COP29 - ရာသီဥတုပြောင်းလဲမှုပြဿနာတွေကို ဖြေရှင်းဖို့ တာလီဘန်က အကူအညီ တောင်းဖို့ရှိ

Afghans walk through the drought-hit countryside in October 2023

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဖဂန်နစ္စတန်ဟာ ရာသီဥတု ပြောင်းလဲမှုအရေးမှာ ကမ္ဘာမှာ အကာအကွယ်မဲ့ဆုံး နိုင်ငံတွေထဲက တခု
    • ရေးသားသူ, ကိုနူး ခါလီလိုဗာ၊ ဆာဒက် အကစ်ဖ်ဂျစ်စီ၊ ဖာရက် ဟာဆန်နော့ဗ်
    • ရာထူးတာဝန်, ဘီဘီစီ သတင်း၊ အဇာဘိုင်ဂျန်ဌာန ဘာကူ

၂၀၂၁မှာ တာလီဘန်တို့ အာဏာပြန်ရလာပြီးနောက်ပိုင်း ကုလသမဂ္ဂရဲ့ ရာသီဥတု ညီလာခံကို ပထမဦးဆုံးအကြိမ်အဖြစ် အာဖဂန်နစ္စတန် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုက သက်ရောက်လာမှုတွေကို သူတို့ ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အကူအညီတွေရရေး ပန်ကြားဖို့အတွက်ပါ။

သူတို့ရဲ့ ရာသီဥတုအရေးဆိုင်ရာ ပန်းတိုင်တွေကို အကောင်အထည်ဖော်နိုင်အောင် ဖွံ့ဖြိုးပြီးနိုင်ငံတွေက အကူအညီတွေကို သူတို့ မျှော်မှန်းထားကြောင်း အာဖဂန် နစ္စတန်က တာလီဘန် အစိုးရက ပြောပါတယ်။

COP29 ညီလာခံအတွင်း အာဖဂန် ကိုယ်စားလှယ်အဖွဲ့က တယောက်ဖြစ်တဲ့ ရိုဟူလာ အာမင်က နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ သူတို့ "လက်တွဲ အလုပ်လုပ်ချင်တယ်" လို့ ဘာကူက ဘီဘီစီ အဇာဘိုင်ဂျန် ဌာနကို ပြောပါတယ်။

မစ္စတာ အာမင်က "ရာသီဥတုပြောင်းလဲမှုက ကမ္ဘာလုံးဆိုင်ရာ အရေး ဖြစ်တာ ကြောင့် သက်ဆိုင်တဲ့ အစုအဖွဲ့တွေအားလုံးက အတူတူရှိကြလိမ့်မယ်လို့ ကျွန်တော် တို့ မျှော်လင့်ထားပါတယ်" လို့ ပြောပါတယ်။

"ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေကနေ ရန်ပုံငွေတွေရဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒါမှသာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အကြီးအမား ခံစားနေရတဲ့ နိုင်ငံတွေအဖို့ သက်ရောက်မှုတွေကို ခံနိုင်ရည်ရှိအောင်၊ လျှော့ကျသွားအောင် လုပ်စရာရှိတာတွေကို လုပ်သွားနိုင်မှာပါ။"

အကာအကွယ်မဲ့မှု

ကုလသမဂ္ဂရဲ့ အဆိုအရ အာဖဂန်နစ္စတန်ဟာ ရာသီဥတု ပြောင်းလဲမှုအရေးမှာ ကမ္ဘာမှာ အကာအကွယ်မဲ့ဆုံး နိုင်ငံတွေထဲက တခုလို့ သိရပါတယ်။ သဘောထား တင်းမာတဲ့ အစ္စလာမ်မစ် အဖွဲ့ဖြစ်တဲ့ တာလီဘန်တို့ကို လေ့လာသူအဖြစ် ညီလာခံကိုတက်ရောက်ဖို့ အိမ်ရှင် အဇာဘိုင်ဂျန်နိုင်ငံက ဖိတ်ခေါ်ခဲ့ပါတယ်။

အမျိုးသမီး အခွင့်အရေးတွေအပေါ် ကန့်သတ်မှုတွေကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအများစုက တာလီဘန်အစိုးရကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု မထားပါဘူး။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း အာဖဂန်နစ္စတန် ထိုင်ခုံ နေရာကို တာလီဘန်တို့အတွက် ခွင့်မပြုသေးပါဘူး။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီနိုင်ငံဟာ ရေကြီးတဲ့ဘေး၊ မိုးခေါင်တဲ့ဘေးတွေကို အကြီးအမား ခံခဲ့ရပေမဲ့ ရာသီဥတုအရေး အစည်းအဝေးတွေမှာ ပါဝင်ခွင့် မရခဲ့ပါဘူး။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘဏ္ဍာရေး အထောက်အကူတွေကိုလည်း အာဖဂန်တို့ရတာ သိပ်မရှိခဲ့ပါဘူး။

