရုံကိုယ်စားလှယ်မထားနိုင်ခဲ့တာကြောင့် ကော်မရှင်ခွဲတွေ လုပ်ကိုင်ဆောင်ရွက်မှုတွေက စည်းမျဥ်းစည်းကမ်းနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာကို တိတိကျကျ ထောက်ပြနိုင်တဲ့ အချက်အလက် မရှိဘူးလို့ နိုင်ငံရေးပါတီတွေက ဘီဘီစီကို ပြောပါတယ်။
"မဲရုံတရုံမှာတယောက်ချင်း စောင့်ဖို့ ခက်တယ်၊ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာတင် မဲရုံ ၁၀၀ ရှိတယ်။ မဲရုံကိုယ်စားလှယ်ရှာရ တအားခက်တယ်။ ပြီးတော့ ဒီနေရာမှာ မဲစာရင်းပါသူပဲ စောင့်ရမယ်ဆိုတာက ရှာရတာ ပိုကျပ်တည်းတယ်။ အရင် ရွေးကောက်ပွဲ ဥပဒေတုန်းက အဲ့လိုမဟုတ်ဘူး" လို့ ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးဖေသက်က ပြောပါတယ်။
ဒါကြောင့် UEC ကြေငြာထားတဲ့ အပိုင်း (၁) နဲ့ (၂) ရလဒ်တွေက ထူးထူးခြားခြား ပြောင်းလဲစရာ မရှိတော့ဘူးလို့ နားလည်ရပါတယ်။
နိုင်ငံရေးပါတီတချို့ ကတော့ တပါတီထဲ အားကောင်းသွားနိုင်တဲ့ လွှတ်တော် နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲနိုင်ဖို့ ရွေးကောက်ပွဲအပိုင်း ၃ မှာ ပြည်သူတွေ မဲထွက်ပေးဖို့ကို မျှော်လင့်နေကြပါတယ်။
"အပိုင်း ၁ မှာဖြစ်ခဲ့တဲ့ အငြင်းပွားစရာတွေ ထပ်မဖြစ်ချင်တော့ဘူး။ လွှတ်တော်ထဲမှာလည်း အရောင်စုံပါတဲ့ လွှတ်တော်ဖြစ်စေချင်တယ်။ အဲဒီတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပါစေလို့ မျှော်လင့်ပါတယ်" လို့ ပြည်သူ့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်လင်းက ပြောပါတယ်။












