ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် နေထိုင်မှုပုံစံသစ် အိန္ဒိယ တကယ်ကူးပြောင်းနိုင်မလား
နာဗင် ဆင်း ခက်ဒ်ကာ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတင်းထောက်၊ ဘီဘီစီ ကမ္ဘာတစ်လွှားအသံလွှင့်ဌာန

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုလသမဂ္ဂအဖွဲ့ထံ လတ်တလော တင်ပြတဲ့ ရာသီဥတုပြောင်းလဲလာမှု တားဆီး တိုက်ဖျက်ရေး အစီအစဉ်သစ်ထဲမှာ အိန္ဒိယအစိုးရက ရာသီဥတုပြောင်းလဲလာမှုတားဆီးရေး အဓိကနည်းလမ်းတစ်ခုအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ လိုက်လျောညီထွေတဲ့ လူနေမှုစနစ်တစ်ခုကို ကျင့်သုံးနေထိုင်ဖို့ ထည့်သွင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးရည်မှန်းချက်ကို ဒီစနစ်က ကိုက်ညီ မျှတအောင် လုပ်ပေးနိုင်မှာပါလား။
ရာသီဥတုပြောင်းလဲလာမှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ ကမ္ဘာ့နိုင်ငံကိုယ်စားလှယ်တွေက Nationally Determined Contribution (NDC) လို့ခေါ်တဲ့ နိုင်ငံချင်းအလိုက် ပါဝင်အားထုတ်ဆောင်ရွက်မှု စီမံကိန်းတစ်ခုကို ၅ နှစ်တစ်ကြိမ် တင်ပြရလေ့ ရှိပါတယ်။ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး၊ ကမ္ဘာကြီး ပူနွေးလာနေမှု နှေးကွေးလျော့ကျသွားစေရေးနဲ့ ရာသီဥတုပြောင်းလဲလာနေမှုနဲ့ လိုက်လျောညီထွေစွာ ပြုမူနေထိုင်သွားနိုင်ရေးတွေနဲ့ ပတ်သက်လို့ အဲဒီနိုင်ငံတွေအနေနဲ့ ဘယ်လို စီစဉ်ထားသလဲ ဆိုတာကို ဒီစီမံကိန်းထဲမှာ အသေးစိတ် တင်ပြရပါတယ်။
အိန္ဒိယနိုင်ငံက ပြန်လည်ပြင်ဆင် တင်ပြလာတဲ့ NDC စီမံကိန်းထဲမှာ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု ယူနစ်တစ်ခုအလိုက် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ လျှော့ချတာမျိုး၊ လျှပ်စစ်ဓာတ် ထုတ်လုပ်ရာမှာ ရုပ်ကြွင်းလောင်စာအသုံးပြုမှု လျှော့ချတာမျိုးလို ဆောင်ရွက်ချက်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ အိန္ဒိယက တင်ပြတဲ့ စီမံကိန်းထဲမှာ ထိပ်ဆုံးအချက်ကတော့ "LiFE - Lifestyle for Environment" “သဘာဝပတ်ဝန်းကျင်နဲ့အညီ လူနေမှုပုံစံ” ကျင့်သုံးနေထိုင်ရေး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ လူတွေအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုတွေ ရှိနေတဲ့ကြားက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု စံတန်ဖိုးတွေ၊ ရှေးရိုးအစဉ်အလာတွေနဲ့ ထိန်းညှိမှုတွေအပေါ် အခြေခံထားတဲ့ ကျန်းမာသက်ရှည်၊ ရေရှည်တည်တံ့နိုင်မယ့် နေထိုင်မှုနည်းစနစ် ကို ဆိုလိုတာ ဖြစ်ပါတယ်။
LiFE စီမံကိန်းစနစ်ဟာ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်စေပြီး ကမ္ဘာကြီးကိုလည်း မထိခိုက်စေမယ့် နေထိုင်မှု နည်းစနစ်တစ်ခု ဖြစ်တယ်လို့ အိန္ဒိယအစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီစနစ်ကို အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ၂၀၂၁ ခုနှစ်က ဂလာစကိုမြို့ COP26 ရာသီဥတုပူနွေးလာနေမှု တားဆီးရေး ထိပ်သီးညီလာခံကြီးမှာ ပထမဆုံးအကြိမ် အဆိုပြုတင်ပြခဲ့တာပါ။
ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ စွမ်းအင်သုံးစွဲမှု တိုးမြင့်လာနေမှုနဲ့ အခုဒီအဆိုပြုချက်အကြားမှာ ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိနေကြောင်းနဲ့ နှစ်ခုစလုံးဟာ စီးပွားရေး ကြီးထွားလာမှုကြောင့် တွန်းအားပေး ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ ပြောနေပါတယ်။
“ခေတ်မီမှု ဆိုတာဟာ အခြေခံအားဖြင့် စွမ်းအင်သုံးစွဲမှု တိုးမြင့်လာတဲ့ သဘော ဖြစ်ပါတယ်။ LiFE စနစ်ရဲ့ သဘောတရားဟာ အခုချိန်မှာ ခေတ်စားလာနေတဲ့ စားသုံးသူတွေကို ကာကွယ်မြှင့်တင်ပေးရေးဆိုတဲ့ ဝါဒနဲ့ ကိုက်ညီမှု မရှိပါဘူး” လို့ အိန္ဒိယ ဂေဟစီးပွားရေးစနစ် အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ Observer Research Foundation လေ့လာအကြံပေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဒေါက်တာ နီလန်ဂျန် ဂို့ရှ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စွမ်းအင်သုံးစွဲမှု မြင့်လာသလို စီးပွားရေးကလည်း တိုးတက်လာနေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယနိုင်ငံဟာ အခုအခါ စီးပွားရေးအဖွံ့ဖြိုးဆုံး ကမ္ဘာ့ထိပ်သီးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပြီး တခြား စီးပွားရေး အင်အားကြီး ထိပ်သီးနိုင်ငံတွေမှာ စီးပွားရေး ဆုတ်ယုတ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အိန္ဒိယနိုင်ငံကတော့ အခုနှစ်မှာ စီးပွားရေး ၇ ရာခိုင်နှုန်း တိုးဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ငွေကြေးဖောင်းပွမှု၊ ကမ္ဘာတဝန်း စီးပွားရေးအခက်အခဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရမှုတွေကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ် နေပေမဲ့လည်း အိန္ဒိယမှာ စွမ်းအင်သုံးစွဲမှု ဝယ်လိုအားကတော့ ခိုင်မာနေပါတယ်။
ပုဂ္ဂလိက သုံးစွဲမှုက အိန္ဒိယနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု GDP ရဲ့ ၅၅ ရာခိုင်နှုန်းရှိနေပြီး ဒီ့အတွက် စီးပွားရေး တိုးတက်ဖို့ ဆက်တွန်းအား ဖြစ်စေမယ်လို့ ကျွမ်းကျင်သူတွေက မျှော်လင့်ထားပါတယ်။
ဒါ့ကြောင့်လည်း LiFE လူနေမှုပုံစံ ပြောင်းလဲရေးစနစ်နဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ အလေးထား ပြောဆိုချက်ထဲမှာ “ကွဲလွဲမှုတစ်ခု” ကို တွေ့နေရတာ ဖြစ်တယ်လို့ ဒေါက်တာ ဂို့ရှ်က ပြောပါတယ်။
“ကွဲပြားခြားနားတဲ့ လူနေမှုစနစ် တစ်ခုကို ကျင့်သုံးမှာလား ဒါမှမဟုတ် နဂိုအတိုင်းပဲ ဆက်သွားမှာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
ရာသီဥတုပြောင်းလဲလာနေမှု အကျပ်အတည်းကို ဖြေရှင်းရာမှာ LiFE စီမံကိန်းရဲ့ လုပ်ဆောင်မှုလိုမျိုး သာမန်လူတွေအပေါ် အာရုံစိုက် လုပ်ဆောင်ဖို့ လိုတယ်လို့ London School of Economics တက္ကသိုလ်ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးပညာဌာနက လက်ထောက်ပါမောက္ခ ယူဂျီးနီး ဒူဂူအာ ကပြောပါတယ်။
“ဒါပေမဲ့ အဲဒီ LiFE လူနေမှုပုံစံ ပြောင်းလဲမှုစနစ်ကနေ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ဘယ်လောက် လျှော့ချနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ အရမ်းကြီး မျှော်လင့်မထားသင့်ပါဘူး”
“လေ့လာချက်တွေအရ အဲဒီက ရတဲ့ ရလဒ်တွေဟာ ရေတိုကာလအတွက် အပြုသဘော အကျိုးဖြစ်ထွန်းနိုင်ပေမဲ့ ရှေရှည်အတွက်ကိုတော့ ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး”လို့ သူက ပြောပါတယ်။