သူတို့အာဏာပြန်ရပြီး နောက်ပိုင်း တက်ခဲ့တဲ့ နိုင်ငံတကာ စည်းဝေးပွဲ တွေထဲ COP29 ဟာ အဆင့်အမြင့်ဆုံး ညီလာခံလို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အာဖဂန် အရေးနဲ့ ပတ်သက်ပြီး ကာတာမှာ လုပ်ကြတဲ့ ကုလသမဂ္ဂ ကမကထပြု အစည်း အဝေးတွေကို တာလီဘန် ကိုယ်စားလှယ်တွေ တက်ဖူးသလို၊ တရုတ်နဲ့ ဗဟိုအာရှ နိုင်ငံတွေမှာ လုပ်တဲ့ ဖိုရမ်တွေကိုလည်း တက်ဖူးကြပါတယ်။

Rohullah Amin, a Taliban delegation member, speaks to the BBC at COP 29 in Baku
ဓာတ်ပုံ ပုံစာ, တာလီဘန်တို့ကို လေ့လာသူအဖြစ် COP29 ညီလာခံကို တက်ရောက်ဖို့ အိမ်ရှင် အဇာဘိုင်ဂျန်နိုင်ငံက ဖိတ်ခေါ်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုဝင်ဘာလ ၁၁ ရက်နေ့က အေအက်ဖ်ပီနဲ့ အင်တာဗျူးမှာ အာဖဂန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ ဥက္ကဋ္ဌ မက်တူ ဟက် ခါလစ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို သူတို့နိုင်ငံအနေနဲ့ “သတင်းစကားတခုကို သိပ်ပါးချင်“ နေပါတယ် လို့ ပြောပါတယ်။

“ရာသီဥတုပြောင်းလဲတဲ့အရေးက ကမ္ဘာ့အရေးပါ၊ နယ်စပ် အကန့်အသတ် မှန်သမျှကို သူက ဂရုထားနေမှာမဟုတ်ပါဘူး” လို့ ဘာကူက ညီလာခံမှာ တက်နေတဲ့ လူ ၃ ဦးပါ အာဖဂန် ကိုယ်စားလှယ် အဖွဲ့ရဲ့ ခေါင်းဆောင် မစ္စတာ ခါလစ်က ပြောပါတယ်။

ဂျန်ဒါရေးရာနဲ့ ပတ်သက်ပြီး အေအက်ဖ်ပီက မေးတဲ့အခါ မစ္စတာ ခါလစ်က ရာသီဥတု ပြောင်းလဲရေး ဆိုင်ရာ စီမံချက်တွေက အမျိုးသမီးတွေကိုလည်း ”အားမြှင့်ပေး” မှာပါလို့ ဖြေပါတယ်။

ပြောင်းလဲလာတဲ့ ရာသီဥတု သက်ရောက်မှုတွေက အာဖဂန် နိုင်ငံသားတွေရဲ့ နေထိုင်မှုဘဝ အဆင့်အတန်းကို ထိခိုက်နေပါပြီ။

ဒီနှစ်အတွင်း တောင်ကျရေတွေ ထိုးဆင်းကျလာတာကြောင့် အာဖဂန်မှာ ရာနဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ရပြီးဖြစ်သလို၊ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း အဆိုးဆုံး မိုးခေါင်မှုတွေထဲက တခုကိုလည်း ကြုံခဲ့ရပြီးပါပြီ။

နိုင်ငံလူဦးရေထဲ အများဆုံးအစိတ်အပိုင်းဖြစ်တဲ့ လုပ်ကွက်ငယ် လယ်သမားတွေရဲ့ အစားအစာ လောက်ငှမှုမရှိတဲ့ ပြဿနာကလည်း ပိုဆိုးနေပါပြီ။

နိုင်ငံရဲ့ လူဦးရေ ၃ ပုံ ၂ ပုံ ကျော်ဖြစ်တဲ့ လူပေါင်း ၂၉.၂ သန်း ဆက်လက်ရှင်သန် နိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီလို့ ကုလ သမဂ္ဂက မနှစ်က ပြောခဲ့ပါတယ်။