နေထိုင်ပြုမူပုံ ပြောင်းလဲပစ်ဖို့က “အရေးပါလှပြီး မလုပ်မနေရ လုပ်ဖို့ " လိုကြောင်း၊ ဒါပေမဲ့လည်း မူဝါဒရေးဆွဲသူတွေအတွက် ဒါက အဓိက အရေးပါတဲ့ အချက် မဟုတ်ဘူးလို့ ဆိုပါတယ်။
“နိုင်ငံအစိုးရတွေအနေနဲ့ အဲဒီအစား စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးမွေးမြူရေး စနစ်တွေမှာ ဖွဲ့စည်းပုံ ပြောင်းလဲရေးကို အဓိက အာရုံစိုက် လုပ်ဆောင်သွားဖို့ လိုပါတယ်။”
စွမ်းအင်သုံးစွဲလိုအားမှာ အကြီးမားဆုံး တိုးလာ
အိန္ဒိယနိုင်ငံမှာ ကာဗွန်ဓာတ်ငွေ့ အများဆုံး ထုတ်လွှတ်နေတာက စွမ်းအင်ကဏ္ဍ ဖြစ်ပါတယ်။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ International Energy Agency ရဲ့ အခုနှစ် အောက်တိုဘာလ အစီရင်ခံစာထဲမှာ အိန္ဒိယနိုင်ငံရဲ့ လူဦးရေပေါ် အခြေခံတဲ့ စွမ်းအင်အသုံးပြုမှုဟာ ကမ္ဘာတဝန်း ပျမ်းမျှအဆင့်အောက် အတော်လေး ရောက်နေပေမဲ့လည်း အိန္ဒိယနိုင်ငံဟာ အခုဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်မှာ စွမ်းအင်သုံးလိုအား အမြင့်ဆုံးနိုင်ငံ ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ကျွမ်းကျင်သူတချို့ကတော့ စွမ်းအင် သုံးလိုအားတွေ ဆက်တိုးလာနေတဲ့ကြားကပဲ လူနေမှုပုံစံ ပြောင်းလဲမှုတွေ လုပ်လို့ ရနိုင်တယ်လို့ ယုံကြည်ထားပါတယ်။
“လူတွေကို လေအေးစက်တွေ ဝယ်မသုံးဖို့ ပြောတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အိမ်မှာ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်နဲ့ နေနိုင်ဖို့ အကျင့်လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စွမ်းအင်သုံးလိုအား လျှော့ချလာနိုင်မှာပါ” လို့ LiFE စီမံကိန်းစနစ်အကြောင်း အိန္ဒိယအစိုးရနဲ့အတူ အသိပညာပေး လှုံ့ဆော်နေတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ World Resources Institute India အဖွဲ့ရဲ့ ယာယီ အမှုဆောင်ဒါရိုက်တာ မက်ဒက်ဗ် ပိုင် က ပြောပါတယ်။
ဒီလှုံ့ဆော်စည်းရုံးမှုကနေ လူတွေကို သူတို့ရဲ့ လူနေမှုစနစ်တဖြည်းဖြည်းချင်း ပြောင်းလဲလာနိုင်ရေးမှာ အကူအညီ ပေးနိုင်မယ်လို့ မစ္စတာ ပိုင်က ပြောပါတယ်။
“ဒီစီမံကိန်းဟာ နေထိုင်မှုစနစ် ပြောင်းလဲလာမှုကနေ စီးပွားရေးစနစ်ကြီးတစ်ခုလုံး ပြောင်းလဲနိုင်ရေးမှာ အိန္ဒိယနိုင်ငံသား ၁ ဒဿမ ၅ ဘီလီယံ ပါဝင် လုပ်ဆောင်လာနိုင်ဖို့ လှုံ့ဆော်ချက်တစ်ခု ဖြစ်ပါတယ်။”
သတင်းစကား ပါးလို
ဒါ့အပြင် အိန္ဒိယအစိုးရက LiFE စီမံကိန်းကို အနောက်အုပ်စုနိုင်ငံတွေအတွက် သတင်းစကား တစ်ခုအဖြစ်လည်း အသုံးပြုခဲ့ပါတယ်။
LiFE စီမံကိန်းအကြောင်း ဝန်ကြီးချုပ် မိုဒီ ထုတ်ဖော်မပြောခင်ရက်ပိုင်းအလို အောက်တိုဘာလတုန်းက အိန္ဒိယနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု ထိန်းသိမ်းရေးဝန်ကြီး ဘူပန်ဒါ ယာဒက်ဗ် က “ကမ္ဘာကြီးရဲ့ စွမ်းအင်သုံးစွဲမှု ပုံစံက သဘာဝပတ်ဝန်းကျင်ကို မငဲ့ညှာဘဲ လုပ်ချင်ရာလုပ်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်” လို့ အိန္ဒိယ အိတ်စပရက်စ်သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
LiFE စီမံကိန်းဟာ “သုံးပြီးရင် စွန့်ပစ်ရမယ်” ဆိုတဲ့ တသွေမတိမ်း မှတ်ယူထားချက်ကနေ “လျှော့ထုတ်၊ လျှော့သုံး၊ ပြန်သုံး" ဆိုတဲ့ အမူအကျင့် စိတ်ဓာတ်ကို အမြန်ဆုံး ပြောင်းလဲကျင့်သုံးသင့်တယ်ဆိုတာကို ကမ္ဘာကိုသတိပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ် လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အိန္ဒိယနိုင်ငံ ကိုယ်တိုင်ကလည်း ဆိုးရွားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေလီမြို့အခြေစိုက် Centre for Science and Environment ဆိုတဲ့ လေ့လာအကြံပေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အိန္ဒိယနိုင်ငံဟာ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ပလတ်စတစ်ပစ္စည်း တန်ပေါင်း ၃ သန်းခွဲ ထုတ်ခဲ့ပြီး အဲဒီထဲက စွန့်ပစ်ပစ္စည်း ၁၂ ရာခိုင်နှုန်းလောက်ပဲ တစ်ကျော့ပြန် အသုံးပြုခဲ့ပြီး ၂၀ ရာခိုင်နှုန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ကျန်တဲ့ ၆၈ ရာခိုင်နှုန်းက ဘယ်ရောက်လို့ ရောက်သွားမှန်း မသိရဘူးဆိုတော့ ဒီစွန့်ပစ်ပစ္စည်းတွေက သဘာဝပတ်ဝန်းကျင် (မြေကြီးနဲ့ ရေအောက်ထဲ) ဒါမှမဟုတ် စွန့်ပစ်ပုံတွေမှာ ရှိနေနိုင်တယ်”လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ရှိတဲ့ မြစ်ချောင်း စောင့်ကြည့်လေ့လာရေးဌာန ၄ ခုတိုင်းမှာ ၃ ခုလောက်က သူတို့ရဲ့ မြစ်ချောင်းတွေမှာ အကြီးအကျယ် အဆိပ်သင့်စေနိုင်တဲ့ သံချောင်းတွေ ထိတ်လန့်စရာကောင်းလောက်အောင် စုပုံ များပြားနေတယ် ဆိုပြီး လူမှုကွန်ရက်တွေမှာ တင်ထားကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းက ပြည်နယ်တွေမှာ လေထုညစ်ညမ်းမှုပြဿနာကလည်း အဓိက စိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်နေပါတယ်။
အခုနှစ်အစောပိုင်းက ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ အိန္ဒိယနိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး အထိခိုက်ဆုံး နိုင်ငံတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အိန္ဒိယအစိုးရကတော့ အဲဒီအစီရင်ခံစာရဲ့ လေ့လာခန့်မှန်းပုံ နည်းစနစ်ကို ကန့်ကွက်ခဲ့ပြီး သူတို့ကိုယ်ပိုင်လုပ်ထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ရေရှည်တည်တန့်နိုင်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို တင်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အစိုးရအဆက်ဆက်ဟာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဥ်းဥပဒေတွေကို လစ်လျူရှုခဲ့ကြပြီး အထူးသဖြင့် အထိအခိုက် ခံနိုင်ရည်စွမ်းနည်းတဲ့ ဟိမဝန္တာဒေသ လိုနေရာမျိုးတွေမှာ အခြေခံ အဆောက်အဦနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို တွန်းလုပ်နေကြတယ်လို့ စွပ်စွဲခံနေရပါတယ်။
ရာသီဥတု ပြောင်းလဲလာနေမှု တားဆီးရာမှာ ပြည်သူလူထုကို နေထိုင်မှုပုံစံစနစ် ပြောင်းလဲ ကျင့်သုံးဖို့ လိုလားတိုက်တွန်းနေတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဒီလိုကိစ္စရပ်မျိုးတွေကို ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။
“ပြောင်းလဲမှု လုပ်တယ်ဆိုရာမှာ ထိရောက်တဲ့ ပြောင်းလဲမှုမျိုး ဖြစ်ဖို့ လိုပါတယ်” လို့ ဒေါက်တာ ဂို့ရှ်က ပြောပါတယ်။
“(အစိုးရရဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ပြည်သူလူထုရဲ့ ပြုမူနေထိုင်မှု) နှစ်ခုစလုံးက ကိုက်ညီလိုက်ဖက်မှု ရှိဖို့ လိုအပ်ပါတယ်။”








